Wednesday, February 29, 2012

ကမ္ဘာ့အမျိုးသမီးများနေ့အတွက်မြန်မာ့အမျိုးသမီးသီးသန့်ကား (ဆုထက်ဝေ )


ကမ္ဘာ့အမျိုးသမီးများနေ့အတွက်မြန်မာ့အမျိုးသမီးသီးသန့်ကား
ညနေရုံးဆင်းလို့လှည်းတန်းမှတ်တိုင်မှာသူငယ်ချင်းနဲ့ကားစောင့်နေတုန်းကားတစ်စီးလာတာနဲ့ကျွန်မလည်းသူငယ်ချင်းကိုနှုတ်ဆက်ပြီးကားပေါ်ပြေးတက်ခဲ့ပါတယ်။ကားကအရမ်းချောင်နေပြီးနေရာရ တော့ပျော်တာပေါ့နော့။ရန်ကုန်မှာလိုင်းကားတိုးစီးပြီးအလုပ်လုပ်နေတဲ့သူတိုင်းအဲ့ဒီလိုကားချောင် ချောင်လေးကိုနေရာရပြီးစီးရတဲ့ခံစားမှုမျိုးကိုကြိုက်ကြမှာပါ။ကားပေါ်ရောက်တော့မှကျွန်မသတိထားမိလိုက်တာကတော့ကျွန်မစီးမိတဲ့ကားကအမျိုးသမီးသီးသန့်ကားဖြစ်နေတယ်။ဒီကားပြေးစွဲနေတာတစ်လလောက်နီးပါးရှိနေပြီကျွန်မတစ်ခါမှမစီးဘူးသေးပါ။ယခုပထမဆုံးအကြိမ်စတင်စီးခြင်းဖြစ်ပါတယ်။ လှည်းတန်းကနေမောင်းလာပြီးဆင်ရေတွင်းမှတ်တိုင်ရောက်တော့၊လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့လူငယ်တစ်သိုက်ကဝေး….ဆိုပြီးထာအော်ကာကားကိုလက်ညိုးထိုးပြနေကြပါတယ်။ကျွန်မလည်းသူတို့ဘာပြောတယ်ဆိုတာကိုတော့မသိပေမဲ့သူတို့အော်သံကိုတော့သတိထားမိသွားပါတယ်။တစ်ခါဆင်ရေတွင်းမှတ်တိုင်ကျော်ပြီး၊သံလမ်းရောက်တော့ကားပေါ်ကိုဆံပင်ချထားတဲ့အမျိုးသမီးဟုထင်ရသောလူတစ်ယောက်ပြေးတက်လာပါတယ်။ထိုသူနေရာမှာထိုင်ခါနီးကားစပယ်ယာကဒါအမျိုးသမီးသီးသန့်ကားလို့ပြောလိုက်တဲ့အတွက်သူခမြာရှက်ကိုးရှက်ကန်းနဲ့ကားပေါ်ကနေပြန်ဆင်းသွားပါတယ်။ကျွန်မ လှမ်းကြည့်လိုက်တော့အမျိုးသမီးဟုထင်ရသော(gay)ဖြစ်နေသည်ကိုတွေ့ရပါတယ်။တစ်ခါဘာတာနားရောက်တော့ကားပေါ်ကိုအမျိုးသမီးတစ်ယောက်နဲ့အမျိုးသားတစ်ယောက်တက်လာပါတယ်။ ကားစပယ်ယာထိုအမျိုးသားကိုကားပေါ်မှစွဲမချပါ။ကျွန်မလည်းစိတ်ဝင်စားတာနဲ့သေချာကြည့်လိုက် တော့ အမျိုးသားဟုထင်ရသော(lesbian ) ဖြစ်နေတာကိုသတိထားမိပါတယ်။ သမိုင်းလမ်းဆုံရောက် ခါနီးတစ်မှတ်တိုင်အလို ဘုရားလမ်းမှတ်တိုင်ရောက်တော့ ချစ်သူစုံတွဲအတွဲတစ်တွဲကားပေါ်သို့ တက်မည် အပြု၊ ကားစပယ်ယာမှ အမျိုးသမီးသီးသန့်ကားပါအစ်ကိုလို့ပြောလိုက်သည့်အတွက် ချစ်သူ ယောက်ျားလေးနှင့်အတူစီးခွင့်မရသည့်အတွက် မိန်းကလေး ကပါကားကိုမစီးတော့ပဲကျန်ခဲ့သည်ကို ကျွန်မသတိပြုမိလိုက်ပါတယ်။သမိုင်းလမ်းဆုံမှတ်တိုင်ရောက်တော့သိတဲ့အတိုင်းပေါ့နော့။ကားတွေ ကလည်းအများကြီးလူတွေကလည်းအိမ်ကိုပြန်ဖို့အတွက်ကားစောင့်နေကြတာပြည့်လို့ပေါ့။ဒါပေမဲ့လူ တွေကအမျိုးသမီးသီးသန့်ကားကိုကြည့်ပြီးပြုံးတဲ့လူကပြုံး၊လက်ညိုးထိုးပြီးပြောတဲ့လူကပြောနဲ့အတော်ကိုအထူးအစမ်းဖြစ်နေပါတယ်။ကားပေါ်ကိုအမျိုးသမီးတစ်ယောက်၊နှစ်ယောက်လောက်ကလွဲပြီးခရီး သည်သိပ်မတက်ကြပါ။ကျွန်မကားပေါ်မှာပါလာတဲ့အမျိုးသမီးတွေကိုသတိထားမိတော့လည်း၊ကျွန်မ စိတ်ထဲမှာတစ်မျိုးတော့ခံစားရပါတယ်။ကားပေါ်မှာစီးလာတဲ့မိန်းကလေးတွေမျက်နှာဟာနဲနဲမာနကြီးတဲ့ဂိုက်(ဒါကတော့ကျွန်မစိတ်ထင်လားမသိဘူးပေါ့နော့)ပုံစံမျိုးဖြစ်နေတာကိုသတိပြုမိပါတယ်။
ကျွန်စိတ်ထဲမှာတစ်ခုခုကိုအလိုမကျသလိုလိုခံစားရပါတယ်။ဘာဖြစ်လို့လဲဆိုတော့အမျိုးသမီးတွေကို အလေးပေးတယ်၊အမျိုးသမီးအခွင့်အရေးကိုရေးရှု့တယ်ဆိုပြီးလုပ်ပေးလိုက်တဲ့လုပ်ရပ်လေးတွေက တစ်ခါတစ်လေမှာအမျိုးသမီးတွေကိုပိုပြီးတော့နှိမ်သလိုဖြစ်မနေဘူးလားနော်။လူငယ်တစ်သိုက်ဘာ ကြောင့်ဝေး…လို့အော်လိုက်တာလဲ၊လမ်းဘေးကယောကျာ်းတွေကဘာလို့လက်ညိုးထိုးပြီးရယ်သွားကြတာလဲ၊အမျိုးသမီးပုံစံဝတ်ပြီးတက်လာတဲ့အခြောက်ခဗျာရှက်ရှက်နဲ့ပြန်ဆင်းသွားရတဲ့အဖြစ်၊ယော ကျာ်းလေးလိုဝတ်ထားပြီးကားထိုင်စီးနေတဲ့ယောကျာ်းရှာ၊ကားချောင်ရဲ့သားနဲ့ချစ်သူကျန်ခဲ့တဲ့အတွက်မလိုက်ခဲ့ရတဲ့မိန်းကလေး….ကျွန်မခေါင်းထဲမှာအတွေးပေါင်းအစုံဝင်ပြီးတော့ကျွန်မဆင်းရမဲ့မှတ်တိုင် ရောက်တော့ကားပေါ်ကဆင်းခဲ့ပါတယ်။ကျွန်မအိမ်မှာအဲ့ဒီအကြောင်းကိုကျွန်မအစ်ကိုနဲ့မောင်ကိုပြန် ပြောပြတော့စပယ်ယာလည်းမိန်းမပဲထားလိုက်ပြီးရောဆိုပြီး၊ခနဲတဲ့တဲ့လေသံနဲ့ပြောတာကိုကျွန်မ ကြားလိုက်တော့၊စိတ်ထဲမှာအတော်မကျေမနပ်ဖြစ်သွားပါတယ်။ရှေးရိုးရာဓလေ့ထုံးတန်းအစဉ်အလာအရကျွန်မတို့နိုင်ငံမှာမိန်းကလေးဆိုရင်ဘယ်လိုနေရမယ်၊ဘာမလုပ်ရဘူး၊ဘယ်လိုမပြောရဘူးစတဲ့ ဖိနှိပ်မှုတွေရှိနေတဲ့အတွက်မိန်းကလေးတွေဟာကိုယ်ရဲ့အခွင့်အရေးတွေနဲ့ပတ်သက်လာရင်ကောင်း သလား၊ဆိုးသလားတောင်မခွဲခြားနိုင်တော့တဲ့အခြေအနေမျိုးတွေနဲ့ကြုံတွေနေရတာကိုဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းမျာကိုလုပ်ကိုင်နေသောလူတိုင်းသတိပြုမိကြမှာပါ။နောက်ပြီးလူ့အခွင့်အရေးလို့ပြောလာရင် ယောကျာ်း၊မိန်းမ၊အခြောက်၊ယောကျာ်းရှာအားလုံးကတန်းတူညီတူရသင့်တဲ့အခွင့်အရေးပါ။လူတစ် ယောက်ကိုအခွင့်အရေးပေးလိုက်တဲ့အတွက်၊နောင်တစ်ယောက်မှာထိခိုက်နစ်နာသွားရင်တော့         မကောင်းဘူးပေါ့နော်။မြန်မာပြည်ရဲ့အမျိုးသမီးတွေကိုအလေးထား၊အခွင့်အရေးပေးတဲ့အနေနဲ့ပြုလုပ် ပေးထားတဲ့အမျိုးသမီးသီးသန့်ကားကတော့၊အမျိုးသမီးတွေကိုပိုပြီးတော့နှိမ့်ချသလိုများဖြစ်နေပြီလားမသိဘူးဆိုပြီးကျွန်မစိတ်ထဲမှာဘ၀င်မကျဖြစ်နေမိသည်မှာအမှန်ပါပဲရှင်။

By: ဆုထက်ဝေ
(27/2/2012- 11:35 PM)

Tuesday, February 28, 2012

‘အယူတော်မင်္ဂလာ’

