"I know that I know nothing"
အနတ္တ တရားကို တိတိကျကျမသိပေမယ့် ခရစ်တော်မပေါ်မီ BC-4oo ကျော်မှာ ဂရိအတွေးအခေါ်ပညာရှင်ကြီး
ဆိုကရေးတီး ပြောဆိုခဲ့တဲ့စကားဖြစ်ပါတယ်။
"ငါ ဘာမှမသိဘူးဆိုတာပဲ ငါ သိတယ်" ဆိုတဲ့စကားဟာ တကယ်လေးနက် တဲ့စကားဖြစ်ပါတယ်။
လူ တစ်ယောက်ရဲ့ အကြောင်းကို ချဉ်းကပ်လေ့လာမယ်ဆိုရင် သူဖြတ်သန်းတဲ့ ခေတ်ကာလ ကိုနားလည်ဖို့
လိုအပ်ပါတယ်။ဆိုကရေးတီး ဟာ ဂရိနိုင်ငံ အေသင်မြို့ Deme Alopece မှာ Bc 469 / 470 က မွေးဖွားလာ
ခဲ့သူဖြစ်ပါတယ်။အကယ်ဒမီဆိုတဲ့ ကျောင်းတော်ကို တည်ထောင်ခဲ့ပြီး ဂရိအတွေးအခေါ်တွေကို ပျံ့နှံ့စေခဲ့သူ
ပလေတို ဟာ ဆိုကရေးတီးရဲ့ တပည့် ဖြစ်ပါတယ်။အတွေးအခေါ်လောက ကိုစိုးမိုးထားနိုင်ခဲ့သူ အရစ္စတိုတယ်ကတော့
ပလေတိုရဲ့ တပည့်ဖြစ်ပါတယ်။ဆိုကရေးတီး ကြီးပြင်းလာခဲ့တဲ့ ခေတ်ကာလ ဟာ ခေတ်ကျပ်တစ်ခုဖြစ်ပါတယ်။
ဒီမိုကရေစီ ဆိုတဲ့ ဝေါဟာရဟာ အဲဒီအချိန်ကစတင်ပေါက်ဖွားခဲ့တာပါ။ပြည်သူများ ကိုယ်ပိုင်ချုပ်ခွင့်ရတယ်ဆိုတဲ့
သဘောပါ။ အေသင် မှာ အဲဒီခေတ်ကတည်းက လွတ်တော်သဘောမျိုးပေါ်ပေါက်နေပြီ ဖြစ်ပါတယ်။
ဒါပေမယ့် ချမ်းသာကြွယ်ဝ သူတွေ ၊အုပ်ချုပ်သူ လူတန်းစားတွေရဲ့ ချယ်လှယ်မှုတွေတော့ ရှိနေဆဲပါ။
ပညာရေးအနေနဲ့ အဲဒီခေတ်မှာ ဆိုးဖစ်(sophic)လို့ခေါ်တဲ့ ပညာရှင်တွေဆီမှာပညာသင်ယူရပါတယ်။
ဒါပေမယ့် အေသင်မြို့ အုပ်ချုပ်ရေးလူကြီးများနဲ့ ချမ်းသာကြွယ်ဝသူများရဲ့ သားသမီးများသာ အဓိကသင်ယူခွင့်
ရပါတယ်။ပညာသင်ကြားရေးစနစ်က လူငယ်တွေ ကို အသိပညာတိုးစေတဲ့ ပညာရေးမျိုးမဟုတ်ဘဲ ကန့်သတ်ချက်များ
နဲ့ဖြစ်ပါတယ်။ဒီအချိန်မှာ ဆိုကရေးတီးက မြို့ထဲမှာလှည့်လည်ပြီး လူငယ်တွေ ကို အသိပညာ ဖြန့်ဝေပေး
ခဲ့ပါတယ်။ဆိုကရေးတီးရဲ့ သင်ကြားရေးစနစ်ကတော့ ဒိုင်ယာလက်တစ်(dialectic)နည်းဖြစ်ပါတယ်။ သိသလောက်
ပြောပြရရင် ဒိုင်ယာလက်တစ် နည်းဆိုတာက အပြန်အလှန်မေးခွန်းထုတ်ပြီး သင်ကြားပေးတဲ့စနစ်ဖြစ်ပါတယ်။
ဆိုကရေးတီးကို မေးခွန်းတစ်ခုမေးရင် သူကလည်းမေးခွန်းလေးတွေပြန်မေးပါတယ်။ဒီလိုမေးရင်း၊ဖြေရင်းနဲ့
လိုချင်တဲ့အဖြေ ကိုရောက်ရှိသွားပါတယ်။ဒီနည်းက ဥာဏ်ပညာဖွံ့ဖြိုးပြီး၊အတွေးအခေါ် ပိုမိုမြင့်မားလာစေပါတယ်။
တစတစထင်ရှားလာတဲ့ ဆိုကရေးတီးကို အေသင် အုပ်ချုပ်သူတွေ သတိပြုမိလာပါတယ်။သူ့ရဲ့ သင်ကြားမှုတွေ
