၂ဝ ရာစုကုန်ခါနီးတွင်နိုင်ငံအများ၌ အနောက်တိုင်းစတိုင် ဒီမိုကရေစီနှင့် လွတ်လပ်သော ဈေးကွက်စီးပွားရေးစနစ်အကြောင်းတွေ လှုပ်ခတ်စပြုလာသည်။ ဒီမိုကရေစီရှိပါသည်ဆိုသော ကွန်မြူနစ်စနစ်လည်း ကမ္ဘာမြေတွင် မယုံနိုင်လောက်အောင်ပျက်သုဉ်းချေမှုန်းခံလိုက်ရပြီး၊ တစ်ပါတီ အာဏာရှင်စနစ်များ အလျှိုလျှို နိဂုံးချုပ်သွားခဲ့ရသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများတွင်လည်း IMF နှင့် World Bank တို့၏ ဖိအားပေးမှု၊ နိုင်ငံတကာတွန်းအား၊ ပြည်တွင်းအင်အားစုတို့လှုပ်ရှားမှုတို့က အရှိန် အဟုန်ရလာပြီး ဒီမိုကရေစီရေးနှင့် ဈေးကွက်စီးပွားရေးစသည့် အရေးနှစ်ပါးကို အဓိက တောင်းဆိုလာကြသည်။
ဒီမိုကရေစီသည် လှိုင်းလုံးကြီး သုံးလှိုင်းဖြင့်ရိုက်ခတ်ခဲ့သည်။ ပထမလှိုင်းသည် ၁၈၂၈ ခုနှစ်တွင် စတင်ခဲ့ပြီး ၁၉၂၆ ခုနှစ်တွင် ပြီးဆုံးသွားခဲ့သည်။ အမေရိကန်နှင့် ပြင်သစ်တော်လှန်ရေးတို့သည် ဒီမိုကရေစီပထမလှိုင်းတွင် အရေးအပါဆုံးဖြစ်ရပ်များဖြစ်ခဲ့သည်။ ဒီမိုကရေစီ ပထမလှိုင်းကာလတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၃ နိုင်ငံခန့် ဒီမိုကရေစီနိုင်ငံများ ဖြစ်သွားသည်။
ဒီမိုကရေစီလှိုင်းတစ်လှိုင်းတက်ပြီးတိုင်း လှိုင်းတို့သဘောတရားအရ နောက်ပြန်ဆွဲတတ်သည်ကိုလည်း တွေ့ရပါသည်။ ယင်းကို (reverse wave) ဒီမိုကရေစီနောက်ပြန်လှိုင်းဟု တင်စားခေါ်ဝေါ်ကြသည်။ ဒီမိုကရေစီ ပထမလှိုင်းတက်ပြီးချိန်တွင် ပထမဦးဆုံးဒီမိုကရေစီ နောက်ပြန်လှိုင်းနှင့်ရင်ဆိုင်ခဲ့ရသည်။ ၁၉၂၂ ခုနှစ်တွင် အီတလီမှ အာဏာရှင် မူဆိုလိုနီတက်လာပြီး မပီပြင်သောဒီမိုကရေစီတို့ကို အာဏာရှင်စနစ်ဖြင့် ဝါးမြိုလိုက်သည်။
၁၉၂၂ ခုနှစ်မှစတင်ခဲ့သော အာဏာရှင်တို့၏ အရှိန်အဝါသည် ၁၉၄၂ ခုနှစ်အထိ နှစ်ပေါင်း ၂ဝ ခန့်ကြာသွားသည်။ ဒီမိုကရေစီလှိုင်းနောက်ပြန်ခြင်းဒဏ်ကို နိုင်ငံ ၂၂ နိုင်ငံခံလိုက်ရသဖြင့် ဒီမိုကရေစီပထမလှိုင်းခေတ်တွင် နိုင်ငံ ၁၁ နိုင်ငံသာ ဒီမိုကရေစီကို ထူထောင် နိုင်ခဲ့သည်။
အာဏာရှင်တို့ပျက်သုဉ်းချိန် ၁၉၄၃ ခုနှစ်ခန့်တွင် ဒီမိုကရေစီ ပြန်ပြီးခေါင်းထောင်လာပြန်သည်။ ဒုတိယဒီမိုကရေစီလှိုင်းကာလသည် ၁၉၄၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်လောက်အထိဖြစ်သည်။ ထိုနှစ်ပေါင်း ၂ဝ နီးပါးကာလတွင် ဒီမိုကရေစီနိုင်ငံပေါင်း ၅၂ နိုင်ငံပေါ်ထွန်းခဲ့ သည်။ ၁၉၅၈ ခုနှစ်လောက်မှစတင်ပြီး ဒုတိယနောက်ပြန်လှိုင်းဒဏ်ကို ခံလာရသည်။ ဒုတိယနောက်ပြန်လှိုင်းကာလသည် ၁၉၅၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိဖြစ်သည်။ ထိုကာလတွင် နိုင်ငံပေါင်း ၂၂ နိုင်ငံသည် လှိုင်းထဲပါသွားသဖြင့် ဒီမိုကရေစီနိုင်ငံပေါင်း ၃ဝ ခန့်သာကျန်ခဲ့တော့သည်။
