မြန်မာနိုင်ငံက အမျိုးသား လိင်တူချစ်သူတွေအတွက် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်နဲ့ နှစ်သိမ့်နွေး ပညာပေးမှုများကို တယ်လီဖုန်းမှတစ်ဆင့် အခမဲ့ဆွေးနွေး နိုင်ပြီလို့ အဆိုပါ လုပ်ငန်းတွေကို တာဝန်ယူလုပ်ကိုင်နေတဲ့ ကမ္ဘာ့ဆရာဝန်များအဖွဲ့ (Medecins Du Monde-MDM) မှ ပြောကြားခဲ့ကြောင်း
ယခုအပတ်ထုတ် မြန်မာတိုင်းမ် ဂျာနယ် အတွဲ ၂၇ ၊ အမှတ် ၅၃၅မှာ ဖော်ပြပါရှိပါတယ်။
အဖွဲ့မှ ပရောဂျက်တာဝန်ခံ ဒေါက်တာ ယမင်းရီရဲ့ ပြောကြားချက်အရ အဆိုပါ ဆွေးနွေးမှုတွေကို တနင်္လာနေ့မှ သောကြာနေ့အထိ နံနက် ၉ နာရီမှ ည ၉နာရီအတွင်း ဖုန်း ၀၉၇ ၃၁၂၂၅၆၆ သို့ မေးမြန်းဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 'မောင်တို့ရွာ' လို့ အမည်ပေးထားတဲ့ ဖုန်းမှတစ်ဆင့် လိင်မှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုမှာ အကြံပေး ဆွေးနွေးမှုတွေအပြင် လိင်မှတစ်ဆင့် ကူးစက်တတ်သည့် အိပ်ခ်ျအိုင်ဗီ၊ ကာလသားရောဂါ၊ အသည်းရောင် ဘီပိုးနှင့် စီပိုး ရှိ မရှိ စစ်ဆေးရန်နဲ့ ထိရောက်သည့် ကုသမှုများခံယူရန် မှန်ကန်တဲ့ သတင်းအချက်အလက်များပေးရန် ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ အဲဒီအတွက် မောင်တို့ရွာ အမည်နဲ့ ၀က်ဘ်ဆိုဒ်တစ်ခုလည်း လွင့်တင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
"ဒီစီမံချက်ရဲ့ အဓိကရည်ရွယ်ချက်က ကိုယ်တိုင်လာပြီး ဆွေးနွေးရမှာရှက်တဲ့ ယောက်ျားချင်း လိင်တူဆက်ဆံသူတွေနဲ့ ခန္ဓာကိုယ်နဲ့ အသက်မွေးဝမ်းကျောင်း ပြုသူတွေကို တယ်လီဖုန်းကတစ်ဆင့် နှစ်ကိုယ်ကြား နှစ်သိမ့်ဆွေးနွေး ပေးပါတယ်။ အဲဒီအချက်လက်တွေ အားလုံးကို လျှို့ဝှက်ပေးသွားမှာပါ" ဟု ဒေါက်တာ ယမင်းရီက ဆိုသည်။
ကမ္ဘာ့ဆရာဝန်များအဖွဲ့ (MDM) ဟာ ပြင်သစ်နိုင်ငံမှ အဓိက ထောက်ပံ့ငွေနဲ့ မြန်မာနိုင်ငံမှာ ၁၉၉၁ ခုနှစ်မှ စတင်ဝင်ရောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်မှ စတင်လို့ လိင်တူချင်းဆက်ဆံသူများနှင့် လိင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်သူများအတွက် လိင်ပိုင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
အသေးစိတ်ကို hotlinecounsellor@gmail.com သို့မေးမြန်းနိုင် တယ်လို့ အဆိုပါ သတင်းမှာ ဖော်ပြထားပါတယ်။
၂၀၁၁ခုနှစ်ကနေ ၂၀၁၅ခုနှစ်အထိ အကျုံးဝင်မယ့် မြန်မာ့ အိတ်ခ်ျအိုင်ဗီနဲ့ အေအိုင်ဒီအက်စ် အမျိုးသား စီမံကိန်းအရ မြန်မာနိုင်ငံမှာ အမျိုးသားချင်း လိင်တူချစ်သူ နှစ်သိန်းကျော် (၂၂၄ ၀၀၀) ဦး ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
မုန်တိုင်း ဆိုဒ်မှ တဆင့် ကူးယူဖော်ပြသည်။
No comments:
Post a Comment