နဲ့ လူငယ်တွေ အသိအမြင်နိုးကြားလာမှာစိုးရိမ်တဲ့အတွက် သူ့ ကို စာမသင်ဖို့တားမြစ်ပါတယ်။နောက်ဆုံးမှာတော့
ဆိုကရေးတီးကို အများသဘောတူညီချက်နဲ့ သူ့ရဲ့ ခံယူချက်၊အတွေးအခေါ်တွေ မှားယွင်းကြောင်းဝန်ခံခိုင်းပါတယ်။
ဒါမှမဟုတ်ရင် အဆိပ်သောက်သေဖို့ ပြောပါတယ်။ ဆိုကရေးတီးဟာ အမှန်တရားကို အသက်နဲ့လဲပြီးသက်သေပြဖို့
ရွေးချယ်ခဲ့ပါတယ်။ အဆိပ်သောက်ခါနီးမှာ ထွက်ပြေးဖို့အခွင့်အရေးရလို့ ထွက်ပြေးဖို့ တပည့်တွေက တိုက်တွန်းပါတယ်။
ဒီအခါမှာ ဆိုကရေးတီးက "တပည့်တို့ ငါထွက်ပြေးသွားရင် ငါ့ အတွေးအခေါ်၊အယူအဆတွေ မှားယွင်းကြောင်း
ဝန်ခံရာရောက်သွားမယ်။ရာဇ၀င်မှာလည်း ဆိုကရေးတီးဟာ အမှန်တရားထက် အသက်ကို ပို ချစ်တယ်လို့
အမည်းစက်ထင်သွားမယ်။လောကမှာဘယ်သူမှ နှစ်ခါမသေရဘူး။ ဒါကြောင့် ငါ မြင့်မြတ်စွာနဲ့ပဲအသေခံသွားမယ်။
ငါ့ ကိုမတားကြနဲ့" လို့ ဆုံးမသွားပါတယ်။ဒါကြောင့်လည်း ဆိုကရေးတီးဟာ Philosophy ရဲ့ ဖခင်ကြီးအဖြစ်
လေးစားဂုဏ်ယူစွာ သတ်မှတ်ခံခဲ့ရတာပါ။
ဒီနေရာမှာ ကျွန်တော် ပြောချင်တဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမက အမှန်တရားကို အသက်နဲ့လဲပြီးမြတ်နိုး
သွားတဲ့ ဆိုကရေးတီးရဲ့စိတ်ဓါတ်ပါ။ကြီးကျယ်မြင့်မြတ်သူတိုင်းမှာ မိုးခါးရေမသောက်တတ်တဲ့၊ ဖြူစင်သန့်ရှင်းတဲ့
နှလုံးသားဝိညာဉ်ရှိတယ်ဆိုတာ သမိုင်းအဆက်ဆက်တည်တံ့အောင် သူက သက်သေပြသွားခဲ့ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီရဲ့ ရှေ့ပြေးလို့ ဆိုရမယ့် အေသင်အုပ်ချုပ်ရေးမှာလည်း အများသဘောနဲ့
ဆုံးဖြတ်တာပါ။ဆိုကရေးတီးကို အဆိပ်သောက်သေဖို့ ကိုလည်း အများသဘောနဲ့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဒါကြောင့် အများရဲ့ သဘောထားနဲ့ တိုက်ဆိုင်တိုင်းလည်း အမှန်တရားနဲ့မနီးစပ်ဘူး ဆိုတဲ့ အသိအမြင်ကို
ရရှိစေပါတယ်။ခေတ်တိုင်း၊စနစ်တိုင်းမှာ ချို့ယွင်းချက်၊အားနည်းချက် ကိုယ်စီ ရှိတတ်ပြီး အမှန်တရားကိုမြတ်နိုးတဲ့၊
အတွေးအခေါ် မြင့်မြတ်ဖြူစင်တဲ့ လူတော်လူကောင်းတွေ ပေါများဖို့လိုတယ်ဆိုတာ တွေ့ရှိရပါတယ်။
ဒါကြောင့် မြန်မာ လူငယ်တွေ အနေနဲ့ အမှန်တရားကို မြတ်နိုးတတ်အောင်၊ အတွေးအခေါ် မြင့်မားရင့်ကျက်လာ
အောင် အားထုတ်ကြိုးပမ်းပြီး မြန်မာနိုင်ငံရဲ့ အနာဂါတ်မုခ်ဦးသစ်ကို အလှပဆုံး ရေးချယ် သီဖွဲ့ ဖို့ လိုအပ်ကြောင်း
ဆန္ဒမွန်ဖြင့်တိုက်တွန်းလိုက်ပါတယ်။

No comments:
Post a Comment