.
ဗုဒ္ဓဘာသာ ကျမ်းစာတွေတွေအရ (၃၁) ဘုံကို အကြမ်းအားဖြင့် – လူ့ဘုံ၊ နတ်ဘုံ၊ ဗြမ္မာ့ဘုံ ဆိုပြီး သုဂတိဘုံက (၃)ဘုံ။ ငရဲ၊ တိရိစ္ဆာန်၊ ပြိတ္တာ၊ အသူရကယ်ဆိုတဲ့ ဒုက္ခတိဘုံက (၄)ဘုံ ဆိုပြီး ခွဲခြားထားပါတယ်။ အဲဒီမှာ လူသားတွေနေဖို့အတွက် မြင့်မိုရ်တောင်ဆိုတဲ့ တောင်ကြီးကို ဝန်းရံပြီး အရှေ့ကျွန်း၊ တောင်ကျွန်း၊ အနောက်ကျွန်း၊ မြောက်ကျွန်း ဆိုပြီး ကျွန်းကြီး လေးကျွန်း ရှိပါသတဲ့။ အဲဒီ ကျွန်းကြီးလေးကျွန်းပေါ်မှာ နေထိုင်ကြသူ တွေဟာ လူ့ဘုံလောကသားတွေပေါ့။
.
အဲဒီမှာ ကျွန်တောင်တို့နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တဲ့ ကျွန်းကတော့ “ဇမ္ဗူဒီပါ လက်ယာ တောင်ကျွန်း” လို့ ခေါ်တဲ့ မြင့်မိုရ်တောင်ကြီးရဲ့ တောင်ဘက်မှာ တည်ရှိတဲ့ တောင်ကျွန်း လို့ ဆိုပါတယ်။ ကျန်တဲ့ကျွန်းတွေမှာ ဘုရားပွင့်လေ့မရှိဘဲ လက်ယာတောင်ကျွန်းလို့ခေါ်တဲ့ တောင်ကျွန်းအရပ် သည်သာလျှင် ဘုရားရှင် အဆူဆူပွင့်တော်မူရာ မြင့်မြတ်သော ဘူမိနက်သန် နေရာတစ်ခု ဖြစ်တယ်လို့ ပိဋကတ်တော်တွေမှာ အဆိုရှိပါတယ်။
.
(ဆရာရေ – ကျွန်တော်တော့ “ Google Map ” မှာကြည့်တာ ဒီကျွန်းတွေကို မတွေ့ပါဘူးလို့တော့ ကပ်တီးကပ်ဖဲ့ မပြောနဲ့နော်။ လောကကြီးမှာ ကိုယ်မသိနိုင်သေးတာတွေ အများကြီး ရှိသေးတယ် လို့သာ ခံယူလိုက်ပါဗျာ။ တကယ်လည်း လောကကြီးအကြောင်းကို လူတွေသိတာက နည်းနည်းလေးပါ။ မသိတာက တကယ့်ကို အများကြီးပါ၊ ကိုယ့်မျက်စေ့နဲ့ မမြင်လို့သာ မရှိဘူးပြောရရင် နေ့စဉ်ရှုရှိုက်နေတဲ့ “လေ” ကိုကော မြင်ရလို့လား။ ဒါပေမယ့် “လေ” ရှိတယ်ဆိုတာတော့ လက်ခံတယ်မဟုတ်လား။ ဒီလိုဘဲပေါ့)
.
ဒီဆောင်းပါးမှာ ပြောချင်တာက ကျွန်တော်တို့ နေထိုင်တဲ့၊ ဘုရားအဆူဆူပွင့်တော်မူတဲ့ ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း ဆိုတာ ကျန်တဲ့ကျွန်းတွေနဲ့လုံးဝမတူတဲ့ အချက်က – “နိမိတ်ထွန်း” တယ်ဆိုတဲ့ အချက်ပါဘဲ။ “ဇမ္ဗူဒီပါ လက်ယာတောင်ကျွန်း နိမိတ် ထွန်း၏” လို့ ကျမ်းစာ အဆူဆူမှာ ဖော်ပြပါရှိပါတယ်။
.
ဒီတောင်ကျွန်းမှာ ကောင်းတာဘဲဖြစ်ဖြစ်၊ ဆိုးတာဘဲဖြစ်ဖြစ်၊ ဖြစ်မယ့်ပျက်မယ့် အရာအားလုံးအတွက် ရှေ့ပြေးနိမိတ်က အရင်လာတယ်လို့ ဆိုပါတယ်။ “ဖြစ်မယ် ဆိုရင်လည်း နိမိတ်ကအရင်လာတယ်၊ ပျက်မယ်ဆိုရင်လည်း နိမိတ်က အရင်လာတယ်” လို့ ဆိုပါတယ်။ လူတွေကသာ သတိမထားမိချင်နေမယ်။ ဖြစ်မယ့်ပျက်မယ့် ကိစ္စတွေအားလုံးဟာ နိမိတ်တစ်ခု၊ (တစ်ခါတစ်လေ တစ်ခုထက်ပိုပြီး) နိမိတ်ပြတတ်ပါတယ်။ ရှေ့ပြေး ပုဗ္ဗနိမိတ် လာပြီးမှ အဖြစ်အပျက်တွေ ဖြစ်လာတာဘဲ ဖြစ်ပါတယ်။
.
ဘုရားပွင့်တော့မယ်ဆိုရင်လည်း အနှစ်ရာနဲ့ချီပြီးကတည်းက ပုဗ္ဗနိမိတ်တွေ ပေါ်ပါတယ်။ မယ်တော်မာယာရဲ့ ဝမ်းကြာတိုက်ကို ဘုရားလောင်း ဝင်စားတော့မယ်ဆိုရင်လည်း- ငလျှင်လှုပ်ခြင်း၊ တော်လဲခြင်း၊ ပန်းနံ့သာမိုးများရွာသွန်းခြင်း၊ အလုံးစုံသော တူရိယာ တို့သည် မတီးမမှုတ်ဘဲ အလိုလို မြည်ခြင်း၊ အချိန်အခါ မဟုတ်ဘဲ သစ်ပင်ပန်းမန် အားလုံး ဖူးပွင့်လာခြင်း၊ ငရဲမီးများ ခေတ္တငြိမ်းသက်သွားခြင်း – - စတဲ့ (၃၂) ပါးသော ပုဗ္ဗနိမိတ်တွေပြပြီးမှ ဝင်စားလာတာပါ။ ဘုရားသခင်ဖွားတော်မူမယ့် နိမိတ်၊ ဘုရားလောင်း တောထွက်တော့မယ့် “သူအိုသူနာ သူသေရဟန်း” ဆိုတဲ့ နိမိတ်ကြီး (၄)ပါး၊ ဘုရားပွင့်တော့မယ့် နိမိတ်၊ ဘုရားပရိနိဗ္ဗာန်စံတော့မယ့် နိမိတ် စသဖြင့် နိမိတ်တွေ ရှိကြတာကို ဗုဒ္ဓဘာသာဝင်တိုင်းလိုလို ကြားဘူးနားဝရှိကြမှာပါ။
.
အင်္ဂုလိမာလဆိုတဲ့ လက်ညှိုးပေါင်းတစ်ထောင်ဖြတ်ခဲ့တဲ့ လူဆိုးကြီးဆိုရင်လည်း သူမွေးဖွားတဲ့ အချိန်မှာ တစ်တိုင်းပြည်လုံးမှာ ရှိတဲ့ ဓါး၊ လှံ၊ လက်နက်တွေ နဲ့ ကောသလမင်းကြီးရဲ့ နန်းတော်ထဲမှာရှိတဲ့ ဓါးလှံလက်နက်တွေဟာ အရောင်တဝင်းဝင်း တောက်ပြီး၊ အသံမျိုးစုံမည်လာတယ်လို့ ဆိုပါတယ်။
.
မှန်နန်းရာဇဝင်ကြီးကို ဖတ်ကြည့်ရင်လည်း မင်းလောင်းပေါ်မယ့် နိမိတ်၊ ရှင်ဘုရင်တွေ နန်းကျမယ့်နိမိတ်၊ ကံတော်ကုန်မယ့် နိမိတ်၊ စစ်အောင်နိုင်မယ့် နိမိတ်၊ စစ်ရှုံးမယ့် နိမိတ်တွေကို တွေ့ရမှာပါ။
.
ရှေးခေတ်လူတွေကတော့ အတိတ်တို့ နိမိတ်တို့ကို ယုံကြည်ကြတယ်။ လေးစားလိုက်နာကြတယ်။ အခုခေတ် လူငယ်တွေ ကတော့ ဒါတွေကို အယုံအကြည်မရှိကြတော့ပါဘူး။ “Date Out ” သွားပြီးလို့ဘဲ ပြောကြမှာပါ။ အယူသည်းတယ်။ အစွဲအလန်းကြီးတယ်။ သိပ္ပံနည်း မကျဘူး ဆိုတာတွေနဲ့ လာကြမှာပါဘဲ။
.
ဒါပေမယ့် ဒီခေတ်မှာလည်း အတိတ်တို့၊ နိမိတ်တို့၊ အိပ်မက်တို့ကို ယုံကြည်ပြီး နေ့စဉ် အသုံးချနေတဲ့ လူတန်းစားတွေ ကလည်း ရှိသေးတယ်။ သူတို့ကတော့ (၂)လုံး၊ (၃)လုံး သမားတွေပေါ့။ ညက အိပ်မက်ထဲမှာ လူသေတာကို မက်တယ်ဟေ့။ ကနေ့ တော့ သုညတစ်လုံးကျိန်းသေဘဲ – - – တို့။ – - – မနက်က ဘုရားလှည့်လာတာတွေ့တယ်တော့- ဒီနေ့တော့ (၉) ပါလိမ့်မယ် ထင်တယ်တို့ နဲ့ နေ့စဉ်ကို အတိတ်နိမိတ်ကောက်နေကြတာကို ကြားကြမှာပါ။ မှန်တာလည်း ရှိ၊ မှားတာလည်း ရှိ။ များသောအားဖြင့် တော့ မှားကြပါတယ်။ နောက်ပြီးကျမှသာ “ပေါက်ဖော်” လုပ်ကြပြီး – - – ငါ့နှယ်ကွာ – - ဒီလောက်ရှင်းရှင်းကြီး ပြရက်သားနဲ့ သောက်တလွဲ ကောက်မိတယ်တို့၊ ဘာတို့ဖြစ်ကုန်ကြရော။
.
အမှန်ကတော့ ဒီလိုသေးသိမ်တဲ့ လောင်းကစားကိစ္စလေးတွေ ကနေစပြီး ၊ အင်မတန် အရေးကြီးလှတဲ့ တိုင်းရေးပြည်ရာ ကိစ္စအထိ အရာအားလုံးဟာ အတိတ်နိမိတ် အရင်လာပြီးမှ ဖြစ်ရ/ပျက်ရတယ်လို့ ကျွန်တော်ကတော့ အလေးအနက် ယုံကြည်ပါတယ်။ ဒါပေမယ့် ပေါ်လာတဲ့ နိမိတ်ကို ကောက်တဲ့နေရာမှာ ထက်မြက်တဲ့ ဉာဏ်ပညာလိုတယ်။ အတွေ့အကြုံ လိုတယ်။ ခပ်ပေါ့ပေါ့လေး မကောက်ယူဘဲ လေးလေးနက်နက် တွေးတောကြံဆတတ်ဖို့လိုတယ်လို့ ယူဆပါတယ်။ ဒါမှ မှန်ကန်တဲ့ နိမိတ်ကောက်ကိန်းကို ရနိုင်ပါမယ်။
.
နိမိတ်ကတော့ ဘယ်တော့မှ မမှားနိုင်ဘူး။ ကောက်ယူပုံလွဲလို့သာ မှားချင်မှားပါလိမ့်မယ်။ ဒါကလည်း အတွေ့အကြုံက အများဆုံးလိုပါတယ်။ နောက်တစ်ခုကတော့ “ပါရမီ” ပေါ့။ “ပါရမီ” ဆိုတာကတော့ ရှင်းပြရဖို့ တော်တော်ခက်ပါတယ်။ ဟိုး အတိတ်, အတိတ် ဘဝတွေက ပြုလုပ်ခဲ့တဲ့ အကျိုးဆက်လို့ ဆိုရပါမယ်။ ပါရမီ နဲ့ ပတ်သက်လာရင်တော့ မြန်မာ့ဗေဒင်သမိုင်းမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်ပြီး တစ်ခေတ်တစ်ယောက်လို့ ဆိုနိုင်ခဲ့တဲ့ “အယူတော်မင်္ဂလာ ဦးနိုး” ရဲ့ သမိုင်းကြောင်းက သက်သေသာဓက ဖြစ်နေပါတယ်။
.
အယူတော်မင်္ဂလာဦးနိုးဟာ အဲဒီခေတ်အခါက ရှင်ဘုရင်အပါးမှာ ခစားနေကြတဲ့ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညို၊ ဟူးရား၊ ပုရောဟိတ် တွေရဲ့ နေလနက္ခတ်တွေနဲ့ တွက်ချက်ဟောပြောတဲ့ပညာတွေကို အံတုပြီး ဘာတွက်ကိန်းမှ မပါတဲ့ အတိတ်နိမိတ်ဆိုတဲ့ ပညာနဲ့ ဒက်ထိဟောပြောပြီး ကျော်ကြားခဲ့ သူတစ်ဦးပါ။ သူဟာ ဘယ်သူမှ ဘယ်သူမှ မတွေးမကြံနိုင်သလို ကြံတွေးဆပြီး အမှန်တရားတွေကို ဖော်ထုတ်ခဲ့သူတစ်ဦးဖြစ်တဲ့ အတွက် ပါရမီထူးတဲ့ ပုဂ္ဂိုလ်တစ်ဦး လို့ပြောရမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အတိတ်နိမိတ်ပညာကို ပိုမို လေးနက်ခန့်ငြားတဲ့ စကားလုံးဖြစ်တဲ့ “ အယူတော် မင်္ဂလာ” ဆိုတဲ့ ဘွဲ့တံဆိပ်တော် ကိုပါ ချီးမြှင့်ခံခဲ့ရသူဖြစ်ပါတယ်။ အယူတော် မင်္ဂလာဦးနိုးရဲ့ အကြောင်းတွေကိုတော့ စာအုပ်ဆိုင်တွေမှာ ဝယ်ဖတ်လို့ ရနိုင်တဲ့အတွက် ဒီအကြောင်းကို အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။
.
(ဒီနေရာမှာ အတိတ်နိမိတ်ပညာနဲ့ ပတ်သက်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖတ်ချင်ရင် “ ဝဏ္ဏကျော်ထင် သီရိပျံချီ ဦးဘသိန်း ရဲ့ ကိုယ်တွေ့ အယူတော်မင်္ဂလာ” ဆိုတဲ့ စာအုပ်ကလေးကို ပညာအလင်းပြ စာအုပ်ဆိုင်မှာ ဝယ်လို့ရပါသေးတယ်။ တစ်ချိန်က အလွန်ရှားပါး စာရင်းဝင် စာအုပ်ပါ။ အခုတစ်ခါ ပြန်ရိုက်တာပါ။ ပြောလောက်အောင် ကောင်းပါတယ်။ ကုန်သွားရင် နောက်ထပ် ပြန်ရိုက်ချင်မှ ရိုက်တော့မယ်။ မြန်မာ့ရိုးရာဗေဒင်ပညာ ဝါသနာပါသူတိုင်း ဆောင်ထား သင့်တဲ့စာအုပ်ပါ)
.
အယူတော်မင်္ဂလာဆိုတဲ့ အတိတ်နိမိတ်ပညာရဲ့ ဘောင်ထဲမှာ အကျုံးဝင်နေတဲ့ ဝေါဟာရတွေကတော့ “ အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” တို့ဖြစ်ကြပါတယ်။
.
“အတိတ် နဲ့ နိမိတ်” ကတော့ ပေါက်ဖော်ကြီးနဲ့တရုတ်ကြီးလိုပါဘဲ။ သဘောသွားခြင်း အတူတူပါဘဲ။ လူတစ်ဦး တစ်ယောက် အတွက်ဖြစ်စေ၊ လူအများအတွက်ဖြစ်စေ ကောက်ယူနိုင်ပါတယ်။ တစ်ဦးချင်းနဲ့ပိုပြီး သက်ဆိုင်တဲ့ သဘော ရှိပါတယ်။ “ဘဝေါ” ကတော့ တိုင်းရေးပြည်ရာနဲ့ ပိုပြီး သက်ဆိုင်ပါတယ်။ တိုင်းရေးပြည်ရေးအတွက် သီးသန့် ကောက်ယူရတာမျိုးဖြစ်ပါတယ်။ ငလျှင်လှုပ်တာ၊ ဘုရားရောင်ခြည်တော်လွှတ်တာ၊ ရုပ်ပွားတော် တွေကနေ ချွေးထွက်တာ၊ လကိုကြယ်ဖောက်တာ၊ ကြယ်ကြွေတာ စတာတွေဟာ “ဘဝေါ” အမျိုးအစားတွေထဲမှာ ပါပါတယ်။
.
“စနည်း” ဆိုတာကတော့ ပြဿနာတစ်ခုခုအတွက် အဖြေရှာချင်လို့ အပြင်ကိုထွက်ပြီး ဘာမြင်ရလဲ၊ ဘာကြားရလဲဆိုတာကို လေ့လာပြီး ကိုယ်သိချင်တဲ့ ပြဿနာကို အဖြေရှာတာဖြစ်ပါတယ်။ အတိတ်နိမိတ်ပညာကို တတ်ကျွမ်းသူတွေ အဖြေရှာလေ့ရှိတဲ့ နည်းစနစ်တခု ဖြစ်ပါတယ်။
.
“အပြင်ထွက်ပြီး စနည်းနာ လိုက်ဦးမယ်” ဆိုတာမျိုး ကြားဘူးကြမှာပါ။ စာရေးသူ ကိုယ်တိုင်လည်း ပြဿနာတစ်ခုကို တွက်ချက်မှုတွေမလုပ်ဘဲ – အဖြေရှာချင်တဲ့အခါမှာ လမ်းလျှောက်ထွက်ရင်းနဲ့ စနည်းနာလေ့ရှိပါတယ်။ ကိုယ်သိချင်တဲ့ ကိစ္စကို တိုင်တည်ထားပြီး တွေ့သမျှ မြင်သမျှတွေဟာ ကိုယ့်အတွက် နိမိတ်ဖြစ်ပါစေလို့ စိတ်ထဲက ရည်စူးထားရတာပေါ့။ မကြာပါဘူး။ တိုက်ဆိုင်တဲ့ကိစ္စ တစ်တစ်ခုခုတော့ တွေ့လာရတာပါဘဲ။
.
ဥပမာ- စနည်းနာပုံလေးတစ်ခုကို ပြောပြပါဦးမယ် – ယောင်္ကျားလေးတိုင်းလိုလို စိတ်ဝင်စားတဲ့ ဘောလုံးပွဲလေး တစ်ခုအကြောင်းကို ကိုယ်တွေ့စနည်းနာ ခဲ့ပုံလေး တင်ပြပါဦးမယ်။ မန်ယူ နဲ့ အာစင်နယ် ကန်မယ့်ပွဲတုန်းကပေါ့။
ညနေခင်းလောက်မှာ ကျွန်တော် လမ်းလျှောက်ထွက်ပြီး စနည်းနာကြည့်တော့ မကြာပါဘူး။ တွေ့တော့တာပါဘဲ။ လူတစ်ယောက် ကုန်းကုန်းကွကွနဲ့ လုပ်နေတာတွေ့လို့ မယောင်မလည်နဲ့ အနားကပ်ပြီး စနည်းနာကြည့်တော့ ဖိနပ်ပြတ်နေတာ ခင်ဗျ။ သူ့ပါးစပ်ကလည်း ပြောသေးတယ်။ ဒီ ဖိနပ်နှယ်ကွာ၊ အိမ်တုန်းက မပြတ်ဘဲ အပြင်ရောက်မှ ပြတ်ရသလားကွာ တဲ့။ ကျွန်တော် အဖြေရလိုက်ပါပြီ။ “ဖိနပ်” နဲ့ “မန်ချက်စတာယူနိုက်တက်” က ရှေ့ဆုံးနေ့နံ နဲ့ နောက်ဆုံးနေ့နံ (ကြာသပတေး နဲ့ စနေ) ဓာတ်တူနံတူ။ “ပြတ်” နေတယ်ဆိုကတည်းက မန်ယူ အတွက် သိပ်မကောင်းတော့ဘူး။ ဒီကြားထဲပြောလိုက်တာက “အိမ်မှာတုန်းက မပြတ်ဘဲနဲ့အပြင်ရောက်မှပြတ်တယ်” ဆိုတာက – အဲဒီနေ့ကန်မယ့်ပွဲမှာ အာစင်နယ်က အိမ်ကွင်း၊ မန်ယူက အဝေးကွင်း (အပြင်ကွင်း)။ အဲဒီတော့ ကောက်ချက်ချလိုက်ရင် မန်ယူဟာ အိမ်ကွင်းမှာဆိုရင်တော့ မရှုံးနိုင်ဘဲ အဝေးကွင်း (အပြင်ကွင်း) မှာ ရှုံးလိမ့်မယ်ဆိုတဲ့ အဖြေထုတ်လို့ ရလိုက်ပါတယ်။ တကယ်လည်း (၂-၁)နဲ့ မန်ယူရှုံးခဲ့တယ် မဟုတ်လား။ ဟို ပြီးခဲ့တဲ့ (၂)ပတ်က ပွဲနော်။
.
“တဘောင်” ဆိုတာကတော့ ကလေးတွေ၊ လူငယ်တွေ သူတို့ဟာသူတို့ လုပ်ပြီး သီဆိုကြတဲ့ ကဗျာတိုလေးတွေ နဲ့ သီချင်းမျိုး တွေဖြစ်ပါတယ်။ လူတစ်ဦး တစ်ယောက်နဲ့သာမက တိုင်းပြည်တစ်ခုလုံး၊ ကမ္ဘာကြီးတစ်ခုလုံးနဲ့ပါ သက်ဆိုင်နေတတ် ပါတယ်။ မြန်မာနိုင်ငံမှာ သီပေါမင်း နန်းတက် လာတော့ ဒီလို တဘောင်ပေါ်ခဲ့ဘူးပါတယ်။
