၂၀၁၂ မှာ ပညာရေးအလှည့်အပြောင်း တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အရေအတွက် ပညာရေး (ပညာတတ်ဆိုတာတွေကို စက်နဲ့လှိမ့်ထုတ်သလို ထုတ်ပေးနေတဲ့ပညာရေး၊ တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ လက်မှတ်တစ်ခု ထုတ်ပေးလိုက်ရင် ပြီးပြီဆိုတဲ့ ပစ်စလက်ခတ် ပညာရေး) ကနေ အရည်အချင်းပညာရေးကို ကူးပြောင်းလာလိမ့်မယ်လို့ ယူဆရပါတယ်။
ဘွဲ့ရရင် ပညာတတ်တာပဲဆိုတဲ့အယူ အဆ၊ ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘွဲ့ဆိုတာ သတ်မှတ်ချက်သာဖြစ်ပြီး အရည်အချင်းကို လက်တွေ့ပိုင်းဖြတ် အသိအမှတ်ပြုနိုင်တဲ့ ပညာရေးမျိုးလည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်။
ကမ္ဘာတစ်လွှားကို အမြင်ကျယ်စွာနဲ့ ပြန်လည်သုံးသပ်ကြည့်စမ်းပါ။ နည်းပညာ ကုမ္ပဏီအများစုဟာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးတော့ လုပ်လာကြတာ တွေ့ရပါလိမ့်မယ်။ ပညာရှင်ကို ကိုယ်တိုင် မွေးထုတ်ချင်တဲ့ ကုမ္ပဏီတွေ၊ လုပ်ခွင်နဲ့လက်တွေ့ ပေါင်းစပ်ပေးတဲ့ ပညာရေးမျိုးကို ဦးစားပေးတဲ့ ကုမ္ပဏီပိုင် ကျောင်းတွေလည်း အများအပြားထူထောင်လာကြတာ သတိထားမိတယ်။
ကိုယ်လိုချင်တဲ့ပုံစံကို အစိုးရ ရိုက်သွင်းတာလည်းမခံ၊ ပုဂ္ဂလိက ပုံသွင်းတာလည်းမခံတော့ဘဲ ကိုယ့်ပုံစံအတိုင်း ထုတ်လုပ်လိုက်တဲ့ မိတ်အင်ကုမ္ပဏီ ဒီဇိုင်းနဲ့ လုပ်ငန်းခွင်လူသားတွေကို အနာဂတ်မှာ တွေ့မြင်ရပါတော့မယ်။
Microsoft ကုမ္ပဏီကြီးဟာ သူ့ ပါတနာတွေမွေးပြီး Learning Initiative ဆိုတာတွေ လုပ်လာတယ်။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ဆရာပေါင်း ၉ သန်းလောက်နဲ့ လက်တွဲပြီး အကောင်အထည်ဖော်သွားနိုင်အောင် လုပ်မယ်လို့ပြောထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး မဖွံ့ဖြိုးလို့ဆိုတာတွေနဲ့ အခြားစိန်ခေါ်မှုတွေအကြောင်းကို မေ့ထားပြီး သင်ကြားမှု သင်ယူမှု အဝန်းအဝိုင်းလေးတစ်ခုကို တစ်နိုင်တစ်ပိုင် ရအောင်ထူထောင်ကြမယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘ၀အတွက် ပညာရေးဆိုတာကို ဦးစားပေးသင် ကြားကြဖို့ လှုပ်ရှားနေကြပြီ။
စီးပွားရေးဆိုတာ ရာသီဥတုလိုပဲ အပြောင်းအလဲများနိုင်တာပဲ။ စီးပွားရေးမကောင်းလို့ ကျောင်းတွေ ပိတ်ထား ရမှာလား။ အိမ်မှာထမင်းစားစရာမရှိလို့ ကလေးတွေကို ကျောင်းမလွှတ်နိုင်ပါဘူးဆိုတဲ့ ဆင်ခြေတွေများလာတဲ့ နိုင်ငံတွေမှာ ပညာရေးနိမ့်ကျသွားတတ်တာကိုလည်း သတိပြုမိကြမှာပါ။ ဒါဆိုရင် ၂၀၁၂ ရဲ့ ပညာရေး လမ်းကြောင်းဟာ ဘယ်လိုများဖြစ်လာမလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင်
