Friday, November 11, 2011

မြန်မာပြည်က ကလေးအလုပ်သမားများ

ညနေ ၆ နာရီခွဲ မှောင်ရီပျိုးစအချိန် ရုတ်တရက် သဲသဲမည်းမည်းရွာချလိုက်တဲ့ မိုးကြောင့် ရန်ကုန်မြို့ရဲ့ အချက်အချာကျ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ကုန်စိမ်းတွေ ရောင်းဝယ်ရာ သီရိမင်္ဂလာဈေးရုံကြီး ပြင်ပမှာ ဈေးဝယ်သူတွေ၊ ကုန်စိမ်း ရောင်း သူတွေ၊ အထမ်း အလုပ်သမားတွေ နဲ့ လူပေါင်းများစွာ မိုးလွတ်ရာ အမိုးအကာ တွေအောက် ပြေးလွှား ၀င်ရောက်ရင်း ရုတ်ရုတ်သည်းသည်း ဖြစ်သွားတယ်။

လမ်းဘေးရောက် မြန်မာကလေး အလုပ်သမားကလေးများ (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
ဒါပေမယ့် ဈေးရုံအနောက်ဘက် ဟင်းသီးဟင်းရွက် အနာအဆာတွေ၊ သစ်သီးပုပ်တွေ၊ ဟင်းရွက်ကုန်စိမ်း အပုပ်အနာ အဆာတွေ လွှင့်ပစ်ရာ အမှိုက်ပုံကြီးပေါ်မှာတော့ ညစ်ထေးထေး အ၀တ်အစားတွေနဲ့ ကလေးငယ် တစုက ရွာနေတဲ့ မိုးကို ဂရုမစိုက်အားဘဲ တစုံတခုကို အပြင်းအထန် ရှာနေကြတယ်။

သူတို့တတွေဟာ နံစော်ညစ်ပတ်နေတဲ့ အမှိုက်ပုံထဲမှာ အမှိုက်တွေကို ဟိုလှန်ဒီလှော လုပ်ရင်း ဟင်းရွက်ပုပ်၊ သစ်သီးပုပ် တွေရဲ့ အကောင်းပိုင်းတွေကို အလုအယက်ချိုးဖဲ့ယူပြီး ပါလာတဲ့ လွယ်အိတ်စုတ်တွေ ကျောပိုး အိတ်တွေထဲ ထည့်ကြတယ်။ သူတို့တွေနဲ့အတူ လူကြီးပိုင်း အရွယ်တွေလည်း တွေ့ရတယ်။
အမှိုက်ပုံမှာ သစ်သီး၊ ဟင်းသီးဟင်းရွက် ရှာဖွေနေသူအများစုက ကလေးငယ်တွေဖြစ်ပြီး အရေအတွက်အားဖြင့် သုံးဆယ် ကျော်လောက် ရှိပါတယ်။ သူတို့လေးတွေဟာ ပညာ သင်ယူရမယ့် အရွယ်တွေ ဆိုပေမယ့် ၀မ်းရေး အတွက် ရရာ ကြုံရာ ကျပန်း အလုပ်လုပ်နေရတဲ့ ကလေး အလုပ်သမားတွေပါပဲ။

“သမီးက လှိုင်သာယာက လာတာ။ ဒီနေရာမှာ မနက် ၄ နာရီ နဲ့ ညနေ ၆ နာရီခွဲလောက် ဆိုရင် ကုန်ကားနဲ့ ကုန်စည်ဒိုင် တွေက သစ်သီးနဲ့ ဟင်းရွက်အနာအပုတ်တွေ လာပစ်တယ်။ အဲဒီပစ်တဲ့ အမှိုက်တွေထဲက ကောင်းတဲ့ အပိုင်းတွေ ချိုးဖဲ့ပြီး ယူတယ်။ ပြီးတော့ ဈေးမှာ ရောင်းတယ်။ တနေ့ကို ကျပ် ၁၀၀၀ လောက်ရတယ်” လို့ သီရိမင်္ဂလာဈေး အမှိုက်ပုံမှာ လွှင့်ပစ် တဲ့  ဟင်းသီးဟင်းရွက် တွေထဲက အကောင်းပိုင်းတွေရှာပြီး လှိုင်သာယာ ပျံကျဈေးတွေမှာ ပြန်ရောင်းရတဲ့ အသက် ၁၀ နှစ်ကျော်အရွယ် မိန်းကလေးငယ်က ရှင်းပြပါတယ်။