“တုန်းအောက်က သီတွန်၊ လူလွန်မသား၊ မုန့်ဆီကြော် အလယ်အက်၊ ပြည်ဖျက်မယ့်သား” တဲ့။ တုန်းအောက်က သီတွန် ဆိုတာ “သီပေါမင်းဟာ မင်းတုန်းမင်းရဲ့ သားတော်တစ်ပါးမဟုတ်လား။ “တုန်း” က “မင်းတုန်း” ၊ “သီ” က “သီပေါ” ။ လူလွန်မသား ဆိုတာ သီပေါမင်းရဲ့ မယ်တော်ဟာ လူ့ဘောင်လောကကို လွန်မြောက်ပြီး သီလရှင်ဝတ်သွားလို့ “လူလွန်မ,သား” လို့ တင်စား ပြောတာဖြစ်ပါတယ်။ “မုန့်ဆီကြော်အလယ်အက်” ဆိုတာကတော့ ကျွန်တော် အသေအချာ မသိပါဘူး။ ကာရံညီအောင် ညှိထားတာလို့ ထင်ပါတယ်။ “ပြည်ဖျက်မယ့်သား” ဆိုတာကတော့ ရှင်းပါတယ်။ သူရဲ့ အုပ်ချုပ်ရေး ညံ့ဖျင်းလို့ တိုင်းပြည်ပျက်ပြီး အင်္ဂလိပ် လက်အောက် ကို ရောက်သွားတာပေါ့။
.
နောက်တစ်ခါ အင်္ဂလိပ်ပြေးပြီးခါနီးတော့ ကျွန်တော့်တို့ အမေရဲ့ ဇာတိဖြစ်တဲ့ ရေနံချောင်းမြို့မှာ အရူးမတစ်ယောက်က သူ့ဟာသူ သဲပုံစေတီ တစ်ဆူ တည်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ “အရူးမ ဘုရားတည်၊ တန်ခူးလ ကုလားကွယ်” ဆိုတဲ့ တဘောင်တစ်ခု ဖြစ်လာပါတယ်။ တကယ်လည်း တန်ခူးလလောက်မှာ ဂျပန်တွေဝင်လာပြီး ကုလားလို့ခေါ်တဲ့ အင်္ဂလိပ်တွေ အိန္ဒိယ ကို ဆုတ်ခွာပြေးရပါတယ်။
.
တစ်ခါ ဂျပန်တွေ ဝင်လာတော့လည်း လ ကို သောကြာကြယ်ဖောက်သွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်လာပြီး – “ လ ကို ကြယ်ဖောက် ဂျပန်ရောက်၊ ရောက်သည့် ဂျပန် (၃)နှစ်ခံ” ဆိုတဲ့ တဘောင်ပေါ်လာပါတယ်။ ဂျပန်ဟာ မြန်မာပြည်ကို ၁၉၄၂ ခုနှစ်မှာ ဝင်လာပြီး ၁၉၄၅ ခုမှာ စစ်ရှုံးလို့ ဂျပန်အုပ်ချုပ်ရေး ပြီးသွားတဲ့အတွက် ဒီတဘောင်ဟာလည်း မှန်တယ်လို့ ဆိုရမှာပါ။
.
ဖ.ဆ.ပ.လ ခေတ်မှာ တည်မြဲပါတီနဲ့ သန့်ရှင်းပါတီတို့ အပြိုင်အဆိုင်မဲဆွယ်နေကြတဲ့ အချိန်မှာ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခရဲ့ “ဘဝသံသရာ” ဇာတ်ကားကြီးပေါ်ထွက်လာပြီး အဲဒီဇာတ်ကားထဲမှာပါတဲ့ “ ဘဝသံသရာ၊ ရှည်လျားထွေပြား၊ မနေမနား တစ်သွားတည်းသွားကြတာ – - – ဘယ်ဟာ မတည်မြဲ၊ ဖောက်လွဲဖောက်ပြန်၊ အကြောင်းမှန် ကမ္မသကာ – - -) ဆိုတဲ့ သီချင်းဟာ လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။ ဒါကိုတော့ တေးသီချင်း “ဘဝေါ” အမျိုးအစားထဲမှာ ပါလိမ့်မယ်။ “ဘယ်ဟာ မတည်မြဲ” ဆိုတဲ့ အတိုင်း ဦးနုရဲ့ တည်မြဲ ပါတီဟာ မတည်မြဲတော့ဘဲ သန့်ရှင်းပါတီကို မဲအပြတ်အသတ်နဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။
.
အတိတ်၊ နိမိတ်၊ တဘောင်တွေကို ဖြစ်လာတဲ့ နေရာမှာ “ကလေးရယ်၊ သူရူးရယ်၊ သဘင်သည်” တွေရယ်ဟာ တော်တော် အရေးကြီးတဲ့ ကဏ္ဍမှာ ပါနေပါတယ်။ ကလေးတွေပြောတဲ့စကားနဲ့ သီချင်းတွေရယ် – အရူးတွေပြောတဲ့စကားနဲ့ အပြုအမူတွေရယ် – သဘင်သည်လို့ခေါ်တဲ့ အခုခေတ် ရုပ်ရှင်၊ ဗွီဒီယို၊ ဂီတပညာရှင်တွေရဲ့ သရုပ်ဆောင်မှုနဲ့ သီချင်းတွေဟာ “အတိတ်နိမိတ်” သဘောသာမက “ တဘောင်၊ ဘဝေါ ” လို့ခေါ်တဲ့ တိုင်းပြည်ရဲ့ အရေးကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိနေတာကို ကျွန်တော် သတိထားမိပါတယ်။
.
အထူးသဖြင့် မြန်မာနိုင်ငံမှာ အဆိုတော်လို့ခေါ်တဲ့ သီချင်းသည်တွေရဲ့ သီချင်းတွေဟာ တိုင်းပြည်ရဲ့ တဘောင်၊ ဘဝေါတွေ ဖြစ်နေတာကို သတိထားမိပါတယ်။ ၂ဝဝ၃-၂ဝဝ၄ ခုနှစ်လောက်မှာ Iron Cross တေးဂီတအဖွဲ့တွေရဲ့ သီချင်းတစ်ပုဒ်ဟာ တိုင်းပြည့်အနှံ့ အတော်ရေပန်းစားခဲ့ပါတယ်။ အဲဒါကတော့ “ရောဂါ” ဆိုတဲ့ သီချင်းဖြစ်ပါတယ်။ သီချင်းရဲ့သံစဉ်လေးကလည်း အင်မတန်ကောင်းပါတယ်။ လူငယ်တိုင်းရဲ့ ပါးစပ်ဖျားမှာလဲ “ရောဂါ – ရောဂါ” နဲ့ပေါ့ ။ သိပ်မကြာပါဘူး၊ တစ်ချိန်တည်းလိုပါဘဲ။ ကမ္ဘာ့လူသားအားလုံးကို တုန်လှုပ်ချောက်ခြားသွားစေတဲ့ “ဆားစ်” ရောဂါတို့၊ “ကြက်ငှက်တုပ်ကွေး” ရောဂါတို့ ပေါ်လာ ပါတော့တယ်။
.
အခု ၂ဝဝ၈ ခုနှစ် သင်္ကြန်ကာလတုန်းက နေရာတိုင်းမှာ ကလေး၊ လူကြီး အားလုံး သီဆိုနေတဲ့ သီချင်းတစ်ပုဒ်ကို လူတိုင်း သတိထားမိကြမှာပါ။ အဲဒါကတော့ “အိုးလေးလှုပ်ပါဟေ့၊ အိုးလေးလှုပ်ပါဟေ့” ဆိုတဲ့ သီချင်းပါ။ တစ်ချို့က “အိုးလေးတွင် အားမရဘဲ အိုးကြီးလှုပ်ပါဟေ့၊ အိုးကြီးလှုပ်ပါဟေ့” ပါ ဖြစ်ကုန်ကြရော။
.
အဲဒီတုန်းက ကျွန်တော့်ရဲ့ မိတ်ဆွေလည်းဖြစ်၊ ဆရာလည်းဖြစ်တဲ့ “မဟာဘုတ်သက္ခတ်ပညာရှင် ဆရာဦးအောင်ကြင်” က “ဆရာရေ – - ဒီသီချင်း ဒီလောက် ရေပန်းစားနေတာ ကျွန်တော်တော့ သိပ်ဘဝင်မကျလှဘူး။ “အိုး” ဆိုတာ ရေထည့်တာကို ပြောသလို အိမ်တစ်အိမ်ရဲ့ စီးပွားရေးကိုလည်းပြောတာဗျ။ အိုးလေးရော အိုးကြီးရော ဆိုတော့ နဲနဲရှိတဲ့လူကော၊ များများရှိတဲ့ လူကော လှုပ်ခတ်ပြီး ဒုက္ခရောက်ကြမယ့် ကိန်းခန်း ဘဲဗျ။ နောက်ပြီး “အိုးအိမ်ဦးစီး ဌာနတို့၊ အသက်အိုးအိမ်စည်းစိမ်တို့ – စသဖြင့် အိုး နဲ့ အိမ် နဲ့ တွဲခေါ်ကြတယ်မဟုတ်လား” “အိုး” ဆိုရင် “အိမ်” လည်းပါတယ်ဗျ။ “စည်းစိမ်(စီးပွား)လည်း ပါလိမ့်မယ်ဗျ” လို့ ကြိုတင် နိမိတ်ဖတ်ထားဘူးတယ်ဗျ။
.
သိပ်မကြာပါဘူးဗျာ။ “နာဂစ်” နှိပ်စက်လိုက်တာ မြန်မာနိုင်ငံသား တော်တော်များများရဲ့ အိုးအိမ်စည်းစိမ်တွေသာမက အသက်တွေပါ ဆုံးရှုံးသွားကြ ရတယ်မဟုတ်လား။ (အဲဒီနေ့က လေတွေတဝုန်းဝုန်း တိုက်နေတဲ့ မနက် (၄)နာရီလောက်မှာ ဆရာဦးအောင်ကြင်ဆီကို “ဆရာရေ – ဆရာ နိမိတ် ကောက်တာ မှန်လှချည့်လား” လို့တောင် လှမ်းပြီးဖုန်းဆက်မိသေးတယ်)
.
ဒါတောင်မှ ဒီနိမိတ်က မပြီးသေးဘူး ။ အခု အမေရိကန်နိုင်ငံက စလိုက်တဲ့ ဘဏ်ပျက်၊ စီးပွားပျက်ကပ်ဟာ ကမ္ဘာအနှံ့ထိအောင် နဲနဲရှိသူရော များများရှိသူရောပါ လှုပ်ခတ်နေပြီ မဟုတ်ပါလား။ ဒါကြောင့် တစ်ချို့ နိမိတ်၊ တဘောင် နဲ့ ဘဝေါတွေဟာ နိုင်ငံတစ်ခုအတွက်သာမက တစ်ကမ္ဘာလုံးနဲ့ပါ သက်ဆိုင်နေတတ်တယ်။ ဆက်သွယ်ရေးစနစ်တွေ သိပ်ကောင်းလာတဲ့ ခေတ်ကြီးမှာ ကမ္ဘာကြီးဟာ ရွာကြီးတစ်ခုလိုဖြစ်လာပြီး “ကမ္ဘာ့ရွာကြီး” လို့တောင် တင်စားခေါ်ဝေါ်နေကြပြီ မဟုတ်လား။ ရွာအရှေ့ပိုင်းက ဖြစ်တဲ့ အဖြစ်အပျက်ဟာ ရွာအနောက်ပိုင်းက ချက်ခြင်းသိရသလိုဘဲ ကမ္ဘာ့တစ်နေရာက အဖြစ်အပျက်ဟာ မိနစ်ပိုင်း၊ စက္ကန့်ပိုင်းအတွင်း တစ်ကမ္ဘာလုံးက သိနိုင်ကြတဲ့ အချိန်ကို ရောက်လာပါပြီ။ ဒါကြောင့် “အတိတ်၊ နိမိတ်၊ တဘောင်၊ ဘဝေါ” တစ်ခုဟာ မြို့ရွာတစ်ခု၊ နိုင်ငံတစ်ခုနဲ့သာမက တကမ္ဘာလုံးနဲ့ပါ သက်ဆိုင်လာပါပြီ။
.
ဒါကြောင့် အယူတော်မင်္ဂလာ လို့ ခေါ်တဲ့ “အတိတ်၊ နိမိတ်၊ ဘဝေါ၊ တဘောင်၊ စနည်း” ဆိုတဲ့ ပညာတွေဟာ ခေတ်နောက်ကျတဲ့ အယူသည်းတဲ့ ပညာတွေမဟုတ်ဘဲ အကယ်ရှိ၊ အဟုတ်ရှိ၊ လက်တွေ့မှန်တဲ့ပညာများဖြစ်တယ်လို့ ကျွန်တော်ကတော့ လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒါကြောင့် ရှေးလူကြီးတွေဟာ “နိမိတ်မရှိတဲ့ စကားများ မပြောကြနဲ့၊ မနက် စောစောစီးစီး ကျက်သရေမရှိတဲ့ စကားများ မပြောကြနဲ့” လို့ ဆိုဆုံးမလေ့ရှိကြပါတယ်။
.
အခုခေတ်လူငယ်တွေဟာ အဝတ်အစားကို ဖရိုဖရဲဝတ်လာကြပါတယ်။ အနက်ရောင်တွေ၊ အရိုးခေါင်းပါတဲ့တီရှပ်တွေ၊ တမင်တကာ စုတ်ပြဲအောင်လုပ်ထားတဲ့ အင်္ကျီဘောင်းဘီတွေ ခေတ်စားနေကြတာဟာ ဘယ်လိုမှ နိမိတ်ကောင်း မဖြစ်နိုင်ပါဘူး။ အနက်ရောင်ဟာ တကယ်တော့ စနေဂြိုဟ်ရဲ့အရောင်၊ ဒုက္ခ နဲ့ မရဏ ရဲ့ အရောင်။ ဝမ်းနည်းကြေကွဲမှုရဲ့အရောင်ပါ။ အရိုးခေါင်း ဆိုတာကလည်း သေခြင်းတရားကို တိုက်ရိုက်ရည်ညွှန်းနေတာပါ။ အစုတ်အပြဲတွေ တမင်ဖြစ်အောင်လုပ်ဝတ်နေကြတာလည်း အစုတ်စုတ် အပြတ်ပြတ် ဖြစ်တော့မလားလို့ စဉ်းစားစရာပါ။ ရှာထိုးဦးထုပ်တွေကို နောက်ပြန်ဆောင်းနေကြတာဟာလည်း ရှေ့ကို တက်လှမ်းဖို့ မညွှန်ပြတော့ဘဲ နောက်ပြန်ဆုတ်ဖို့ ညွှန်ပြနေတဲ့ နိမိတ်လို့ ယူဆစရာပါ။ ဒါကြောင့် ဒီလိုဝတ်စား နေတာတွေကို မြင်ရတာ လုံးဝ စိတ်မချမ်းသာ စရာပါဘဲ။
.
နောက်တစ်ခုလူငယ်တွေစကားပြောလိုက်ရင် “သေ” စကားက အမြဲပါတာကို သတိထားမိပါတယ်။ “အသေမုန်းတယ်” တို့ ၊ “အသေကြိုက်တယ်” တို့၊ “အသေမိုက်တယ်” တို့၊ “သေပြီဆရာ” တို့။ ဒါတွေကလည်း လုံးဝမကောင်းပါဘူး။ “စကားနောက်၊ တရားပါ” ဆိုတာမျိုး ဖြစ်တတ်ပါတယ်။ အခုခေတ်မှာ နာရေးကြော်ငြာကို ကြည့်လိုက်ရင် အသက်ငယ်ငယ် ရွယ်ရွယ်နဲ့ သေတဲ့သူတွေ ပိုများလာတာကို သတိပြုမိကြမှာပါ။ ဒါကြောင့် “သီးမှည့် တဝင်းဝင်း၊ သီးကင်းတဖြုတ်ဖြူတ်” ဆိုတဲ့ စကားပုံပေါ်လာတာပါ။ အသက်ကြီးတဲ့လူတွေက အသေနည်းပြီး အသက်ငယ်တဲ့သူတွေ အသေပိုများ လာတဲ့ခေတ် ဖြစ်နေပါတယ်။
.
ကျွန်တော်တို့ ငယ်ငယ်တုန်းကဆိုရင် ဇာတိမြို့ကလေးမှာ “နာရေး” ဖြစ်ပြီ ဆိုရင် အဖိုးကြီး အဖွားကြီး တွေဘဲများပါတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့များ သေတယ်ကြားရင် အထူးအဆန်းလုပ်ပြီး သွားကြည့်ရပါတယ်။ ပြီးခဲ့တဲ့ သီတင်းကျွတ်လတုန်းက မိဘဘိုးဘွားတွေကို ကန်တော့ဖို့ အညာကို ပြန်သွားတဲ့အခါ ဟိုလူငယ်လေးကို မတွေ့လို့မေးကြည့် – သေသွားပြီ (AIDS နဲ့) ။ ဒီကလေးကို မတွေ့လို့ မေးကြည့် သေသွားပြန်ပြီ – (အရက် နဲ့) ။ ဟိုချာတိတ် မတွေ့ပြန်လို့ မေးကြည့်၊ ရွှေသွားတူးရင်း သေသွားပြီ (ငှက်ဖျား နဲ့) ။ လူငယ်လေးတွေ သိပ်သေကြတယ်ဗျာ။ ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ လူငယ်ဘဝ နဲ့ သေခြင်းတရားနဲ့ဟာ ဘာမှ မဆိုင်သလိုပါဘဲ။
.
“စကားနောက် တရားပါ” ဆိုတာနဲ့ ပတ်သတ်ပြီး ပြောရဦးမယ်။ ကျွန်တော်တို့ ဇာတိမြို့လေးက ရပ်ကွက်ထဲမှာ အပျိုကြီး တစ်ယောက် ရှိတယ်။ အပျိုကြီးဆိုတော့ သုံးစွဲမယ့် လင်သား၊ သားသမီးကလည်းမရှိ၊ ကပ်စေးကလည်း အလွန်နဲတော့ အသက် (၅ဝ)လောက် ဆိုရင်ဘဲ ရွှေငွေပစ္စည်းက တော်တော်လေး စုမိနေပြီ။ အဲဒီတော့ ဆွေမျိုးမိတ်ဆွေတွေက အဆင်မပြေလို့ သူ့ဆီလာပြီး ချေးငှားရင် ဘယ်တော့မှ ချေးလို့မရပါဘူး။ “ပိုက်ဆံများ – - မရှိပါဘူးတော်” ဆိုတာ သူ့လက်သုံးစကား။ အမြဲတမ်း မရှိကြောင်း ပြောတတ်တယ်။ ဒီလိုနဲ့ အသက်(၆ဝ)ကျော်လာတဲ့အချိန်မှာ အကြောင်းအမျိုးမျိုးနဲ့ လက်ထဲရှိတဲ့ ရွှေငွေတွေဟာ တတိတိနဲ့ ကုန်ဆုံးလာလိုက်တာ ကွယ်လွန်ချိန်မှာ သူပြောသလို “ဘာဆို ဘာမှ မရှိတော့ဘဲ” ဆင်းဆင်းရဲရဲနဲ့ ကွယ်လွန်သွားရရှာပါတယ်။
.
ဒါကြောင့် တတ်သိနားလည်းတဲ့ ရှေးလူကြီးသူမတွေဟာ “ကိုယ့်မှာ ဘယ်လောက်အဆင်မပြေပြေ၊ မရှိစကားတော့ မပြောကြနဲ့ ဟေ့” လို့မှာသွားကြတာပါ။ မရှိတာကို ရှိချင်ယောင်ဆောင်ပြီး၊ ကြွားဖို့ မဟုတ်ပါ။ မရှိသေးပေမယ့်၊ တညည်းညည်း တညူညူ လုပ်မနေဘဲ အနာဂါတ်မျှော်လင့်ချက်တွေနဲ့ ရှင်သန်နေကြဖို့ ပြောတာပါ။
စဉ်းစားစရာ ရှိတာက ဖြစ်ပေါ်လာတဲ့ အကောင်း/အဆိုး ကိစ္စတွေဟာ – တကယ် ဖြစ်ကို ဖြစ်ရမှာမို့ အတိတ်နိမိတ်က ပေါ်လာတာလား။ အတိတ်နိမိတ်မကောင်းတာတွေကို ပြောဆိုလုပ်ကိုင်မှုတွေကြောင့် မကောင်းတာတွေဖြစ်လာကြသလား ဆိုတာတော့ အတော်ပြောဖို့ ခက်ပါတယ်။ နောက်ဆုံးတော့ တစ်ခုတစ်ခုဟာ “ အညမည” သဘော ၊ “ပဌာန်း” သဘော နဲ့ အပြန်အလှန် အထောက်အကူပေးပြီး အကျိုးပြု နေကြတယ်လို့သာ ကောက်ချက်ချမိ ပါတော့တယ်ဗျာ။
.
ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်ပြီး မိမိရဲ့အိမ်၊ မိမိရဲ့မြို့၊ မိမိရဲ့ နိုင်ငံ တတ်နိုင်သရွေ့ကောင်းစားကြရအောင် ကျက်သရေ မင်္ဂလာရှိတဲ့ အပြောအဆို နဲ့ ဝတ်စားဆင်ယင်မှုလေးတွေကို ကိုယ်တိုင်လည်းလုပ်၊ မိမိသားသမီး၊ ညီငယ် ညီမငယ်တွေ၊ ခင်မင်ရင်းနှီး တဲ့ မိတ်ဆွေတွေ (အထူးသဖြင့် ဆယ်ကျော်သက်များ) ကိုလည်း စည်းရုံး ပြောဆို ပေးနိုင်ကြမယ် ဆိုရင် “အညမည” သဘော၊ “ ပဌာန်း” သဘောအရ အချင်းချင်း အပြန်အလှန်အထောက်အကူဖြစ်ပြီး ကောင်းမြတ်သာယာ မင်္ဂလာရှိတဲ့ ကိစ္စတွေ ဖြစ်ထွန်းပေါ်ပေါက် လာလိမ့်မယ်လို့ မျှော်လင့်မိကြောင်းပါ ခင်ဗျား။
.
ဖတ်ရှုသူအားလုံး ကျန်းမာချမ်းသာကြပါစေကုန်သော်။
.
ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒသုခု)

