Tuesday, February 28, 2012

ဗော်လတဲ နဲ့ မဟာဖရက်ဒရစ်



(သည်ဆောင်းပါးကို စတိုင်သစ်မဂ္ဂဇင်းမှာ ပထမဖော်ပြခဲ့ပြီး နောက်တော့ ဆန့် ကျင်ဘက် ဆောင်းပါးများ ဆိုတဲ့ စာပေါင်းစုစာအုပ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ မူရင်းကတော့ E.M.Forster ရဲ့ Two Cheers for Democracy စာအုပ်ထဲက Voltaire and Frederick the Great ဖြစ်ပါတယ်။)
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်က ပြင်သစ်လူမျိုးတယောက်ဟာ ဂျာမန်လူမျိုးတယောက်ဆီကို အလည်အပတ် သွားခဲ့ပါတယ်။ သမိုင်းမှာ အလွန်လူသိများတဲ့ အလည်အပတ် ခရီးစဉ်ကြီးတခုပါ။
ပြင်သစ်လူမျိုးဖြစ်သူက ဂျာမန်နိုင်ငံတော်ကြီးဆီ အရောက်လာရတာကို အလွန်ပျော်ရွှင်ကြည်နူးနေသလို အိမ်ရှင်ဖြစ်တဲ့ ဂျာမန်လူမျိုးကလည်း အလည်လာတဲ့ ပြင်သစ်လူမျိုးကို ၀မ်းပမ်းတသာ ကြိုဆိုခဲ့ပါတယ်။
သူတို့ နှစ်ဦးရဲ့ ၀မ်းသာပျော်ရွှင်မှုဟာ ယဉ်ကျေးမှုသဘောအရ ဟန်လုပ်ပြသရတဲ့ ၀မ်းသာပျော်ရွှင်မှုမျိုးလောက် မဟုတ်ပါဘူး။ တို့နှစ်ယောက်တော့ သေတပန်သက်တဆုံး မိတ်ဆွေအရင်းအချာတွေ ဖြစ်ကြရတော့မယ်လို့  တွေးပြီး စိတ်အားထက်သန်မှုတွေအပြည့်နဲ့  လှိုက်လှိုက်လှဲလှဲ ၀မ်းသာပျော်ရွှင်ခဲ့ကြတာပါ။
သို့ပေမယ့် သူတို့ တွေးထင်ခဲ့တဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ သမိုင်းတွင်တဲ့ ခရီးစဉ်ကြီးဟာ အောင်မြင်မှုမရဘဲ အပျက်ကြီးပျက် အဆုံးရှုံးကြီးဆုံးရှုံးခဲ့ပါတယ်။
သည်ခရီးစဉ်ကြီးအကြောင်းကို သည်ကနေ့အထိ ဂျာမန်တွေရော ပြင်သစ်တွေပါ ပြောဆိုနေကြတုန်းပါ။ ဂျာမန်တွေက သည်ခရီးစဉ် ပျက်ရတာဟာ ပြင်သစ်လူမျိုးကြောင့်လို့  ပြောနေသလို ပြင်သစ် တွေကလည်း ဂျာမန်လူမျိုးကြောင့် သည်ခရီးစဉ်ပျက်ရတာလို့  ပြောနေပါတယ်။
ဧည့်သည်ဖြစ်တဲ့ ပြင်သစ်လူမျိုးက စာရေးဆရာကြီး ဗော်လတဲ ဖြစ်ပါတယ်။ သည်နေ့ ခေတ် လူတွေ အနေနဲ့တော့ ဗော်လတဲဟာ ဘယ်အရာကိုမဆို အပြစ်မြင်တတ်တဲ့သူ၊ သရော်လှောင်ပြောင်တတ်တဲ့သူ၊ မဖွယ်မရာ ပြက်လုံးထုတ်တတ်တဲ့သူ လို့ပဲ မြင်နေကြပါလိမ့်မယ်။
တကယ်တော့ ဗော်လတဲဟာ သူ့ ခေတ်သူ့ အခါက တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်ခဲ့သူ ဖြစ်ပါ တယ်။ ထိပ်ဆုံးမှာ ရှိခဲ့တဲ့ လူတယောက်ပါ။ ဥရောပယဉ်ကျေးမှုကြီးက ဖန်တီးထုတ်လုပ်ခဲ့တဲ့ မဟာလူသားတွေထဲမှာ ဗော်လတဲလည်း တယောက် အပါအ၀င် ဖြစ်တယ်လို့  တထစ်ချ ပြောနိုင်ပါတယ်။