သူ့နာမည် ယွန်းအိစံပါလို့ မိတ်ဆက်တဲ့ အဲဒီမိန်းကလေးက ဒီလို အမှိုက်ပုံမှာ ကုန်စိမ်းရှာတဲ့ အလုပ်ကိုလုပ်တာ ၁ နှစ်ကျော် ရှိပြီဆိုတဲ့ အကြောင်းနဲ့ ဒီအလုပ်က ရတဲ့ ၀င်ငွေ ၁၀၀၀ က သူ့အတွက် လောက်ငှတဲ့အကြောင်း ရှင်းပြပါတယ်။

သာမန်အားဖြင့် ကလေးငယ်တဦးကို “ဘာလိုချင်သလဲ” လို့မေးရင် “အရုပ်လိုချင်တယ်” “မုန့်လိုချင်တယ်” လို့ ဖြေကြမှာ ဖြစ်ပေမယ့် ယွန်းအိစံကတော့ “သမီးလိုချင်တာ အပုပ်အနာအဆာနည်းတဲ့ ဟင်းသီးဟင်းရွက်တွေ” လို့ ကျနော့်ရဲ့မေးခွန်းကို ညှိုးနွမ်းတဲ့ မျက်နှာ အသွင်အပြင်နဲ့ ပြန်ဖြေပါတယ်။
 ယွန်းအိစံဟာ ဒီအမှိုက်ပုံမှာ နေ့စဉ် လာအလုပ်လုပ်ရင်း နည်းပါးလှတဲ့ လုပ်ခငွေနဲ့ ဘ၀ကို ကိုယ်ထူကိုယ်ထ ရုန်းကန်နေရ တဲ့ ကလေးအလုပ်သမားတဦး ဆိုရင် မမှားနိုင်ပါဘူး။

ရန်ကုန်မြို့တော်အပါအ၀င် မြို့ပြဒေသကြီးတွေမှာ ရှိတဲ့ ဈေးတွေ၊ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ အလုပ်ရုံ စက်ရုံတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အိမ်ဖော်လုပ်ငန်းတွေ၊ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေ တခြားအမျိုးမျိုးသော လုပ်ငန်း တွေနဲ့ ၀န်ဆောင်မှုလုပ်ငန်းတွေ ပေါင်းများစွာမှာ ယွန်းအိစံလို လုပ်ခနည်းနည်းနဲ့ ကိုယ်ထူ ကိုယ်ထ ဘ၀ကို ရုန်းကန်လှုပ်ရှား နေရတဲ့ ကလေးအလုပ်သမားတွေ များစွာ ရှိနေပါတယ်။

မိုး သည်းသည်းမည်းမည်း ရွာနေတဲ့ မနက် ၄ နာရီ၊ ရန်ကုန် - အင်းစိန် လမ်းမကြီးပေါ်မှာ ကား အသွားအလာမရှိ ငြိမ်သက် နေပြီး လူအများ အိပ်မောကျနေချိန်ဖြစ်ပေမယ့်  မရမ်းကုန်းမြို့နယ် ထဲက `၀င်း´ လက်ဖက်ရည် ဆိုင်မှာတော့ ဆယ်ကျော် သက်အရွယ် ကလေးငယ် ၈ ဦး ငိုက်မြည်း နှေးကွေးစွာနဲ့ လုပ်ငန်းခွင်စတင်ဝင်နေကြပြီ ဖြစ်ပါတယ်။
ရေးနွေးအိုးနဲ့ လက်ဖက်ရည်ပန်းကန်လုံးတွေကို တိုက်သူတိုက်၊ အီကြာကွေးကြော်တဲ့ မီးဖိုထဲ ထင်းထိုးသူက ထိုး၊ ခုံတွေခင်း ဖုန်သုတ်တဲ့သူကသုတ် ကလေးငယ်တွေအားလုံး အလုပ် ကိုယ်စီ လုပ်နေကြတယ်။ သူတို့တတွေဟာ တခြားကလေးငယ် တွေလို မိဘရင်ခွင်မှာကွေးပြီး အနွေးဓာတ်ခိုလှုံရင်း အိပ်မောကျသင့်တဲ့ အရွယ်လေးတွေ ဖြစ်ပေမယ့် အဲဒီအခွင့်အရေး မရကြတဲ့သူတွေ ဖြစ်ပါတယ်။

“မနက် ၃ နာရီခွဲထ၊ ခုံတွေသုတ်၊ ထင်းခွဲ၊ ရေခပ်နဲ့ လက်ဖက်ရည်ဆိုင်ဖွင့်ဖို့ ပြင်ရတယ်။ မနက် ၅ နာရီခွဲမှာ ဆိုင်စဖွင့်တယ်။ ၆ နာရီကျော်လောက်ဆိုရင် လူစကျတာနဲ့ စားပွဲထိုးတယ်။ မနက် ၈ နာရီခွဲဆိုရင် မနက်စာ ဆိုင်ကကျွေးတယ်” လို့ `၀င်း´ လက်ဖက်ရည်ဆိုင်က အသက် ၁၂ နှစ်အရွယ် မောင်သော်ကောင်းဆိုတဲ့ စားပွဲထိုးငယ်လေးက ပြောပြတယ်။

