Sunday, October 30, 2011
ဂါရ၀ပါ အဖေ
ဂါရ၀ပါ အဖေ
by Thida သီတာ on Monday, October 31, 2011 at 3:40am
၁၉၉၁ အောက်တိုဘာ ၃၁
အိမ်အပေါ်ကနေလှမ်းကြည့်လိုက်တော့ နှင်းဖွေးဖွေးကြားမှာ ကိုအေးချမ်းနိုင် (အဲ့ဒီအချိန်က သီတာ့ရဲ့  လက်တွဲဖေါ်) နဲ့ အတူ သီတာ့အဖေ နှစ်ယောက်သား လမ်းလျောက်လာကြတယ်.. အယ် အယ် အယ် --  အဖေ .. အဖေရယ် ၀မ်းသာလိုက်တာ ကိုယ့်မျက်လုံးတောင် ကိုယ် မယုံနိုင်လို့  ပွတ်တောင် ပွတ်ကြည့်မိတယ်..
ဟုတ်ပါတယ် .. အဖေမှ အဖေ အစစ်ရယ်.. ကြည့်ပါဦး..  အဖေက အကျီအဖြူ (လက်တို) မှာ အညိုအစင်းသေးသေးလေးလိုလို နဲ့  -- ပုဆိုး အညိုကွက်လေးနဲ့  .. အကျီလက်တို အနွေးအကျီလဲ မပါ.. နောက် ပုဆိုးကြီးနဲ့  ဆိုတော့ .... ဒီလောက် နှင်းတွေ ကြားထဲမှာ အဖေ အရမ်းအေးနေတော့မှာပေါ့ .. ကိုအေးချမ်းကြီးကလဲ အဖေ့ကို သူ့ ကုတ်အကျီ ပေးဝတ်လိုက်တာ မဟုတ်ဘူး.. တကတဲမှပဲ ...
အဲ .. ဒါပေမယ့် အဖေက ဘယ်လို ဒီ ဆွီဒင်ကို ရောက်လာတာလဲ .. ကိုအေးချမ်းက သီတာ့ကို surprise လုပ်တာလား... ဖြစ်တော့ မဖြစ်နိုင်ပါဘူးလေ.. အရမ်းကို ၀မ်းသာလုံးဆို့ ပြီး အဖေတို့  ၀င်လာမယ့် အခန်းတံခါးဖွင့်လိုက်တော့ အပေါက်ဝမှာ ရပ်နေတာက ..... ကိုအေးချမ်းနဲ့  ဂျာမဏီကလာလည်တဲ့ မြန်မာဦးလေးကြီးတယောက်ရယ်...
သူတို့ တွေကို တွန်းပီး အနောက်တွေကို ကျီးကန်းတောင်မှောက် လိုက်ကြည့် ပြီးတော့ အဖေကောလို့  ဆိုတော့ ကိုအေးချမ်းကြီး ကြောင်သွားတယ်.. ပြီးတော့
အမ် ဘာတွေ မေးနေတာလဲတဲ့..
ခုနက ကိုအေးချမ်းနဲ့  တူတူ လမ်းလျောက်လာတာလေဆိုတော့ သူနဲ့  လျောက်လာတာ ဒီဦးပါတဲ့.. ဘေးက ဦးလေးကို လက်ညှိုး ထိုးပြတယ်..
အာ ဟုတ်ပါဘူး... ကိုအေးချမ်းနဲ့  အဖေ လမ်းတူတူ လျောက်လာကြတာပါ..  အနွေးအကျီမပါလို့ အဖေ အေးနေမှာစိုးလို့  အခု အပြင် ကမန်းကတန်း ထွက်ကြိုတာဆိုတော့ ...
သီတာ့ အဖေ့ကို အရမ်းသတိရပီး မြင်ချင်တာတွေ လျောက်မြင်နေတာ နေမယ်ဆိုပီး ကိုအေးချမ်းက သီတာ့ခေါင်းလေးကို ပွတ်ပီး  နှစ်သိမ့်ပေးရှာတယ်..