တကယ်လို့ များ ဘုရားသခင်ရဲ့ နောက်ဆုံးတရားစီရင်ပွဲမှာ စကားပြောဖို့  ဥရောပတိုက်ကြီးအတွက် ကိုယ်စားလှယ် နှစ်ယောက်ရွေးပါဆိုရင် ကျနော်ကတော့ ရှိတ်စပီးယားနဲ့  ဗော်လတဲ ကို ရွေးပါမယ်။ ရှိတ်စပီးယားကို ရွေးရတာက သူ့ ရဲ့ ဖန်တီးမှုစွမ်းရည်ကြောင့်ပါ။ ဗော်လတဲကို ရွေးရတာကတော့ ဝေဖန်မှုစွမ်းရည်နဲ့  လူသားဆန်တဲ့ စိတ်ဓာတ်ကြောင့်ပါ။
ဗော်လတဲဟာ အမှန်တရားကို မြတ်နိုးတယ်။ သည်းခံခြင်းတရားကို ယုံကြည်လက်ခံတယ်။ အဖိနှိပ်ခံတွေကို ကြင်နာသနားတတ်တယ်။ စိတ်ဓာတ်ကလည်း ကြံ့ခိုင်ထက်မြက်တာဆိုတော့ သူ့ အယူအဆတွေကို ပြတ်ပြတ်သားသား ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။
ကျနော်တို့ လို လူတွေအနေနဲ့ ကိုယ့်အယူအဆကို အဆီအငေါ်တည့်အောင် ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဗော်လတဲလို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်မျိုးက ပြတ်ပြတ်သားသားပြောဆိုနိုင်ခဲ့လေတော့ သာမန်ပြည်သူတွေလိုပဲ ကျနော်လည်း ဗော်လတဲကို ကျေးဇူးတင်မိပါတယ်။ မတရားမှုကို ဆန့်ကျင်ပြီး သာယာဝပြောတဲ့ လောကကြီးကို တည်ဆောက်ဖို့ အားထုတ်နေကြတဲ့ လူသား အမြောက်အများအတွက် ဗော်လတဲဟာ စကားပြောခဲ့သူ ဖြစ်ပါတယ်။
ဗော်လတဲဟာ စာတွေ အများအပြားရေးခဲ့ပါတယ်။ ပြဇာတ်တွေ ၀တ္ထုတိုတွေ အများအပြား ရေးခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ ပြဇာတ်တွေကို မေ့ကုန်ကြပါပြီ။ သူ့ ဝတ္ထုတို တချို့ ကိုတော့ ဖတ်နေကြပါသေးတယ်။ အလွန်လူသိများတဲ့ ကင်ဒိ (Candide) အမည်ရှိ ၀တ္ထုရှည်တပုဒ်ကို ရေးခဲ့ပါတယ်။ သတင်းစာသမားတယောက်လည်း ဖြစ်ခဲ့ပြီး ကြေညာစာတမ်းတွေလည်း ရေးခဲ့ပါတယ်။ သိပ္ပံပညာနဲ့  ဒသနပညာကိုလည်း လေ့လာခဲ့ပါတယ်။ လူကြိုက်များတဲ့ သမိုင်းဆရာတယောက်လည်းဖြစ်ပြီး အဘိဓာန်စာအုပ်ကြီးတအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါတယ်။
ဥရောပတိုက်တခွင်က လူတွေဆီကို ပေးစာတွေ ရေးသားပေးပို့ ခဲ့ပါတယ်။ နေရာတကာမှာ ဗော်လတဲ စာအဆက်အသွယ်လုပ်သူတွေ ရှိနေခဲ့ပါတယ်။ ဥာဏ်ကလည်း ရွှင်၊ ခေတ်လည်းမီ၊ သွက်လက် ထက်မြက်သူလည်း ဖြစ်တာကြောင့် ဥရောပတခွင်က ဘုရင်တွေ အင်ပါယာအရှင်တွေဟာ ဗော်လတဲကို အလွန် အလေးဂရု ပြုကြပါတယ်။ ဗော်လတဲ ဆီက စာတစောင်ရရင် ၀မ်းမြောက်ဂုဏ်ယူကြပြီး အလျင်အမြန် ပြန်စာရေးကြပါတယ်။
ဗော်လတဲဟာ ရသစာပေ ဖန်တီးရာမှာတော့ သိပ်မထူးချွန်ပေမယ့် သူ့မှာ ကြီးကျယ်တဲ့ ဥာဏ်ပညာ ရှိတယ်။ ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်။ သည်ဥာဏ်ပညာနဲ့  နှလုံးသားကို လူ့ လောကရဲ့ အကျိုးစီးပွားအတွက် မြှုပ်နှံထားသူ ဖြစ်ပါတယ်။