၁။ လုပ်ခွင်နဲ့ပညာရေးကို ပေါင်းစပ်ပေးဖို့ ဦးစားပေးလာကြလိမ့်မယ်
နေရာတိုင်း၊ နိုင်ငံတိုင်းရဲ့ လိုအပ်ချက်နဲ့ တောင်းဆိုချက်ဖြစ်နိုင်ပါတယ်။ အစဉ်အလာပညာရေးနဲ့ တက္ကသိုလ်တွေရဲ့ ပညာရေးက စာတွေ့များများ၊ လက်တွေ့နည်းနည်း စာကျက်ပြီးအောင်တဲ့ ပညာရေးကို ဦးစား ပေးထားတယ်။ ကျောင်းပြီးပြီးဆိုရင်လည်း လုပ်ငန်းခွင်လက်တွေ့ ထပ်သင်ရသေးတယ်။ ကျောင်းမှာ တတ်လာတာကတစ်ခြား၊ လုပ်ငန်းခွင်မှာကတစ်ခြား အံမဝင်ခွင်မကျ ဖြစ်နေတာများတယ်။
နိုင်ငံတိုင်းမှာ လက်တွေ့လုပ်ငန်းခွင် အသက်မွေးမှုသင်ကျောင်းတွေဟာ ပိုပြီးတော့ ရေပန်းစားလာနိုင်တယ်။ လုပ်ငန်းခွင်တွေက အမှန်တကယ်လို့အပ်တဲ့ ကျွမ်းကျင် ပညာရှင်တွေကို မွေးထုတ်ပေးနိုင်တဲ့ ကျောင်းတွေကို မိဘတွေကလည်း ပိုပြီး စိတ်ဝင်စား၊ ကျောင်းသားတွေကလည်း ရွေးချယ်မှုများလာနိုင်တယ်။
အခြေခံပညာအဆင့်ကျောင်းတွေဟာ အခြေခိုင်တဲ့ သိပ္ပံနဲ့ သင်္ချာဆိုင်ရာသဘောတရားတွေကို လုပ်ငန်းခွင်နဲ့ ဆက်စပ်အောင် ပြင်ဆင်ဖို့လိုလာပြီ။ စာတွေ့ကို လက်တွေ့နဲ့ ပေါင်းစပ်နိုင်အောင် အခြေခံအဆင့်လောက်ကပဲ ပြင်ဆင်ပေးလိုက်ရင် ပိုကောင်းတာပေါ့။
ကမ္ဘာမှာ အလုပ်လက်မဲ့ဦးရေ လျှော့ချနိုင်ရေးဟာ ဦးစားပေးလုပ်ဆောင် ရမယ့်အဆင့်တစ်ခုအနေနဲ့ ဆောင်ရွက်နေကြတာတွေ့ရတယ်။ စပိန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ လုပ်ငန်းသစ်တွေထူထောင်မှုများလာအောင် အစိုးရတွေက အားပေးတယ်။ လုပ်ငန်းတွေများရင် အလုပ်အကိုင်အခွင့် အလမ်းတွေ များလာ တော့မှာပေါ့။ ဒီတော့ ကျောင်းသားတွေကို အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးသစ်တွေ တွေးခေါ်ဖော်ထုတ် နိုင်တဲ့ ပညာမျိုးတွေ မသင်ပေးဘဲနဲ့ လုပ်ငန်းခွင်တွေကို လွှတ်လို့ မဖြစ်တော့ဘူးဆိုတာ သဘော ပေါက်လာကြတယ်။
အစဉ်အလာကျောင်းတွေက မသင်နိုင်ရင် သင်နိုင်တဲ့ကျောင်းတွေ ပေါ်လာလိမ့်မယ်။ လုပ်ငန်းခွင်နဲ့ အကိုက် ညီဆုံးကို မွေးထုတ်နိုင်တဲ့ပညာရေးပဲ အောင်မြင်လိမ့်မယ်။
၂။ ခေတ်ဆွေး ဆရာတွေနဲ့ နည်းပညာသင်ကြားရေး ထိပ်တိုက်တွေ့လိမ့်မယ်
ကျောင်းတွေမှာ နည်းပညာတွေဝင်လာရင် ဆရာတွေရဲ့ အခန်းကဏ္ဍ လျှော့ကျသွားလိမ့်မယ်ဆိုတဲ့ ဝေဖန် ငြင်းခုန်သံတွေ ဆူညံထလာတယ်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ အယူအဆကတော့ ဆရာတွေကို ရင်းနှီးမြှုပ် နှံတာနဲ့၊ ဆရာအလုပ်ကို ရင်းနှီးမြှုပ်နှံတာဟာ ပညာရေးအတွက် အကောင်းဆုံးအလုပ်တစ်ခုအနေနဲ့ သတ်မှတ် ထားတာကို ထူးခြားစွာသွားတွေ့နေရတယ်။
