Wednesday, October 19, 2011

ကျေးလက်ဗဟိုပြု ပညာရေး ဖြစ်ဖို့လို (ပညာရေး အင်တာဗျူး)


ပညာရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာမျိုးတင့်နှင့် တွေ့ဆုံခြင်း
(ပညာရေးကဏ္ဍအခြေအနေသိနိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။ )
ရန်ကုန်၊ ဇူလိုင် ၁၈ - ပုဂ္ဂလိက ကျောင်းတွေ ဖွင့်လှစ်ခွင့် ပေးလိုက်သလို ပုဂ္ဂလိက ကျောင်းတွေကို အပ်နှံတဲ့ ကျောင်းသားဦးရေလည်း များလာပါတယ်။ အစိုးရကျောင်းတွေ အနေနဲ့
ပြည်သူလူထု ပိုမိုအားကိုးလာဖို့အတွက် ပညာရေးစနစ်ကို ပြောင်းလဲဖို့ လိုအပ်လာတယ်လို့ ပညာရှင် အချို့က သုံးသပ်ခဲ့တယ်။ လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေး စနစ် တိုးတက်လာဖို့နဲ့
လိုအပ်ချက်တွေကို သိရှိနိုင်ဖို့အတွက် ပညာရေးတက္ကသိုလ် ဒုတိယ ပါမောက္ခချုပ် (အငြိမ်းစား) ဒေါက်တာမျိုးတင့်နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။
ကုမုဒြာ။          ။ လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေး စနစ်ကို သိချင်ပါတယ်။
မျိုး။     ။ မြန်မာနိုင်ငံရဲ့ ပညာရေး ရည်မှန်းချက်က ၂၀၀၀-၂၀၀၁ ခုနှစ်ကနေ ၂၀၃၀-၂၀၃၁ ခုနှစ် အထိ အနှစ် ၃၀ စီမံကိန်းပါ။ အဲဒါကို ငါးနှစ် စီမံကိန်းခြောက်ခုနဲ့ အကောင်အထည်ဖော်
နေတယ်။ ရည်မှန်းချက်ကတော့ တစ်မျိုးသားလုံး အစဉ်လေ့လာ သင်ယူနေတဲ့ learning society ဖြစ်ရမယ်လို့ စီမံထားပါတယ်။
ကုမုဒြာ။          ။ နိုင်ငံတကာမှာလည်း ပညာရေးနဲ့ ပတ်သက်တဲ့ စီမံကိန်းတွေကို အလေးထားပြီး ဆောင်ရွက်နေသလို မြန်မာနိုင်ငံရဲ့ နှစ် ၃၀ စီမံကိန်းကရော ဘယ်လောက်အထိ
အောင်မြင်မှု ရနေပြီလဲ။
မျိုး။     ။ နှစ် ၃၀ စီမံကိန်းရဲ့ လိုအပ်ချက်တွေ၊ အစီအစဉ်တွေကိုတော့ လုပ်ဆောင်နေတာ ရှိပါတယ်။ စီမံကိန်း အောင်မြင်ဖို့ အတွက်တော့ စီမံကိန်းနဲ့ အကျုံးဝင်နေတဲ့ ကျောင်းသားတွေ၊
ဆရာ ဆရာမတွေ၊ မိဘတွေ၊ ကျောင်းက ဆရာ ဆရာမတွေရဲ့ သင်ကြားမှုကို ခံယူရတဲ့ ကျောင်းသားတွေကို ပြန်လည် အသုံးချမယ့် ကုမ္ပဏီတွေ၊ ပုဂ္ဂလိက အဖွဲ့ အစည်းတွေ၊
တစ်နည်းအားဖြင့် မြန်မာပြည်မှာ ရှိတဲ့ လူတိုင်း သည် နှစ် ၃၀ စီမံကိန်း အောင်မြင်ဖို့ တာဝန်ရှိပါတယ်။ ပညာရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်က အားလုံးနဲ့ သက်ဆိုင်ပါတယ်။
ကျေးရွာ ၅ ရွာမှာ ကျောင်း ၁ ကျောင်းသာရှိနေဆဲ
ကျေးရွာ ၅ ရွာမှာ ကျောင်း ၁ ကျောင်းသာရှိနေဆဲ
ကုမုဒြာ။      ။ အစိုးရကျောင်းတွေအပြင် ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေရဲ့ အခန်းကဏ္ဍ ပံ့ပိုးမှုကိုလဲ သိချင်ပါတယ်။
မျိုး။     ။ အစိုးရကျောင်းတွေကတော့ formal education ဖြစ်ပြီး ဘုန်းတော်ကြီး ပညာသင်ကျောင်းတွေက non-formal education ပါ။ Formal education ကျတော့ ပုံစံအရ
