တရုတ်လုပ် ကုန်ပစ္စည်းများနဲ့ အိန္ဒိယ အခြေစိုက် ၀န်ဆောင်မှု လုပ်ငန်းတွေကြောင့် အမေရိကန် ပြည်ထောင်စုအဖို့ စိုးရိမ်သောကတွေ ဖြစ်လာရသည်။ အထူးသဖြင့် talent ခေါ် ပင်ကိုယ်အစွမ်းအစ ပြိုင်ဆိုင်မှုမှာ တရုတ်၊ အိန္ဒိယနဲ့ အခြားနိုင်ငံတွေ ရှေ့တက်လာနေတာကို စိုးရိမ်ခြင်း ဖြစ်သည်။
နာဆာသိပ္ပံပညာရှင် ရောဘတ် ဟမင်လ်တန် က "တရုတ်၊ အိန္ဒိယ၊ ရုရှားနဲ့ တူရကီ တို့လို ဈေးကွက် ဖွံ့ဖြိုးလာတဲ့ နိုင်ငံတွေကနေ ကမ္ဘာ့အတော်ဆုံး သိပ္ပံနဲ့ အင်ဂျင်နီယာ ကျောင်းသားတွေ နေ့စဉ် အများကြီး ထွက်လာတယ်။ ကလေးမွေးနှုန်း လျော့နည်းတဲ့ အနောက်နိုင်ငံတွေမှာတော့ ပင်ကိုယ် 'ဇ' ရှိတဲ့ လူငယ်အရေအတွက် ကျဆင်းလာနေတယ်" ဟု ယေးလ်တက္ကသိုလ်မှာ မကြာခင်က ပြောခဲ့သည်။
တကယ်လို့ အမေရိကအနေနှင့် အကောင်းဆုံး ဦးနှောက်တွေ၊ စမတ်အကျဆုံး သိပ္ပံပညာရှင်နဲ့ အင်ဂျင်နီယာတွေကို ဆက်ပြီးး စွဲဆောင်စည်းရုံးထားဖို့ဆိုရင်၊ ၄င်းရဲ့ ခေတ်မမှီတော့တဲ့ လူဝင်မှုကြီးကြပ်ရေး ပေါ်လစီတွေ ပြောင်းလဲဖို့နဲ့ အခြားက ရွှေ့ပြောင်းလာသူတွေကို ကောင်းကောင်း ဆက်ဆံဖို့ လိုမည်ဟုလည်း ပြောခဲ့သည်။
အမေရိကန် အခက်၊ အခြားနိုင်ငံတွေအတွက် အချက်
တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယားနဲ့ အခြား စီးပွားရေးတိုးတက်လာတဲ့ နိုင်ငံတွေရဲ့ ကျောင်းသားတွေက အမေရိကန် တက္ကသိုလ်တွေမှာ ပညာသင်ယူပြီး၊ သိပ္ပံနဲ့ အင်ဂျင်နီယာ ပညာရပ်တွေမှာ ထိပ်ဆုံးနေရာကို ယူလာကြသည်။ နောက် ပညာသင်ပြီး အမေရိကမှာ အခြေမချဘဲ၊ သူတို့ ဇာတိနိုင်ငံတွေ ပြန်သွားကြသည်။
အဲဒီ ကျောင်းသားတွေကို ဩစတြေးလျ၊ ကနေဒါ၊ ဗြိတိန် တို့က လုပ်ငန်းရှင်တွေက အခွင့်အလမ်းတွေပေးပြီး ခေါ်ယူသိမ်းသွင်းနေသည်။ ဒါကြောင့် မကြာခင်က အမေရိကန် အိုင်တီနဲ့ ကွန်ပျူတာလုပ်ငန်းရှင်တွေက သမ္မတ အိုဘားမားကို အလားတူ အခွင့်အရေးမျိုးတွေ ပေးပြီး၊ ပညာရှင်တွေ ထိန်းထားဖို့ တောင်းဆိုလာကြသည်။