ရင်ထဲ အရမ်းဝမ်းနည်းသွားတယ်.. အရမ်းဟာတာတာကြီး ဖြစ်သွားတယ်..
ဒါပေမယ့် ဒီဦးလေးကြီးကို သီတာက ဘာလို့  အဖေဆိုပီး တွေ့ ရတာလဲ..
ကုတ်အကျီ ဘောင်းဘီနဲ့ လူကြီးကို ဘာလို့  ရှပ်အကျီတို ပုဆိုးနဲ့  တွေ့ ရတာလဲ..
မစဉ်းစားတတ်တော့ပါဘူး..
ကိုအေးချမ်းပြောသလို အဖေအရွယ်ဦးလေးကို တွေ့ တော့ အဖေကိုချစ်တဲ့သမီးတယောက်အနေနဲ့  သမီးကိုချစ်တဲ့အဖေကို သတိရသွား တာနေမှာ..
သြော် -- သတိမရပဲ ရှိပါ့မလား အဖေရယ်.. အဖေ့သမီး အဖေနဲ့  မတွေ့ တာ အိမ်နဲ့  အဆက်အသွယ်မရှိတာ ၃ နှစ်တောင် ကျော်နေပီပဲ .. တရက်မှ မမေ့ပါဘူး .. အမြဲ သတိရတယ်အဖေ.. အဖေလဲ သမီးကို သတိရနေမယ်ဆိုတာ သိနေတယ်အဖေရေ....
- - - - - -- -
၁၉၈၈  နိုဝင်ဘာလ
သုံးရောင်ခြယ် အဖွဲ့ ဝင် - NLD လူငယ်က ကိုလေးကိုမိုးမြတ်သူက အန်တီနဲ့  စည်းရုံးရေးခရီးစဉ်တခု (ကချင်ပြည်နယ်ထင်တယ်)  သွားဘို့  လုပ်နေတယ်... ကင်မရာ ကျန်ခဲ့တယ်လို့  လှမ်းပြောလို့ အဖေက ဘူတာကြီးမှာ သွားလိုက်ပေးတယ်..... မီးရထားကလည်း ထွက်ခါနီး ကင်မရာလဲ ပေးပီးလို့ ပြန်မယ်အလုပ် အလှည့်မှာ မထင်မှတ်တဲ့ သူတယောက်ကို တွေ့ လိုက်ရလို့  အံသြ ၀မ်းသာ ပူပင် စိတ်တွေနဲ့ အတူ အဲ့ဒီသူနား ကပ်သွားပြီး "အိမ်ခဏလောက် လာခဲ့ပါဦး" လို့  သွားပြောတယ်..
အိမ်ပြန်ရောက်ကတည်းက အဖေက တံခါးမကြီး-အိမ်နောက်ဖေး- ပြုတင်းပေါက်တွေအားလုံးပိတ် - နောက် မောင်လေးနဲ့  သီတာတို့  ၂ယောက်ကိုလဲ အိမ်ထဲမှာပဲ နေကြဘို့  ပြောတယ်.. မီးတွေကိုလဲ မှိတ်ထားတယ်...  ခြံဝကိုလဲ တကြည့်ကြည့်နဲ့  .. သူတို့ ကြည့်ရတာ တယောက်ယောက်ကို စိုးရိမ်စွာနဲ့  မျှော်နေပုံပါပဲ ..
ည ၁၀ နာရီလောက်ကျတော့ အိမ်တံခါးမကြီးဆီက တံခါးခေါက်သံတိုးတိုးလေးနဲ့ အတူ တံခါးဖွင့်သံတိုးတိုးလေး.. အဖေ အမေနဲ့ အတူ လူတယောက် ကိုကြီး အခန်းထဲ ၀င်သွားတာ တွေ့ လိုက်တယ်..  ဒါနဲ့  အခန်းထဲ လိုက်ကြည့်လိုက်တော့ ....