ဗော်လတဲ နဲ့ မဟာဖရက်ဒရစ်



(သည်ဆောင်းပါးကို စတိုင်သစ်မဂ္ဂဇင်းမှာ ပထမဖော်ပြခဲ့ပြီး နောက်တော့ ဆန့် ကျင်ဘက် ဆောင်းပါးများ ဆိုတဲ့ စာပေါင်းစုစာအုပ်ထဲမှာ ထည့်သွင်းခဲ့ပါတယ်။ မူရင်းကတော့ E.M.Forster ရဲ့ Two Cheers for Democracy စာအုပ်ထဲက Voltaire and Frederick the Great ဖြစ်ပါတယ်။)
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကျော်က ပြင်သစ်လူမျိုးတယောက်ဟာ ဂျာမန်လူမျိုးတယောက်ဆီကို အလည်အပတ် သွားခဲ့ပါတယ်။ သမိုင်းမှာ အလွန်လူသိများတဲ့ အလည်အပတ် ခရီးစဉ်ကြီးတခုပါ။
ပြင်သစ်လူမျိုးဖြစ်သူက ဂျာမန်နိုင်ငံတော်ကြီးဆီ အရောက်လာရတာကို အလွန်ပျော်ရွှင်ကြည်နူးနေသလို အိမ်ရှင်ဖြစ်တဲ့ ဂျာမန်လူမျိုးကလည်း အလည်လာတဲ့ ပြင်သစ်လူမျိုးကို ၀မ်းပမ်းတသာ ကြိုဆိုခဲ့ပါတယ်။
သူတို့ နှစ်ဦးရဲ့ ၀မ်းသာပျော်ရွှင်မှုဟာ ယဉ်ကျေးမှုသဘောအရ ဟန်လုပ်ပြသရတဲ့ ၀မ်းသာပျော်ရွှင်မှုမျိုးလောက် မဟုတ်ပါဘူး။ တို့နှစ်ယောက်တော့ သေတပန်သက်တဆုံး မိတ်ဆွေအရင်းအချာတွေ ဖြစ်ကြရတော့မယ်လို့  တွေးပြီး စိတ်အားထက်သန်မှုတွေအပြည့်နဲ့  လှိုက်လှိုက်လှဲလှဲ ၀မ်းသာပျော်ရွှင်ခဲ့ကြတာပါ။
သို့ပေမယ့် သူတို့ တွေးထင်ခဲ့တဲ့အတိုင်း မဖြစ်ခဲ့ပါဘူး။ သမိုင်းတွင်တဲ့ ခရီးစဉ်ကြီးဟာ အောင်မြင်မှုမရဘဲ အပျက်ကြီးပျက် အဆုံးရှုံးကြီးဆုံးရှုံးခဲ့ပါတယ်။
သည်ခရီးစဉ်ကြီးအကြောင်းကို သည်ကနေ့အထိ ဂျာမန်တွေရော ပြင်သစ်တွေပါ ပြောဆိုနေကြတုန်းပါ။ ဂျာမန်တွေက သည်ခရီးစဉ် ပျက်ရတာဟာ ပြင်သစ်လူမျိုးကြောင့်လို့  ပြောနေသလို ပြင်သစ် တွေကလည်း ဂျာမန်လူမျိုးကြောင့် သည်ခရီးစဉ်ပျက်ရတာလို့  ပြောနေပါတယ်။
ဧည့်သည်ဖြစ်တဲ့ ပြင်သစ်လူမျိုးက စာရေးဆရာကြီး ဗော်လတဲ ဖြစ်ပါတယ်။ သည်နေ့ ခေတ် လူတွေ အနေနဲ့တော့ ဗော်လတဲဟာ ဘယ်အရာကိုမဆို အပြစ်မြင်တတ်တဲ့သူ၊ သရော်လှောင်ပြောင်တတ်တဲ့သူ၊ မဖွယ်မရာ ပြက်လုံးထုတ်တတ်တဲ့သူ လို့ပဲ မြင်နေကြပါလိမ့်မယ်။
တကယ်တော့ ဗော်လတဲဟာ သူ့ ခေတ်သူ့ အခါက တခြားသူတွေထက် ခေါင်းတလုံးပိုမြင့်ခဲ့သူ ဖြစ်ပါ တယ်။ ထိပ်ဆုံးမှာ ရှိခဲ့တဲ့ လူတယောက်ပါ။ ဥရောပယဉ်ကျေးမှုကြီးက ဖန်တီးထုတ်လုပ်ခဲ့တဲ့ မဟာလူသားတွေထဲမှာ ဗော်လတဲလည်း တယောက် အပါအ၀င် ဖြစ်တယ်လို့  တထစ်ချ ပြောနိုင်ပါတယ်။
တကယ်လို့ များ ဘုရားသခင်ရဲ့ နောက်ဆုံးတရားစီရင်ပွဲမှာ စကားပြောဖို့  ဥရောပတိုက်ကြီးအတွက် ကိုယ်စားလှယ် နှစ်ယောက်ရွေးပါဆိုရင် ကျနော်ကတော့ ရှိတ်စပီးယားနဲ့  ဗော်လတဲ ကို ရွေးပါမယ်။ ရှိတ်စပီးယားကို ရွေးရတာက သူ့ ရဲ့ ဖန်တီးမှုစွမ်းရည်ကြောင့်ပါ။ ဗော်လတဲကို ရွေးရတာကတော့ ဝေဖန်မှုစွမ်းရည်နဲ့  လူသားဆန်တဲ့ စိတ်ဓာတ်ကြောင့်ပါ။
ဗော်လတဲဟာ အမှန်တရားကို မြတ်နိုးတယ်။ သည်းခံခြင်းတရားကို ယုံကြည်လက်ခံတယ်။ အဖိနှိပ်ခံတွေကို ကြင်နာသနားတတ်တယ်။ စိတ်ဓာတ်ကလည်း ကြံ့ခိုင်ထက်မြက်တာဆိုတော့ သူ့ အယူအဆတွေကို ပြတ်ပြတ်သားသား ဖော်ထုတ်တင်ပြနိုင်ခဲ့တယ်။
ကျနော်တို့ လို လူတွေအနေနဲ့ ကိုယ့်အယူအဆကို အဆီအငေါ်တည့်အောင် ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဗော်လတဲလို ကြီးကျယ်တဲ့ ပုဂ္ဂိုလ်မျိုးက ပြတ်ပြတ်သားသားပြောဆိုနိုင်ခဲ့လေတော့ သာမန်ပြည်သူတွေလိုပဲ ကျနော်လည်း ဗော်လတဲကို ကျေးဇူးတင်မိပါတယ်။ မတရားမှုကို ဆန့်ကျင်ပြီး သာယာဝပြောတဲ့ လောကကြီးကို တည်ဆောက်ဖို့ အားထုတ်နေကြတဲ့ လူသား အမြောက်အများအတွက် ဗော်လတဲဟာ စကားပြောခဲ့သူ ဖြစ်ပါတယ်။
ဗော်လတဲဟာ စာတွေ အများအပြားရေးခဲ့ပါတယ်။ ပြဇာတ်တွေ ၀တ္ထုတိုတွေ အများအပြား ရေးခဲ့ပါတယ်။ အခုအချိန်မှာတော့ သူ့ ပြဇာတ်တွေကို မေ့ကုန်ကြပါပြီ။ သူ့ ဝတ္ထုတို တချို့ ကိုတော့ ဖတ်နေကြပါသေးတယ်။ အလွန်လူသိများတဲ့ ကင်ဒိ (Candide) အမည်ရှိ ၀တ္ထုရှည်တပုဒ်ကို ရေးခဲ့ပါတယ်။ သတင်းစာသမားတယောက်လည်း ဖြစ်ခဲ့ပြီး ကြေညာစာတမ်းတွေလည်း ရေးခဲ့ပါတယ်။ သိပ္ပံပညာနဲ့  ဒသနပညာကိုလည်း လေ့လာခဲ့ပါတယ်။ လူကြိုက်များတဲ့ သမိုင်းဆရာတယောက်လည်းဖြစ်ပြီး အဘိဓာန်စာအုပ်ကြီးတအုပ်ကိုလည်း ရေးသားပြုစုခဲ့ပါတယ်။
ဥရောပတိုက်တခွင်က လူတွေဆီကို ပေးစာတွေ ရေးသားပေးပို့ ခဲ့ပါတယ်။ နေရာတကာမှာ ဗော်လတဲ စာအဆက်အသွယ်လုပ်သူတွေ ရှိနေခဲ့ပါတယ်။ ဥာဏ်ကလည်း ရွှင်၊ ခေတ်လည်းမီ၊ သွက်လက် ထက်မြက်သူလည်း ဖြစ်တာကြောင့် ဥရောပတခွင်က ဘုရင်တွေ အင်ပါယာအရှင်တွေဟာ ဗော်လတဲကို အလွန် အလေးဂရု ပြုကြပါတယ်။ ဗော်လတဲ ဆီက စာတစောင်ရရင် ၀မ်းမြောက်ဂုဏ်ယူကြပြီး အလျင်အမြန် ပြန်စာရေးကြပါတယ်။
ဗော်လတဲဟာ ရသစာပေ ဖန်တီးရာမှာတော့ သိပ်မထူးချွန်ပေမယ့် သူ့မှာ ကြီးကျယ်တဲ့ ဥာဏ်ပညာ ရှိတယ်။ ကြင်နာတတ်တဲ့ နှလုံးသား ရှိတယ်။ သည်ဥာဏ်ပညာနဲ့  နှလုံးသားကို လူ့ လောကရဲ့ အကျိုးစီးပွားအတွက် မြှုပ်နှံထားသူ ဖြစ်ပါတယ်။
သည်အရည်အချင်းတွေကြောင့်ပဲ ဥရောပတိုက်ကြီးရဲ့ ကိုယ်စားလှယ်အဖြစ် ရှိတ်စပီးယားနဲ့ အတူ ဗော်လတဲကိုလည်း ရွေးချယ်ရခြင်းပါ။ နာဇီတွေ မပေါ်ပေါက်ခင် နှစ်ပေါင်းနှစ်ရာလောက်ကြိုတင်ပြီး နာဇီတွေကို ဆန့်ကျင်ခဲ့တာ ဗော်လတဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဗော်လတဲ ရဲ့ စိတ်ဓာတ်ဟာ စင်းလုံးချော မဟုတ်ခဲ့ပါဘူး။ ဗော်လတဲဆီမှာ ဆန့်ကျင်ဖက် ဖြစ်နေတဲ့ စိတ်ဓာတ်စရိုက်တွေ ရှိနေပါတယ်။ သူဟာ အမှန်တရားကို မြတ်နိုးသူ ဖြစ်ပေမယ့် မကြာခန လှည့်ပတ်ပြောဆိုတတ်ပါတယ်။ လူတွေကို ချစ်ခင်ကြင်နာတတ်ပေမယ့် မကြခန ဒေါသထွက်တတ်ပါတယ်။ ရက်ရက်ရောရော ပေးကမ်းတတ်ပေမယ့် ငွေကြေး အကျိုး အမြတ် ရအောင်လည်း လုပ်တတ်ပါတယ်။
ဗော်လတဲဟာ မွေးရာပါ လူပြောင်လူနောက်တယောက်ပါ။ သူတပါးကို သရော်လှောင်ပြောင်နေရမှ နေထိုင်ကောင်းတဲ့ လူစားပါ။ သူ့ မှာ ဘွဲ့ ထူးဂုဏ်ထူး ဘာမှ မရှိ။ ရုပ်ရည် သွင်ပြင်ကလည်း အလွန်ဆိုး ။ လူကောင်က သေးသေးညှက်ညှက် ဂင်တိုတို။ နှာခေါင်းက ရှည်ရှည်။ အသားက မည်းမည်း။ မျက်လုံးက ပြူးပြူး။ စကားပြောတော့ မပီ့တပီ လေလုံးမကွဲဘူး။ အ၀တ်အစား ၀တ်တဲ့အခါ လူကောင်သေးသေးတွေ ၀တ်မြဲထုံးစံအတိုင်း တန်ဆာပလာ ခပ်များများ။ ဆံပင် အတုက သူ့ ခေါင်းနဲ့ မလိုက်အောင် ကြီးလွန်းတော့ မျက်နှာက ပျောက်နေတယ်။
သို့ကလို ပြင်သစ်လူမျိုး ဗော်လတဲဟာ ဘာလင်ရွှေမြို့ တော်ကို ၁၇၅၁ ခုနှစ် ဇွန်လ ၁၃ ရက်နေ့ မှာ ရောက်ရှိခဲ့ပါတယ်။ သူ့ ကို ကြိုဆိုတဲ့ အိမ်ရှင်ကတော့ ပရပ်ရှားနိုင်ငံတော်ကြီးကို ဘုန်းမီးနေလ အုပ်စိုးတော်မူတဲ့  ဂျာမန်လူမျိုး မဟာဖရက်ဒရစ် ဖြစ်ပါတယ်။
မဟာဖရက်ဒရစ်ဘုရင်ကြီးဟာ ခေတ်သစ်ဂျာမန်နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူတွေထဲမှာ တယောက်အပါအ၀င် ဖြစ်ပါတယ်။ ဟစ်တလာဟာ မဟာဖရက်ဒရစ်ဘုရင်ကြီးကို အသေအချာ လေ့လာခဲ့သူပါ။
မဟာဖရက်ဒရစ်ဟာ အလွန်အလိုကြီးသူ ဖြစ်တာကြောင့် အလိုပြည့်ဖို့အတွက် ဥရောပတိုက်ကြီးကို စစ်မြေတလင်းဆီ ပို့ ဆောင်ခဲ့ပါတယ်။ သူဟာ အင်အားကို ယုံကြည်သူ ဖြစ်တယ်။ လှည့်ဖျားခြင်း ပရိယာယ်ကို ယုံကြည်သူ ဖြစ်တယ်။ ရက်စက်ကြမ်းကြုတ်မှုကို ယုံကြည်သူ ဖြစ်တယ်။ ဘယ်အရာကိုမဆို ကိုယ်တိုင်လုပ်ရမှ စိတ်ချသူ ဖြစ်တယ်။ စည်းရုံးသိမ်းသွင်းခြင်းအတတ်မှာ တဖက်ကမ်းခတ်သူ ဖြစ်တယ်။ လူညံ့တွေကိုပဲ အလုပ်ခန့်ချင်သူ ဖြစ်တယ်။ လူ့လောကကြီးကို စက်ဆုပ်ရွံရှာ မုန်းတီးသူလည်း ဖြစ်တယ်။ သည်စိတ်နေစိတ်ထားတွေဟာ မဟာဖရက်ဒရစ်နဲ့  ဗော်လတဲကြားက နယ်ခြားမျဉ်းပဲ ဖြစ်ပါတယ်။
လူလူချင်း စာနာထောက်ထားမှုဆိုတဲ့ ဂရုဏာတရားကို ဗော်လတဲက ယုံကြည်ပေမယ့် မဟာဖရက်ဒရစ်က မယုံကြည်ပါဘူး။ "လူဆိုတာ အလွန်ဆိုးဝါးတဲ့ သတ္တ၀ါပဲ။ လူတွေအကြောင်းကို သင်မသိပါဘူး။ ငါပဲ သိတယ်" လို့  ဖရက်ဒရစ်က ဗော်လတဲကို ပြောဖူးပါတယ်။
မဟာဖရက်ဒရစ်ဟာ လူ့ လောကကြီးအပေါ် အဆိုးမြင်တတ်သူ ဖြစ်ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက တစက်ကလေးမှ စိတ်မချမ်းသာခဲ့ပါဘူး။ ဒါကြောင့် သူ့ အပေါ် ဘယ်သူကမှ မချစ်ခင် မမြတ်နိုးဘူးဆိုတဲ့ ခံစားချက်ကို ငယ်စဉ်ကစပြီး သေတဲ့အထိ ခံစားသွားရတဲ့သူပါ။ သည်လို ခံစားချက်မျိုး ရှိတဲ့သူဟာ ဘယ်လောက် အန္တရာယ်ကြီးပြီး သူ့ကိုယ်သူရော သူတပါးကိုပါ ဘယ်လောက် ဒုက္ခပေးတတ်သလဲဆိုတာ သိထားကြပါပြီ။
မဟာဖရက်ဒရစ်ဘုရင်ကြီးမှာ ကောင်းတာတွေလည်း ရှိပါတယ်။ သူဟာ အသိပညာကြီးသူ ဖြစ်သလို အနုပညာခံစားမှုဘက်မှာလည်း လေးနက်သူ ဖြစ်ပါတယ်။ ဂီတပညာမှာ ကျွမ်းကျင်လိမ်မာပြီး စာပေ ကျမ်းဂန်လည်း နှံ့ စပ်ပါတယ်။ ပြင်သစ်စာပေကိုလည်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာထား ပြီး ကဗျာ တချို့ကို ပြင်သစ်လို ဖွဲ့ စပ်ခဲ့ပါတယ်။
မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာတွေဟာသိပ်မကောင်းလှပေမယ့် သည်ကဗျာတွေကို ထောက်ရှုလိုက်ရင် သူဟာ ဂျာမန်တခုတည်းကိုပဲ အရေးထားခဲ့တာမဟုတ်ကြောင်း ထင်ရှားပါတယ်။ သည် နေရာမှာတော့ သူဟာ ဟစ်တလာထက် ပိုယဉ်ကျေးသူ ဖြစ်ပါတယ်။ သည်ကမ္ဘာကြီးကို ဂျာမန် တွေကပဲ အုပ်စိုးရမှာ ဖြစ်တယ်ဆိုတဲ့ အတွေးမျိုး သူမတွေးဘူးပါ။
သည်ကမ္ဘာကြီးဟာ အလွန်ရှုပ်ထွေးပွေလီတဲ့ ကမ္ဘာကြီးဖြစ်တယ်။ သူလည်း သူကြိုက်တာလုပ်၊ ကိုယ်လည်းကိုယ်ကြိုက်တာလုပ် လို့  မြင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း မဟာဖရက်ဒရစ်ဟာ လွတ် လပ်စွာ ပြောဆိုမှုကို ယုံကြည်လက်ခံခဲ့တာပါ။ "ငါကြိုက်တာ ငါလုပ်နေရသရွေ့ လူတွေလည်း သူတို့  ပြောချင်ရာ ပြောကြပါစေ" လို့  သူ သဘောထားပါတယ်။
တနေ့ မှာ ဘာလင်ရွှေမြို့ တော်အတွင်း တိုင်းခန်းလှည့်လည်ရင်း လမ်းဘေး တံတိုင်းတခုပေါ်မှာ သူ့ ပုံတူ ရုပ်ပြောင်တခု ချိတ်ဆွဲထားတာကို တွေ့ ရပါတယ်။ " သည်ပုံကို အောက် နည်းနည်း နှိမ့်လိုက်ပါ။ ဒါမှ လူတွေက ကောင်းကောင်း မြင်နိုင်မယ်" လို့  မိန့် ကြားလိုက်ပါသတဲ့။
ဗော်လတဲ နဲ့  မဟာဖရက်ဒရစ်တို့ ဟာ စတွေ့တာနဲ့ တယောက်ကို တယောက် ချီးမွမ်းထောမနာ စကားတွေ ပြောပါတော့တယ်။ ဗော်လတဲက မဟာဖရက်ဒရစ်ဘုရင်ကြီးကို "ဥတ္တရတိုင်းရဲ့ ဆော်လမွန် ဘုရင်ကြီး" လို့ ချီးပင့်ခေါ်ဆိုခဲ့ပါတယ်။ မဟာဖရက်ဒရစ်ကလည်း " ငါကိုယ်တော်မြတ်ရဲ့ အောင်ပွဲခံ ဘွဲ့ ထူးများအနက် တန်ဖိုးအထိုက်ဆုံး ဘွဲ့ ထူးမူကား ဗော်လတဲကို ပိုင်ဆိုင်သူ တည်းဟူသော ဘွဲ့ ထူး ဖြစ်ပေသတည်း " လို့  လူသိရှင်ကြား မိန့်ဆိုပါတယ်။
မဟာဖရက်ဒရစ်က ဗော်လတဲကို ရွှေနန်းတော်ဝန်မင်းတပါးလို နေရာပေးပါတယ်။ နေစရာ အဆောင်တော်တခုနဲ့ အတူ ရိက္ခာတော်ငွေလည်း များများကြီး ထောက်ပံ့ပေးပါတယ်။ ဗော်လတဲရဲ့ စားရေး သောက်တာ နေရာထိုင်ခင်းကို စီမံခန့် ခွဲပေးမယ့် တူမတော် မဒမ်ဒင်းနစ် ရောက်လာရင်လည်း ရိက္ခာ တော်ငွေ ထပ်ချီးမြှင့်ပေးမယ်လို့ မိန့်ပါသေးတယ်။
သည်နောက်မှာတော့ အသိပညာထုံမွှမ်းထားတဲ့ စကားပြောဆိုမှုတွေ ၊တွေးခေါ်ဆင်ခြင်မှုတွေနဲ့ ပြီးတဲ့ ဆွေးနွေးဝေဖန်မှုတွေ၊ ရသာစုံလင်တဲ့ စားကောင်းသောက်ဖွယ်တွေဟာ သူတို့ နှစ်ယောက်ရဲ့ တွေ့ဆုံမှုကို လွှမ်းခြုံနေခဲ့ပါတယ်။
မဟာဖရက်ဒရစ်ဟာ အစားအသောက်ခုံမင်သူအဖြစ် နာမည်ကြီးပါတယ်။ ဒါပေမယ့် စရိတ်သက်သက် သာသာနဲ့  ချက်ပြုတ်နိုင်ရေးအတွက်လည်း အလွန်ဂရုထားတော်မူတယ်လို့  ဆိုပါတယ်။ ဘယ်လိုဖြစ်စေ သူတို့ နှစ်ဦးရဲ့ တွေ့ဆုံပွဲများဟာ လိုလေသေးမရှိအောင် ပြည့်စုံခဲ့ပုံရပါတယ်။
မကြာခင်မှာပဲ ဗော်လတဲဟာ ပြင်သစ်က မိတ်ဆွေတယောက်ထံကို စာရေးပါတယ်။ သည်စာထဲမှာ "သို့ ပေမယ့်" ဆိုတဲ့ စကားလုံးတွေ တော်တော်များများ ပါဝင်နေတယ်လို့  ဆိုပါတယ်။
" ညစာစားပွဲတွေကတော့ အလွန်ဖွယ်ရာ လှပါတယ်။ စားကောင်းသောက်ဖွယ်တွေလည်း အလျှံပယ်ပါပဲ။ သည်ပွဲတွေမှာ ဘုရင်ကြီးက အပျော်ရွှင်ဆုံးပေါ့။ သို့ ပေမယ့် - -"
" ကျုပ်တော့ အော်ပရာတွေလည်း ကြည့်ရတယ်။ အသောအရွှင်ပြဇာတ်တွေလည်း ကြည့်ရတယ်။ ဂီတပွဲတွေလည်း နားဆင်ရတယ်။ လေ့လာမှုတွေလည်း လုပ်ရတယ်။ စာပေကျမ်းဂန်တွေလည်း ဖတ်ရတယ်။ သို့ ပေမယ့် - -"
" ဘာလင်ရွှေမြို့ တော်ကြီးကဖြင့် အလွန်တရာ ခမ်းနားတင့်တယ်လှပါတယ်။ မင်းသမီးတွေကလည်း အလှ ထိပ်ခေါင်တင်တွေ ဆိုတော့ ရှုမ၀နိုင်ပါဘူး။ ရံရွေတော်တွေကလည်း အချောအလှတွေချည်းပါပဲ။ သို့ ပေမယ့် - -"
သက်ဦးဆံပိုင် ဘုရင်တပါးရဲ့ အာဏာ ကျရောက်နေရတဲ့ လွတ်လပ်သူတယောက်ရဲ့ ဗီဇပါ ဆန့်ကျင်မှုအဖြစ် ဗော်လတဲရဲ့ "သို့ ပေမယ့်" စကားလုံးကို အဓိပ္ပါယ်ဖွင့်လို့ ရနိုင်ပါတယ်။
ဗော်လတဲမှာ ဘယ်လို အပြစ်တွေ ဘယ်လိုချို့ ယွင်းချက်တွေ ရှိနေပါစေ၊ သူဟာ လွတ်လပ်သူ တယောက် ဖြစ်ပါတယ်။ မဟာဖရက်ဒရစ်ကတော့ ဥာဏ်ပညာကြီးပြီး ဆွဲဆောင်စွမ်း ရှိပေမယ့် သက်ဦးဆံပိုင်ဘုရင်တပါးပါ။
အလည်အပတ်ခရီးစဉ်ဟာ အချိန်တိုတိုနဲ့ မပြီးသွားခဲ့ပါဘူး။ ဗော်လတဲဟာ ငြီးငွေ့ စရာကောင်းတဲ့ အလုပ်တော်တော်များများကို လုပ်နေခဲ့ပါတယ်။ ငွေကြေးကိစ္စတခုမှာ ပါဝင်ပတ်သက်ခဲ့ရပြီး မဟာဖရက်ဒရစ်ရဲ့ အမှုထမ်း ပြင်သစ်တယောက်နဲ့ လည်း အကြီးအကျယ် စကားများခဲ့ပါသေးတယ်။
ဗော်လတဲဟာ ချောကလက်ဖျော်ရည်ကို အလွန်အကျွံသောက်သုံးတဲ့အတွက် ဘုရင်ကြီးက ခွဲတမ်း သတ်မှတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဗော်လတဲက မကျေနပ်တာကြောင့် ဖယောင်းတိုင်တွေ ဖြုတ်ပြီး ရောင်းစားခဲ့ပါသတဲ့။ ဂုဏ်သိက္ခာမဲ့တဲ့ ဖြစ်ရပ်တွေပါပဲ။ အဆိုးဆုံးကတော့ ဗော်လတဲ ဟာ မဟာဖရက်ဒရစ် ရေးစပ်ထားတဲ့ ပြင်သစ်ကဗျာတွေကို ဖတ်ပြီး လှောင်ပြောင်ရယ်မောခဲ့တာပါ။
ဟစ်တလာလိုပဲ မဟာဖရက်ဒရစ်ဟာလည်း ကိုယ့်ကိုယ်ကိုယ် အနုပညာရှင်တယောက်အဖြစ် စိတ်ကူးယဉ်နေတဲ့သူ ဖြစ်ပါတယ်။ ဒါကြောင့် ပြင်သစ်လို ရေးထားတဲ့ သူ့ ကဗျာတွေကို မွမ်းမံပြင်ဆင်ပေးဖို့  အထူးဧည့်သည်တော်ကြီးထံ အပ်နှံခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ ပြင်သစ်မျောက်ပျင်းက အရှင်မင်းမြတ်ရဲ့ ကဗျာတွေကို သရော်လှောင်ပြောင်နေပါပေါ့လား။
ဗော်လတဲရဲ့ သရော်လှောင်ပြောင်မှုဟာ ရွှေနားတော်ကို ပေါက်သွားပါတယ်။ သည်ကဗျာတွေဟာ အတွင်းလူတွေသာ ဖတ်ခွင့်ရတဲ့ ကဗျာတွေ ဖြစ်ပါတယ်။ ဘုရင်မင်းမြတ်ရေးတဲ့ ကဗျာတွေဆိုပြီး ရွှေနန်းတော်တခွင်လုံး အုံးအုံးကျွက်ကျွက်ဖြစ်အောင် လုပ်လိုက်တာဆိုတော့ အလွန်ရိုင်းပျတဲ့ အမှုတခု ဖြစ်နေတော့တာပေါ့။ သည်လိုနဲ့  ဥတ္တရတိုင်းရဲ့ ဆော်လမွန်ဘုရင်ကြီး မဟာအမျက်တော် ရှပါတော့တယ်။
မဟာဖရက်ဒရစ်က သည်လို တွေးပါတယ်။ "ငါ့ရဲ့ ဧည့်သည်တော်ဟာ ပါရမီရှင်တဦး ဖြစ်တာ မှန်ပါရဲ့။ သို့ ပေမယ့် သူဟာ အကျိုးထက် အပြစ်များသူ ဖြစ်တယ်။ သစ္စာမဲ့သူလည်း ဖြစ်တယ်"
ဗော်လတဲကလည်း သည်လို တွေးပါတယ်။ "ငါ့ရဲ့ အိမ်ရှင်ဟာ ဘုန်းမီးနေလ တောက်ပတဲ့ ဧကရာဇ် ဘုရင်ကြီး ဖြစ်တာ မှန်ပါရဲ့။ သို့ ပေမယ့် သည်ဧကရာဇ်ဟာ အဝေးကပဲ ပူဇော်ထိုက်သူ ဖြစ်တယ်။ "
ဗော်လတဲဟာ ဘာလင်ရွှေမြို့ တော်မှာ နှစ်နှစ်ကြာ နေထိုင်ခဲ့ပါတယ်။ သည်ကာလအတွင်းမှာ အိမ်ရှင်ရော ဧည့်သည်ပါ စိတ်လက် မအီမသာဖြစ်လာကြပါတယ်။ သည်လိုနဲ့  ဗော်လတဲဟာလည်း ပြင်သစ်ကို ပြန်လာပါတော့တယ်။
သည်အချိန်မှာ တူမဖြစ်သူ မဒမ်ဒင်းနစ်က သူ့ ဆီကို လာနေတာ ဖြစ်တဲ့အတွက် ဗော်လတဲဟာ ဖရင့် ဖတ်မြို့ ကနေ စောင့်ဆိုင်းနေပါတယ်။ အဲသည်အချိန်က ဖရင့်ဖတ်မြို့ ဟာ ပရပ်ရှားပိုင်နက်ထဲမှာ မရှိ သေးပါဘူး။ ဒါကြောင့် ဖရင့်ဖတ်မြို့ ကို မဟာဖရက်ဒရစ်က မပိုင်ပါဘူး။ သို့ ပေမယ့် မဟာဖရက်ဒရစ် မှာလည်း လျှို့ ဝှက်ရဲ အဖွဲ့ (ဂက်စတာပို) ရှိပါတယ်။ ဗော်လတဲကို သည်လျှို့ ဝှက်ရဲတွေနဲ့  ဒုက္ခကောင်းကောင်းပေးပါတယ်။
ဘာလင်ကနေ ဗော်လတဲ ထွက်သွားတုန်းက မဟာဖရက်ဒရစ်ရဲ့ ပြင်သစ်ကဗျာ မိတ္တူတစုံကို ယူသွားပါတယ်။ အမှုမဲ့အမှတ်မဲ့ ယူသွားတာ ဖြစ်မှာပါ။ ဒါကို မဟာဖရက်ဒရစ်က သိသွားတဲ့အခါမှာ အကြီးအကျယ် ဒေါသူပုန်ထပြီး ဗော်လတဲရဲ့ ၀န်စည်စလယ်တွေကို ရှာဖွေစစ်ဆေးဖို့  အမိန့် ထုတ်လိုက်ပါတယ်။
ထုံးစံအတိုင်း မဟာဖရက်ဒရစ်ရဲ့ အမှုထမ်းတွေက ဒုတိယတန်းစားတွေ ဆိုတော့ အလွန်အကျွံတွေ ဖြစ်ကုန်တော့တာပေါ့။ ဗော်လတဲရဲ့ ၀န်စည်စလယ်တွေကို ရှာဖွေစစ်ဆေးရုံတင် မကတော့ဘဲ လူကိုပါ ဖမ်းဆီးလိုက်ပါတယ်။ ပြီးတော့ နေ့ရော ညပါ မနားမနေ နှိပ်စက်ပြီး စစ်ဆေးမေးမြန်းပါတယ်။ ဗော်လတဲ ဆီက တခုခု ရရင် မဟာဖရက်ဒရစ်ဘုရင်ကြီး ရွှေဘောတော်ကျအောင် လုပ်နိုင်မယ်လို့ သူတို့  မျှော်လင့်နေခဲ့တာကြောင့် ဖြစ်ပါတယ်။ မယုံနိုင်စရာ အဖြစ်အပျက်ပါ။ နာဇီအကျင့်၊ နာဇီနည်းလမ်း တွေရဲ့ ရှေ့ တော်ပြေး လုပ်ရပ်တွေပါ။
ဗော်လတဲဟာ ထွက်ပြေးဖို့  ကြိုးစားပါသေးတယ်။ ဖရင့်ဖတ်မြို့ တံခါးဝမှာတင် ပြန်ဖမ်းမိပြီး အချုပ်ခန်းထဲကို တရွတ်တိုက် ဆွဲခေါ်တာ ခံရပြန်ပါတယ်။ သည်အချိန်မှာပဲ တူမတော် မဒမ်ဒင်းနစ်က ရောက်လာပါတယ်။
တူမဖြစ်သူလည်း ဦးရီးတော်နည်းတူ ဖမ်းဆီးနှိပ်စက်တာ ခံရပါတယ်။ သို့ ပေမယ့် မဒမ်ဒင်းနစ်က စိတ်ဓာတ်မာကျောပြီး ဆတ်ဆတ်ထိ မခံတဲ့ အမျိုးသမီး ဖြစ်ပါတယ်။ သူတို့ တူအရီးနှစ်ယောက်ရဲ့ ဒုက္ခကို ဥရောပတတိုက်လုံးသိအောင် လုပ်နိုင်ခဲ့ပါတယ်။
ဦးရီးတော် ဗော်လတဲရဲ့ ကျန်းမာရေးကလည်း တော်တော် ဆိုးနေပါပြီ။ ဗော်လတဲကလည်း တကယ်ဖြစ်တာထက် ပိုဆိုးတယ်လို့ ထင်ရအောင် ဟန်ဆောင်ပါတယ်။ နှိပ်စက်နေသူတွေ ရှေ့ က အတင်း ထွက်ပြေးပြီး " ငါ့ကို ဖျားနာခွင့်လေးတောင် မပေးကြတော့ဘူးလား " လို့  ဟောဟဲ လိုက်နေတဲ့ အသက် ရှူသံနဲ့  အော်ပြောပါသတဲ့။
ဗော်လတဲရဲ့ ကိုယ်ရေးအတွင်းဝန်က ဆရာဖြစ်သူကို ကူညီဖို့  အနားကပ် သွားတဲ့အခါမှာ ပါးစပ်က တအော့အော့နဲ့  အန်တဲ့ပုံမျိုး လုပ်ပြီး " ဟဲ့ကောင် ငါဟန်ဆောင်နေတာနော် ၊ တကယ်မဟုတ်ဘူး" လို့  တပည့်ရဲ့ နားရွက်နားကပ်ပြီး တိုးတိုးလေး ပြောပါတယ်။
ဗော်လတဲဟာ လူတွေကို အရူးလုပ်ရတဲ့အပေါ် ပျော်တတ်သူဖြစ်ပါတယ်။ ဒုက္ခရောက်နေတဲ့ အချိန်မှာတောင် အပြောင်အပြက် လုပ်နိုင်တဲ့သူပါ။ အလွန်ချစ်စရာကောင်းတဲ့ စိတ်ဓာတ်ပါ။
မဟာဖရက်ဒရစ်ကတော့ သူလွန်သွားပြီဆိုတာ သဘောပေါက်သွားပါတယ်။ ဗော်လတဲနဲ့  သူ့ တူမကို ပြန်လွှတ်ခိုင်းလိုက်ပါတယ်။
သည့်နောက်မှာလည်း ပုဂ္ဂိုလ်ကျော်နှစ်ယောက်ဟာ စာအဆက်အသွယ် ဆက်လုပ်နေပါသေးတယ်။ အရင်အတိုင်း လှိုက်လှိုက်လှဲလှဲ ပါပဲ။ သို့ ပေမယ့် သူတို့ နှစ်ဦးဟာ မျက်နှာချင်းဆိုင် မတွေ့ ရအောင်တော့ သတိထားခဲ့ကြပါတယ်။
ဗော်လတဲဟာ သင်ခန်းစာတခု ရသွားပါတယ်။ လွတ်လပ်ခြင်း၊ မတူကွဲပြားခြင်း၊ သည်းခံခြင်း၊ ကြင်နာ သနားခြင်း စတာတွေအပေါ် သက်ဝင်ယုံကြည်တဲ့ လူတယောက်ဟာ သက်ဦးဆံပိုင် ရှင်ဘုရင်တပါး အုပ်စိုးတဲ့ နိုင်ငံတော်အတွင်းက လေကို မရှူရှိုက်နိုင်ဘူးဆိုတဲ့ သင်ခန်းစာ ဖြစ်ပါတယ်။
သည်သင်ခန်းစာကို ဘာလင်ရွှေမြို့ တော်ကြီးက သင်ကြားပေးလိုက်တာပါ။
အပေါ်ယံမှာ ရွှေမှုန်ကြဲထားပါရဲ့။ သို့ ပေမယ့်--။ ဧကရာဇ်ဘုရင်ကြီးဟာ အလွန်ခန့် ညားပြီး ဥာဏ်ပညာ ကြီးတော်မူပါရဲ့။ သို့ ပေမယ့်--။ ဘယ်လောက်ကောင်းတာမွန်တာ မှန်ပေမယ့် တခုခု လိုနေပါတယ်။ မှန်ပါတယ်။ လူဆန်တဲ့ စိတ်ဓာတ်လိုနေပါတယ်။
ဗော်လတဲဟာ လူဆန်တဲ့ စိတ်ဓာတ်အပေါ် မဖောက်မပြန် သက်ဝင်ယုံကြည်သူ ဖြစ်တယ်။ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာကျော်ကတည်းက သက်ဦးဆံပိုင် အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ခိုက်သူ ဖြစ်ပါတယ်။         ။
မောင်သာမည

ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)


ဆင်းရဲခြင်းသည် ရောဂါ (Poverty is a disease)
တင့်ဇော်

ဆင်းရဲမွဲတေမှု လျော့ချရေးကို ဦးသိန်းစိန်အစိုးရက လုပ်ဆောင်နေပါသည်။ နိုင်ငံသားတွေကလည်း ပါဝင်နေကြသည်။ နိုင်ငံရေးပါတီတွေကလည်း ဆင်းရဲမှုလျော့ကျအောင် အလုပ်အကိုင် အခွင့်အလမ်း များပြားအောင် ဖန်တီးပေးမယ်ဆိုပြီး မဲဆွယ်စည်းရုံးနေကြသည်။ စီးပွားရေးပညာရှင်တွေ၊ စီးပွားရေးဘွဲ့ရတွေကလည်း Seminar လေးတွေ လုပ်ပြီး ဆင်းရဲမွဲတေမှု လျော့ကျအောင် ဆွေးနွေး အဖြေရှာနေကြသည်။ အားလုံးသော ပုဂ္ဂိုလ်များမှာ ကျေးဇူးတင်စရာ ကောင်းပါသည်။ လေးစားစရာလည်း ကောင်းပါသည်။ သို့သော် ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းက ဘောင်ကျဉ်းနေသည်ဟု ထင်မြင်မိပါသည်။ အကြောင်းအရာတခုကို ဆွေးနွေးရာတွင် ထောင့်စုံမှ စဉ်းစားပါက အဖြေရှာရန် လွယ်ကူပြီး ဆက်လက်လုပ်ဆောင်ရန် လွယ်ကူမည်ဟု ထင်ပါသည်။

ဆင်းရဲခြင်းသည် နောက်ပိုင်း ရောဂါအမျိုးအစားအထဲ ထည့်သွင်းလာသဖြင့် ဆရာဝန်တွေလည်း သိထားသင့်ပါသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုကို ရောဂါတခုကို လေ့လာသလို လေ့လာခြင်းသည် အဖြေမှန်ရရန် ပိုနီးစပ်ပါသည်။ လက်တွေ့လည်း ပါရပါမည်။

လေ့လာပုံမှာ ...