ကျောင်းတွေက ပုံစံတစ်ခုတည်း။ ပညာရေး ပြက္ခဒိန် တစ်ခုတည်းနဲ့ အကုန်လုံးကို ပုံစံတကျ၊ စာမေးပွဲစစ်ရင် ဘယ်နေ့၊ ဘယ်အချိန် ဆိုတာကို တစ်သတ်မတ်တည်း သွားတယ်။
Non-formal ကျတော့ ပုံစံတကျ မရှိဘူး။ ကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေအပေါ် မူတည်ပြီး လုပ်ကြတယ်။ အစိုးရကျောင်း မတက်နိုင်တဲ့ နေရာတွေ အတွက်
 non-formal education က မရှိမဖြစ် လိုအပ်ပါတယ်။
ကုမုဒြာ။           ။ မူလတန်းကို အခမဲ့ ပညာသင်ကြားရေးစနစ် ကျင့်သုံးထားပေမဲ့ ဘာကြောင့် non-formal education ကို အားကိုးနေရလဲ သိချင်ပါတယ်။
မျိုး။     ။ မြန်မာနိုင်ငံမှာ တစ်နှစ်ကို မူလတန်းကျောင်းသား ငါးသန်း၊ အလယ်တန်း ကျောင်းသား နှစ်သန်း၊ အထက်တန်း ကျောင်းသား ငါးသိန်းနဲ့ ခြောက်သိန်း ကြားမှာ ရှိတယ်။  စုစုပေါင်း ကျောင်းသားဦးရေ ခုနစ်သန်းခွဲ ရှိတယ်။ အဲဒါက formal education ပါ။ အကြောင်းကြောင်းကြောင့် သူငယ်တန်းကနေ တစ်တန်းကို ကူးတဲ့အချိန်မှာ ကျောင်းသားအများဆုံး ထွက်ကြတယ်။ အဲသည် ထွက်သွားတဲ့ ကျောင်းသားတွေကို တစ်ဖက်ကနေ non-formal education က ပြန်သင်ပေး နေရတယ်။ ကျောင်းကနေ ထွက်သွားတဲ့ ကျောင်းသားအများစုရဲ့  မိဘတွေမှာ တစ်နေ့ဝင်ငွေ ကျပ်တစ်ထောင်အောက်ပဲ ရှိကြတယ်။ အဲလို လူဦးရေ မြန်မာနိုင်ငံမှာ ၃၁ ရာခိုင်နှုန်း ရှိခဲ့တယ်။ အခု ၂၆ ရာခိုင်နှုန်းပဲ ကျန်တယ်။ ထောင်စုနှစ် ရည်မှန်းချက်အရ ၁၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရမယ်။
ကုမုဒြာ။           ။ သူငယ်တန်းနဲ့ တစ်တန်းကြား ကျောင်းထွက်နှုန်းများတဲ့ အပေါ်မှာ ဘယ်လိုမျိုး ဖြေရှင်းသင့်ပါသလဲ။
မျိုး။     ။ ကျောင်းနေမြဲရေး ဆိုတဲ့ စီမံချက်တော့ ရှိတယ်။ ကျောင်း မထွက်အောင် ဆရာ၊ ဆရာမတွေ ကိုယ်တိုင်က ကျောင်းထွက်သွားတဲ့ ကလေးတွေ ကျောင်းမထွက်ဖို့ မိဘတွေကို
စည်းရုံးဖို့၊ မိဘတွေရဲ့ စီးပွားရေးကို မြှင့်တင်ပေးဖို့ ဆောင်ရွက်တာတွေ ရှိပါတယ်။ ရပ်ရွာ ပဒေသာဌာနတွေက မိဘတွေ ဝင်ငွေတိုးရေး အတွက် လုပ်ငန်းတွေ သင်ပေးတယ်။
Micro financing အသေးစား ချေးငွေလုပ်ငန်းလေးတွေပါ လုပ်ပြီး စီးပွားရေးအရ သက်သောင့်သက်သာ ဖြစ်လာမယ် ဆိုရင် ကလေးတွေ ကျောင်းနေမြဲရေး အတွက် အထောက်အကူ
ပြုလာမှာပါ။
ကုမုဒြာ။           ။ လက်ရှိ အစိုးရအနေနဲ့ရော ပညာရေးနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်ကို ဘယ်လို ကဏ္ဍတွေမှာ ပိုပြီး သုံးသင့် တယ်လို့ ဆရာ ယူဆပါသလဲ။
မျိုး။     ။ ပညာရေးနဲ့ ပတ်သက်တဲ့ ကဏ္ဍဆိုရင် အခုလက်ရှိလည်း သုံးနေတဲ့ မူလတန်းမှာ အများဆုံး သုံးသင့်တယ်။ အခုချိန်ထိ မူလတန်းကျောင်းတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က