စက်တင်ဘာ လဆန်း အာဏာမသိမ်းခင်ထဲက ယုံကြည်ချက်တခုကြောင့် အပြင်ထွက်သွားတဲ့ သွားဆရာဝန် ဖြစ်ခါနီး ကိုကြီး (ဆရာကြီး ဦးအောင်သန်း ဆေးခန်း ထိုင်နေပြီ) ကို တွေ့ လိုက်ရတယ်.. သူက နယ်စပ်ကနေ ရန်ကုန်ကို ကိစ္စတခုနဲ့ တိုးတိုးတိတ်တိတ်  ပြန်ရောက် လာရင်း သူ့ ညီ (ကိုလေး) သွားမယ့်ခရီးစဉ်အကြောင်း သိပြီး ဘူတာကြီးမှာ တိတ်တိတ်လေး သွားနုတ်ဆက်တုံး အဖေနဲ့  တွေ့ သွားတာ .....
မတွေ့ တာ ၃ လ နီးပါးလောက် ရှိနေပီး ဘယ်ရောက်နေမှန်းမသိလို့  စိတ်ပူနေချိန်မှာ အခုလို သက်ရှိထင်ရှားတွေ့ လိုက်ရတော့ မိသားစု တွေအားလုံး ကိုကြီးကို ဖက်ပီး မျက်ရည်တွေ တိတ်တိတ်လေးကျကြတယ် .. တကယ်ကို ဘယ်သူမှ မသိအောင် တိတ်တိတ်လေး ကျခဲ့ ကြရတာပါ.. တအောင့်နေတော့  ကိုကြီးက ဟိုဘက်က အခြေအနေတွေ ပြောပြတယ်..
တကယ်က စက်တင်ဘာ ကိုကြီးတို့  ထွက်သွားကတည်းက လိုက်ချင်လို့  ပြောပေမယ့် ကိုကြီးတို့  ကိုအေးချမ်းတို့ က ဘဘော မတူကြ ဘူး.. လမ်းကြောင်းလဲ မသိ နောက် ဘယ်ရောက်မယ် ဘယ်လိုဖြစ်မယ် မသိသေးချိန်မှာ မိန်းကလေးတယောက် ပါလာရင် ပို နှောင့်နှေး မယ်ဆိုလို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် နေခဲ့ရတာ..
အခုတော့ သူငယ်ချင်းတချို့ လဲ ထွက်သွားကြပီ - တချို့ တွေ အင်းစိန်ရောက်နေကြပီ -- သီတာလဲ တက္ကသိုလ်ကျောင်းသူတချို့ နဲ့  တခြား ကျောင်းသားတွေနည်းတူ ကိုကြီးတို့ ရှိတဲ့နေရာ သွားဘို့  စီစဉ်နေကြောင်းပြောပြတော့ တားမရတဲ့အဆုံး -- လမ်းကြောင်း သိနေ ပီးသား သူနဲ့  လိုက်ခဲ့ဘို့  ကိုကြီးက ခွင့်ပြုလိုက်တယ်...
ဒီ ခွင့်ပြုချက်လဲ ရရော လုပ်စရာရှိတာတွေ လှုပ်ရှားလိုက်တယ်..
အဖေနဲ့  အမေကို ပြောပြဘို့ ပါ..
သီတာ့အဖေနဲ့  အမေက သားသမီးတွေကို အတိုင်းအတာ တခုထိ လွတ်လပ်ခွင့်ပေးထားတယ်.. မောင်နှမ ပေါင်းနဲ့  ပွင့်လင်းကြတယ်.. အဖေနဲ့  အမေ အမြဲပြောတဲ့ စကားရှိတယ်..
မရှိရင် တောင်း ကျွေးမယ် .. တောင်းလို့ မရရင် အန် ကျွေးမယ်.. ဘယ်တော့မှ မခိုးရဘူးတဲ့..
မလိမ်ရဘူး မညာရဘူး -- အဆိုးဆုံးအနေနဲ့  လူသတ်မှုဖြစ်လာရင်တောင် မလိမ် မညာပဲ အမှန်အတိုင်းပြောရမယ်..  ပြသနာတွေကို မိဘတွေက ရှေ့ ကနေ ကာကွယ်ပေးမယ်တဲ့..