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)
(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)
(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)
(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)
(၅) ဆင်းရဲခြင်း ရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)
(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)
(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အထက်ပါအတိုင်း လေ့လာကုသပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။

“ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ ၀င်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။ ရောဂါဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။ ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော “လှေကလေးကို လှော်မည် ... ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ တတိယကမ္ဘာမှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။”

(၁) ဆင်းရဲမွဲတေမှုကို အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်း (Definition)

ဆင်းရဲမွဲတေမှုမှာ ရောဂါနှစ်ခုကို ယှဉ်တွဲခေါ်ဝေါ်ခြင်းဖြစ်သည်။ ဆင်းရဲခြင်းသည် ရောဂါစစ်စစ်ဖြစ်ပြီး မွဲတေမှုမှာ ပျင်းရိမှုကြောင့်ဖြစ်သော ရောဂါအတုဖြစ်သည်။ ဥပမာ - အကျီနှစ်ထည်သာ ရှိသူသည် မပျင်းမရိနှင့် လျှော်ဖွတ်ဝတ်ဆင်ပါက မွဲတေနေစရာမရှိပါ။ ဆင်းရဲလို့ဆိုပြီး တေတေပေပေ အရက်သောက်နေပါကလည်း မွဲတေနေပါမည်။ ဆင်းရဲခြင်းကိုသာ ဦးစားပေး ဖွင့်ဆိုအပ်ပါသည်။

၁။ တရက်မှာ ပိုက်ဆံ ကျပ် ၁,၀၀၀ မရပါက ဆင်းရဲသည်။
၂။ အခြေခံကျန်းမာရေးစောင့်ရှောက်မှု မရပါက ဆင်းရဲသည်။
၃။ ညံ့ဖျင်းသော ပညာရေး ရရှိနေပါက ဆင်းရဲသည်။
၎။ နိုင်ငံရေးဖြစ်စဉ်များမှ ဖယ်ထုတ်ခံထားရပါက ဆင်းရဲသည်။
၅။ မိမိဆန္ဒများကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်ခွင့် ဆုံးရှုံးနေပါက ဆင်းရဲသည်။
၆။ တောင်းဆိုဆန္ဒပြနိုင်ခွင့် မရှိပါက ဆင်းရဲသည်။

အခု အများစု ဆွေးနွေးနေသည်မှာ Income-based issue များသာ လွှမ်းမိုးနေသည်ကို စိတ်မကောင်းစွာ တွေ့ရှိရပါသည်။ အမှတ်စဉ် ၄ လောက်အထိသာ ဆွေးနွေးနေပြီး အမှတ်စဉ် ၅ နှင့် ၆ များမှာ ပေါ်ပေါ်ထင်ထင် မရှိလှ။

(၂) ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများ (Signs and symptoms)

- ပိုက်ဆံ မလောက်ငှ၍ အမြဲ စိတ်ပူပန်နေရသည်။
- အလှူခံလာရင် ထွက်ပြေးချင်စိတ်ပေါက်နေသည်။
- ကျပ် ၅,၀၀၀ တန် ဖုန်းရမည် သတင်းကြားက ပျော်ရသည်။
- အလှူပွဲများရှိက အပြေးသွားမည်။
- နာရေးရှိက ကူမည့် လူကို မျှော်ရသည်။
- ဆေးရုံ၊ ဆေးခန်း မသွားရဲပါ။
- ချဲဂဏန်း အိပ်မက်ရက ပြေးထိုးချင်သည်။
- လူကြားထဲ ရဲရဲ မသွားရဲ။
- Supermarket အထဲ မ၀င်ရဲ။
- နိုင်ငံခြားသွား ပိုက်ဆံရှာချင်စိတ်ပေါက်နေသည်။
- လိမ်ညာစားချင်စိတ်ပေါက်နေသည်။
- အစိုးရမကောင်းလို့ဟု ထင်မြင်ကာ အစိုးရ ကောင်းသောအရာများ လုပ်နေသည်ကို မကောင်း အမြဲထင်နေသည်။
- တပွဲထိုး စီးပွားရေးပွပေါက်များကို ချောင်းမြောင်းနေတတ်သည်။
- ဒီမိုကရေစီရမှ ချမ်းသာမည်ဟု အထင်အမြင် မှားနေတတ်သည်။

အချုပ်ဆိုပါက စိတ်ပိုင်းရုပ်ပိုင်း ပျက်ယွင်းပြီး အရာရာကို အကောင်းမမြင်နိုင်ကာ စိတ်ပိုင်းရုပ်ပိုင်း ကျဆင်းနေခြင်းလက္ခဏာများကို ပေါင်းရုံးထားခြင်းဖြစ်သည်။ ပိုမိုသိရှိသော မိတ်ဆွေဆရာဝန်များမှာ ရောဂါလက္ခဏာများကို ထပ်ချဲ့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

(၃) ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများ (Causes)

၁။ အစိုးရများ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း
၂။ စစ်ပွဲများဖြစ်ပွားနေခြင်း
၃။ တရားဥပဒေစိုးမိုးမှု မရှိခြင်း
၎။ လူ့အခွင့်အရေးများ ဆုံးရှုံးနေခြင်း
၅။ မေတ္တာတရား ခေါင်းပါးနေခြင်း
၆။ လူမှန်နေရာမှန် မရှိခြင်း
ရ။ နည်းပညာ အားနည်းခြင်း

(၄) ဆင်းရဲမွဲတေခြင်း၏ နောက်ဆက်တွဲ လက္ခဏာများ (Complications)

လူတယောက်ချင်း ဆင်းရဲမှုမှသည် လူအများ ဆင်းရဲလာကာ ကူးစက်ရောဂါသဖွယ် ပျံ့နှံ့သွားပါက တတိုင်းတပြည်လုံး ဆင်းရဲသွားနိုင်သည်။ ဆင်းရဲသားတွေမှာ သေမထူးနေမထူး စိတ်ထားဝင်လာပါက နိုင်ငံတွင် ဆူပူရမ်းကားမှုများ ပြုလုပ်ခြင်းကြောင့် တိုင်းပြည် ဆင်းရဲတွင်း ပိုနစ်တတ်သည်။ နောက်ဆုံး အာဏာရှင် ပေါ်ပေါက်လာကာ ပိုဆိုးသော သံသရာဝဲဂယက်အထဲ ကျရောက်တတ်သည်။

(၅) ဆင်းရဲခြင်းရာဇ၀င်နှင့် စမ်းသပ်ပုံ (History taking and Physical examination)

ရောဂါရာဇ၀င် မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်းများကို တဦးယောက်တည်း ပြုလုပ်ပါက ရူးသွားနိုင်သည်။ စုပေါင်းမေးမြန်း စမ်းသပ်မှသာ ရောဂါကို ဖော်ထုတ်၍ ရမည်။

(၆) ဆင်းရဲခြင်း ရောဂါသတ်မှတ်ပုံ (Diagnosis)

ဆင်းရဲမွဲတေခြင်း၏ လက္ခဏာများနှင့် စပ်ဟပ်ကာ အနက်အဓိပ္ပာယ်များထဲမှ တခုပါပါက ဆင်းရဲခြင်း ရောဂါဆိုပြီး သတ်မှတ်နိုင်ပါသည်။

(၇) ဆင်းရဲခြင်းရောဂါကို စီမံကုသပုံ (Management)

အလုပ်အကိုင် အခွင့်အလမ်း တိုးပွားကာ လစာတိုး လုပ်ခတိုးခြင်း ဆိုသော ဆေးမြီးတိုနှင့် ဆင်းရဲခြင်းရောဂါ လုံးဝမပျောက်နိုင်ပါ။

- အဆင့်မီ ခေတ်မီပညာရေးဆိုသော ဆေးခါးကြီး။
- အခြေခံကျန်းမာရေးစောင့်ရှောက်မှုဆိုသော မေတ္တာဆေးတော်။
- နိုင်ငံသားတိုင်းကို နိုင်ငံရေးဖြစ်စဉ်အထဲ ပါဝင်ခွင့်ပြုခြင်းတည်းဟူသော မုဒိတာဆေးကြီး။
- သတင်းစာမီဒီယာများကို ဦးစားပေးသော အမြင်ကျယ်ဆေး။
- လူထု၏ တောင်းဆိုဆန္ဒပြမှုများကို နားလည်ခံစားပေးတတ်သော စာနာမှုဆေးကောင်း။

... စသည့် ဆေးများအပြင် ရောဂါဖြစ်ရခြင်း အကြောင်းရင်းများကို ရှာဖွေကုသပါမှ ဆင်းရဲခြင်းရောဂါ အမြစ်ပြတ်မည်။

၁။ တကယ့် Clean Government နှင့် စစ်မှန်သည့် Good Governance ဖော်ဆောင်ခြင်း။
၂။ မှန်ကန်သောနည်းလမ်းဖြင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခြင်း။ စားဖားညီညွတ်ရေးထက် တိုင်းရင်းသားများ၏ တကယ့်ညီညွတ်ရေးကို ဖော်ဆောင်ခြင်း။ တိုင်းရင်းသား (ဗမာ အပါအ၀င်) များ၏ အသံကို အလေးထား နားထောင်ခြင်း။
၃။ တရားဥပဒေ အထက်၊ အရှေ့၊ အနောက်တွင် မည်သူမှ ရှိမနေရန် ဆောင်ရွက်ခြင်း။ ပြည်သူအကျိုးရှိမည့် ကိစ္စရပ်များကို ဥပဒေမရှိသေးဟု ငြင်းပယ်ခြင်းများကို ရပ်ဆိုင်းခြင်း။
၎။ လူသားတိုင်း၏ မွေးရာပါအခွင့်အရေးများကို လေးစားခြင်း။
၅။ မေတ္တာတရား ထွန်းကားအောင်နေကြခြင်း။
၆။ လူမှန်နေရာမှန် ထားပေးခြင်း။
၇။ နည်းပညာ အားနည်းနေမှုများကို အားကောင်းလာအောင် ကြိုးစားဆောင်ရွက်ခြင်း။

... စသော ဆင်းရဲမွဲတေမှုဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ကုသရမည်။ Public health doctors များ ပိုမိုသိရှိလိမ့်မည်။

ဆင်းရဲခြင်း၏ ရောဂါလက္ခဏာများကိုသာ အလေးပေး ကုသနေပါက ရောဂါမကောင်းသည့်အပြင် နောက်ဆက်တွဲ ရောဂါလက္ခဏာများ ၀င်ရောက်လာပါက တတိုင်းတပြည်လုံး ဒုက္ခပင်လယ်ဝေနိုင်သည်။ ရောဂါဖြစ်ရခြင်း အကြောင်းအရင်းများကိုပါ ရှာဖွေကုသနိုင်ပါမှ ရောဂါအမြစ်ပြတ်နိုင်မည်။ ရောဂါအမြစ်ပြတ်မှ ဗိုလ်ချုပ် ဆိုညည်းခဲ့သော “လှေကလေးကို လှော်မည် ... ဘေးမသန်းဘဲ အေးချမ်းတော့မည်” ဆိုသော သီချင်းကို တူပြိုင်ဆိုကာ တတိယကမ္ဘာမှ ချန်ပီယံကမ္ဘာသစ်ဆီ ချီတက်နိုင်မည်။

လမ်းကတော့ ကြမ်းသည်။ မလိုက်နိုင်သူများ နေခဲ့ရမည်။ ၀ိုင်းဝန်းဆွေးနွေး အကြံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ ကျနုပ်တို့ ဆင်းရဲခြင်းရောဂါကို စုပေါင်းကုကြရအောင်။ ကုသပုံ နည်းလမ်းများကို တင်ပြပေးကြပါရန်။ အစိုးရချည်း အားမကိုးဘဲ ရှာဖွေကြပါစို့။ ဆရာဝန်တွေ ကုနိုင်ပါသည်။ စီးပွားရေးသမားတွေကတော့ စီးပွားရေးတိုးတက်တာတခုတည်းကို ဦးစားပေးနေတာ တွေ့နေရသည်။ စီးပွားရေးတိုးတက်တာ တခုတည်းနဲ့ ဆင်းရဲခြင်းမလွတ်နိုင် ...။

ထို့ကြောင့် ဆင်းရဲခြင်း လွတ်ကင်းအောင် လမ်းပြဆောင်ကြပါစို့ ...။

လေးစားယုံကြည်စွာဖြင့် ...
တင့်ဇော်

Sunday, February 26, 2012

မြန်မာပြည်က ရေးတဲ့စာ - ပြန်လည်ဆုံဆည်းကြရာဝယ် (၁) ရေးသူ - ကျွန်တော်ချစ်သော အမေစု




ဖေဖော်ဝါရီလဆိုတာ နှစ်တနှစ်ရဲ့ အကောင်းဆုံးလရယ်လို့ ကျမစိတ်ထဲမှာ အမြဲတမ်းပဲ ထင်မှတ်ထားပါတယ်။ ကျမ ချစ်ခင်မြတ်နိုးရတဲ့ ကျမဖေဖေ၊ ကျမရဲ့ မေမေဘက်က အဖိုး၊ အေဗရာ ဟင်လင်ကွန်း၊ ဂျော့ခ်ျဝါရှင်တန်။ သူတို့တွေအားလုံးဟာ ဖေဖော်ဝါရီဖွားတွေ ဖြစ်နေကြပါတယ်။ ဒါကြောင့် ကျမ ကလေးဘ၀ကစလို့ ဖေဖော်ဝါရီလဆိုတာ ကောင်းမြတ်တဲ့လ၊ သူရဲကောင်းတွေရဲ့ လလို့ပဲ မှတ်သားထားခဲ့ပါတယ်။
ဖေဖော်ဝါရီလရဲ့ ဂုဏ်ယူဖွယ်အကြောင်း ထပ်ပြောရရင် ဖေဖော်ဂါရီလ ၁၂ (လင်ကွန်းရဲ့ မွေးနေ့နဲ့ တိုက်ဆိုင်နေပါတယ်) က ကျမတို့ နိုင်ငံရဲ့ ပြည်ထောင်စုနေ့ ဖြစ်ပါတယ်။ မြန်မာပြည် လွတ်လပ်ရေးအတွက် ရည်စူးပြီး တိုင်းရင်းသားတွေ သဘောတူလက်မှတ်ထိုးခဲ့ကြတဲ့ အထိမ်းအမှတ်နေ့ဖြစ်ပါတယ်။ ပင်လုံစာချုပ် (၁၉၄၇ ခုနှစ်မှာ စာချုပ်လက်မှတ်ထိုးခဲ့တဲ့ ရှမ်းမြို့ကလေးကို အစွဲပြုပြီး ခေါ်တာပါ) က ညီညွတ်မှုအတွက် ခြောက်ပြစ်ကင်း မဟုတ်ခဲ့ပေမယ့် ကြုံတောင်ကြုံခဲနဲ့ နိုင်ငံရေးအဖြစ်အပျက်၊ အရေးကြီးတဲ့ ပြည်ထောင်စု စိတ်ဓာတ်ကိုတော့ ဖော်ကျူးနေပါတယ်။


ဖေဖော်ဝါရီလနဲ့ပက်သက်လို့ ကျမရဲ့ မျှော်လင့်ချက်တွေက ဒီနှစ်အထိလည်း မပျက်မယွင်းရှိနေတုန်းပါပဲ။ ဇန်န၀ါရီလကုန်ပိုင်းမှာ မြန်မာပြည် တောင်ဘက်ဖျားက ထားဝယ်မြို့နဲ့ စလိုက်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ရဲ့ ကြားဖြတ်ရွေးကောက်ပွဲအတွက် စည်းရုံးရေးခရီးက အလွန်ကို အတိတ်ကောင်း နိမိတ်ကောင်းလို့ ပြောရမှာပါ။
နှစ်ဆယ့်သုံးနှစ်ကြာမှ နောက်တခေါက်ရောက်သွားတဲ့ ခရီးက ပျော်စရာလည်းကောင်း၊ တနင်္သာရီဒေသက ပြည်သူတွေရဲ့ ကျမတို့အပေါ် ထောက်ခံမှုက လေးစားလောက်စရာကောင်းပါတယ်။ သူတို့တွေရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ လူတွေ အင်နဲ့အားနဲ့ ထောက်ခံမှုတွေက လျှော့နည်းကျဆင်းမသွားခဲ့ပါဘူး။

ဖေဖော်ဝါရီလ ပထမအပတ်မှာတော့ ကျမတို့ ပါတီရဲ့ စည်းရုံးရေးခရီးစဉ်မှာ အခက်အခဲတချို့ ရှိနေပေမယ့် အတော်လေး အရှိန်ရလာပါတယ်။ မန္တလေးမြို့ကို စည်းရုံးရေးထွက်ဖို့ အစီအစဉ်ဟာ လူစုလူဝေးနဲ့ ဟောပြောဖို့ သင့်တော်တဲ့ နေရာအတွက် အဆင်မပြေဖြစ်ပြီး ရက်ရွှေ့လိုက်ရပါတယ်။ ဒါပေမယ့် ဧရာဝတီတိုင်းရဲ့ မြို့တော် ပုသိမ်ခရီးစဉ်နဲ့၊ ကျမ မေမေရဲ့ ဇာတိ မြောင်းမြခရီးစဉ်တွေကိုတော့ စီစဉ်ထားတဲ့အတိုင်းပဲ သွားနိုင်ခဲ့ပါတယ်။
 
မနက်စောစောကြီး ရန်ကုန်မြို့က ထွက်ခဲ့ပေမယ့် လမ်းတလျှောက်ရွာတွေအားလုံးက ကျမတို့ကို ထောက်ခံသူတွေက အန်အယ်ဒီအလံငယ်လေးတွေကို ဝှေ့ရမ်းရင်း နှုတ်ဆက်နေကြ၊ ပန်းတွေနဲ့ လက်ဆောင်အမျိုးမျိုးကို ထွက်ပေးနေတာနဲ့ ခရီးက တဖြည်းဖြည်းချင်းပဲ ရှေ့ဆက်နိုင်ခဲ့ပါတယ်။
သူတို့ပေးတဲ့ လက်ဆောင်တွေထဲက ဆေးရောင်ခြယ် ရိုးရာ ပုသိမ်ထီး လေးတွေကတော့ နေ့လည်ပိုင်းမှာ တော်တော်ကို အသုံးတည့်တာပါပဲ။ ပုသိမ်ကို ကျမတို့ ရောက်တဲ့အချိန်က စီစဉ်ထားသလို မဟုတ်ဘဲ နောက်ကျသွားတာဆိုတော့ နေမင်းက အဆင်မပြေလောက်အောင်ကို ပူပြင်းနေတယ်လေ။
ပုသိမ်ခရိုင်က အစိုးရကလည်း အဲဒီနေ့မှာ ကျောင်းသားတွေအားလုံး ကျောင်းမတက်မနေရ၊ ၀န်ထမ်းအားလုံး ခွင့်ပျက်ခွင့်မရှိ ဆိုတဲ့ အမိန့်တွေ ထုတ်ထားပါတယ်။ ပုသိမ်ကောလိပ်က ကျောင်းသားတွေကို ဆိုရင် စာမေးပွဲကြီး ရမှတ်တွေနဲ့ ချိတ်ဆက်ထားတဲ့ စာမေးပွဲလေး တခုကိုတောင် ဖြေခိုင်းထားပါတယ်။ ဒါတွေက ကျောင်းသားလေးတွေ၊ ကော့လိပ်ကျောင်းသားတွေ၊ ပြည်သူ့ဝန်ထမ်းတွေ အားလုံးက အန်အယ်ဒီကို ထောက်ခံကြောင်း ပြသလို့မရအောင် တမင်လုပ်ထားတယ်ဆိုတာကတော့ ပေါ်လွင်ပါတယ်လေ။
ဒါပေမယ့် ကျမတို့ပါတီကို ကြိုဆိုတဲ့ လူအုပ်တွေထဲမှာ၊ လမ်းတလျှောက်လုံး ကျမတို့ကို ၀ိုင်ရံပေးထားတဲ့ မော်တော်ဆိုင်ကယ်သမားတွေကြားထဲမှာ လူငယ်တွေ တော်တော်တော်များများပါဝင်နေပါတယ်။ ဒီလိုနဲ့ လူအုပ်ကြီးဟာ ကျမ မိန့်ခွန်းပြောမယ့် ဘောလုံးကွင်းကြီးတခုကြီးဆီကို ရောက်သွားပါတယ်။