သည်အရည်အချင်းတွေကြောင့်ပဲ ဥရောပတိုက်ကြီးရဲ့ ကိုယ်စားလှယ်အဖြစ် ရှိတ်စပီးယားနဲ့ အတူ ဗော်လတဲကိုလည်း ရွေးချယ်ရခြင်းပါ။ နာဇီတွေ မပေါ်ပေါက်ခင် နှစ်ပေါင်းနှစ်ရာလောက်ကြိုတင်ပြီး နာဇီတွေကို ဆန့်ကျင်ခဲ့တာ ဗော်လတဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဗော်လတဲ ရဲ့ စိတ်ဓာတ်ဟာ စင်းလုံးချော မဟုတ်ခဲ့ပါဘူး။ ဗော်လတဲဆီမှာ ဆန့်ကျင်ဖက် ဖြစ်နေတဲ့ စိတ်ဓာတ်စရိုက်တွေ ရှိနေပါတယ်။ သူဟာ အမှန်တရားကို မြတ်နိုးသူ ဖြစ်ပေမယ့် မကြာခန လှည့်ပတ်ပြောဆိုတတ်ပါတယ်။ လူတွေကို ချစ်ခင်ကြင်နာတတ်ပေမယ့် မကြခန ဒေါသထွက်တတ်ပါတယ်။ ရက်ရက်ရောရော ပေးကမ်းတတ်ပေမယ့် ငွေကြေး အကျိုး အမြတ် ရအောင်လည်း လုပ်တတ်ပါတယ်။
ဗော်လတဲဟာ မွေးရာပါ လူပြောင်လူနောက်တယောက်ပါ။ သူတပါးကို သရော်လှောင်ပြောင်နေရမှ နေထိုင်ကောင်းတဲ့ လူစားပါ။ သူ့ မှာ ဘွဲ့ ထူးဂုဏ်ထူး ဘာမှ မရှိ။ ရုပ်ရည် သွင်ပြင်ကလည်း အလွန်ဆိုး ။ လူကောင်က သေးသေးညှက်ညှက် ဂင်တိုတို။ နှာခေါင်းက ရှည်ရှည်။ အသားက မည်းမည်း။ မျက်လုံးက ပြူးပြူး။ စကားပြောတော့ မပီ့တပီ လေလုံးမကွဲဘူး။ အ၀တ်အစား ၀တ်တဲ့အခါ လူကောင်သေးသေးတွေ ၀တ်မြဲထုံးစံအတိုင်း တန်ဆာပလာ ခပ်များများ။ ဆံပင် အတုက သူ့ ခေါင်းနဲ့ မလိုက်အောင် ကြီးလွန်းတော့ မျက်နှာက ပျောက်နေတယ်။
သို့ကလို ပြင်သစ်လူမျိုး ဗော်လတဲဟာ ဘာလင်ရွှေမြို့ တော်ကို ၁၇၅၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ မှာ ရောက်ရှိခဲ့ပါတယ်။ သူ့ ကို ကြိုဆိုတဲ့ အိမ်ရှင်ကတော့ ပရပ်ရှားနိုင်ငံတော်ကြီးကို ဘုန်းမီးနေလ အုပ်စိုးတော်မူတဲ့  ဂျာမန်လူမျိုး မဟာဖရက်ဒရစ် ဖြစ်ပါတယ်။
မဟာဖရက်ဒရစ်ဘုရင်ကြီးဟာ ခေတ်သစ်ဂျာမန်နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ တယောက်အပါအ၀င် ဖြစ်ပါတယ်။ ဟစ်တလာဟာ မဟာဖရက်ဒရစ်ဘုရင်ကြီးကို အသေအချာ လေ့လာခဲ့သူပါ။
မဟာဖရက်ဒရစ်ဟာ အလွန်အလိုကြီးသူ ဖြစ်တာကြောင့် အလိုပြည့်ဖို့အတွက် ဥရောပတိုက်ကြီးကို စစ်မြေတလင်းဆီ ပို့ ဆောင်ခဲ့ပါတယ်။ သူဟာ အင်အားကို ယုံကြည်သူ ဖြစ်တယ်။ လှည့်ဖျားခြင်း ပရိယာယ်ကို ယုံကြည်သူ ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်မှုကို ယုံကြည်သူ ဖြစ်တယ်။ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ရမှ စိတ်ချသူ ဖြစ်တယ်။ စည်းရုံးသိမ်းသွင်းခြင်းအတတ်မှာ တဖက်ကမ်းခတ်သူ ဖြစ်တယ်။ လူညံ့တွေကိုပဲ အလုပ်ခန့်ချင်သူ ဖြစ်တယ်။ လူ့လောကကြီးကို စက်ဆုပ်ရွံရှာ မုန်းတီးသူလည်း ဖြစ်တယ်။ သည်စိတ်နေစိတ်ထားတွေဟာ မဟာဖရက်ဒရစ်နဲ့  ဗော်လတဲကြားက နယ်ခြားမျဉ်းပဲ ဖြစ်ပါတယ်။