ဆရာတစ်ယောက်ဟာ လုပ်ငန်းထောင်ပေါင်းများစွာအတွက် အဓိကသော့ချက်ဖြစ်နေရမယ်။ အနာဂတ် လူ့ဘောင်ကို ပြောင်းလဲစေနိုင်တဲ့ အထောက်အကူပြုသူတွေဖြစ်ရမယ်ဆိုတဲ့ အယူအဆကို မိုက်ခရိုဆော့ဖ် ကတော့မပြောင်းသေးဘူး။ ဘေဂိတ်စ်နဲ့ သူ့ဇနီးတို့ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းက `ဆန်းသစ်သော သင်ကြားရေးနဲ့ သုတေသနပြုသင်ယူရေး´ ဆိုတဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေတယ်။ ဆရာတွေကို လည်း ထိရောက်တဲ့သင်ကြားမှုတွေပြုနိုင်အောင်၊ ကျောင်းသားတွေကိုလည်း ခေတ်နဲ့အညီ သက်ရောက်မှု ရှိနိုင်တဲ့ ပညာရေးမျိုး ဖြစ်လာအောင် သူတို့ကြံဆောင်နေကြတယ်။
ကလေးတစ်ယောက်ဟာ ပညာပိုပြီးတတ်လာလေ သူ့ဘ၀ရပ်တည်မှုနဲ့ ဝင်ငွေအတွက် ပိုပြီး ကောင်းလာလေ ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ ခုဆိုရင် ဟားဗတ်နဲ့ ကိုလံဘီယာတက္ကသိုလ်ကြီးတွေမှာ ဆရာတွေထဲကနေပြီး ကျောင်းသားတွေရဲ့ အနာဂတ်အတွက် အကျိုးအရှိဆုံးပညာသင်ကြားပေးနိုင်ရေးကို ဦးဆောင်ပြီး နည်းလမ်းတွေရှာဖွေနေကြပြီ။
သူတို့အား လုံးပူးပေါင်းပြီးတော့ Partners in Learning Network (http://www.pil-network.com/) ဆိုတာ ထူထောင်ထားတယ်။ အဲဒီ Site ထဲမှာ ကွန်ရက်ဆိုင်ရာ ဆက်သွယ်ရေး၊ ပညာရေးလုပ်သားများအတွက် ရင်းမြစ်များ၊ သင်ခန်းစာကြိုတင်ပြင်ဆင်ခြင်း၊ တန်ဖိုးမဖြတ် နိုင်တဲ့ နိုင်ငံတကာမှ အကောင်းဆုံး ဆရာတွေရဲ့ သင်ကြားမှုဆိုင်ရာ မှတ်စုတွေကို လေ့လာနိုင်တယ်။
၃။ စူးစမ်းလေ့လာမှုမှသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုသို့ ပြောင်းမည့် ၂၀၁၂
၂၀၁၂ မှာ ပညာရေးလောကမှ ဆရာတွေ ကျောင်းသားတွေအားလုံး Cloud နည်းပညာကို မဖြစ်မနေ သုံးဖို့လိုလာလိမ့်မယ်။ ခုကတည်းက မိုက်ခရိုဆော့ဖ်ရဲ့ Cloud service ကို ပညာရေးဘက်က ၂၂ သန်း လောက် သုံးစွဲနေကြတယ်။ နောက်လည်း အများကြီးတိုးတက်လာနိုင်စရာ အကြောင်းရှိတယ်။
ကျောင်းတွေက ဒစ်ဂျစ်တယ်ဖတ်စာတွေ၊ သင်ကြားမှု သင်ယူမှုဆိုင်ရာ အကြောင်းအချက်တွေကို လေ့လာခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ပြန့်ပွားစေခြင်း၊ ရယူအသုံးချခြင်းတွေကို Cloud က တစ်ဆင့်ပဲ လုပ်ဆောင် လာကြလိမ့်မယ်။
