Sunday, November 20, 2011

လူမိုက်ကိုပေါင်းသင်းမိသူ မြန်မာဘုရင် တပင်ရွှေထီး

အကြောင်းအကျိုး အကောင်းအဆိုး မခွဲခြမ်း၊မဝေဖန်တတ် သူကို လူမိုက်ဟုခေါ်သည်။လူမိုက်သည် မိမိ သူတစ်ပါး ချမ်းသာအောင် မပြုတတ်ဘဲ ဆင်းရဲအောင်၊အကျိုးမရှိအောင် ပြုတတ်၏။တစ်ဖက်သားဆင်းရဲ ပျက်စီးအောင်ပြုလုပ်လေ့ရှိသည်။

မိမိ၏ ကြီးမားသော အပြစ်ကိုမူ မမြင်ဘဲ သူတစ်ပါး၏ သေးမွှားသောအပြစ်ကို မြင်တတ်သောသူအား သူမိုက်ဖြစ်ကြောင်းဆိုကြသည်။ထို့ထက် မိမိမိုက်သည်ကိုပင် မိုက်မှန်းမသိဘဲ ပညာရှိယောင်ထင်ခဲ့သော် ထိုသူအား အမိုက်စစ် အမိုက်ဆုံးဟု ဆိုရပေမည်။

“သတ္တဝါတို့သည် ဓာတ်ချင်းတူသာ ပေါင်းသင်းဆက်ဆံ တတ်ကုန်၏”ဟူ၍ ဘုရားရှင်ဟောတော်မူသည့် အတိုင်း မသူတော်သူမိုက်ဓာတ်ရှိသူသည် သူမိုက်အချင်းချင်းသာ ဆက်ဆံတတ်ကြ၏။လူမိုက်အချင်းချင်း ချစ်ခင်နှစ်သက်တတ်၍ မသူတော်တို့၏ စကားကို ကောင်းစွာနားဝင် လိုက်နာတတ်ကြသည်။

လူသည် ငယ်ရွယ်စဉ်ကပင် မဟုတ်တာ မမှန်တာကို ရက်ရက်စက်စက် လုပ်ပြတတ်သူအား အထင်ကြီး ကြောက်လန့်တတ်ကြသည်။ထိုသူမျိုးများနှင့် ပေါင်းသင်း ဆက်ဆံရသည်ကိုပင် အဟုတ်ကြီးမှတ်တတ်၏။ မိမိစိတ်၌ သူမိုက်၏ လှုပ်ရှားမှုမှန်သမျှ သဘောကျ၍ စံပြပုဂ္ဂိုလ်အဖြစ် ချဉ်းကပ်နမူနာယူကာ အတုခိုးတတ် ၏။လူမိုက်ဆိုသည်မှာလည်း တစ်ယောက်တည်း မိုက်သူရှား၍ အုပ်စုဖွဲ့မိုက်ရခြင်းဖြစ်ရာ မိမိကဲ့သို့ ဓာတ်တူ နာမ်တူများကို နည်းမျိုးစုံသုံး၍ စည်းရုံးခြင်းဖြင့် လူမိုက်တပည့် လူမိုက်အသင်းဝင် ဖြစ်ကြတော့သည်။

ပင်ကိုယ်ဓာတ်ခံညံ့သူတို့သည် ကောက်ကျစ်ဆန်းပြားသော သဘောကို နှစ်သက်တတ်၏။မိစ္ဆာဒိဋ္ဌိ စရိုက်ရှိ သဖြင့် မှားယွင်းသော အယူကိုပင် အကောင်းထင်၍ လိုက်ပါတတ်ကြသည်။မိဘ ဆရာသမားများက အကြောင်းအကျိုး အကောင်းအဆိုး ဝေဖန်ဆန်းစစ်၍ ဆုံးမသည်ကို အကောင်းမထင် ပျက်ရယ်ပြုလျှက် တော်လှန်တတ်ကြ၏။အချို့သောသူတို့ကား ပင်ကိုယ်အားဖြင့် စိတ်ကောင်းရှိသော်လည်း အခြေအနေ အခိုက်အတန့်အားဖြင့် လူမိုက်နှင့် ပေါင်းဆုံမိတတ်ကြသည်။ထိုသို့”မချစ်သော်လည်း အောင့်ကာနမ်း”လျက် ပေါင်းသင်းနေရပါမူ လူမိုက်နှင့် တာရှည်ပေါင်းသင်းလက်တွဲနေရပါက ပျက်စီးကြောင်းဖြစ်ရလေသည်။

ခေတ်ဆိုးခေတ်ပျက်၌ လူတို့သည် မကောင်းမှုဒုစရိုက်၌ အကောင်းထင်သူများလျက် ရှောင်ကြဉ်သူနည်း၏။ သတ်ဖြတ်ညှဉ်းဆဲမှု၊ခိုးဝှက်လုယူမှု၊လိမ်လည်လှည့်ဖျား ညာဝါးမှုများကိုပင် မကောင်းမှုဟု မယူဆတော့ကြ တော့ပေ။အကုသိုလ် ဒုစရိုက်များဖြင့် ကြီးပွားချမ်းသာ သူများကိုပင် ချဉ်းကပ်ပေါင်းသင်း၍ မြတ်နိုးထိပ်တင် ပြုကြခြင်းဖြင့် ဤလောကကြီး ပျက်စီးရန်သာ ဖြစ်တော့သည်။