လူလူချင်း စာနာထောက်ထားမှုဆိုတဲ့ ဂရုဏာတရားကို ဗော်လတဲက ယုံကြည်ပေမယ့် မဟာဖရက်ဒရစ်က မယုံကြည်ပါဘူး။ "လူဆိုတာ အလွန်ဆိုးဝါးတဲ့ သတ္တ၀ါပဲ။ လူတွေအကြောင်းကို သင်မသိပါဘူး။ ငါပဲ သိတယ်" လို့  ဖရက်ဒရစ်က ဗော်လတဲကို ပြောဖူးပါတယ်။
မဟာဖရက်ဒရစ်ဟာ လူ့ လောကကြီးအပေါ် အဆိုးမြင်တတ်သူ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တစက်ကလေးမှ စိတ်မချမ်းသာခဲ့ပါဘူး။ ဒါကြောင့် သူ့ အပေါ် ဘယ်သူကမှ မချစ်ခင် မမြတ်နိုးဘူးဆိုတဲ့ ခံစားချက်ကို ငယ်စဉ်ကစပြီး သေတဲ့အထိ ခံစားသွားရတဲ့သူပါ။ သည်လို ခံစားချက်မျိုး ရှိတဲ့သူဟာ ဘယ်လောက် အန္တရာယ်ကြီးပြီး သူ့ကိုယ်သူရော သူတပါးကိုပါ ဘယ်လောက် ဒုက္ခပေးတတ်သလဲဆိုတာ သိထားကြပါပြီ။
မဟာဖရက်ဒရစ်ဘုရင်ကြီးမှာ ကောင်းတာတွေလည်း ရှိပါတယ်။ သူဟာ အသိပညာကြီးသူ ဖြစ်သလို အနုပညာခံစားမှုဘက်မှာလည်း လေးနက်သူ ဖြစ်ပါတယ်။ ဂီတပညာမှာ ကျွမ်းကျင်လိမ်မာပြီး စာပေ ကျမ်းဂန်လည်း နှံ့ စပ်ပါတယ်။ ပြင်သစ်စာပေကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာထား ပြီး ကဗျာ တချို့ကို ပြင်သစ်လို ဖွဲ့ စပ်ခဲ့ပါတယ်။
မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာတွေဟာသိပ်မကောင်းလှပေမယ့် သည်ကဗျာတွေကို ထောက်ရှုလိုက်ရင် သူဟာ ဂျာမန်တခုတည်းကိုပဲ အရေးထားခဲ့တာမဟုတ်ကြောင်း ထင်ရှားပါတယ်။ သည် နေရာမှာတော့ သူဟာ ဟစ်တလာထက် ပိုယဉ်ကျေးသူ ဖြစ်ပါတယ်။ သည်ကမ္ဘာကြီးကို ဂျာမန် တွေကပဲ အုပ်စိုးရမှာ ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး သူမတွေးဘူးပါ။
သည်ကမ္ဘာကြီးဟာ အလွန်ရှုပ်ထွေးပွေလီတဲ့ ကမ္ဘာကြီးဖြစ်တယ်။ သူလည်း သူကြိုက်တာလုပ်၊ ကိုယ်လည်းကိုယ်ကြိုက်တာလုပ် လို့  မြင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း မဟာဖရက်ဒရစ်ဟာ လွတ် လပ်စွာ ပြောဆိုမှုကို ယုံကြည်လက်ခံခဲ့တာပါ။ "ငါကြိုက်တာ ငါလုပ်နေရသရွေ့ လူတွေလည်း သူတို့  ပြောချင်ရာ ပြောကြပါစေ" လို့  သူ သဘောထားပါတယ်။
တနေ့ မှာ ဘာလင်ရွှေမြို့ တော်အတွင်း တိုင်းခန်းလှည့်လည်ရင်း လမ်းဘေး တံတိုင်းတခုပေါ်မှာ သူ့ ပုံတူ ရုပ်ပြောင်တခု ချိတ်ဆွဲထားတာကို တွေ့ ရပါတယ်။ " သည်ပုံကို အောက် နည်းနည်း နှိမ့်လိုက်ပါ။ ဒါမှ လူတွေက ကောင်းကောင်း မြင်နိုင်မယ်" လို့  မိန့် ကြားလိုက်ပါသတဲ့။