လိုအပ်ချက်တွေ ရှိနေသေးတယ်။ သည်နှစ်မှာ မူလတန်း ကျောင်း တစ်ကျောင်းရဲ့ တစ်နှစ်အတွက် ထိန်းသိမ်းစရိတ် သုံးသောင်းပေးတယ်။ ကျေးရွာပေါင်း ခြောက်သောင်းခွဲ ရှိတယ်။
ငါးရွာကို မူလတန်းကျောင်း တစ်ကျောင်းရှိတယ်။
ကုမုဒြာ။           ။ ပညာရေးစနစ်ကို ပြည်သူတွေ ပိုပြီး အားကိုးလာဖို့ ဘယ်လို အပြောင်းအလဲတွေ လိုအပ်နေပါသလဲ။
မျိုး။     ။ ပညာရပ်တွေက အရမ်းကို အပြောင်းအလဲ မြန်နေတယ်။ အခုလက်ရှိ သင်နေတဲ့ ပညာရပ်တွေက မြို့ပြကိုပဲ အခြေခံထားတယ်။ ကျေးလက်ဒေသကို လက်စွဲထားတဲ့ သင်ရိုးတွေ
မဟုတ်ဘူး။ ပြည်သူတွေ ပိုအားကိုးဖို့၊ ကျေးလက် ဒေသ ဖွံ့ဖြိုးဖို့ဆိုရင် ကျေးလက်ကို ဗဟိုပြုတဲ့ သင်ရိုးသက်သက် ရှိသင့်တယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေ အကုန်လုံး အလိုက်
သင်ရိုးတွေဖြစ်ဖို့ လိုလာမယ်။ အခြေခံကျောင်း ပညာရေးမှာ အတန်းတင်ပေး စနစ်ကိုလည်း ပြောင်းလဲပေးဖို့ လိုတယ်။ တကယ်ပညာတတ်တဲ့ ကျောင်းသားတွေ ထွက်ပေါ်လာမယ်။
လက်ရှိ အခြေအနေအထိ ဆရာ ဆရာမ မလုံ လောက်တဲ့ အခြေအနေကို ကြုံတွေ့နေရတုန်းပဲ။ အဲသည် အခြေအနေတွေ မရှိဖို့ လိုတယ်။
ကုမုဒြာ။           ။ ပညာရေးကို ကျောင်းသားတွေ လက်တွေ့ လုပ်ငန်းခွင်မှာ ပြန်ပြီးအသုံးချနိုင်ဖို့ ဘယ်လိုစနစ်တွေ လိုအပ် ပါသလဲ။
မျိုး။     ။ အခု ပညာသင်တဲ့ပုံစံက ၁၉ ရာစု စာသင်ခန်းလို့တောင် ပြောလို့ရတယ်။ တကယ်တမ်း ကျောင်းသားတွေကို သင်တဲ့ပုံစံက ကိုယ်ပိုင်အတွေးအခေါ်နဲ့ တွေးခေါ်နိုင်အောင်
လေ့ကျင့်ပေးဖို့ လိုတယ်။ တကယ် ပညာတတ်ဖို့ လိုအပ်နေတဲ့ သင်ထောက်ကူ ပစ္စည်းတွေ ပံ့ပိုးဖို့ လိုတယ်။ စာသင်နည်း စနစ်တွေ အထောက်အပံ့တွေ လိုအပ်တယ်။
ကျောင်းပညာက လက်တွေ့မှာ အသုံးတည့်ဖို့အတွက် ကျောင်းသားတွေကို ကျောင်းခန်းထဲသွင်း၊ စာသင်ရုံနဲ့ မရဘူး။
ကုမုဒြာ။           ။ မြန်မာနိုင်ငံ ပညာရေးစနစ်မှာ ဘယ်လို အပြောင်းအလဲတွေ ရှိဖို့လိုအပ်နေပါသလဲ။
မျိုး။     ။ ပညာရေး အစွမ်းထက်ဖို့ ပိုပြီး ရင်းနှီးမြှပ်နှံရမယ်။ ဆရာအတတ်သင် ပညာရေးကို ပိုပြီး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။ နိုင်ငံတကာမှာ ဆရာ ဆရာမတွေရဲ့
ပညာအရည်အချင်းကို တစ်နှစ်တစ်ခါ စာမေးပွဲ စစ်သလိုပြန်ပြီး မြှင့်တင် တယ်။ သည်မှာလည်းပဲ မွမ်းမံသင်တန်းတွေ ရှိပေမဲ့ သည်ထက်ပိုပြီး ရှေ့ကိုပြေးရမယ့် သဘောရှိတယ်။
ဆရာ၊ ဆရာမ တွေရဲ့ အတွေးအခေါ်ကောင်းဖို့၊ ခောတ်မီနည်းပညာတွေကို အချိန်နဲ့ တပြေးညီ တတ်ကျွမ်းနေဖို့အတွက် ပံ့ပိုးပေးရမယ်၊ ဆရာ၊ ဆရာမတွေအဖြစ် လုပ်ကိုင်ချင်အောင်
အခွင့်အလမ်းတွေ ပေးဖို့လိုတယ်။
ကုမုဒြာ။           ။ အချိန်ပေး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။
နန်းလွင်
(ကုမုဒြာဂျာနယ်၊ ဇူလိုင်လ ၂၆၊ ၂၀၁၁)

No comments:

Post a Comment