Cloud နည်းပညာက တန်ဖိုးအနည်းဆုံး၊ အမြန်ဆုံးလူထုဆက်သွယ်ရေးနည်းလမ်းဖြစ်လာတာကြောင့် သင်ယူမှုမှာ Cloud ရဲ့ အခန်းကဏ္ဍကို မရှိမဖြစ် ထည့်တွက်လာရလိမ့်မယ်။
၎။ ဒေတာမောင်းနှင်ရေးစနစ် ပညာခေတ်
သင်ယူမှုဖြစ်စဉ်မှာ ဒေတာတွေအရေးကြီးလာတယ်။ ဒေတာဆိုတာ ပြဋ္ဌာန်းချက်တစ်ခုတည်းကို ပြောတာ မဟုတ်တော့ဘူး။ ပြဋ္ဌာန်းချက်နဲ့ ဆက်နွှယ်နေတဲ့ အကြောင်းအရာတွေကို ရရှိနိုင်တဲ့အနေအထားကို ဖန်တီး ပေးနိုင်ဖို့ပြောတာ။ ပညာရေးမှာ နောက်အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်အောင် ဒေတာတွေက တံတားလို ခင်းပေးနိုင်ရမယ်။
ဒေတာဆိုတာ ဆရာကပေးနိုင်တာထက်၊ တပည့်ကရှာနိုင်တဲ့အဆင့်ကို အလေးပေးရမယ်။ ဒါကြောင့် နည်းပညာဟာ ပညာခေတ်ထဲကို သိသိသာသာဝင် ရောက်လာပြီဆိုတာကို အသိအမှတ်ပြုရ မယ်၊ မသုံးမဖြစ် အနေအထားကို ရောက်လာပြီဆိုတာလည်း သိထားရမယ်။ အချက်အလက်ဒေတာတွေကို အများဆုံး၊ အမြန် ဆုံး၊ အကောင်းဆုံးစုဆောင်းနိုင်တာ အွန်လိုင်းမှာဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမယ်။
လုပ်ငန်းခွင်က လုပ်ငန်းရှင်တွေက မိမိ တို့လုပ်ငန်းတွေက အမှန်တကယ်လိုအပ်ချက်တွေကို ပညာရေးဌာနနဲ့ ကျောင်းတွေကို ပို့ပေးနိုင်ရမယ်။ ကျောင်းတွေက လုပ်ငန်းခွင်လိုအပ်ချက်ပညာရေးကို အကောင်အထည် ဖော်ပေးဖို့ အားထုတ်ရတော့မယ်။
၅။ ကွန်ပျူတာနှင့် ဒစ်ဂျစ်တယ်သင်ယူမှု လမ်းကြောင်း
ပညာသင်ကြားရေးမှာ ကျောင်းသား ၄၀ ဆရာတစ်ယောက်၊ ကျောင်းသား ၂၀ ဆရာတစ်ယောက်နှုန်းနဲ့ သင်ကြားမှု သင်ယူမှုကို အကောင်အထည်ဖော်ဖို့တောင် မဖြစ်နိုင်သေးပါဘူး။
ခေတ်သစ်ပညာရေးက ကျောင်းသားတစ်ယောက် ဆရာတစ်ယောက်ဆိုတဲ့ ၁း၁ နှုန်းကို အကောင် အထည်ဖော်နိုင်တဲ့ခေတ် ဖြစ်လာပြီ။ သင်ယူမှုမှာ ပစ္စည်းတစ်ခုခုကို မဖြစ်မနေသုံးဖို့ လိုလာပါပြီ။ ကျောင်းတွေ မှာ BYOD ဆိုတဲ့ ညွှန်ကြားချက်ထုတ်နိုင်ဖို့လည်း လိုလာပြီ။ BYOD ဆိုတာက (bring your own device) ကိုပြောတာ။ သင်ယူမှုအတွက် ကိုယ့်ပစ္စည်း (ကွန်ပျူတာ) ကိုယ်ယူလာကြဖို့ပြောတာ။ ကွန်ပျူတာဆိုတာ ခြုံ ပြောလိုက်တာ။
ကျောင်းလာတဲ့ ကလေးတစ်ယောက်မှာ laptop, slate, tablet, phone တွေအပြည့်အစုံပါလာမှရတော့မယ်။ မကိုင်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက် မလိုချင်ပါဘူး။ ကိုင်နိုင်သုံးနိုင်တဲ့ ဝန်းကျင်တစ်ခုကို အမြန်ဆုံး ဖန်တီးပေးနိုင်ခြင်းဟာ ပညာရေးအတွက် အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခု ဖြစ်ပါ လိမ့်မယ်။ မိဘတွေမှာ တာဝန်ရှိပါတယ်။ အစိုးရတွေမှာ တာဝန်ရှိပါတယ်။