ဒီလို ပြုစုပျိုးထောင်မှုအောက်မှာ ကြီးပြင်းလာတာဆိုတော့ အခုကိစ္စမှာလဲ မိဘတွေကို ပြောပြီးမှ ထွက်သွားဘို့  ဆုံးဖြတ်တာပါ...
ဇွန် ဇူလိုင် သြဂုတ်လ ကာလတွေတုံးကဆိုရင်လဲ မိုးလင်းတာနဲ့  အိမ်ကထွက်သွားပီး စာစောင်တွေ ပိုစတာတွေ သွားသွားဖြန့် နေ - ရန်ကုန်ဆေးရုံကြီးမှာ သွားဝိုင်းလုပ်နေတဲ့ သားသမီးတွေ အိမ်မှာလုပ်ထားတဲ့ လက်စ လက်နတွေကို အမြဲ သိမ်းထားပေးနေကျ... မိုးလင်းရင် အဲ့ဒီလို ပြန့် ကျဲနေတာတွေ ထားခဲ့ကြပီး ညကျ အိမ်ပြန်ရောက်ရင် အဲ့ဒါတွေ အားလုံးက လက်စ ဖျောက်ပြီးနေဘီ ..
အိမ်က ဗိုလ်ချုပ်လမ်းမှာဆိုတော့ ဆန္ဒပြတာတွေက မိုးလင်းတာနဲ့  တွေ့ နေရတယ်.. အိမ်ရှေ့ က ဆန္ဒပြသူတွေကို ရေ လက်ကိုင်ပုဝါ အစားအစာတွေ ဝေ -- ဇူလိုင်လ ပဲခူးက ကျောင်းသားတွေ အိမ်ရှေ့ မှာတင် အပစ်ခံရတော့ ဒီကျောင်းသာတွေကို ပေးပုန်းတယ်.. ဆေး ကုပေး.. နောက် နယ်စပ်သွားမယ်ဆိုပီး ငှက်ဖျားမိလို့  ပြန်လာတဲ့ သားသမီးတွေရဲ့  သူငယ်ချင်းတွေကိုလဲ အိမ်မှာဆေးကုပေး ဖွက် ပေး... သားသမီးတွေ အရေးအခင်းထဲ ၀င်ပါတာကို မတားတဲ့အပြင် အခုလို အားပေးခဲ့တဲ့ ကျေးဇူးရှင် မိဘတွေပါ...
-- အဖေ- အမေ့  (အမေ့ကို ဖက်ပြီးပြောလိုက်တော့ အမေ့ ဆိုတဲ့အသံလေး ဖြစ်သွားတယ်) ..
သမီးလဲ ကိုကြီးလိုပဲ အပြင် သွားတော့ မယ်..
တအိမ်လုံးမှာ တယောက်အသက်ရှူသံ တယောက်ကြားနေရလောက်အောင် ဆိတ်ငြိမ်နေချိန်မှာ အဲ့ဒီသီတာ့အသံ တိုးတိုးလေးက တော်တော် ကျယ်သွားတယ်လို့  ကိုယ့်ဘာသာ ခံစားလိုက်ရတယ်..
သားသမီးတွေရဲ့  လုပ်ဆောင်ချက်တွေကို တစိုက်မတ်မတ် ပံ့ပိုးပေးနေတဲ့ အဖေနဲ့ အမေတို့ ရဲ့ မျက်နှာ မကောင်း ဖြစ်သွားပေမယ့် မတား ရှာပါဘူး...
အများအတွက် ကောင်းတာလုပ်တာပဲ ဆက်လုပ်ပါ -- ဘယ်ပဲ ရောက်ရောက် ဘုရား တရား မမေ့ပါနဲ့ တဲ့ ...