မြန်မာဘုရင် တင်ပင်ရွှေထီး
မြန်မာရာဇဝင်၌ တောင်ငူဘုရင်တပင်ရွှေထီးသည် ရဲစွမ်းသတ္တိနှင့် ပြည့်စုံ၏။ ဘုန်းတန်ခိုးတေဇော် အာနုဘော်ရှိ၍ အုပ်ချုပ်ရေးစွမ်းရည်တို့နှင့်လည်း ပြည့်စုံ၏။ဤသို့ အရည်အချင်းများစွာ ရှိပါသော်လည်း ထန်းရည်ကို အလွန်ကြိုက်နှစ်သက်သူဖြစ်သည်။ နောင်အခါ မိစ္ဆာဒိဋ္ဌိအယူရှိသူ ဗရင်ဂျီကုလား တစ်ယောက် နှင့်ပေါင်းမိ၍ ထန်းရည်ထက် သာလွန်ယစ်မူးစေသော စပျစ်ဝိုင်ခေါ် စပျစ်နှင့်ပျားရည်ရောစပ်ပြုလုပ်ထား သည့်အရက်ကို သောက်မိပြီးလျှင် အလွန်စွဲလမ်းသွားလေသည်။မသောက်ရမနေနိုင် ဖြစ်လာသည်။နေ့စဉ် စပျစ်စိမ်ရည်ကိုသာ သောက်သုံးမှီဝဲလျက် နေလေတော့သည်။

တပင်ရွှေထီးသည် သေရည်ကိုသာ စွဲစွဲမြဲမြဲသောက်သုံး၍ တိုင်းပြည်အုပ်ချုပ်မှုအဝဝကို လျစ်လျှူရှုထား သည်။ထိုတာဝန်ကို ဘုရင့်နောင်က ယူထားရ၏။ညီတော်သီဟသူ၊စောလကွန်းအိမ်နှင့် သမိန်စောထွက် တို့က တပင်ရွှေထီး၏ သက်တော်စောင့်ရာထူးကို ယူကာ တာဝန်ယူ စောင့်ရှောက်နေကြသည်။ဘုရင့်နောင် ညီတော်သီဟသူနှင့် စောလကွန်းအိမ်တို့ တိုက်ပွဲသွားစဉ် စစ်တောင်းစား သမိန်စောထွတ်သည် လက်ဝဲ၊ လင်္ကျာ ဓားမှူးတို့နှင့် ပူးပေါင်း ကြံစည်၍ တပင်ရွှေထီးမင်းတရား စက်တော်ခေါ်စဉ် လက်ဝဲဓားမှူးက လုပ်ကြံသတ်ဖြတ်သဖြင့် သက်တော်(၃၅)နှစ်အရွယ်တွင် နတ်ရွာစံ ကံတော်ကုန်လေသည်။

ဤသို့လုပ်ကြံခံရခြင်းမှာ သေရည်သေရက်သောက်ခြင်းကြောင့်ဟု ဆိုမည်ဖြစ်သော်လည်း “အရင်းစစ် အမြစ်မြေက” ဆိုသကဲ့သို့ တပင်ရွှေထီးသည် မူလဓာတ်ခံကပင် ရက်စက်တတ်သော ဒုစရိုက် ဥာဉ်ရှိသူ ဖြစ်သည်။သို့အတွက် မိစ္ဆာဒိဋ္ဌိစရိုက်ရှိသော ဗရင်ဂျီကုလားနှင့်လွယ်ကူစွာ ပေါင်းဖော်မိ၍ လူမိုက်လက်သုံး သေရည်ကို အဖော်အဖြစ် စွဲစွဲလမ်းလမ်း သောက်သုံးပေါင်းဖော်မိခြင်းဖြစ်၏။တပင်ရွှေထီးသာ အရက်ကို အဖော်မပြုပါက ယင်းသို့ ဘုန်းလက်ရုံးသတ္တိနှင့် ပြည့်စုံသူကို လုပ်ကြံရန်မဆိုထားဘိ စိတ်ကူးဖြင့်ပင် ကြံစည်ဝံ့မည်မဟုတ်ပေ။ယခုမူ လုမိုက်နှင့်လူမိုက်အဖော်ဖြစ်သော အရက်ကိုပေါင်းသင်းမိသဖြင့် ငယ်ငယ် ရွယ်ရွယ်နှင့်ပျက်စီးရလေသည်။

နီတိကျမ်းများ၌ “လူမိုက်သည် မိမိပြုလုပ်ထားသည့် မကောင်းမှု အကျိုးပေးချိန်မတန်သေးလျှင် အကုသိုလ် ကို ပျားရည်သဖွယ် အောက်မေ့မှတ်ထင်နေ၏။မကောင်းမှုအကုသိုလ်ကံ အကျိုးပေးချိန်ရောက်သောအခါ တွင်မူ ဆင်းရဲဒုက္ခမုချမလွဲ ရောက်မြဲသာလျှင်တည်း”ဟုဆုံးမတော်မူသည်။

သို့အတွက် ပျက်စီးခြင်းဘေးဝေးကြစေရန် လူမိုက်နှင့် လူမိုက်အကြောင်းကောင်းစွာသိ၍ လူမိုက်နှင့် ပေါင်းသင်းခြင်းမှ ရှောင်ကြဉ်ခြင်းဖြင့် ကြီးပွားချမ်းသာ မင်္ဂလာဖြစ်နိုင်ပါကြောင်း အသိပေးရေးသားလိုက်ရ ပါသည်။

ကိုးကား။ ။အရှင်ဓမ္မပီယ(မြောင်)၏ ပျက်စီးခြင်းဘေးဝေးကြပါစေ။စာအုပ်မှ ကောက်နှုတ်တင်ပြ လိုက်ပါသည်။
စာဖတ်သူအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)
http://www.wiradhamma.blogspot.com
ဦးဇင်းဘလော့၌လည်းလာရောက်ဖတ်ရှနိုင်ပါသည်။

No comments:

Post a Comment