ဒီမိုကရေစီတတိယလှိုင်းသည် ၁၉၇၄ ခုနှစ်လောက်ကတည်းက စတင်ခဲ့သည်ဟုဆိုပါသည်။ ၁၉၇၄ မှ ၁၉၉၁ ခုနှစ်ကာလကို ဒီမိုကရေစီ တတိယလှိုင်းကာလဟုဆိုနိုင်ပါသည်။ ထိုကာလတွင် ဒီမိုကရေစီနိုင်ငံ ၃၅ နိုင်ငံ ထပ်တိုးလာသဖြင့် နိုင်ငံပေါင်း ၆၅ နိုင်ငံ ဖြစ်လာသည်။
ဤကာလအတွင်း နိုင်ငံပေါင်း ၂ဝ ခန့်ဒီမိုကရေစီဘဝမှသည် အာဏာရှင်နိုင်ငံများဘဝသို့ ပြန်ရောက်သွားသဖြင့် တတိယ ဒီမိုကရေစီနောက်ပြန်လှိုင်းစနေပြီလောဟု စစ်ကြောလာခဲ့ကြသည်။ "The Spirit of Democracy" ကိုရေးသားသည့် Larry Diamond က ၁၉၉၉ ခုနှစ်မှစတင်ပြီး ဒီမိုကရေစီဆုတ်ကပ် (Democratic Recession) ဖြစ်နေပြီဟုဖော်ထုတ်ခဲ့ပါသည်။
ကမ္ဘာပေါ်တွင် ဒီမိုကရေစီနိုင်ငံပေါင်း ၁၆၇ နိုင်ငံရှိပါသည်။ ထို ၁၆၇ နိုင်ငံထဲတွင် ၁၆၆ နိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ များဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၆၅ နိုင်ငံဖြစ်သည်။ ဒီမိုကရေစီကို အဆင့်လေးဆင့်ဖြင့်တိုင်းတာပြီး
- ဒီမိုကရေစီ အပြည့် (full democracies)
- ဒီမိုကရေစီ မရှိတရှိ (flawed democracies)
- ဒီမိုကရေစီ ကပြား (hybrid regimes)
- ဒီမိုကရေစီ အာဏာရှင် (authoritarian regimes) ဟူ၍ ပိုင်းခြားထားပါသည်။
၂ဝဝ၈ ခုနှစ်မှ ၂ဝ၁ဝ ခုနှစ်အတွင်း နိုင်ငံပေါင်း ၁၃ နိုင်ငံသည် အစိုးရစနစ်ဖြင့်အုပ်ချုပ်သည့် ဒီမိုကရေစီနိုင်ငံများအဖြစ် အသွင်ကူးပြောင်းခဲ့ကြသည်။ ထိုကာလများတွင် ဒီမိုကရေစီ နောက်ပြန် လှိုင်းမိပြီး နိုင်ငံ ၁၁ နိုင်ငံသည် မူလအနေအထားသို့ပြန်ရောက်သွားခဲ့ရသည်။ ဤကာလအတွင်း ပြင်သစ်နိုင်ငံသည် full democracy မှ flaw democracy သို့ကျဆင်းသွားခဲ့သည်။ အီတလီ နိုင်ငံသည်လည်း flaw အဆင့်သို့ကျဆင်းသွားသည့်နိုင်ငံများစာရင်းတွင်ပါသွားသည်။ ဝန်ကြီးချုပ် ဆီဗီရို ဘာလူစကော်နီအာဏာပြန်ရလာသည့် လက်ထက် ၂ဝဝ၈ ခုနှစ်တွင် မီဒီယာအပေါ် အာဏာရှင်ဆန်ဆန်အမိန့်ထုတ်ပြီး တားမြစ်ခဲ့မှုများကြောင့် ထိုသို့ အဆင့်နိမ့်သွားရသည်ဟုဆိုသည်။ အာဖရိကဆာဟာရလက်အောက်ခံနိုင်ငံနှစ်နိုင်ငံဖြစ်သည် ဂါနာနှင့် မာလီနှစ်နိုင်ငံသာ အဆင့်မြင့် တိုးတက်သွားသည့်နိုင်ငံများဖြစ်လာသည်။ ထိုနှစ်နိုင်ငံသည် hybrid အဆင့်မှ flaw အဆင့်သို့ တိုးသွားခြင်း ဖြစ်သည်။