ဘယ်မိဘကမှ အနာဂါတ်မပြောနဲ့  ဘယ်ရောက်လို့  ဘယ်ပေါက်မှန်းမသိတဲ့နေရာ ဘယ်သားသမီးကိုမှ သူတို့  မျက်စေ့အောက်က အပျောက်ခံပြီး သွားစေချင်မှာ မဟုတ်ပါဘူး... အထူးသဖြင့် ကျောင်းပြီးခါနီး တက္ကသိုလ် ကျောင်းသား/သူတွေလေ..
အဖေကိုယ်တိုင်က အစိုးရ၀န်ထမ်း အင်းစိန်ထောင် ထောင်မှုးကြီးဆိုတော့ ယုံကြည်ချက်ကြောင့် ထောင်ထဲ ရောက်လာနေတဲ့သူတွေ ဘယ်လို ဒုက္ခရာက်ရတယ်ဆိုတာကိုလဲ သိနေတယ် -- သွားခွင့်မပြုရင်လဲ သားသမီးတွေဒီလို တက်ကြွနေပုံနဲ့  တနေ့ မဟုတ် တနေ့  သူ့ အလုပ်မှာ ပြန်ဆုံကြရမယ်ဆိုတာ သိနေပုံရတယ် - သားသမီးတွေ လုပ်နေတာကလဲ အများအတွက် မှန်တဲ့ဘက်က လုပ်နေတာမို့  မတားတာပဲ နေမှာပါ..
အဲ ပြောရင်းဆိုရင်း မတော်တဆ အိမ်မှာ ကိုကြီးကိုတွေ့ သွားရင် အိမ်ကသူတွေလဲ နွယ်ကုန်မယ် -- ကိုယ်သွားရမယ့်ကိစ္စလဲ ပျက်သွားမှာ စိုးတာကြောင့် အိမ်ကနေ အမြန်ခွာပြီး တနေရာရာမှာပုန်းဘို့ တိုင်ပင်ဖြစ်ကြတယ်.. ကာဖျူး ရှိတော့ မနက်အစောကြီး ၅ နာရီလောက် အိမ်က ထွက်မယ်အလုပ် ဘုရားခန်းထဲမှာ အဖေနဲ့ အမေ တရားထိုင်နေတာ တွေ့ ရတယ်....
သီတာတို့  အသံကြားတော့ တရားထိုင်နေတာ ဖြုတ်ပြီး သားသမီးတွေဘက် လှည့်လာကြတယ်...
အဖေနဲ့  အမေကို ကန်တော့ရင်း...
သမီး ပြန်လာမှာပါ - အများဆုံး ကြာ ၆ လ ပဲလို့  ပြောတော့ ...
အမေက အံလေး ကြိတ်ထားတယ်..
ပြီးတော့ အမှန်တရားလုပ်နေတဲ့ သားသမီးတွေ အတွက် ဂုဏ်ယူတယ်.. အိမ်ကို ဘာမှ စိတ်မပူနဲ့ တဲ့ (စိတ်မပူနဲ့ သာ ပြောရှာတာပါ.. ကိုလေးက ဇွန်လောက်က စပြီး တလ တခေါကလောက်ပဲ အိမ်ပြန်လာတာမို့  စိတ်ပူလို့  လင်မယား နှစ်ယောက် ပြောနေတာတွေ သီတာ ကြားတာပေါ့ . အခု ကိုကြီးနဲ့  သီတာ သွားမယ်ဆိုတော့ ၁၀ တန်းကျောင်းသား မောင်လေးနဲ့  သူတို့ တွေ ၃ ယောက်ပဲ ကျန်ခဲ့မှာ.. ဘယ် မပူလို့ ရမလဲ.. ဒီလောက်တောင် ကိုယ်အပူ မြိုသိပ်ပြီး သားသမီးတွေကို ချစ်တတ်တဲ့မိဘ နှစ်ပါး -- ကိုယ်သာ မိဘနေရာမှာဆို ဒီလို ရင်ဆိုင်နိုင်ပါ့မလားပဲ )
