Monday, October 31, 2011

အတိုက်အခံတွေ ပြည်ပထွက်ပါ


အမျိုးသားပြန်လည် ရင်ကြားစေ့ရေး၊ မြန်မာပြည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဒီမိုကရေစီ အမြန်ဆုံး အကောင်အထည် ဖော်ရာ၌ မလိုလားအပ်သည်များကို ဖယ်ရှားရန်အတွက် ဤ အယ်ဒီတာ့အာဘော်ကို ရေးသားခြင်းဖြစ်သည်။
မြန်မာပြည်သည် နိုင်ငံရေးနှင့် စီးပွားရေးတို့တွင် ဒေသတွင်းရှိ တခြားနိုင်ငံများထက် များစွာ နောက်ကျကျန်ရစ်ခဲ့ပြီ၊ ယခင်က အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ လာအိုနိုင်ငံတို့ထက်ပင် စီးပွားရေး၊ လူမှုရေး အဘက်ဘက်က နောက်ကျ ကျန်ရစ်ခဲ့သည်ကို မငြင်းနိုင်ပေ။
ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးအကြိုကာလတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက စစ်ဒဏ်ကြောင့် ပြာပုံဘဝ ရောက်နေသည့် အနောက်အင်အားကြီး နိုင်ငံတို့နှင့် ယှဉ်၍ အမီလိုက်နိုင်ရန် အလုပ်ကို ကုန်းရုန်းလုပ်ရမည်ဟု တိုက်တွန်းခဲ့ကြောင်း သတိရမိပါသည်။
ယခုလက်ရှိ မြန်မာပြည် ပြန်လည်ထူထောင်ရေးတွင် အိမ်နီးချင်းနိုင်ငံများကိုပင် မီအောင် ပြန်လိုက်ရမည့် အနေအထား၌ လူသားအရင်းအမြစ် ရှားပါး ခမ်းခြောက်နေရခြင်းက အဓိက စိုးရိမ်စရာ ဖြစ်နေသည်။
လူသားအရင်းအမြစ် ရှားပါးလာရခြင်းကို ဆန်းစစ်လျှင် တိုင်းပြည်ကို အုပ်ချုပ်ခဲ့သော အစိုးရအဆက်ဆက်၏ ညံ့ဖျင်း မှုကြောင့်ဟု ဆိုရပေမည်။
အစိုးရအဆက်ဆက်တို့မှာ တိုင်းပြည်တွင်းမှ သယံဇာတများကို ထုတ်ယူရောင်းချခဲ့သော်လည်း ရရှိလာသော အမြတ်များမှာ ပြည်တွင်းစစ်အပါအဝင် ယိုယွင်းခြစားနေသော အစိုးရယန္တယားအတွင်း ပျောက်ပျက် ကုန်ဆုံးခဲ့ရသည်။
တိုင်းပြည်၏ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေး၌ အဓိကကျသော ပညာရေးစနစ်အတွက်မူ အနည်းငယ် မဆိုစလောက်သာ အသုံးပြုခဲ့သည်ကို တွေ့ရသည်။
မြန်မာပြည်တွင် ခေတ်အဆက်ဆက် လူတော် လူတတ်များ ရှိခဲ့သော်လည်း တိုင်းပြည်တွင်း နေရာပေးခြင်း မခံရသောကြောင့် အများစုမှာ နိုင်ငံကို စွန့်ခွာသွားကြရသည်။ နိုင်ငံတွင်း ကျန်ရှိနေသည့် ပညာရှင်များမှာလည်း ၎င်းတို့ တက်မြောက်ထားသည့် ပညာရပ်များကို နေရာမှန်၊ နည်းမှန်၊ လမ်းမှန် အသုံးချခွင့် မရကြသည့်အတွက် ပညာရှင်များမှာ မသွေးဘဲထားသော ဓားများကဲ့သို့ တုံးသွားရသည်ချည်း ဖြစ်သည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း ပြိုကျပျက်စီးသွားသော ပညာရေးစနစ်ကြောင့် မျိုးဆက်သစ် လူငယ်များမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်၍ ကိုယ့်အရည်အသွေးကို ကိုယ့်ဘာသာ မြှင့်တင်ကြရသည်။
တချို့သော လူငယ်များက နိုင်ငံရပ်ခြားသို့ ထွက်ခွာ၍လည်းကောင်း၊ တချို့က ပြည်တွင်း၌ပင် ရသည့်နည်းလမ်းကို အသုံးပြု၍ လည်းကောင်း ၎င်းတို့၏ ပညာဆာငတ်မှုကို ဖြစ်သလို ဖြေရှင်းကြရသည်။
ထိုကဲ့သို့ ပညာငတ်မွတ်ပြီး အရည်အသွေးမြှင့်တင်လိုသည့် လူငယ်များကို အကြောင်းပြုကာ တတိယအင်အားစု ဟု ခေါ်တွင်သည့် ခေတ်ပညာတတ် လူတွင်ကျယ်များ ပေါ်ပေါက်လာခဲ့သည်။