နိုင်ငံတို့အပေါ်ဒီမိုကရေစီပိုင်းဖြတ်ရာတွင် အချက် ၄ ချက်ဖြင့် စံထားကာ သတ်မှတ်လေ့ရှိပါသည်။ ထိုအချက်များမှာ
၁။ နိုင်ငံအတွင်းကျင်းပပေးသည့်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတမှုရှိ-မရှိ
၂။ မဲဆန္ဒပေးသည့်ပြည်သူများ လုံခြုံအေးချမ်းစွာဖြင့် မဲပေးခွင့် ရှိ-မရှိ
၃။ နိုင်ငံတစ်နိုင်ငံ၏အစိုးရအပေါ် ပြည်ပနိုင်ငံများမှ ဩဇာအာဏာ လွှမ်းမိုးမှု ရှိ-မရှိ
၎။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်ကချမှတ်ပေးထားသည့် မူဝါဒ များအတိုင်း လိုက်နာ ဆောင်ရွက်နိုင်ခြင်း ရှိ-မရှိ တို့ဖြင့်တိုင်းတာကြပါ သည်။
ဒီမိုကရေစီစံချိန်စံညွှန်းများကိုတိုင်းတာရာတွင် အမှတ် ၁ဝ မှတ် ပေးထားပါသည်။
- ၈ မှတ်မှ ၁ဝ မှတ်ရလျှင် - Full democracy
- ၆ မှတ်မှ ၇.၉ မှတ်ရလျှင် - Flawed democracy
- ၄ မှတ်မှ ၅.၉ မှတ်ရလျှင် - Hybrid regimes
- ၄ မှတ်အောက်ဖြစ်သွားလျှင် - Authoritarian regimes ဟုသတ် မှတ်ပါသည်။
၂ဝ၁ဝ ခုနှစ်တွင် စစ်ဆေးသုတေသနပြုချက်များအရ ဒီမိုကရေစီအညွှန်းကိန်းကို အောက်ပါအတိုင်း တွေ့ရပါသည်။
စနစ်အမျိုးအစား | နိုင်ငံပေါင်း | နိုင်ငံပေါင်း % | ကမ္ဘာ့လူဦးရေ% |
Full democracy | ၂၆ | ၁၅.၆ | ၁၂.၃ |
Flaw democracy | ၅၃ | ၃၁.၇ | ၃၇.၂ |
Hybrid democracy | ၃၃ | ၁၉.၈ | ၁၄.၀ |
Authoritarian | ၅၅ | ၃၂.၉ | ၃၆.၅ |
Full democracy အဖြစ်သတ်မှတ်ခြင်းခံရသောနိုင်ငံ ၂၆ နိုင်ငံ ရှိပါသည်။ အစဉ်လိုက်ပြောရလျှင် နော်ဝေ၊ အိုက်စ်လန်း၊ ဒိန်းမတ်၊ ဆွီဒင်၊ နယူးဇီလန်၊ ဩစတေးလျ၊ ဖင်လန်၊ ဆွစ်ဇာလန်၊ ကနေဒါ၊ နယ်သာလန်၊ လူဇင်းဘတ်၊ အိုင်ယာလန်၊ ဩစတီးယား၊ ဂျာမနီ၊ မော်လ်တာ၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ စပိန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဥရူဂွေး၊ ဂျပန်၊ ဘယ်လ်ဂျီယမ်၊ မောရစ်သျှ၊ ကော့စ်တာရီကာ၊ ပေါ်တူဂီနိုင်ငံများဖြစ်သည်။
ဒီမိုကရေစီတတိယလှိုင်းသို့ရောက်ချိန်တွင် ကူးပြောင်းမှုဖြစ်စဉ် ၃ မျိုးကိုတွေ့ရှိရပါသည်။
၁။ အသွင်ကူးပြောင်းခြင်း (Transformation)
၂။ အစားထိုးခြင်း (Replacement)
၃။ ပြောင်းရွှေ့ခြင်း (Transplacement) တို့ဖြစ်သည်။
အသွင်ကူးပြောင်းခြင်းဆိုသည်မှာ အာဏာယူထားသည့်အုပ်ချုပ်ရေးအဖွဲ့အတွင်းသို့ ပြုပြင်ပြောင်းလဲ ရေးသမားများဝင်ရောက်ကြီးစိုးလာခြင်းဖြစ်သည်။ ပြုပြင်ပြောင်းလဲရေးဝါဒီများ၏ စွမ်းဆောင်မှုများ ကြောင့် အာဏာရအဖွဲ့အစည်းသည် ဒီမိုကရေစီကူးပြောင်းခြင်းကို လက်ခံလာပြီး လုပ်ဆောင်လာ တတ်ပါသည်။