အဖေကတော့ သားတို့  သမီးတို့  ဘုရား တရား မမေ့ကြနဲ့ ဆိုပြီး သစ်ကနက်သားနဲ့ ထုထားတဲ့ ဘုရားတဆူ ကိုကြီးလက်ထဲ ထဲ့ ပေး တယ်.. ပြီးတော့ သီတာတို့ မောင်နှမတယောက်စီအတွက် သစ်ကနက်နဲ့  ထုထားတဲ့ ရှင်သီဝလိ  တဆူစီကို ပုလင်းသေးသေး လေးထဲ ထဲ့ပီး ဒါလေးကို အဆောင် ယူသွားတဲ့ .. ဒါ အန္တရာယ်ကင်းရှင်းပါစေကြောင်း အဖေနဲ့  အမေနဲ့  တညလုံး ဘုရားစာတွေ ရွတ်ထားတာတဲ့ .. ပန်းပေါင်းဆီ ထဲ့ထားတယ်တဲ့.. (ပန်းသတင်း လေညှင်းဆောင် မွှေးပျံ့ အောင် နမိတ်ပေလားပဲ)
အဖေပေးလိုက်တဲ့ အဲ့ဒီအဆောင်လေးကို ယူပြီး ပုန်းမယ့် ဂိုဒေါင်ထဲ ထွက်ခဲ့ကြတယ်..
 -----
၂၀၁၁ အောက်တိုဘာ ၃၁
ဒီနေ့ ဆိုရင် အဖေ ဆုံးသွားတာ အနှစ် ၂၀ ရှိသွားပါပြီလား...
  • အဖေဆုံးချိန်မှာ အကို ၂ ယောက်က ယုံကြည်ချက်ကြောင့် မော်စကိုမှာ ..
  • ၁၉၈၉ ကိုကြီးနဲ့  ကိုလေး အန်တီ့ခြံထဲမှာ အဖမ်းခံရပြီးကတည်းက အဖေလဲ စစ်ဧည့်ရိပ်သာကို ခဏခဏ အဖိတ်ခံခဲ့ရတယ်တဲ့..
  • နောက် အိမ်မှာရှိကြောင်း အရင်က သူ့ တပည့်တွေဆီမှာ တနေ့  လက်မှတ် ၃ ခါ ထိုးရတယ်တဲ့ ..
  • သီတာ့ကိုလဲ ပြန်ခေါ်ဘို့  ခဏခဏ ချိန်းခြောက်ခံရလို့  ယုံကြည်ချက်ကြောင့်လုပ်နေတဲ့သူကို ပြန်မခေါ်ရက်လို့  အမွေပြတ် စွန့် လွှတ်ကြောင်း သတင်းစာထဲ ထဲ့လိုက်ရတယ်တဲ့.... (ပါပီမ ဇတ်ကားက သီတာ့ ကာရိုက်တာ တချို့ ပါနေပါတယ်)
  • အဖေဆုံးပီးတော့ ပိုင်ဆိုင်မှုတွေကို အေးဓမြအတိုက်ခံလိုက်ရချိန်မှာ အမေနဲ့ မောင်လေးတို့ ခမျာ အဖေ့သူငယ်ချင်း စခန်းမှုး တယောက်အိမ်မှာ သွားကပ်နေခဲ့ရတယ်တဲ့..
  • ၁၀ တန်းကျောင်းသားမောင်လေးကလဲ အသက်ကလဲ ငယ်.. အိမ်မှာကလဲ အငယ်ဆုံးဆိုတော့ ဘာမှ မလုပ်တတ်--  ဒါနဲ့ Video အောက်စက်လေးပြ  ရရာအလုပ်တွေလုပ်ပြီး အမေ့ကို စောင့်ရှောက် -- အကိုတွေအတွက် ထောင်ဝင်စာ ရှာပေးတယ်တဲ့ ...
  • အမေကတော့ အဖေဆုံးသွားပြီဆိုတာ မော်စကိုက သား၂ ယောက်ကို မပြောရက်လို့  အကျဉ်းဦးစီးက အဖေ့သူငယ်ချင်းတွေကို ပိတ်ထားတယ်တဲ့..