ဗော်လတဲ နဲ့  မဟာဖရက်ဒရစ်တို့ ဟာ စတွေ့တာနဲ့ တယောက်ကို တယောက် ချီးမွမ်းထောမနာ စကားတွေ ပြောပါတော့တယ်။ ဗော်လတဲက မဟာဖရက်ဒရစ်ဘုရင်ကြီးကို "ဥတ္တရတိုင်းရဲ့ ဆော်လမွန် ဘုရင်ကြီး" လို့ ချီးပင့်ခေါ်ဆိုခဲ့ပါတယ်။ မဟာဖရက်ဒရစ်ကလည်း " ငါကိုယ်တော်မြတ်ရဲ့ အောင်ပွဲခံ ဘွဲ့ ထူးများအနက် တန်ဖိုးအထိုက်ဆုံး ဘွဲ့ ထူးမူကား ဗော်လတဲကို ပိုင်ဆိုင်သူ တည်းဟူသော ဘွဲ့ ထူး ဖြစ်ပေသတည်း " လို့  လူသိရှင်ကြား မိန့်ဆိုပါတယ်။
မဟာဖရက်ဒရစ်က ဗော်လတဲကို ရွှေနန်းတော်ဝန်မင်းတပါးလို နေရာပေးပါတယ်။ နေစရာ အဆောင်တော်တခုနဲ့ အတူ ရိက္ခာတော်ငွေလည်း များများကြီး ထောက်ပံ့ပေးပါတယ်။ ဗော်လတဲရဲ့ စားရေး သောက်တာ နေရာထိုင်ခင်းကို စီမံခန့် ခွဲပေးမယ့် တူမတော် မဒမ်ဒင်းနစ် ရောက်လာရင်လည်း ရိက္ခာ တော်ငွေ ထပ်ချီးမြှင့်ပေးမယ်လို့ မိန့်ပါသေးတယ်။
သည်နောက်မှာတော့ အသိပညာထုံမွှမ်းထားတဲ့ စကားပြောဆိုမှုတွေ ၊တွေးခေါ်ဆင်ခြင်မှုတွေနဲ့ ပြီးတဲ့ ဆွေးနွေးဝေဖန်မှုတွေ၊ ရသာစုံလင်တဲ့ စားကောင်းသောက်ဖွယ်တွေဟာ သူတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုကို လွှမ်းခြုံနေခဲ့ပါတယ်။
မဟာဖရက်ဒရစ်ဟာ အစားအသောက်ခုံမင်သူအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် စရိတ်သက်သက် သာသာနဲ့  ချက်ပြုတ်နိုင်ရေးအတွက်လည်း အလွန်ဂရုထားတော်မူတယ်လို့  ဆိုပါတယ်။ ဘယ်လိုဖြစ်စေ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံပွဲများဟာ လိုလေသေးမရှိအောင် ပြည့်စုံခဲ့ပုံရပါတယ်။
မကြာခင်မှာပဲ ဗော်လတဲဟာ ပြင်သစ်က မိတ်ဆွေတယောက်ထံကို စာရေးပါတယ်။ သည်စာထဲမှာ "သို့ ပေမယ့်" ဆိုတဲ့ စကားလုံးတွေ တော်တော်များများ ပါဝင်နေတယ်လို့  ဆိုပါတယ်။
" ညစာစားပွဲတွေကတော့ အလွန်ဖွယ်ရာ လှပါတယ်။ စားကောင်းသောက်ဖွယ်တွေလည်း အလျှံပယ်ပါပဲ။ သည်ပွဲတွေမှာ ဘုရင်ကြီးက အပျော်ရွှင်ဆုံးပေါ့။ သို့ ပေမယ့် - -"
" ကျုပ်တော့ အော်ပရာတွေလည်း ကြည့်ရတယ်။ အသောအရွှင်ပြဇာတ်တွေလည်း ကြည့်ရတယ်။ ဂီတပွဲတွေလည်း နားဆင်ရတယ်။ လေ့လာမှုတွေလည်း လုပ်ရတယ်။ စာပေကျမ်းဂန်တွေလည်း ဖတ်ရတယ်။ သို့ ပေမယ့် - -"
" ဘာလင်ရွှေမြို့ တော်ကြီးကဖြင့် အလွန်တရာ ခမ်းနားတင့်တယ်လှပါတယ်။ မင်းသမီးတွေကလည်း အလှ ထိပ်ခေါင်တင်တွေ ဆိုတော့ ရှုမ၀နိုင်ပါဘူး။ ရံရွေတော်တွေကလည်း အချောအလှတွေချည်းပါပဲ။ သို့ ပေမယ့် - -"