 
မော်တော်ဆိုင်ကယ်တွေဟာ ကျမတို့အဖွဲ့တွေ မြောင်းမြကို ဆက်သွားတဲ့ ဖုံထူထူ လမ်းတလျှောက် လုံးလည်း လိုက်ပါလာပါတယ်၊ လမ်းတလျှောက်မှာ ဆင်းရဲသားတွေနေတဲ့ ရွာငယ်ဇနပုဒ်လေးတွေကိုလည်း ဖြတ်ခဲ့ရပါတယ်။ နေပူပူ၊ ဖုံထူထူ၊ ဆင်းဆင်းရဲရဲ ဆိုပေမယ့် ကျမတို့ အဖွဲ့တွေကို တောက်ပတဲ့ အပြုံးတွေနဲ့ လှိုက်လှိုက်လှဲလှဲ အော်ဟစ် ကြိုဆိုကြတာတွေကို မြင်ရတော့ ရင်ထဲမှာ ဆို့နစ်ကြေကွဲရပါတယ်။ ဒီမြင်ကွင်း၊ ဒီခံစားမှုကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံပြီး၊ ၀၀လင်လင်ဖူဖူလုံလုံနဲ့ လူတန်းစေ့ နေနိုင်တဲ့ အခြေအနေဖြစ်အောင် အစွမ်းကုန်လုပ်ဆောင်ပေးဖို့ ကြီးလေးတဲ့ တာဝန်တွေ ရှိနေပါလားဆိုတဲ့ အသိက  အိမ်ပြန်ရောက်ကြတဲ့ အထိ ကျမတို့နဲ့ အတူ လိုက်ပါလာပါတယ်။

ကြိုတင်မျှော်လင့်ထားတဲ့အတိုင်းပဲ မြောင်းမြက ပြည်သူတွေ ကျမကို ကြိုဆိုပုံက နှစ်ပေါင်းများစွာ အိမ်ပြန် မရောက်ခဲ့တဲ့ မိသားစုဝင်တယောက်ကို ကြိုဆိုပုံမျိုးနဲ့ပါ။ တမြို့နယ်လုံမှာ ကရင်လူမျိုးတွေက ရာခိုင်နှုန်း အတော်များတဲ့အတိုင်းပဲ ကျမတို့ လူစုလူဝေးတွေထဲမှာလည်း ကရင်တွေက များနေပါတယ်၊ ကျမတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းကလည်း လူတွေ ရိုသေလေးစားကြတဲ့ ကရင်လူမျိုး ကျောင်းဆရာ တယောက်ပါပဲ။ နေ့လည်ခင်း နေရောင်က မညှာမတာပူပြင်းတယ်ဆိုပေမယ့် ပျော်ရွှင်မှုတွေ ရောစွက်နေတဲ့ ရောင်စုံ ကရင်ရိုးရာဝတ်စုံတွေ၊ စိတ်အားတက်ကြွမှုတွေ၊ စုစည်းပေါင်းဆုံမှု စိတ်ဓာတ်တွေကတော့ မို့မောက်မြင့်မား နေခဲ့ပါတယ်၊

မြန်မာတွေပြောလေ့ရှိတဲ့ ရေစက် ဆိုတဲ့ စကားရှိပါတယ်။ ကျမတို့တွေ တယောက်ကို တယောက် “ရေစက်ပေါ့”။ “ရေစက်ရှိလို့ ဆုံရတာ” လို့ ပြောကြတယ်ဆိုရင် ကျမတို့တွေ ကြားထဲမှာ စည်းနှောင်ထားတဲ့ ကောင်းတဲ့ အတိတ်ကံတခုက ဆုံဆည်းခွင့်ပေးလိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကျမတို့ဆီမှာ အလှူအတန်းတခုလုပ်ပြီးတိုင်းမှာ ရေစက်ချတဲ့ အစဉ်အလာရှိပါတယ်။ ကရားထဲက ရေတွေကို ဇလုံထဲကို တစက်ချင်းချ၊ ရေစက်ချပြီးသွားတဲ့အခါမှာ ရေတွေကို မြေကြီးပေါ်ကို သွန်းလောင်းပြီး မိမိတို့ရဲ့ ကုသိုလ်ကောင်းမှုတွေကို မဟာပထ၀ီမြေကြီးမှာ သက်သေတည်လိုက်တာပါ။ ဒီလို အတူတကွ ကုသိုလ်ပြုကြတဲ့ သူတွေဟာ ရေစက်ကြောင့် သံသရာတကွေ့မှာ ပြန်လည်ဆုံဆည်းကြပါတယ်။

ဖေဖော်ဝါရီလ ဒုတိယအပတ်ကတော့ ကရင်လူမျိုးတွေနဲ့ ကျမတို့ ကြားမှာ ရေစက်ဆုံတဲ့ တပတ်လို့ပဲ ပြောရမယ်။ ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ ကျမမေမေရဲ့ မွေးရပ်မြေက ကရင်ပြည်သူတွေနဲ့ ဆုံဆည်း ခဲ့ရပါတယ်။ နောက်တခါ ၁၀ ရက်နေ့မှာတော့ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ရောက်လာကြတဲ့ ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်က ကိုယ်စားလှယ်အဖွဲ့ကို ကျမအိမ်မှာ ကြိုဆိုခွင့်ရလိုက်ပါတယ်။ ကေအန်ယူ၊ ကေအန်အယ်အေ ဌာနချုပ်က အစိုးရနဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးပြီးတဲ့အခါ ရန်ကုန်ရောက်ရင် ကျမနဲ့ တွေ့ခွင့်ရနိုင်မလားလို့  ရေးပို့လိုက်တဲ့ စာကိုရတော့ ကျမ ယုံတောင် မယုံချင်ပါဘူး။

ငြိမ်းချမ်းသောပြည်ထောင်စု၊ ချမ်းသာဖွံ့ဖြိုးသော ပြည်ထောင်စုကြီးကို တည်ဆောက်ဖို့အတွက် အားထုတ် ကြိုးပမ်းကြတဲ့ နေရာမှာ နှစ်ပေါင်းများစွာ ကျမတို့ စိတ်ထဲမှာ ရှိနေတဲ့  ရဲဘော်ရဲဘက်တွေ၊ ပထ၀ီ အနေအထားအရ၊ နိုင်ငံရေး အခြေအနေအရ ဝေးကွာနေတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ  နောက်ဆုံးမှာတော့ ပြန်လည်ဆုံဆည်းခွင့်ရကြပြီလေ။
၁၄ ယောက်ပါတဲ့ လူအုပ်တောင့်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ခဏလေး ဆုံတွေ့တဲ့ အချိန်ခဏလေးအတွင်းမှာပဲ ကျမတို့ နိုင်ငံက ပြည်သူတွေအချင်းချင်း  နီးစပ်ခွင့်မရအောင် မလိုလားအပ်တဲ့ အခြေအနေတွေက ဘယ်လောက်ပဲ အကန့်အသတ်တွေနဲ့ စည်းခြားထားပေမယ့်  တကယ်တမ်းကျတော့ ကျမတို့ရဲ့ နှလုံးသားတွေ၊ စိတ်တွေကို  ဘယ်တုန်းကမှ ဝေးကွာမသွားခဲ့ပါလား ဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရပါတယ်၊
(ဂျပန်က  Mainichi သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည်ရေးသည့် Letter from Burma: Reunion, Union – 1 ကို ဆီလျှော်အောင် ဘာသာပြန် ဆိုပါသည်)
နေသွင်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၂

ခြေထောက် နှစ်ဖက်စလုံး မရှိတော့သော်လည်း လမ်းလျှောက်ရန် ကြိုးစားနေသူ


စင်ကာပူ မြေအောက်ရထားလမ်း ပလက်ဖောင်းပေါ်မှ ပြုတ်ကျသွားပြီး အရှိန်ဖြင့်လာနေသော ရထားဖြင့် တိုက်မိသွားသောကြောင့် ခြေထောက်နှစ်ဖက်စလုံး ဖြတ်တောက်ခဲ့ရသည့် အသက်၁၅နှစ်မျှသာ ရှိသေးသော ကျောင်းသူလေး Nitchareeမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆေးကုသဆောင်တွင် ဂျာမနီနိုင်ငံမှ ထုတ်လုပ်ထားသော ခြေတုများကို အသုံးပြု၍ လမ်းပြန်လျှောက် လာနိုင်သည်။ စင်ကာပူရထားလိုင်းက ကမ်းလှမ်းလာသော လျော်ကြေး ဒေါ်လာ၅ဝဝဝကို လက်ခံရန် သူမမိသားစုက ငြင်းဆိုလိုက်ပြီး ဆေးကုသစရိတ် ခံယူရန်ဒေါ်လာ ၃ဒသမ၄သန်းကို တောင်းဆိုထားသည်။ ၂ဝ၁၁ခုနှစ် ဧပြီလက ထိခိုက်ဒဏ်ရာ ရရှိသွားသော Nitchareeကို ကြက်ခြေနီအသင်းနှင့် အမည်မဖော်လိုသော အလှူရှင်များက ဒေါ်လာလေးသိန်းကျော် ထောက်ပံ့ပေးခဲ့သည်။

Saturday, February 25, 2012

အာရှ၏ နောက်ကျားတကောင် (သို့) ဗီယက်နမ် တိုးတက်ရခြင်းအကြောင်း ၁၀ ချက်



 ဗီယက်နမ်စစ် ပြီးတဲ့ကာလကစလို့ အရှေ့တောင်အာရှမှာ သိသိသာသာ အပြောင်းအလဲတွေဖြစ်ခဲ့သလိုပဲ၊ ဗီယက်နမ်ကလည်း လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အပြောင်းလဲကြီး ပြောင်းလဲသွားပါတယ်။
ဗီယက်နမ်ဟာ ၂၀၀၇ ခုနှစ်မှာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization) ရဲ့ တင်းပြည့်ကျပ်ပြည့် အဖွဲ့ဝင်ဖြစ်ခဲ့တဲ့နောက်မှာ စီးပွားရေးအရ ကမ္ဘာကြီးနဲ့ ပြန်လည်ပေါင်းစည်းသွားပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ခဲ့ပြီး၊ စီးပွားရေးလားရာကလည်း လယ်ယာမြေကနေ ဈေးနှုန်းမြင့် ထုတ်လုပ်မှုကဏ္ဍနဲ့ ၀န်ဆောင်မှုဆီကို ဦးတည်ချက်ပြောင်းခဲ့ပါတယ်။
ဗီယက်နမ်ရဲ့ စီးပွားရေး တိုးတက်စေခဲ့တဲ့ အကြောင်းတရားတွေနဲ့၊ ဒီတိုးတက်မှုကို ထိန်းထားနိုင်ဖို့ လိုအပ်ချက်တချို့ကို McKinsey Global Institute က ထုတ်ပြန်တဲ့   "Sustaining Vietnam's Growth: The Productivity Challenge အစီရင်ခံစာကနေ ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
၁။ ပြာပုံဘ၀မှ
တချိန်က စစ်တလင်းပြာပုံဘ၀ကနေ ဗီယက်နမ်ဟာ ၂၅ နှစ်အတွင်းမှာ အာရှက စီးပွားရေး အောင်မြင်တဲ့ နိုင်ငံတနိုင်ငံဖြစ်လာပါတယ်။ ၁၉၈၆ ခုနှစ်မှာ ကွန်မြူနစ်ပါတီက ပြန်လည်ထူထောင်ရေးကာလ “Doi Moi" စတင်ခဲ့ပြီး ကမ္ဘာ့ကြီးနဲ့ ခြားထားတဲ့ ကုန်သွယ်ရေး တံတိုင်းတွေကိုဖြိုပြီး၊ ပုဂ္ဂလိကကဏ္ဍတွေကို ကျယ်ကျယ်ပြန့်ပြန် လမ်းဖွင့်ပေးလိုက်ပါတယ်။
အာရှမှာတော့ တရုတ်ရဲ့ စီးပွားရေးတိုးတက်မှုနှုန်းကလွဲရင် ဗီယက်နမ်က ထိပ်ဆုံးကပါပဲ။ ဗီယက်နမ်ရဲ့တဦးချင်း ဂျီဒီပီ တိုးတက်မှုနှုန်းက နှစ်စဉ် ၅ဒသမ၃ ရာခိုင်နှုန်းရှိပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေက အာရှစီးပွားရေးအကျပ်အတည်းကာလ၊  လက်ရှိ ကမ္ဘာ့စိးပွားရေး အကျပ်အတည်းမှာတောင် ဗီယက်နမ်က ဆက်ကောင်းနေခဲ့ပါတယ်။ (၂၀၀၅ ခုနှစ်ကနေ ၂၀၁၀ အတွင်း စီးပွားရေး တိုးတက်မှုနှုန်း နှစ်စဉ် ၇ ရာခိုင်နှုန်း ပုံမှန်ရှိခဲ့ပါတယ်)။


၂၊ လယ်ကွင်းတွေက  ခွာကြလေပြီ
ဗီယက်နမ်စီးပွားရေးဟာ လယ်ကွင်းမြေမှာ အခြေခံတဲ့ စီးပွားရေးမဟုတ်တော့ပါဘူး။ စိုက်ပျိုးရေးကဏ္ဍကနေ ဂျီဒီပီကို ထည့်ဝင်တဲ့ တန်ဖိုးဟာ ၁၅ နှစ်အတွင်းမှာ ၄၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားပါတယ်။ လွန်ခဲ့တဲ့ ၂၉ နှစ် တရုတ်ပြည်နဲ့  လွန်ခဲ့တဲ့ ၄၁ နှစ် အိန္ဒိက မြေယာတော်လှန်ရေးကာလတွေတောင်  ဗီယက်နမ်လောက် မမြန်ခဲ့ပါဘူး။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ စိုက်ပျိုးရေးကဏ္ဍမှာ အလုပ်လုပ်သူ ၁၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး။ စက်ရုံအလုပ်ရုံနဲ့ ၀န်ဆောင်မှုကဏ္ဍတွေကို အလုပ်ပြောင်းရွှေ့သွားကြပါတယ်။ တချိန်တည်းမှာ စက်ရုံအလုပ်ရုံတွေမှာ အလုပ်အကိုင်  ၉ဒသမ၄ ရာခိုင်နှုန်း၊ ၀န်ဆောင်မှုမှာ ၃ဒသမ၄ ရာခိုင်နှုန်း တိုးတက်သွားပါတယ်။
ဒီလို လယ်ကွင်းကနေ စက်ရုံအလုပ်ရုံတွေကို အရွှေ့ဟာ ဗီယက်နမ်စီးပွားရေးတိုးတက်မှုရဲ့ အဓိက မောင်းနှင်အားဖြစ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် စိုက်ပျိုးရေးကဏ္ဍက ဂျီဒိပီအတွက် ထည့်ဝင်မှုက လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၆ဒသမ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ စက်မှုကဏ္ဍက ထည့်ဝင်မှုက ၇ ဒသမ ၂ ရာခိုင်းနှုန်းတိုးတက်ခဲ့ပါတယ်။

 
၃၊ စိုက်ပျိုးရေးထုတ်ကုန် ထိပ်ဆုံးကတင်ပို့ဆဲ
ဗီယက်နမ်ဟာ ကမ္ဘာပေါ်မှာ ငရုတ်ကောင်းအများဆုံး တင်ပိုတဲ့ နိုင်ငံဖြစ်ပြီး၊ ၂၀၁၀ က ဟင်းခတ်အမွှေးအကြိုင် တန်ချိန် ၁၁၆၀၀၀ နိုင်ငံခြားကို တင်ပို့ခဲ့ပါတယ်၊ ကမ္ဘာပေါ်မှာ သီဟိုဋ်သရက် အများဆုံးတင်ပို့တဲ့နိုင်ငံ၊ ဆန်းတင်ပို့မှုမှာလည်း ကမ္ဘာ့အများဆုံး ထိုင်းနိုင်ငံပြီးရင် ဒုတိယလိုက်ပါတယ်။ ကော်ဖီတင်ပို့မှုမှာ အများဆုံးဖြစ်တဲ့ ဘရာဇီးနောက်က ဒုတိယအများဆုံး လိုက်ပြန်ပါတယ်။ (လေးနှစ်အတွင်းမှာ ၃ ဆလောက် မြင့်တက်သွားတာပါ)၊ လက်ဖက် ထုတ်လုပ်မှုမှာ ကမ္ဘာ့ပေါ်မှာ ပဥမ အများဆုံးဖြစ်ပြီ၊ ငါးခူ၊ ကင်းမွန်၊ ပုစွန်၊ ငါးမည်လုံး တင်ပို့မှုမှာတော့ စတုထ္ထအများဆုံး နိုင်ငံဖြစ်နေပါတယ်။


၎၊ တရုတ်ပြည် အသေးစားလေးမဟုတ်ပါ
တရုတ်ပြည်က အလုပ်သမားတွေ ဈေးပိုပေးနေရလို့ စက်ရုံတချို့တွေ ဈေးပိုသက်သာတဲ့ ဗီယက်နမ်ကို  လစ်ပြေး ကုန်ကြပါပြီ၊ စီအီးအိုတွေကြားထဲမှာ ဗီယက်နမ်ဟာ ပို့ကုန်တွေ ထုတ်လုပ်ရာ တရုတ်ပြည်အသေးစားလေးဖြစ်လာတော့မယ်လို့ ပြောစမတ်ပြုလာကြပါတယ်။
ဒါပေမယ့် ဗီယက်နမ်နဲ့ တရုတ် မတူတဲ့ အဓိက အကြောင်းရင်း နှစ်ရပ်ရှိပါတယ်၊ ဗီယက်နမ် စီးပွားရေးက personal consumption တဦးချင်း စားသုံးမှုနဲ့ မောင်းနှင်တာဖြစ်ပြီး၊ ဗီယက်နမ် ဂျီဒီပီရဲ့ ၆၅ ရာခိုင်နှုန်းရှိပါတယ်၊ အာရှမှာ အတော်မြင့်တဲ့ ပြည်တွင်းစားသုံးမှုနှုန်းလို့ ဆိုနိုင်ပါတယ်၊ တရုတ်ပြည်မှာတော့ ပြည်တွင်းစားသုံးမှုဟာ ဂျီဒီပီရဲ့ ၃၆ ရာခိုင်နှုန်းပဲရှိပါတယ်။
ဒုတိယကွာခြားချက်က တရုတ်ပြည်ရဲ့ စီးပွားရေးတိုးတက်မှုဟာ ကုန်ထုတ်လုပ်မှုက အဓိက မောင်းနှင်အားဖြစ်ပြီး၊ ဗီယက်နမ်မှာတော့ ကုန်ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက မျှမျှတတ တိုးတက်လာတာ ဖြစ်ပါတယ်၊ ကဏ္ဍတရပ်စီက ဂျီဒီပီရဲ့ ၄၀ ရာခိုင်နှုန်းစီ ရှိပါတယ်။



၅။ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်
ဗီယက်နမ်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ အကြိုက်အတွေ့ဆုံး ထိပ်ဆုံးနိုင်ငံတွေမှာ ပါဝင်ပါတယ်။ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်တို့ ပြီးရင် ဗီယက်နမ်ပါပဲ၊ ၂၀၀၃ ခုနှစ် နိုင်ငံခြား တိုက်ရိုက်ရင်းနှိးမြှုပ်နှံမှု ၃ဒသမ၂ ဘီလီယံရှိရာကနေ ၂၀၀၈ ခုနှစ်မှာ ၇၁ဒသမ ၇ ရာခိုင်နှုန်းကို တက်သွားပါတယ်။ ၂၀၀၈ ကမ္ဘာ့စီးပွားရေးအကျကြောင့် ၂၀၀၉ ခုနှစ်မှာတော့ ၂၁ဒသမ၅ ဘီလီယံကို ပြန်ကျသွားပါတယ်၊ ၂၀၀၅ ခုနှစ်က စလို့ ဗီယက်နမ်ကို လာတဲ့ ကမ္ဘာ့လှည့် ခရီးသွားအရေအတွက် ၁ ပုံတပုံ မြင့်တက်ခဲ့ပါတယ်။

