ချစ်မြတ်နိုးဖွယ် အမြွာရင်သွေး သားသားမီးမီးလေးတွေ ရအောင် ဘယ်လိုစွမ်းဆောင်ကြမလဲ ။
သားသမီးရတနာ ဆိုတာ မိဘတွေရဲ့ စိတ်နှလုံးကို ပျော်ရွှင်မှု အပေးနိုင်ဆုံး ချစ်စရာ အရာလေးတွေ ဖြစ်ပါတယ်။ ကလေးတစ်ယောက် မွေးလာလို့ ပျော်ရွှင်ရသလို အမြွာပူးလေး နှစ်ယောက် (သို့) သုံးယောက် မွေးလာတဲ့အခါကျတော့ မိဘတွေရဲ့ ပျော်ရွှင်မှုက အတိုင်းမသိ အဆတိုး ပျော်ရွှင်ကြရပါတယ်။
လူတွေ ဟာသနှောပြောကြသလို ကလေးတစ်ယောက်စာ စားရိတ်နဲ့၊ မွေးဖွားမှု ဒုက္ခတွေကို တစ်ကြိမ်ပဲ ကြုံရပြီး ရင်နှစ်သည်းခြာ တစ်ယောက်ထက်ပိုပြီး ရမယ် ဆိုရင် အစစအရာရာ တွက်ခြေကိုက်ပါတယ်။ နောက်ပြီး ရုပ်ချင်းဆင်တူ ကလေးလေးနှစ်ယောက်ကို ရရှိခြင်း ဆိုတဲ့ အချက်က မိဘတွေ စိတ်ကူးယဉ်လောက်တဲ့ ပျော်စရာလေးမို့ အမြွာပူးမွေးအောင် ဘယ်လို နေထိုင်ကျင့်ကြံရမလဲ ဆိုတာ သိလိုသူများအတွက် တင်ပြပေးလိုက်ပါတယ်။
(၁) အမျိုးသမီးရဲ့ ဓမ္မတာစက်ဝန်းရဲ့ အနေအထားကို သေချာသိအောင် စနစ်တကျ ပြက္ခဒိန်မှာ မှတ်သားပါ။ အကြမ်းဖျဉ်းပြောရရင် သန္စေအောင်နိုင်တဲ့ အချိန်ကာလက ဓမ္မတာစလာတဲ့ ရက်ကနေတွက်ရင် ၉ ရက်မြောက်နေ့ ကနေ ၁၅ ရက်မြောက်နေ့ကြား ဖြစ်ပါတယ်။
ကလေးမလိုချင်တဲ့ သူတွေက ဒီရက်တွေကို ရှောင်ရမှာ ဖြစ်ပြီး ကလေးရလိုသူတွေကတော့ ဒီရက်နဲ့ ကြုံအောင် အတူနေရမှာ ဖြစ်ပါတယ်။ အမြွာမွေးဖို့ ကလည်း ဒီလို အကောင်းဆုံး သန္စေရနိုင်တဲ့ အချိန် (Optimal Time for Fertility) ဖြစ်နေဖို့ မရှိမဖြစ် လိုအပ်ပါတယ်။
(၂) ကလေးယူတော့မယ်ဆိုရင် မိခင်လောင်းက ဖောလစ်အက်ဆစ် နေ့တိုင်း သောက်ပါ။ ဖောလစ်အက်ဆစ်ဟာ ဗိုက်တာမင် B အုပ်စုဝင် ဗိုက်တာမင်တစ်မျိုး ဖြစ်ပြီး ကျန်းမာဖွံ့ဖြိုးတဲ့ ကိုယ်ဝန်တစ်ခု ဖြစ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ နောက်ပြီး ကမ္ဘာ့ကျန်းမာရေးပညာရှင်တွေရဲ့ နောက်ဆုံးပေါ် လေ့လာတွေ့ရှိချက် တစ်ခုအရ ဖောလစ်အက်ဆစ် ချို့တဲ့မှု မရှိတဲ့ (နေ့စဉ်ဖော်လစ်အက်ဆစ် မှီဝဲတဲ့) အမျိုးသမီး ၁၇၆ ယောက်မှာ တစ်ယောက်နှုန်း သေချာပေါက် အမြွာပူးမွေးပါတယ်တဲ့။ ဒါကြောင့် အမြွာလေး လိုချင်တယ်ဆိုရင် ကလေးယူဖို့ ဆုံးဖြတ်လိုက်တာနဲ့ တပြိုင်နက် ကတည်းက ဖောလစ်အက်ဆစ် တစ်နေ့တစ်ပြား စသောက်ဖို့ ပညာရှင်များက မှာကြားပါတယ်။
(၃) ပီလောပီနံ အနွယ်ဝင် cassava အမြစ်ဆိုတာ ရှိပါတယ်။ သူက အဓိက အားဖြင့် အာဖရိကတိုက်မှာပဲ ပေါက်ရောက်တာ ဖြစ်ပေမယ့် ဒီအမြစ်ကို အစားအသောက်အမျိုးမျိုး ဆေးပြားအမျိုးမျိုး အဖြစ် ထုတ်လုပ်ရောင်းချ လျက်ရှိတာမို့ ရှာဖွေမေးဝယ်လို့ ရပါတယ်။ ဒီအမြစ်ဟာ ပီလောပီနံလို ကစီပါတဲ့ အမြစ်မျိုးမို့ အာဖရိကတိုက်ရဲ့ နေရာအချို့မှာ အဓိက စားစရာအနေနဲ့ စားကြပါတယ်။ ကျွန်တော်တို့ ဆီမှာ ဆန်ကို စားကြသလိုပေါ့။