သက်ဦးဆံပိုင် ဘုရင်တပါးရဲ့ အာဏာ ကျရောက်နေရတဲ့ လွတ်လပ်သူတယောက်ရဲ့ ဗီဇပါ ဆန့်ကျင်မှုအဖြစ် ဗော်လတဲရဲ့ "သို့ ပေမယ့်" စကားလုံးကို အဓိပ္ပါယ်ဖွင့်လို့ ရနိုင်ပါတယ်။
ဗော်လတဲမှာ ဘယ်လို အပြစ်တွေ ဘယ်လိုချို့ ယွင်းချက်တွေ ရှိနေပါစေ၊ သူဟာ လွတ်လပ်သူ တယောက် ဖြစ်ပါတယ်။ မဟာဖရက်ဒရစ်ကတော့ ဥာဏ်ပညာကြီးပြီး ဆွဲဆောင်စွမ်း ရှိပေမယ့် သက်ဦးဆံပိုင်ဘုရင်တပါးပါ။
အလည်အပတ်ခရီးစဉ်ဟာ အချိန်တိုတိုနဲ့ မပြီးသွားခဲ့ပါဘူး။ ဗော်လတဲဟာ ငြီးငွေ့ စရာကောင်းတဲ့ အလုပ်တော်တော်များများကို လုပ်နေခဲ့ပါတယ်။ ငွေကြေးကိစ္စတခုမှာ ပါဝင်ပတ်သက်ခဲ့ရပြီး မဟာဖရက်ဒရစ်ရဲ့ အမှုထမ်း ပြင်သစ်တယောက်နဲ့ လည်း အကြီးအကျယ် စကားများခဲ့ပါသေးတယ်။
ဗော်လတဲဟာ ချောကလက်ဖျော်ရည်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် ဘုရင်ကြီးက ခွဲတမ်း သတ်မှတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗော်လတဲက မကျေနပ်တာကြောင့် ဖယောင်းတိုင်တွေ ဖြုတ်ပြီး ရောင်းစားခဲ့ပါသတဲ့။ ဂုဏ်သိက္ခာမဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ အဆိုးဆုံးကတော့ ဗော်လတဲ ဟာ မဟာဖရက်ဒရစ် ရေးစပ်ထားတဲ့ ပြင်သစ်ကဗျာတွေကို ဖတ်ပြီး လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဟစ်တလာလိုပဲ မဟာဖရက်ဒရစ်ဟာလည်း ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်တယောက်အဖြစ် စိတ်ကူးယဉ်နေတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်လို ရေးထားတဲ့ သူ့ ကဗျာတွေကို မွမ်းမံပြင်ဆင်ပေးဖို့  အထူးဧည့်သည်တော်ကြီးထံ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ ပြင်သစ်မျောက်ပျင်းက အရှင်မင်းမြတ်ရဲ့ ကဗျာတွေကို သရော်လှောင်ပြောင်နေပါပေါ့လား။
ဗော်လတဲရဲ့ သရော်လှောင်ပြောင်မှုဟာ ရွှေနားတော်ကို ပေါက်သွားပါတယ်။ သည်ကဗျာတွေဟာ အတွင်းလူတွေသာ ဖတ်ခွင့်ရတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ရေးတဲ့ ကဗျာတွေဆိုပြီး ရွှေနန်းတော်တခွင်လုံး အုံးအုံးကျွက်ကျွက်ဖြစ်အောင် လုပ်လိုက်တာဆိုတော့ အလွန်ရိုင်းပျတဲ့ အမှုတခု ဖြစ်နေတော့တာပေါ့။ သည်လိုနဲ့  ဥတ္တရတိုင်းရဲ့ ဆော်လမွန်ဘုရင်ကြီး မဟာအမျက်တော် ရှပါတော့တယ်။
မဟာဖရက်ဒရစ်က သည်လို တွေးပါတယ်။ "ငါ့ရဲ့ ဧည့်သည်တော်ဟာ ပါရမီရှင်တဦး ဖြစ်တာ မှန်ပါရဲ့။ သို့ ပေမယ့် သူဟာ အကျိုးထက် အပြစ်များသူ ဖြစ်တယ်။ သစ္စာမဲ့သူလည်း ဖြစ်တယ်"
