အစိုးရ တာဝန်ရှိသူများနှင့် မိုင်းလားအခြေစိုက် အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) မှ ခေါင်ဆောင်တချို့ အပစ်အခတ်ရပ်စဲရေး၊ ဒေသဖွံ့ဖြိုးရေးတို့နှင့် ပတ်သက်၍ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးသည်။ ဒေသဖွံ့ဖြိုးရေး ပြန်လည်ဖော်ဆောင်ရေး၊ နှစ်ဖက် ဆက်ဆံရေးရုံးများ ပြန်ဖွင့်ရေး၊ အစိုးရ ၀န်ထမ်းများ ပြန်လည် ပို့ဆောင်ပေးရေး စသည့် အချက်များကို ဆွေးနွေးကြောင်း တရုတ် မြန်မာနယ်စပ် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇောက ပြောသည်။
ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ နိုင်ငံရေးအကျဉ်းသားများကို မကြာမီ ရက်ပိုင်းအတွင်း လွတ်ငြိမ်းချမ်းသာခွင့် ပြုမည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက နော်ဝေ ဒု နိုင်ငံခြားရေး ဝန်ကြီးနှင့် အောက်တိုဘာ ၇ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်ကြောင်း နော်ဝေ ရုပ်သံဌာနက ထုတ်လွှင့်ကြေညာ သွားသည်။ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ရက်မှတဆင့် အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားများက ကြေညာချက်တခု ထုတ်ပြန်ရာ အထွေထွေ လွတ်ငြိမ်းချမ်းခွင့်တရပ်ကို သမ္မတ ဦးသိန်းစိန်က ကြေညာပေးခြင်းအားဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု ဖော်ပြထားသည်။
ထိုင်းနှင့် မြန်မာကြား မဲခေါင်မြစ် ရွှေတြိဂံနယ်မြေတွင် တရုတ်သင်္ဘောတစီး ပစ်ခတ်ခံရသဖြင့် တရုတ်သင်္ဘောသား ၁၁ ဦးသေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာသည်။ အောက်တိုဘာလ ၅ ရက်နေ့က ယင်းသို့ အပစ်ခံရခြင်းဖြစ်ပြီး ထိုဒေသအတွင်း လှုပ်ရှားနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သည့် အဖွဲ့များ လက်ချက်ဖြစ်နိုင်ကြောင်း သတင်းများက ဖော်ပြသည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေပြီ ဖြစ်သောကြောင့် ခေတ်နှင့်လျော်ညီအောင် စာပေစိစစ်ရေးဌာနကို မထားရှိသင့်တော့ဟု ထင်မြင်ကြောင်း စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက RFA သတင်းဌာနသို့ အောက်တိုဘာလ ၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ သို့သော်လည်း စာနယ်ဇင်းများက လွတ်လပ်ခွင့်ကို တာဝန်ယူမှုနှင့် တွဲပြီး ကျင့်သုံးသင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။
No comments:
Post a Comment