ဆရာ မောင်သော်က အမှတ်တရ
အနှစ်နှစ်ဆယ်ရဲ့ မီးခြစ်တဆံ
အချိန်နာရီတွေ တဖြုတ်ဖြုတ်ကြွေ
ရာသီတွေ တဖြုတ်ဖြုတ်ကြွေ
ကျနော်တို့ ဘက်က အင်အားစုများ
တဖြုတ်ဖြုတ်ကြွေ
ဆရာသာ ရှိနေသေးရင်လေ
ကလောင်ဖျားမှာ အာဏာရှင်တို့
ကို့ ရို့ ကားယား ကြောက်အားပိုနေကြမှာ
မြင်ယောင်မိသေး ..။
အနှစ်နှစ်ဆယ် တင်းတင်းပြည့်တဲ့အချိန်မှာ
အနှစ်နှစ်ဆယ်ဆိုပါးလားဟေ့ ….ဆိုတဲ့
ဆရာ့ရဲ့ မီးချစ်တဆံ ယမ်းအားကို
မီဂါတန်ဗုံများ ရှုံးအားပိုနေဆဲပါ ဆရာ …။
ကလောင်လက်နက် ထိုးနှက်တဲ့ သရော်ချက်
လျှပ်တပြက် ပြက်လုံးများ
ဒီဆရာကြီးက ဘာမဆို ယုံတာပါ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကိုလည်း
သူယုံတာပဲ မဟုတ်လား
နာမည်ကျော်ပြက်လုံး
တသက်လုံး ရင်ထဲစွဲသွားတယ် ။
မသေသေးပါ မကျေသေးပါ
မတရားသက်သက်
ရက်စက်လေတော့သည်
ဇာတ်ဆရာ အဆုံး
ဆရာ့ရဲ့ ကဗျာများအားလုံး
ရင်ကိုထိရှ စူးနစ်ဝင်ခဲ့ လွမ်းနေဆဲပါ ..။
လူသေပေမယ့် ဆရာ့သမိုင်းက မသေ
အာဏာရှင်ကို ဦးမညွှတ်တဲ့ ဆရာ့သတ္တိ
ကျနော်တို့ သွေးထဲမှာဝေ
အနှစ်နှစ်ဆယ်ရဲ့ မီးခြစ်တဆံ
ကျနော်တို့ရင်မှာ ထာဝရရှင်သန်နေမှာပါ ။
(ဆရာယုံကြည်ရာ အစ္စလာမ်ဘာသာတရားရဲ့ မြင့်မြတ်ရာဘုံဌာနမှာ ဆရာမောင်သော်က ပျော်ရွှင်နိုင်ပါစေ။)
ရဲရင့်သက်ဇွဲ
၀၅၊ ၀၆၊ ၂၀၁၁
၂၀၁၁ ဇွန်လ ၁၁ရက်နေ့ မှာ ကျရောက်မယ့် ဆရာမောင်သော်က ကျဆုံးခြင်း နှစ် ၂၀ ပြည့်အတွက်။
————
မောင်သော်က (ခ) ဗိုလ်မှူးဘသော်
ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)။
၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ပြီး ကန်တော်ကလေး စွန္နီ မွတ်စလင်မ် သုသာန်တွင် မြှပ်နှံသဂြိုလ်ခဲ့သည်။
Burma Action Singapore (BAS) က အခမဲ့ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ယုံကြည်ချက်နဲ့ ခရီးရှေ့ဆက် … ဝတ်မှုန် ကူးတဲ့လက် အမှတ် (၂)၊ နိုဝင်ဘာလ၊ ၂ဝဝ၆ မှ ဦးဘသော် (ခေါ်) စာရေး ဆရာ မောင်သော်က အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။
ဦးဘသော် (ခေါ်) မောင်သော်က
ရွှေဘိုမြို့  စစ်ကိုင်းတိုင်း ဇာတိ ဖြစ်သည်။
၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့ တွင် ဖမ်းဆီးခြင်း ခံရသည်။
၁၉၉၁ ခုနှစ်၊ ဇွန်လတွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။
နိုင်ငံရေး နောက်ခံ
မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိ များသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရ ထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူခဲ့စဉ်က ဦးဘသော်သည် သင်္ဘောပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။
မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချ ရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁ဝ၃” အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။
၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်း မှ ပါဝင် ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေ အနုပညာရှင် များက မြန်မာ့ တပ်မတော်ကို လူထုအား ရက်ရက်စက်စက် ပစ်ခတ် နေမှု များအား ရပ်ဆိုင်းရန် ကန့်ကွက် တောင်းဆိုသည့် အခါက ပါဝင် လက်မှတ် ရေးထိုး ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ် ရွေးချယ် ခံရသည်။ စစ်တပ် အာဏာ သိမ်းပြီး နိုင်ငံရေး ပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ ဗဟို ဦးစီး အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့သည်။
၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် တပ်မတော် (ရေ) ကို ပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ် အရာရှိ များထံ အရာရှိဟောင်း တဦး အနေဖြင့် စာများ ရေးသား ပို့ပေး ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ် တွင် ဖမ်းဆီး ခံရသော အခါ တပ်မတော် ဖြိုခွဲမှုဖြင့် စွဲချက် တင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ် ခံရသည်။
ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ ကဗျာ များနှင့် ဆောင်းပါး များမှာ မြန်မာ နိုင်ငံတွင် နာမည်ကြီး လူကြိုက် များလှသည်။ “သူ့ စာပေက ပြည်သူ တွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့နာကြည်းမှုတွေ ကိုလည်း လှုံ့ဆော် ပေးတယ်” ဟု သူ့မိတ်ဆွေ တဦးက ပြောပြသည်။ သူသည် ကမ္ဘာ့စာပေ ထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆို ပေးခဲ့သည်။ နဝတက သူ့အား ဖမ်းဆီး ထောင်ချ ထားစဉ် ကာလမှာ ပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့ သေးသည်။
သေဆုံးပုံ
အဖမ်း မခံရခင် ကတည်းက ဆရာ မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်း ပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရသဖြင့် လေဖြတ် သွားသည်။
ထောင်ဆရာဝန်၏ သာမန် ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန် များဖြင့် ကုသရန် တင်ပြ သော်လည်း အာဏာပိုင် များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့  တွင် နှလုံး ရောဂါ ဖောက်လာသဖြင့် အာဏာပိုင် များက ဦးဘသော်အား ရန်ကုန်ဆေးရုံကြီးသို့ ပို့ခဲ့သည်။ သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်း အတွင်း၌ သေဆုံး ခဲ့သည်။

ဆရာမောင်သော်က သည် ကျွန်တော် မိခင်ဘက်မှာ ကျွန်တော် အဘိုးအရင်းဖြစ်သည်။
ReplyDelete