ဗော်လတဲကလည်း သည်လို တွေးပါတယ်။ "ငါ့ရဲ့ အိမ်ရှင်ဟာ ဘုန်းမီးနေလ တောက်ပတဲ့ ဧကရာဇ် ဘုရင်ကြီး ဖြစ်တာ မှန်ပါရဲ့။ သို့ ပေမယ့် သည်ဧကရာဇ်ဟာ အဝေးကပဲ ပူဇော်ထိုက်သူ ဖြစ်တယ်။ "
ဗော်လတဲဟာ ဘာလင်ရွှေမြို့ တော်မှာ နှစ်နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ သည်ကာလအတွင်းမှာ အိမ်ရှင်ရော ဧည့်သည်ပါ စိတ်လက် မအီမသာဖြစ်လာကြပါတယ်။ သည်လိုနဲ့  ဗော်လတဲဟာလည်း ပြင်သစ်ကို ပြန်လာပါတော့တယ်။
သည်အချိန်မှာ တူမဖြစ်သူ မဒမ်ဒင်းနစ်က သူ့ ဆီကို လာနေတာ ဖြစ်တဲ့အတွက် ဗော်လတဲဟာ ဖရင့် ဖတ်မြို့ ကနေ စောင့်ဆိုင်းနေပါတယ်။ အဲသည်အချိန်က ဖရင့်ဖတ်မြို့ ဟာ ပရပ်ရှားပိုင်နက်ထဲမှာ မရှိ သေးပါဘူး။ ဒါကြောင့် ဖရင့်ဖတ်မြို့ ကို မဟာဖရက်ဒရစ်က မပိုင်ပါဘူး။ သို့ ပေမယ့် မဟာဖရက်ဒရစ် မှာလည်း လျှို့ ဝှက်ရဲ အဖွဲ့ (ဂက်စတာပို) ရှိပါတယ်။ ဗော်လတဲကို သည်လျှို့ ဝှက်ရဲတွေနဲ့  ဒုက္ခကောင်းကောင်းပေးပါတယ်။
ဘာလင်ကနေ ဗော်လတဲ ထွက်သွားတုန်းက မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာ မိတ္တူတစုံကို ယူသွားပါတယ်။ အမှုမဲ့အမှတ်မဲ့ ယူသွားတာ ဖြစ်မှာပါ။ ဒါကို မဟာဖရက်ဒရစ်က သိသွားတဲ့အခါမှာ အကြီးအကျယ် ဒေါသူပုန်ထပြီး ဗော်လတဲရဲ့ ၀န်စည်စလယ်တွေကို ရှာဖွေစစ်ဆေးဖို့  အမိန့် ထုတ်လိုက်ပါတယ်။
ထုံးစံအတိုင်း မဟာဖရက်ဒရစ်ရဲ့ အမှုထမ်းတွေက ဒုတိယတန်းစားတွေ ဆိုတော့ အလွန်အကျွံတွေ ဖြစ်ကုန်တော့တာပေါ့။ ဗော်လတဲရဲ့ ၀န်စည်စလယ်တွေကို ရှာဖွေစစ်ဆေးရုံတင် မကတော့ဘဲ လူကိုပါ ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ နေ့ရော ညပါ မနားမနေ နှိပ်စက်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ဗော်လတဲ ဆီက တခုခု ရရင် မဟာဖရက်ဒရစ်ဘုရင်ကြီး ရွှေဘောတော်ကျအောင် လုပ်နိုင်မယ်လို့ သူတို့  မျှော်လင့်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ မယုံနိုင်စရာ အဖြစ်အပျက်ပါ။ နာဇီအကျင့်၊ နာဇီနည်းလမ်း တွေရဲ့ ရှေ့ တော်ပြေး လုပ်ရပ်တွေပါ။
ဗော်လတဲဟာ ထွက်ပြေးဖို့  ကြိုးစားပါသေးတယ်။ ဖရင့်ဖတ်မြို့ တံခါးဝမှာတင် ပြန်ဖမ်းမိပြီး အချုပ်ခန်းထဲကို တရွတ်တိုက် ဆွဲခေါ်တာ ခံရပြန်ပါတယ်။ သည်အချိန်မှာပဲ တူမတော် မဒမ်ဒင်းနစ်က ရောက်လာပါတယ်။
တူမဖြစ်သူလည်း ဦးရီးတော်နည်းတူ ဖမ်းဆီးနှိပ်စက်တာ ခံရပါတယ်။ သို့ ပေမယ့် မဒမ်ဒင်းနစ်က စိတ်ဓာတ်မာကျောပြီး ဆတ်ဆတ်ထိ မခံတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူတို့ တူအရီးနှစ်ယောက်ရဲ့ ဒုက္ခကို ဥရောပတတိုက်လုံးသိအောင် လုပ်နိုင်ခဲ့ပါတယ်။