ပစ္စည်းရှိရုံသက်သက်မပြီးသေးဘူး။ အရေးကြီးတဲ့ အင်တာနက်အဆက်အသွယ်တွေကိုလည်း ဈေး အသက်သာဆုံး အမြန်ဆုံးရအောင် လုပ်ပေးရလိမ့်မယ်။ ပညာရေးအတွက် အင်တာနက်လို့ကြွေးကြော်တဲ့နိုင်ငံ တွေ ကြွေးကြော်ပြီး အခမဲ့သုံးနိုင်အောင် ကြံဆောင်ပေးနေကြချိန်မှာ ဂဏန်းပေါင်းစက်တောင် မကိုင်နိုင် ကြသေးတဲ့ နိုင်ငံတွေအတွက်လည်း ရင်လေးစရာကောင်းပါတယ်။
၆။ ဒစ်ဂျစ်တယ်သင်ရိုးနှင့် ဒစ်ဂျစ်တယ်ဖတ် စာခေတ်ကို ထူထောင်ပါ
ဒစ်ဂျစ်တယ်စနစ်နဲ့ ကျောင်းသုံးပြဋ္ဌာန်းချက်တွေအားလုံးကို အွန်လိုင်းပေါ်မှာရနေပြီဆိုတာ ကောလာဟလ မဟုတ်ပါဘူး။ ရအောင်ကြံဆောင်တဲ့နိုင်ငံတွေမှာ ရေမြင့်ကြာမြင့် ဒစ်ဂျစ်တယ်ခေတ်ပါဖြစ်သွားတယ်။ ဖတ်စာပြုစုရေးကော်မတီတွေ၊ ထုတ်ဝေရေးတွေ၊ ဖြန့်ချိရေးတွေ၊ ရောင်းချရေးတွေအားလုံး ဒစ်ဂျစ်တယ်ခေတ် အတွက် ပြင်ဆင်နေကြပြီ။
တူရကီနိုင်ငံဟာ ပညာခေတ်ပြောင်းတော်လှန်ရေးကို အစောဆုံးလက်ခံတဲ့ နိုင်ငံတစ်နိုင်ငံလို့ဆိုရမယ်။ ကျောင်းတွေမှာ ကိုယ်ပိုင်ရန်ပုံငွေတွေထူထောင်ပြီး ကျောင်းသုံးဖတ်စာအုပ်တွေအစား၊ ဒစ်ဂျစ်တယ်ဖတ် စာအုပ်တွေ ဝယ်နိုင်အောင် ပိုက်ဆံတွေ စုဆောင်းကြတယ်။ ဖတ်စာအုပ်နေရာမှာ ဒစ်ဂျစ်တယ် စာအုပ်တွေ အစားထိုးဖို့ အရှိန်မြှင့်နေကြတာ ဒစ်ဂျစ်တယ်ပညာခေတ် ပြောင်းတော်လှန်ရေးအတွက် အကောင်းဆုံး ပြင်ဆင် နေတာပါလို့ ပြောနိုင်တယ်။
ဒစ်ဂျစ်တယ်ဖတ်စာဆိုတာ စာဖတ်ရုံသက်သက်မဟုတ် အသိဉာဏ်ကို ဆင့်ကဲအထောက်အကူပြုနိုင်တဲ့ နည်းစနစ်ဆိုတာ သိသူတွေ ဖော်စားနေသလို၊ မသိသူတွေကလည်း မသိချင်ယောင်ဆောင်ပြီး ကျော်လွှား သွားနေကြတယ်။
ခုဆိုရင် မိုက်ခရိုဆော့ဖ်ဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်ပေါင်း ၁၅၀ ကျော် နဲ့ ချိတ်ဆက်ထားပြီးပြီ။ သူတို့က ဒစ်ဂျစ်တယ်လမ်းကြောင်းကို ပညာရေးမှာပြောင်းဖို့အချိန်အခါကောင်းလို့ယူဆထားကြတယ်။ မိုက်ခရိုဆော့ဖ် ကလည်း သူတို့အတွက် Cloud ဆိုတဲ့ အခွင့်အလမ်းကောင်းအတွက် တံခါးဖွင့်ပေးထားလိုက်တယ်။
နည်းပညာဟာ တံခါးကို လာခေါက်နေပါပြီ။ တံခါးတွေပိတ်ပြီး ဆွေးနွေးနေမယ့်အစား တံခါးဖွင့်ပေးပြီး ပြည်သူ့ အသံတွေ ဝင်လာတာကို နားထောင်ပြီးမှ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ကြရင် ကောင်းမယ်ထင်ပါတယ်။
ဘာပြောပြော ၂၀၁၂ ဟာ ပညာခေတ်ကို စိန်ခေါ်နေပါပြီ။
တင်ညွန့်
Ref: A Turning Point for Education? Trends to Watch in 2012, by Anthony Salcito
No comments:
Post a Comment