၎င်းတို့သည် လူမှုဖွံ့ဖြိုးရေး အမည်ခံသော်လည်း တိုင်းပြည်ကို ကုစားရေးအတွက် ဆေးမဖြစ်ဘဲ ဘေးဖြစ်လာနေသည်၊တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ခြင်းထက် ခြစားကာ အပေါက် ဗရပွဖြစ်နေသော အစိုးရယန္တယားကို လိုက်လံ ဖာထေးရင်း ဗျူရိုကရက်များ မွေးထုတ်ရေးကိုသာ ဦးတည်လာသည်။
အဆိုးရွားဆုံးမှာ ဒီမိုကရေစီအရေးအတွက် ဘဝများရင်းထားရသည့် နိုင်ငံရေးအကျဉ်းသားများ၊ မိဝေး၊ ဘဝေး၊ တိုင်းပြည်နှင့် ဝေးကွာသည့်အရပ်တွင် နေနေရသည့် ဒုက္ခသည်များ၊ ပြည်ပရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများ၏ အနေအထားကို လျစ်လျူရှုနေခြင်းပင်။ ထိုအချက်က အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆူးညှောင့်ခလုတ် ဖြစ်နေပေသည်။
ဖွံ့ဖြိုးရေး၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင် စသည်ဖြင့် NGO အမည်အမျိုးမျိုး တပ်ကာ နိုင်ငံရေးကိစ္စများတွင် ဝင်ရောက် မွှေနှောက် နေကြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသည့် အနောက်နိုင်ငံ သံတမန်အသိုင်းအဝန်းများ ကြားတွင်လည်း ၎င်း တတိယ အင်အားစုများက ဝင်ရောက် ချယ်လှယ်လျက် ရှိသည်။
ထိုကဲ့သို့သော အရေးကိစ္စများကို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီ အရေးကို အမှန်တကယ် လိုလားသူများ၊ တိုင်းပြည်အတွက် အမှန်တကယ် စေတနာရှိသူများ သိရန်လိုအပ်သည်။
ရှေ့တန်းရောက် နိုင်ငံရေးသမားကြီးများ အနေဖြင့် ပြည်တွင်း နိုင်ငံရေးတိုးတက်မှုများအတွက် စေတနာထား အာရုံစိုက်ကာ ဇောင်းပေး လုပ်ကိုင်နေရသည်ကို အပြည့်အဝ နားလည်ပါသည်။
သို့သော် ဧရာဝတီအနေဖြင့် နှိုးဆော်လိုသည်မှာ လူထုအကျိုးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသည့် နိုင်ငံရေးသမား၊ လူမှုရေး လုပ်ဆောင်နေသူများ အနေဖြင့် ပြည်တွင်းတွင်သာ မနေဘဲ ပြည်ပသို့ထွက်ကာ လေ့လာစေချင်သည်၊ ပြည်ပ နိုင်ငံ များတွင် မြန်မာပြည်အခြေအနေမှန်ကို လူသိများလာရန် လှုံ့ဆော် စေချင်သည်၊ ပြည်တွင်းကွန်ယက်သာ မကဘဲ ပြည်ပရှိ ကွန်ယက်များနှင့် ချိတ်ဆက်၍ အားယူစေချင်သည်၊ မိမိတို့၏ ကျိုးစားအားထုတ်မှုများကို နိုင်ငံတကာ သံတမန် အသိုင်းအဝန်း က သိရှိစေရန် ချပြစေချင်သည်။
အစိုးရအနေဖြင့်လည်း အတိုက်အခံများအား ပြည်ပခရီး သွားလာခွင့် ကန့်သတ်ထားသည်ကို ပယ်ဖျက်ပေးစေလိုသည်။
ပြည်တွင်းရှိ အတိုက်အခံများ အနေနှင့် ပြည်ပသို့ထွက်လာမည် ဆိုလျှင်လည်း နိုင်ငံတကာ အခင်းအကျင်းကို နားလည်ပြီး မိမိ တင်ပြဆွေးနွေးမည့် အကြောင်းအရာကို တဘက်က လေးစား လက်ခံလာစေရန် ပြောဆိုနိုင်သူများ ဖြစ်ရမည်။ လူကြီး များသာမကဘဲ ပြောရေးဆိုခွင့်ပြုနိုင်မည့် အခြေအနေ ရှိသော လူငယ်မျိုးဆက်သစ်များကို မွေးထုတ်ကာ အရည်အသွေးများ မြှင့်တင်ပေးသင့်သည်။
အဆိုပါ ကိစ္စရပ်များကို အရေးပေါ်ကိုင်တွယ် ဖြေရှင်းဖို့ လိုအပ်သည်။ ထိုသို့မဟုတ်ပါက မြန်မာပြည် ဒီမိုကရေစီ လှုပ်ရှားမှု ခါးပြတ်ချိနဲ့ သွားလိမ့်မည် ဟူ၍သာ ဧရာဝတီက တင်ပြလိုပါသည်။

No comments:

Post a Comment