  • ကိုကြီးထောင်က လွတ်လာတဲ့နေ့ က အမေကသူတို့ နေတဲ့ စခန်းမှုးအိမ် ခေါ်သွားတော့ ညနေကျတော့ ကိုကြီးက ဒီအချိန် အဖေ ရုံးဆင်းပြီ အိမ်ပြန်ကြရအောင်အမေဆိုတော့မှ --- အိမ် မရှိတော့ဘူး.. အဖေ မရှိတော့ဘူး.. ဆိုတာ သိလိုက်ရလို့  ဘယ်လို ဘယ်ဝါ ဖြစ်သွားမှန်းမသိတော့ပဲ ဘာကို စိတ်ဆိုးရမှန်း မသိတော့ဘဲ အမေ့ကို ၃ - ၄ လ လောက် စကား မပြောတော့ဘူးတဲ့..
ခေါင်းအေးအေးထားပီး ပြန်စဉ်းစားတော့မှ မောင်လေးရှာပေးတဲ့ပိုက်ဆံလေး ခြစ်ခြုတ်ပီး သား၂ ယောက်ကို တထောင်ဆီ အနိုင်နိုင် လာတွေ့ ရချိန်မှာ အခြေအနေကို ဘာမှ မသိတော့  .. အမေကလဲ လာရင် ဘာမှ ပါမလာဘူး  -- နောက်တခေါက် ထောင်ဝင်စာလာတွေ့ ရင် ငပိကြော်လေး ယူခဲ့ပါလားလို့  ယောဂီ အမေကြီးကို ပြောမိခဲ့တာတွေ.. အဖေကလဲ စာတိုလေးတောင် မရေးပေးလိုက်ဘူးလို့  ပြောမိခဲ့တာတွေကို နောင်တရပြီး အမေ့ကို ပိုသနားသွားတယ်တဲ့.....
တရက်မှာ အမေ့ကို သွားကန်တော့တော့ သားအမိတွေ ဘာမှမပြောကြပဲ မျက်ရည် ကျကြသတဲ့အဖေ ..
  • သွားဆရာဝန်ဖြစ်ခါနီး လူငယ်တယောက်ဟာ ယုံကြည်ချက်ကြောင့် ထောင်ကလွတ်တော့ ညစောင့်အလုပ်လုပ် ဘ၀ကို သုညမပြောနဲ့  အနုတ်က ပြန်စရင်း အခုချိန်မှာတော့ အမေ နဲ့  မောင်လေးကို ကိုကြီးက ပြန် ဂရုစိုက်နေဘီ အဖေရေ...
  • ကိုလေးကတော့ မော်စကိုမှာ ၁၂ နှစ်လောက် နေခဲ့ရပီး အခုတော့ လုံခြုံတဲ့တနေရာ ရောက်နေပါဘီ.. အဖေ မပူနဲ့ တော့နော်..
  • မောင်လေးကလဲ သားလေး ၂ ယောက်နဲ့  အမေနားက မခွာပါတဲ့ ...
သမီးကတော့ အဖေဆုံးတယ်ဆိုတာ ၁၉၉၂ နှစ်ကုန်ကျမှ သိရတာပါ..
အဖေ့ နောက်ဆုံးခရီးစဉ် သား သမီး တွေ မမီပေမယ့် အဖေပျိုးထောင်ခဲ့တဲ့စိတ်ဓါတ်နဲ့  အများအတွက်လုပ်နေတာတွေကို အဖေ ဂုဏ်ယူနေမယ်ဆိုတာ သမီးသိပါတယ်.. အဲ့ဒါတွေကိုပဲ ကုသိုလ်လို့  မှတ်ယူပြီး အဖေ့အတွက် အမျှပေးဝေပါတယ်..