အစားထိုးနည်းဆိုသည်မှာ အတိုက်အခံအင်အားစုများ အားကောင်းလာပြီး အာဏာလက်ရှိအစိုးရ သို့မဟုတ် အာဏာရှင်ကို ဖယ်ရှားဖြုတ်ချကာ အာဏာရှင်စနစ်နေရာတွင် ဒီမိုကရေစီဖြင့် အစားထိုးခြင်းနည်းဖြစ်သည်။ အာဏာလက်ရှိအဖွဲ့အစည်းအတွင်း၌ ပြုပြင်ပြောင်းလဲလိုစိတ်မရှိသည့် အစဉ်အလာသမားများကြီးစိုးမှု ကာလကြာလာလျှင် အစိုးရအဖွဲ့အတွင်း စည်းလုံးညီညွတ်မှုများ ပျက်ပြားလာတတ်သည်။ အစဉ်အလာသမားတွေကတစ်ဖက်၊ မော်ဒန် သမားတွေကတစ်ဖက် ဖြစ်လာသည်။
နောက်ပိုင်းမော်ဒန်သမားတွေက အတိုက်အခံတွေဖြစ်လာပြီး ခေတ်ပြောင်းစနစ်ပြောင်း ကို လိုလားတောင့်တလာကြသည်။ အတိုက်အခံတို့အင်အားကောင်းလာပြီး အာဏာရလာလျှင် အစားထိုးအုပ်ချုပ်ခြင်းများ ရှိလာနိုင်သည်။
ပြောင်းရွှေ့ခြင်းနည်းဆိုသည်မှာ အာဏာရအဖွဲ့အစည်းနှင့် အတိုက်အခံတို့ညှိနှိုင်းအပေးအယူလုပ်ကာ ဒီမိုကရေစီနည်းသို့ အသွင်ကူးပြောင်းစေရန် ကြံဆောင်ကြခြင်းဖြစ်သည်။ ဤနည်းတွင် အာဏာရ အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲရေးဝါဒီများ အင်အားကောင်းလာပြီး စေ့စပ်ဆွေးနွေးလိုခြင်း၊ အတိုက်အခံကလည်း တိုက်သာတိုက်နေရသည် အင်အားမရှိခြင်း၊ အခြေအနေအရ ပူးပေါင်းခြင်းက သာ အဖြေတစ်ခုဖြစ်ကြောင်းမြင်လျှင် ပြည်သူလက်ခံနိုင်လောက်သောသူကို ထောက်ခံပေးကာ ဒီမိုကရေစီအသွင်ပြောင်းခြင်းဖြစ်သည်။
ဤနေရာတွင် ပါရာဒိုင်း (Paradigm) ဆိုသည့်စကားကို အနည်း ငယ်ရှင်းပြချင်ပါသည်။ Oxford English Dictionary တွင် "a pattern or model, an exampler" ဟုဖွင့်ဆိုပါသည်။ မြန်မာအဘိဓာန် များတွင် ‘‘စံ’’ ‘‘နမူနာ’’ ဟုဖွင့်ဆိုပါသည်။ အချို့ကလည်း ပါရာဒိုင်းကို အကူး အပြောင်း အရွေ့ ဟုဆိုကြသည်။ ထိုအဓိပ္ဋာယ်ကိုယူလျှင် Paradigm shift ဟုအပြည့်အစုံပြောမှ မှန်ကန်နိုင်ပါလိမ့်မည်။
The Structure of Scientific Revolutions (1962) စာအုပ်တွင် Thomas Kuhn က တော်လှန်ရေးနည်းဖြင့် အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ ကူးပြောင်းမှု အောင်မြင်ခြင်း သည် ရင့်ကျက်လာမှုကြောင့်ဖြစ်သည်ဟုဆိုခဲ့သည်။
သူက သိပ္ပံနည်းပညာကို ရည်ညွှန်းသော်လည်း နိုင်ငံရေးသဘောတရားအရပါ မှန်ကန်နေကြောင်းတွေ့ရသည်။ အခြေအနေတစ်ခုသည် တည်ငြိမ် လာမည်၊ ထိုတည်ငြိမ်နေစဉ်အတွင်း ရင့်ကျက်မှုတွေပေါင်းစုမည်၊ ယင်းမှ အခြား အခြေအနေတစ်ခုသို့ ကူးပြောင်းခြင်းကို paradigm shift အနေဖြင့် ခေတ်သစ်နိုင်ငံရေးလောကတွင် သုံးစွဲလာကြသည်။
Ref : The Spirit of Democracy, by Larry Diamond
တင်ညွန့်
No comments:
Post a Comment