ထူးခြားချက်က အဲလိုစားတဲ့ အရပ်ဒေသတွေက ကမ္ဘာပေါ်မှာ အမြွာပူးမွေးနှုန်း အမြင့်မားဆုံး ဖြစ်ပါတယ်။ ဒီအမြစ်ဟာ သားဥကြွေမှုကို အားပေးတဲ့အတွက် အမြွာပူးမွေးစေတဲ့ သတ္တိရှိကြောင်း ပညာရှင်များ လေ့လာတွေ့ရှိ အတည်ပြုပြီး ဖြစ်လို့ ဒီအမြစ်ကနေထုတ်လုပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်များ ရောင်းချမှုဟာ ကမ္ဘာတစ်ဝန်း အထူးမြင့်တက် နေပါတယ်။
ဒီထုတ်ကုန်တွေကို ၀ယ်ယူစားသုံးပေးခြင်းဖြင့် အမြွာရင်သွေးရတနာလေးများကို ရရှိပိုင်ဆိုင် နိုင်ဖို့ အခွင့်အလမ်းတော့ သေချာပေါက် တိုးလာမှာ ဖြစ်ပါတယ်။
(Ovulation Induction Drugs လို့ခေါ်တဲ့ သားဥကြွေများများကြွေခြင်းကို အားပေးသော ဆေးများလည်း ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးနိုင်ပါတယ်။ တစ်ခုပဲရှိတယ်။ ဒီဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက အခန့်မသင့်ရင် နှစ်မြွာပူးထက် ကျော်ပြီး ရှင်မွေးလွန်း ဖြစ်သွားနိုင်တာပါပဲ)
(၄) နွားနို့သောက်ပါ။ အမြွာမွေးဖွားမှုဆိုင်ရာ ဆေးပညာလေ့လာချက် (medical study of twins) တစ်ခုအရ နို့နဲ့ နို့ထွက်စားသောက်ကုန်များ ပုံမှန်စားသော အမျိုးသမီးတွေဟာ အမြွာမေးဖို့ အခွင့်အလမ်း သိသာစွာ ပိုများတယ်လို့ ဆိုပါတယ်။ နို့ထဲမှာ ပါတဲ့ သဘာဝအသားဓာတ် (Proteins) တွေက သားဥအိမ် (Ovaries) တွေကို သားဥ ပိုထုတ်အောင် အားပေးလို့ အမြွာမွေးစေနိုင်ဖို့ အားပေးရာရောက်တာ ဖြစ်ပါတယ်။
(၅) အမြွာလိုချင်သော သားဦးမဟုတ်တဲ့ မိခင်တွေ အနေနဲ့ လက်ရှိရှိနေတဲ့ ရင်ခွင်ပိုက်ကလေးငယ် (သို့) တောက်တောက်သွားတဲ့ အရွယ်ကလေးငယ်ကို ပုံမှန်နို့ချို တိုက်ကျွေးပေးပါ။ စစ်တမ်းတစ်ခုအရ ကလေးနို့တိုက်နေတဲ့ အမျိုးသမီးတွေ ကလေးထပ်ယူရင် အမြွာမွေးဖို့ ရာခိုင်နှုန်း ပိုများတာ တွေ့ ရှိထားရပါတယ်။
(၆) မိခင်လောင်းက အတန်ငယ် ၀အောင် နေပါ။ ကိုယ်မှာ အဆီများတဲ့ အမျိုးသမီးတွေဟာ ပိန်သူတွေထက် အမြွာပူး မွေးဖို့ အခြေအနေပိုနီးစပ်ပါတယ်။ အရမ်းကြီးဝဖို့တော့ မဆိုလိုပါဘူး။ အရမ်းဝလာရင်လဲ ကျန်းမာရေးကိုထိခိုက်မှာ ဖြစ်ပါတယ်။
ဒီအချက်တွေက သင်လုပ်ပေးနိုင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒီအချက်တွေလဲ လုပ်ပေးမယ်၊ အမြွာမွေးတဲ့ မျိုးရိုးလဲ ရှိမယ်ဆိုရင် ချစ်စရာ အမြွာရင်သွေးလေး တစ်စုံ သင်ပိုင်ဆိုင်နိုင်မှာပါ။ မျိုးရိုးမရှိလဲ အထက်ပါအချက်တွေက သင်ရည်မှန်းတဲ့ ရင်ခုန်ကြည်နူးဖွယ် ချမ်းမြေ့နွေးထွေးတဲ့ မိသားစုဘ၀လေး ပိုင်ဆိုင်နိုင်ဖို့အထောက်အကူ ဖြစ်စေပါလိမ့်မယ်။
http://mutdfan.com မှ ပြန်လည်ဖော်ပြပေးပါသည်။

No comments:
Post a Comment