ဦးရီးတော် ဗော်လတဲရဲ့ ကျန်းမာရေးကလည်း တော်တော် ဆိုးနေပါပြီ။ ဗော်လတဲကလည်း တကယ်ဖြစ်တာထက် ပိုဆိုးတယ်လို့ ထင်ရအောင် ဟန်ဆောင်ပါတယ်။ နှိပ်စက်နေသူတွေ ရှေ့ က အတင်း ထွက်ပြေးပြီး " ငါ့ကို ဖျားနာခွင့်လေးတောင် မပေးကြတော့ဘူးလား " လို့  ဟောဟဲ လိုက်နေတဲ့ အသက် ရှူသံနဲ့  အော်ပြောပါသတဲ့။
ဗော်လတဲရဲ့ ကိုယ်ရေးအတွင်းဝန်က ဆရာဖြစ်သူကို ကူညီဖို့  အနားကပ် သွားတဲ့အခါမှာ ပါးစပ်က တအော့အော့နဲ့  အန်တဲ့ပုံမျိုး လုပ်ပြီး " ဟဲ့ကောင် ငါဟန်ဆောင်နေတာနော် ၊ တကယ်မဟုတ်ဘူး" လို့  တပည့်ရဲ့ နားရွက်နားကပ်ပြီး တိုးတိုးလေး ပြောပါတယ်။
ဗော်လတဲဟာ လူတွေကို အရူးလုပ်ရတဲ့အပေါ် ပျော်တတ်သူဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် အပြောင်အပြက် လုပ်နိုင်တဲ့သူပါ။ အလွန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ပါ။
မဟာဖရက်ဒရစ်ကတော့ သူလွန်သွားပြီဆိုတာ သဘောပေါက်သွားပါတယ်။ ဗော်လတဲနဲ့  သူ့ တူမကို ပြန်လွှတ်ခိုင်းလိုက်ပါတယ်။
သည့်နောက်မှာလည်း ပုဂ္ဂိုလ်ကျော်နှစ်ယောက်ဟာ စာအဆက်အသွယ် ဆက်လုပ်နေပါသေးတယ်။ အရင်အတိုင်း လှိုက်လှိုက်လှဲလှဲ ပါပဲ။ သို့ ပေမယ့် သူတို့ နှစ်ဦးဟာ မျက်နှာချင်းဆိုင် မတွေ့ ရအောင်တော့ သတိထားခဲ့ကြပါတယ်။
ဗော်လတဲဟာ သင်ခန်းစာတခု ရသွားပါတယ်။ လွတ်လပ်ခြင်း၊ မတူကွဲပြားခြင်း၊ သည်းခံခြင်း၊ ကြင်နာ သနားခြင်း စတာတွေအပေါ် သက်ဝင်ယုံကြည်တဲ့ လူတယောက်ဟာ သက်ဦးဆံပိုင် ရှင်ဘုရင်တပါး အုပ်စိုးတဲ့ နိုင်ငံတော်အတွင်းက လေကို မရှူရှိုက်နိုင်ဘူးဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
သည်သင်ခန်းစာကို ဘာလင်ရွှေမြို့ တော်ကြီးက သင်ကြားပေးလိုက်တာပါ။
အပေါ်ယံမှာ ရွှေမှုန်ကြဲထားပါရဲ့။ သို့ ပေမယ့်--။ ဧကရာဇ်ဘုရင်ကြီးဟာ အလွန်ခန့် ညားပြီး ဥာဏ်ပညာ ကြီးတော်မူပါရဲ့။ သို့ ပေမယ့်--။ ဘယ်လောက်ကောင်းတာမွန်တာ မှန်ပေမယ့် တခုခု လိုနေပါတယ်။ မှန်ပါတယ်။ လူဆန်တဲ့ စိတ်ဓာတ်လိုနေပါတယ်။
ဗော်လတဲဟာ လူဆန်တဲ့ စိတ်ဓာတ်အပေါ် မဖောက်မပြန် သက်ဝင်ယုံကြည်သူ ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်ကတည်းက သက်ဦးဆံပိုင် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်သူ ဖြစ်ပါတယ်။         ။
မောင်သာမည

No comments:

Post a Comment