လွန်ခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာ အမေရိကန် တက္ကသိုလ်တွေက ချီးမြှင့်တဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာ PhD ဘွဲ့တွေကို ရရှိတဲ့ နိုင်ငံရပ်ခြား ကျောင်းသား အရေအတွက်က ပျမ်းမျှ ၂၇ ရာခိုင်နှုန်း ရှိသည်။ ၂၀၀၉ ခုနှစ်ကျတော့ ၃၇ ရာခိုင်နှုန်း အထိ တက်လာသည်။ လက်ရှိ အမေရိကန် သိပ္ပံနဲ့ အင်ဂျင်နီယာ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူ သုံးပုံတစ်ပုံကျော်က ပြည်ပကနေ ယာယီ ဗီဇာနဲ့ နေသူတွေ ဖြစ်သည်။
နိုင်ငံရပ်ခြားကနေ ရွှေ့ပြောင်းလာတဲ့ ကျွမ်းကျင်ပညာရှင်တွေက အမေရိကန်စီးပွားရေးကို အများကြီး အကျိုးပြုခဲ့သည်။ ကမ္ဘာကျော် Intel ကုမ္ပဏီကို တည်ထောင်သူဆိုရင် ဟန်ဂေရီ နိုင်ငံသား ဖြစ်သည်။ Google ကို ပူးတွဲတည်ထောင်သူက ရုရှားကနေ ရွှေ့ပြောင်းလာသူဖြစ်သည်။ နောက် အဲဒီလို အမေရိကကို ရွှေ့ပြောင်းလာတဲ့ ပညာရှင်တွေက အမေရိကမှာ မွေးဖွားတဲ့ ပညာရှင်တွေထက် အကယ်ဒမစ် စာတမ်းတွေ ပိုမို ရေးသားထုတ်ဝေနိုင်ကြသည်။
အခု အဲဒီအခြေအနေတွေ ပျောက်ကုန်မယ့် သဘောရှိသည်။ ၂၀၀၉ ခုနှစ် Gallup စစ်တမ်းအရ အမေရိကမှာ ပညာလာသင်နေတဲ့ ၁၄၈ နိုင်ငံက ကျောင်းသားတွေအနက် ၉ ရာခိုင်နှုန်းပဲ အမေရိကမှာ ရေရှည် အလုပ်လုပ်ဖို့ ရှိသည်။ ၁၉ ရာခိုင်နှုန်းက ကနေဒါကို ဦးစားပေး ရွေးချယ်ကြသည်ဟု ဆိုသည်။
၂၀၀၂ ခုနှစ် အမေရိကမှာ သိပ္ပံပညာရပ်ဆိုင်ရာ ဒေါက်တာဘွဲ့ ရရှိတဲ့ နိုင်ငံခြားသားတွေအနက် ၂၂ ရာခိုင်နှုန်းက သူတို့ တိုင်းပြည်ကို ဘွဲ့ရပြီးတာနဲ့ ချက်ချင်းပြန်သွားခဲ့သည်။ ၂၀၀၈ ခုနှစ်မှာ နောက်ထပ် ၁၈ ရာခိုင်နှုန်း ပြန်သွားကြသည်။ ၂၀၀၇ ခုနှစ် အမေရိကန် တက္ကသိုလ်တွေကနေ အင်ဂျင်နီယာ ဒေါက်တာဘွဲ့ ရရှိသူ ပြည်ပကျောင်းသားတွေအနက် ၃၇ ရာခိုင်နှုန်းက သူ့တို့်တိုင်းပြည်ကို ချက်ချင်းပြန်သွားခဲ့သည်။
လက်ရှိအခြေအနေအရ အမေရိကအနေနှင့် အကောင်းဆုံး ဦးနှောက်တွေကို ထိန်းမထားနိုင် ဖြစ်နေသည်။ အခု ပီကင်း တက္ကသိုလ်က အမေရိကန် MIT ထက်သာလွန်ဖို့ ကမ္ဘာ့အကောင်းဆုံး ဦးနှောက်တွေကို စီမံကိန်းချ ၀ယ်ယူနေသည်။ သုတေသန လုပ်ခွင့်တွေ ပေးလာသည်။ အလားတူ ဩစတြေးလျနဲ့ ကနေဒါတို့ကလည်း ဦးနှောက်ကောင်းတွေ ဈေးကြီးကြီး ပေးဝယ်နေသည်။
ရေရှည် ဂလိုဘယ်စီးပွားရေး ပြိုင်ပွဲမှာ အကောင်းဆုံး ဦးနှောက်တွေ သိမ်းပိုက်ထားနိုင်တဲ့ နိုင်ငံက အနိုင်ရဖို့ ရှိသည်။
No comments:
Post a Comment