Monday, October 10, 2011

အိန္ဒိယ မော်ဝါဒီသူပုန်များ မြန်မာပြည်တွင်း စခန်းဖွင့်ရန်ရှိ




နယူးဒေလီ (မဇ္ဈိမ) ။       ။ နက်ဇယ်လိုက် Naxalites ခေါ် အိန္ဒိယ မော်ဝါဒီသူပုန်များ အနေဖြင့် မြန်မာ့မြေပိုင်နက် ထဲတွင် မကြာမီ ရက်သတ္တပါတ် များ အတွင်း စစ်သင်တန်းစခန်းများ ဖွင့်ရန် စီစဉ်နေသည့် အထောက်အထားများ
တွေ့ရှိရကြောင်း အိန္ဒိယ သတင်းစာများ၌ ရေးသားထားသည်။

အဆိုပါ စစ်စခန်းများအား အိန္ဒိယ အရှေ့မြောက်ဒေသမှ သူပုန်တဖွဲ့ဖြစ်သည့် PLA နှင့် Naxalites တို့ ပူးတွဲ စီစဉ်ခြင်း
ဖြစ်သည်။

အောက်တိုဘာ  ၁ ရက်နေ့က နယူးဒေလီမြို့တော်၌ ဖမ်းဆီးရမိခဲ့သည့် PLA အဖွဲ့ဝင် နှစ်ဦး၏ ခရီးဆောင် ကွန်ပျူတာများမှ ဖော်ထုတ်သိရှိရခြင်းဖြစ်သည်ဟု ဒေလီရဲအရာရှိတဦး၏ ပြောကြားချက်ကို ကိုးကား၍
Times of India သတင်းစာကြီးတွင် ရေးသားထားသည်။
 The_Red_Corridor_ver_1
“Naxal လှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့ အရေးကြီးတဲ့အသေးစိတ်အချက်အလက်တွေရယ်၊ မြန်မာပိုင်း မြေပုံတွေရယ်
ဟာ လာမယ့် ရက်သတ္တပါတ်များအတွင်းမှာ ပြုလုပ်တော့မယ့် (Naxal-PLA) ပူးတွဲ စစ်လေ့ကျင့်ရေး စခန်းတွေ
ပြုလုပ်မယ့်နေရာတွေ ဖော်ပြထားတာ တွေ့ရတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။ သို့သော် မြန်မာနိုင်ငံ မည်သည့်နေရာများဖြစ်သည်ကိုမူ ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

PLA အနေဖြင့် Naxalites များနှင့် ဂျမူး-ကက်ရှမီး သူပုန်များ JKLF အား စစ်ရေးနှင့် ဆက်သွယ်ရေးသင်တန်းများ ပို့ချသည်ဟုလည်း ရေးသားထားသည်။

အိန္ဒိယ-မြန်မာ နယ်စပ်အရေး လေ့လာနေသူ နာဂအမျိုးသားကြီး ဦးစောဆ ကမူ မဏိပူရမှ PLA သာမက အာသံ
မှ ULFA သူပုန်များလည်း ပါဝင်နိုင်ပြီး ကချင်ပြည်နယ်အတွင်းတွင် ဖြစ်နိုင်ကြောင်း မဇ္ဈိမကို ပြောသည်။

“တကယ်လို့သာ ဒီအတိုင်းမှန်တယ်ဆိုရင် အိန္ဒိယ အရှေ့မြောက်ပိုင်း ရှုတ်ထွေးကုန်မယ်လေ။ အလကားခြိမ်းခြောက် တာမဟုတ်ဘူး။ တကယ်ပဲ ဖြစ်နိုင်ခြေ အလားအလာရှိတယ်။ သူတို့ တည်ဆောက်ဖို့အခြေအနေမှာပဲ ရှိဦးမယ်။ ကချင်ပြည်နယ်ထဲ ဖြစ်လောက်တယ်။ ULFA လည်း ပါနိုင်တယ်။ ကချင်ပြည်နယ်က အာသံပြည်နယ်(အိန္ဒိယ)နဲ့ နီးတာကိုး” ဟု ပြောသည်။

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမှုတိုင်းတွင် အိန္ဒိယ အရှေ့မြောက်သူပုန်များကိစ္စ အမြဲတစေ
ဆွေးနွေးလေ့ရှိကြသည်။

စက်တင်္ဘလက စစ်ကိုင်းတိုင်းအတွင်း ခိုလှုံနေကြသော အိန္ဒိယသူပုန်များအား မြန်မာစစ်တပ်က ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း တကယ်တမ်း မြန်မာအစိုးရက ထိရောက်စွာ အရေးယူ
ဆောင်ရွက်မှုမရှိကြောင်းလည်း ဦးစောဆ က  “မြန်မာအစိုးရက ဟန်ပြပြီးတော့ ပိုက်ဆံတောင်းတယ်ထင်တယ်။ ဗမာအစိုးရက အရေးယူမှု မရှိသလောက်ပဲ။ ပူးတွဲစစ်ဆင်ရေးဆိုပြီး ဘာမှလည်း မလုပ်ဘူးလေ။ ဘာကြောင့်များ အိန္ဒိယအစိုးရက ဘာကိုယုံကြည်လို့ အပေါင်းအသင်းလုပ်နေလဲ မသိဘူး။ မြန်မာအစိုးရကတော့ ကောင်းကောင်း လိမ်နေတာလေ” ဟု ပြောသည်။

ယခုလ ၁၃ ရက်နေ့တွင် နယူးဒေလီသို့ လာရောက်ရန်ရှိသည့် မြန်မာ သမ္မတ ဦးသိန်းစိန်အနေနှင့်လည်း အိန္ဒိယ ခေါင်းဆောင်များနှင့်ဆွေးနွေးရာတွင် အရှေ့မြောက်သူပုန်များကိစ္စ ထည့်သွင်းဆွေးနွေးနိုင်ဖွယ်ရှိသည်။

PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် မြန်မာပိုင်နက်ထဲတွင် အိန္ဒိယ လက်နက်ကိုင်သူပုန် ရှစ်ဖွဲ့ထက်မနည်း ခိုလှုံနေထိုင်ကြကြောင်း သတင်းစာများတွင် ရေးသားထားသည်။

PLA မှာ မဏိပူရ ခွဲထွက်ရေးအတွက် လှုပ်ရှားနေသည့်အဖွဲ့ဖြစ်ပြီး ယခုအစီအစဉ်မှာ အိန္ဒိယ ဗဟိုအစိုးရအား ဘုံရန်သူအဖြစ် ဆန့်ကျင်ရေး ပူးတွဲလှုပ်ရှားကြရန် ‘မဟာဗျူဟာကျ ညီညွတ်သော တပ်ပေါင်းစု’ ဖွဲ့စည်းနိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အထူးကော်မရှင်နာ ပုလိပ်မင်းကြီး P N Aggarwal က ပြောသည်။

အိန္ဒိယနိုင်ငံတွင် ကွန်မြူနစ်ပါတီ လေးခုရှိသည့်အနက် Naxalites ခေါ် ကွန်မြူနစ်ပါတီ(မော်ဝါဒီ) မှာ ၁၉၆ဝ စုနှစ်များကတည်းက အစိုးရအား လက်နက်ကိုင် တော်လှန်နေခဲ့သည့်ပါတီဖြစ်သည်။ အိန္ဒိယနိုင်ငံ၏ ပြည်နယ်
၁၂ ခုတွင် ပြောက်ကျားလှုပ်ရှားနေသည့် သူပုန်အဖွဲ့တခုဖြစ်သည်။

No comments:

Post a Comment