မိမိကိုယ်တိုင်သာမက သားသမီးတွေကို အများကောင်းကျိုးအတွက် ဆောင်ရွက်တတ်အောင် ပဲ့ပြင်ပေးခဲ့တဲ့အတွက် အဖေ ကောင်းရာ ဘ၀ ရောက်နေပြီဆိုတာ သမီး ယုံကြည်ထားပါတယ်..
အဖေ ဘယ်လို ဘာ့ကြောင့် ဆုံးတယ်ဆိုတာ သေချာ မသိပေမယ့် အကျီအဖြူ (လက်တို) မှာ အညိုအစင်းသေးသေးလေး -  ပုဆိုး အညို ကွက်လေးနဲ့  အဖေ့ရဲ့ နောက်ဆုံးခရီးစဉ်ဟာ အင်မတန်စည်တယ်လို့  ကြားရလို့  ဂုဏ်ယူမိတယ်အဖေ..
သမီးတို့ တွေ ငွေကြေး မချမ်းသာချင်နေမယ်... မေတ္တာ ချမ်းသာတယ်.. မေတ္တာစစ်မှန်ရင် ရောင်ပြန်ဟပ်တယ်ဆိုတာ အဖေ့ ဈာပန က သက်သေ ပြလိုက်တယ်အဖေ...
မိသားစုကိစ္စတွေကို မစဉ်းစားမိအောင်နေပေမယ့် ဒီနေ့ ကတော့ အဖေဆုံးတာ အနှစ် ၂၀ ပြည့်မှာ အဖေ့ကို မှတ်မှတ်ရရ ဂါရ၀ ပြုချင်တာကြောင့် ဒီ page ရဲ့  ပထမဦးဆုံး ဆောင်းပါးလေးနဲ့  ကန်တော့ပါရစေအဖေ...
အဖေဆုံးမခဲ့တဲ့အတိုင်း အများအတွက်လုပ်ရဲတဲ့ အမှန်တရားအတွက် ရပ်တည်ရဲတဲ့ သမီးကောင်းတယောက်ဖြစ်အောင် ဆက်ပြီး ကျိုးစားမယ်လို့  သမီး ကတိပေးပါတယ်အဖေ...
အဝေးတနေရာကနေပဲ--- လက်ဆယ်ဖြာ ယှက်ကာမိုးပြီး  ဂါရ၀ပါ ထာဝရပါ အဖေ ...
(ဒီဆောင်းပါးနဲ့ အတူ
  • ဗမာပြည်ထဲမှာ ရှိနေတဲ့ အမေအိုကြီးကိုလဲ ကန်တော့ပါတယ်..
  • ဘ၀ကို အနုတ်ကပြန်စခဲ့တဲ့ ကိုကြီးကိုလဲ ကျေးဇူးတင် လေးစားပါတယ်...
  • မော်စကိုမှာ ဆယ်စုနှစ်တခုကျော် ပေးဆပ်ခဲ့ပြီး အခုချိန်ထိ အများအတွက် စိတ်ဓါတ်မကုန်သေးတဲ့ ကိုလေးကိုလဲ ချီးကျူးလေးစား မိပါတယ်..
  • ပညာရေးအပျက်ခံသွားရပြီး ၁၆နှစ်အရွယ်ထဲက လောကဓံကို ခါးစည်းခံပြီး အကို အမတွေကိုယ်စား မိဘကို ပြုစုခဲ့တဲ့ မောင်လေးကိုလဲ ၀မ်းနည်း ဂုဏ်ယူစွာနဲ့  ကျေးဇူးတင်ပါရစေ...
  • နောက် ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့သူတွေနဲ့  သူတို့ မိသားစုတွေအားလုံးကိုလဲ လေးစားစွာနဲ့  ဂုဏ်ပြုပါတယ်)
http://www.facebook.com/thida.fanpage မှာ အခုလို ဆောင်းပါးတွေ ထပ်ရေးပါ့မယ်..
အဖေပေးလိုက်တဲ့ သစ်ကနက်သားဘုရား
ပန်းပေါင်းဆီနဲ့ စိမ်ထားတဲ့ ရှင်သီဝလိကိုယ်တော်
No comments:
Post a Comment