မောင်သော်ကောင်းရဲ့ မျက်ဝန်းတွေက ၀ါကျင်ဖျော့တော့နေပြီး ကလေးငယ်ရဲ့ခန္ဓာာကိုယ်က အရိုးပေါ်အရေတင် ပိန်လှီ လွန်းလှတယ်။ သူ့ဆံပင်တွေက နီကျင်ကျင်အရောင်ပေါက်နေပြီး သူ့လက်ကလေးတွေက အရွယ်နဲ့ မလိုက်အောင် အသား မာတွေတက် ကြမ်းတမ်းနေတယ်။


ရန်ကုန်မြို့တွင်းတနေရာတွင် တံမြက်စည်းရောင်းနေရသော မြန်မာကလေးငယ် (ဓာတ်ပုံ - အောင်သက်ဝိုင်း/ဧရာဝတီ)
“တနေကုန် စားပွဲထိုးပြီး ည ၁၀ နာရီခွဲဆိုရင် ဆိုင်ပိတ်တယ်။ ဆိုင်ပိတ်ပြီး သိမ်းစရာရှိတာ သိမ်းနဲ့ ည ၁၂ နာရီလောက်မှ အိပ်ရတယ်။ ကျနော်က ဒီမှာလုပ်တာ ၃ နှစ်ရှိနေပြီဆိုတော့ တလ ၈၀၀၀ ရတယ်။ ဖိုးလုံးနဲ့ ၀ဲထူ (မောင်သော်ကောင်းနှင့် အတူ လက်ဖက်ရည်ဆိုင်တွင် စားပွဲထိုးနေသည့် ကလေးငယ် ၂ ဦး) တို့လို အခုမှ အလုပ်စ၀င်တဲ့ သူတွေကျတော့ တလ ၄၅၀၀ ပေါ့။ ဆိုင်က ထမင်း ၂ နပ်ကျွေးတယ်။ အိပ်တာက တော့ ဒီခုံတွေစီပြီး အိပ်ကြတာ” လို့ သော်ကောင်းက ပြောပါတယ်။

မြန်မာနိုင်ငံ အလုပ်သမားဥပဒေအရ အရွယ်ရောက်ပြီး အလုပ် သမားတဦး ရဲ့ အလုပ်ချိန်ကို တောင် တနေ့ ၈ နာရီပဲလို့ သတ်မှတ်ပြဌာန်းထားပေမယ့် ကလေးအရွယ်သာရှိသေးတဲ့ မောင်သော်ကောင်းတို့ ကလေးငယ် တစုကတော့ လက်ဖက်ရည်ဆိုင်မှာ တနေ့ အလုပ်ချိန်  ၁၇ နာရီကျော် အလုပ်လုပ် နေရပါတယ်။

မောင်သော်ကောင်းတို့လို တနေ့ ၁၇ နာရီကျော် အလုပ်လုပ်နေရတဲ့ ကလေးငယ်တွေ မြန်မာနိုင်ငံတ၀န်း လက်ဖက်ရည် ဆိုင်နဲ့ စားသောက်ဆိုင် တော်တော်များများမှာ ရှိနေတယ်။ သူတို့ တွေအားလုံးက လုပ်ခလစာနည်းနည်းသာရပြီး အရွယ်နဲ့ မမျှတဲ့ အလုပ်တွေကို လုပ်နေကြရတာပါ။

“ဆိုင် စဖွင့်တုန်းက လူကြီးစားပွဲထိုး ၅ ယောက်နဲ့ တောက်တိုမယ်ရခိုင်းဖို့ ကောင်လေး (အသက် ၁၀ နှစ် ကျော်အရွယ် ကိုဆိုလိုခြင်းဖြစ်သည်) ၂ ယောက်ခေါ်ထားတယ်။ နောက်တော့ လူကြီးတွေက ခိုင်းလို့ မကောင်းဘူး။ ကောင်လေးတွေက တော့ အကောင်းအဆိုး မပြောဘူး ခိုင်းတာအကုန်လုပ်ကြတာနဲ့ ဆိုင်မှာ သူတို့အရွယ် ကောင်လေးတွေကိုပဲ ခေါ်ခိုင်းတော့ တယ်” လို့ ၀င်း လက်ဖက်ရည်ဆိုင် ပိုင်ရှင် အမျိုးသမီးကြီးက ပြောတယ်။

No comments:

Post a Comment