 
၆၊ ဗီယက်နမ်မှာ လမ်းတွေက ဖိလစ်ပိုင်၊ ထိုင်းတို့ထက်ပိုကောင်း
ဗီယက်နမ်က အခြေခံအဆောက်အဦ တည်ဆောက်တဲ့ကဏ္ဍမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်ခံခဲ့ ပါတယ်၊ ဗီယက်နမ်ရောက်ဖူးသူတွေက လမ်းတွေက သိပ်မထူးပါဘူးလို့ မြင်ကြပါတယ်။ ဒါပေမယ့် စီးပွားရေးတိုးတက်မှုနဲ့အတူ လမ်းသစ်တွေ ဖောက်ထားပါတယ်။
 ၂၀၀၉ ခုနှစ်မှာ တစ်စတုရန်း ကီလိုမီတာပတ်လည်တိုင်းမှာ လမ်းအရှည် ၀ဒသမ၇ ကီလိုမီတာရှိတယ်ပါတယ်၊ ဖိလစ်ပိုင်မှာ၊ ထိုင်းမှာ ဒီလောက်မရှိပါဘူး။ တချိန်တည်းမှာ လျှပ်စစ်ဓာတ်အားက နိုင်ငံရဲ့ ၉၆ ရာခိုင်နှုန်းကို ရောက်ပါတယ်။ Dung Quat၊  Cai Mep ကုန်တင်ဆိပ်ကမ်းတွေ။ ဗီယက်နမ်အလယ်ပိုင်းက  Da Nang လေဆိပ်၊ မဲခေါင်မြစ်ဝှမ်းဒေသက Can Tho လေဆိပ်တွေက ဗီယက်နမ်နဲ့ ပြင်ပကမ္ဘာကို အလွယ်တကူ ချိတ်ဆက်ပေးထားပါတယ်။


၇၊ အွန်လိုင်းနှင့် ဗီယက်နမ်လူငယ်များ
ဗီယက်နမ်လူဦးရေရဲ့ လက္ခဏာကို အတိုချုပ်ရရင် ငယ်ငယ်ရွယ်ရွယ်၊ ပညာတတ်၊ အွန်လိုင်းတက် လို့ ဆိုနိုင်ပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ ဗီယက်နမ်က မိုဘိုင်းသုံးစွဲမှု Mobile subscription က ၇၀ ရာခိုင်နှုန်း မြင့်တက်သွားပါတယ်။ အင်တာနက် ကျယ်ပြန့်မှုက ၃၁ ရာခိုင်နှုန်းဖြစ်လို့ မလေးရှား (၅၅ ရာခိုင်နှုန်း)၊ ထိုင်ဝမ် (၇၂) ရာခိုင်နှုန်းတို့ထက်တော့ နိမ့်ပါတယ်။ ဒါပေမယ့် အလျင်အမြန်ပဲ ပြောင်းလဲနေပါတယ်။
Broadband သုံးစွဲသူ ဦးရေက  ၂၀၀၆ ခုနှစ်မှာ ၀ဒသမ၅ သန်းရှိရာကနေ ၂၀၁၀ အရောက်မှာ ၃ဒသမ၈ သန်းရှိလာပါတယ်၊ 3G  စနစ်သုံးစွဲသူဦးရေကလည်း ၇ဒသမ ၇ သန်းရှိလာပါတယ်။ တယ်လီကွန် အခြေခံအဆောက်အဦတွေ ခေတ်မှီတိုးတက်လာတာနဲ့အမျှ အင်တာနက်သုံးသူ အရေတွက်လည်း ပေါက်ကွဲလာဖွယ်ရှိပါတယ်။ အင်တာနက်သုံးသူတွေရဲ့ ၉၄ ရာခိုင်နှုန်းဟာ သတင်းတွေကို ဖတ်ကြပြီး၊ အင်တာနက်သုံးသူ ၄၀ ရာခိုင်နှုန်းဟာ နေ့တိုင်း web လောကမှာ လေ့လာကျက်စားကြပါတယ်။

 

၈၊ အိုးမကွာအိမ်မကွာ ပြည်ပအလုပ်အကိုင်တွေ
ယခုလက်ရှိ ဗီယက်နမ်မှာ outsourcing။ offshore services ပြည်ပအလုပ်အကိုင်နဲ့ ၀န်ဆောင်မှုတွေကို အလုပ်လုပ်နေသူ ၁ သိန်းကျော်ရှိပါတယ်။ ဒီကဏ္ဍကနေရတဲ့ ငွေက ၁ ဘီလီယံခွဲကျော်ရှိပါတယ်။ ဗီယက်န်မှာ Hewlett-Packard, IBM, and Panasonic  တို့လို နာမည်ကျော် ကော်ပိုရေးရှင်းကြီးတွေလည်း လုပ်ငန်းလည်ပတ်နေကြပါတယ်။
ဒီလိုကဏ္ဍတွေနဲ့ အဖွံ့ဖြိုးဆုံး ကမ္ဘာ့ထိပ်တန်း ၁၀ နိုင်ငံစာရင်းမှာ ဗီယက်နမ်ပါဝင်လာဖို့ ရေခံမြေခံတွေလည်း ရှိပါတယ်။ အကြောင်းကတော့ ဗီယက်နမ်မှာ ကောလိပ်ကျောင်းပြီးတဲ့ လူငယ်အရေအတွက် များပါတယ်။ တက္ကသိုလ်တွေကနေ နှစ်စဉ် ဘွဲ့ရမောင်မယ် ၂၅၇၀၀၀ ကို လုပ်ငန်းခွင်တွေထဲကို ပို့ပေးနေပါတယ်။ တခြားနိုင်ငံတွေနဲ့ ယှဉ်ရင် ဈေးလည်း ချိုပါတယ်။
ဗီယက်နမ်က ဆော့ဖ်ဝဲ ပရိုဂရမ်မာ တယောက်ကို ငှားဖို့ တရုတ်ပြည်က ပရိုဂရမ်မာ တယောက်ကို ငှားရင်ပေးရတဲ့ ကြေးရဲ့ ၆၀ ရာခိုင်နှုန်းပဲ ပေးရပါတယ်၊  တခြားလုပ်ငန်းတွေ (data-processing ၊  voice-processing)မှာ ဗီယက်နမ်က တရုတ်ရဲ့ ထက်ဝက်လောက် ဈေးပေါပါတယ်။
ဒါကြောင့် outsourcing။ offshore services တွေကနေ ဗီယက်နမ်ဟာ နှစ်စဉ် အမေရိကန်ဒေါ်လာ ၆ ဘီလီယံကနေ ၈ ဘီလီယံအထိ ရနိုင်တဲ့ အလားအလာရှိပါတယ်။ ဒီကဏ္ဍတွေဟာ မြို့ပြလူငယ်တွေ အလုပ်အကိုင်ဖန်တီးပေးရေးမှာ အဓိကကျပြီး နောက်ထပ် အလုပ်အကိုင် ၆ သိန်း၊ ၇ သိန်းလောက်ကို ဖန်တီးပေးနိုင်ခြေရှိပါတယ်။ ဂျီဒီပီ တိုးတက်မှုကိုလည်း ၃ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ အားဖြည့်ပေးနိုင်ပါတယ်။


၉၊ ဗီယက်နမ်ဘဏ်တွေ သဘောကောင်းလွန်းသလား
ဗီယက်နမ်ဘဏ်တွေက ချေးငွေဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ ၃၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ ဒီနှုန်းဟာ တရုတ်၊ အိန္ဒိယနဲ့ တခြား အာစီယံ နိုင်ငံတွေကို အများကြီး ကျော်တက်သွားခဲ့ပါတယ်။
၂၀၁၀ နှစ်ကုန်ပိုင်းမှာ ဘဏ်တွေရဲ့ ချေးငွေပမာဏဟာ ဂျီဒီပီ ကိုတောင် ကျော်တက်သွားပြီး၊ ဂျီဒီပီရဲ့ ၁၂၀ ရာခိုင်နှုန်းရှိပါတယ်။ ၂၀၀၀ ခုနှစ်တုန်းက ဂျီဒီပီရဲ့ ၂၂ ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ ဒီဟာ ၀ုန်းဒိုင်းကျဲ အသက်ဝင်နေတဲ့ ဗီယက်နမ်စီးပွားရေးကို ဘဏ်တွေက ချောဆီ ထည်ပေးနေတာရဲ့ သက်သေပါပဲ။
စိုးရိမ်စရာအချက်တော့ ပြန်မဆပ်တော့မယ့် ဘဏ်ချေးငွေတွေ non-performing loans များလာရင် တခြားနိုင်ငံတွေမှာ ဖြစ်တတ်တဲ့အတိုင်းပဲ ဗီယက်နမ်မှာလည်း ဘဏ်လုပ်ငန်းနဲ့ ငွေရေးကြေးရေးကဏ္ဍတွေကို အစိုးရက ၀င်ကယ်ရ တာမျိုးဖြစ်မှာကို စိုးရိမ်ရပါတယ်။


၁၀ - စီးပွားရေး လက်ပမ်းကျကာလ
၂၀၀၅-၂၀၁၀ ကာလမှာ လူငယ်အလုပ်အင်အားစုတွေက တိုးတက်လာတာ၊ စိုက်ပျိုးရေး ကဏ္ဍကနေ ခွာလိုက်တာက ဗီယက်နမ်စီးပွားရေးတိုးတက်မှုအားလုံးရဲ့ ၃ ပုံ ၂ ပုံ အကြောင်းရင်း ဖြစ်ပါတယ်။ အခုတော့ တိုးတက်မှုရဲ့ ပထမအကြောင်းရင်းနှစ်ရပ်မှာ အားနည်းလာတာ တွေ့လာရပါတယ်။

တရားဝင်ကိန်းဂဏန်းတွေအရ လာမယ့် ၁၀ နှစ်အတွင်းမှာ အလုပ်အင်အားစု နှစ်စဉ် ၀ဒသမ၆ ရာခိုင်နှုန်းကျမယ်လို့ ခန့်မှန်းထားပါတယ်။ ၂၀၀၀-၂၀၁၀ ကာလမှာ နှစ်စဉ် ၂ဒသမ၈ တက်ခဲ့တာနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ လယ်ယာမြေကနေ စက်ရုံအလုပ်ရုံတွေဆီကို ရွှေ့ပြောင်းမယ့် အလုပ်အင်အားစုကလည်း အရင်အချိန်တွေတုန်းက နှုန်းအတိုင်းဖြစ်ဖို့ အလားအလာလည်း မရှိတော့ သလောက်ပါပဲ။
ဒါကြောင့် စီးပွားရေးတိုးတက်မှုကို ထိန်းထားနိုင်ဖို့ ဆိုရင် ထုတ်လုပ်မှုကို အားဖြည့်ပေးဖို့ လိုအပ်နေ ပါတယ်။ အတိအကျပြောရရင်တော့ ထုတ်လုပ်မှုနဲ့ ၀န်ဆောင်မှုကဏ္ဍက တဦးချင်းစီရဲ့ ထုတ်လုပ်နိုင်စွမ်းကို ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်အောင်လုပ်ဖို့ လိုအပ်နေပါတယ်။ အစိုးရက ၂၀၂၀ ခုနှစ်အရောက်မှာ စီးပွားရေးတိုးတက်မှုကို ၇ ရာခိုနှုန်း၊ ၈ ရာခိုင်နှုန်းလောက် တိုးတက်လာဖို့ မျှော်မှန်းထားပါတယ်။
အကယ်၍ တဦးချင်း ထုတ်လုပ်နိုင်စွမ်း (လက်ရှိ နှစ်စဉ် ၄ဒသမ၁ ရာခိုင်နှုန်း တက်နေတာကို ၆ဒသမ၄ ရာခိုင်နှုန်းဖြစ်လာအောင်) မမြှင့်တင်နိုင်ရင် ဗီယက်နမ်စီးပွားရေးတိုးတက်မှုက နှစ်စဉ် ၄ဒသမ ၅ ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်း ကျသွားဖို့ရှိပါတယ်။ အကယ်၍ အဲဒီအတိုင်းဖြစ်ခဲ့ရင် ၂၀၂၀ အရောက်မှာ (၇ ရာနှုန်း အတက်နဲ့ အစိုးရရည်မှန်းချက်ထားတာနဲ့ ယှဉ်လိုက်ရင် ဂျီဒီပီက ၃၀ ရာခိုင်နှုန်း နိမ့်ကျနေဖို့ရှိပါတယ်။
* * *
ဗီယက်နမ်မှာ မွေးရာပါ အားကောင်းချက်တွေရှိနေပါတယ်။ ငယ်ရွယ်ပျိုမြစ်သော အလုပ်အင်အား၊ သဘာဝသံယံဇာတတွေ ပေါကြွယ်မှု၊ နိုင်ငံရေးတည်ငြိမ်မှု စသဖြင့်။ ဒါကြောင့် ရေတိုအန္တရာယ်တချို့ကို ကာကွယ်နိုင်ပြီး၊ ထုတ်လုပ်မှု ဦးစားပေးတဲ့ စီးပွားရေးတိုးတက်မှုကို ဆက်ပြီး သယ်ဆောင်နိုင်မယ်ဆိုရင် ကြီးပွားချမ်းသာရေး ဒုတိယလှိုင်းခေတ်ဆီကို ဦးတည်နေမှာ သေချာပါတယ်။ 

"လူသုံးမျိုး" - ရေးသူ-လူထုစိန်ဝင်း



"မြန်မာလူမျိုးက နှစ်ယောက်ရှိရင် နှစ်ဂိုဏ်းကွဲတယ်။ သုံးယောက်ရှိရင် သုံးဂိုဏ်းကွဲတယ်။ ဘယ်တော့မှ မညီညွတ်ဘူး။ ဒါကြောင့် မတိုးတက်တာ " နိုင်ငံရေး အလုပ်ကိုမနှစ်မြို့တဲ့လူစားများရဲ့ ပါးစပ်ကအမြဲတမ်းကြားရလေ့ရှိတဲ့ စကားဖြစ်တယ်။

မြန်မာမှာမကွဲတာမရှိတဲ့

သူတို့စကား ခိုင်မာစေဖို့အတွက် ကွန်မြူနစ်တွေလည်း ကွဲတယ်။ ပြည်သူ့ရဲဘော်တွေလည်း ကွဲတယ်။ ဆိုရှယ်လစ်လည်း ကွဲတယ်။ ဖဆပလလည်းကွဲတယ်။ ပထစလည်း ကွဲတယ်။ အဲဒီမတိုင်ခင်က ဂျီစီဘီအေလည်းကွဲ၊ သခင်တွေလည်းကွဲ၊ မကွဲဘူးတဲ့ အဖွဲ့အစည်းတစ်ခုမှကို မြန်မာပြည်မှာ မရှိဘူးလို့ ဆက်ပြောချင်ပြောပါလိမ့်ဦးမယ်။ ဘယ်သူတွေက အဲဒီလိုပြောကြတာလဲလို့ ကြည့်လိုက်ရင်၊ အများစုဟာ ဘယ်ခေတ်၊ ဘယ်အခါမှာမှ အများအရေးကို ပါဝင်ဆောင်ရွက်လေ့မရှိဘဲ၊ ကိုယ့်အရေး၊ ကိုယ့်မိသားစုအရေး တစ်ခုတည်းကိုသာ အလေးထားလုပ်ဆောင်လေ့ရှိသူတွေဖြစ်တယ် ဆိုတာတွေ့ရလိမ့်မယ်။

သက်သက်ရမယ်ရှာတာ

တကယ်တော့ ဒီလူတွေဟာ အများအကျိုး၊ ရပ်ကျိုးရွာကျိုး သူတို့မလုပ်တာကို ခုခံကာကွယ်ဖို့အတွက် သက်သက်မဲ့ရမယ်ရှာပြီး ပြောကြတာဖြစ်တယ်။ လူ့လောကမှာ ရုပ်ချင်းခွဲမရအောင် တူတယ်ဆိုတာသာရှိပြီး စိတ်သဘောထားချင်း တစ်ထပ်တည်း တစ်သားတည်းကျအောင် တူတယ်ဆိုတာမရှိဘူး။ ဒါသဘာဝတရား ဖြစ်တယ်။ ရုပ်ချင်းတူတဲ့ အ မြွှာချင်းတောင်မှ စိတ်ချင်းအတော်တူပေမယ့် အားလုံးတစ်သားတည်းကျအောင် တူတာတော့မဟုတ်ဘူး။ မတူတဲ့နေရာတွေလည်း ရှိသေးတယ်။ မိဘနဲ့သားသမီးလည်း အလားတူပဲ။ စရိုက်မတူတာတွေရှိသလို အကြိုက်မတူတာတွေလည်းရှိတယ်။ ဒါဟာ လူ့လောကရဲ့ ဖြစ်ရိုးဖြစ်စဉ်သဘာဝပဲ။ အဆန်းမဟုတ်ဘူး။ အပြစ်ပြောစရာလည်းမဟုတ်ဘူး။

စစ်မဖြစ်ဘူးတဲ့ နိုင်ငံမရှိ

မြန်မာလူမျိုးတွေမှ သူများထက်ထူးပြီးကွဲကြတာမဟုတ်ဘူး။ မညီမညွတ်ဖြစ်တာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာရှိသမျှ နိုင်ငံတိုင်း၊ လူမျိုးတိုင်း မကွဲဖူးတဲ့နိုင်ငံ၊ စစ်မဖြစ်ဖူးတဲ့ နိုင်ငံတစ်ခုမှမရှိပါဘူး။ တိုးတက်ထွန်းကားနေတဲ့ နိုင်ငံကြီးတွေမှာလည်း အယူအဆမတူ ကွဲပြားကြလို့ သူ့ပါတီ၊ ကိုယ်ပါတီဆိုပြီး သီးခြားခွဲထောင်ထားကြတာပဲ။ ဂျပန်နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး အာဏာရပါတီကြီးဖြစ်တဲ့ အယ်လ်ဒီပီပါတီဆိုရင် ပါတီတစ်ခုတည်းမှာကို သီးခြားအုပ်စုကွဲတွေ တစ်ဒါဇင်လောက်တရားဝင်တည်ရှိနေတာ ဖြစ်တယ်။

လူလားမမြောက်သေးလို့

ကွဲကြ၊ ပြဲကြတယ်ဆိုတာက အယူအဆချင်း၊ ယုံကြည်ချက်ချင်း၊ မတူလို့မဟုတ်ဘူး။ ဦးနှောက်လူလား မမြောက်သေးလို့နဲ့ နိုင်ငံရေးမရင့်ကျက်သေးလို့ဖြစ်တာ။ လူလားမြောက်ရင့်ကျက်ပြီဆိုရင် အမြင်အယူအဆ မတူတာဟာ လူ့သဘာဝပဲလို့ နားလည်ပြီး သည်းခံနိုင်တယ်။ အတူတွဲပြီး လုပ်နိုင်ကိုင်နိုင်တယ်။ လူ့ဘုံလူ့လောကဆိုတာ မတူတဲ့လူတွေအတူတွဲပြီး မတူတဲ့အတွေးအခေါ် အယူအဆတွေကို တစ်ဦးချင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြကိုင်ကြရင်းက ဖြည်းဖြည်းချင်း တိုးတက်ဖွံ့ဖြိုးလာခဲ့တာဖြစ်တယ်။

ထင်းစည်းဥပမာ

တစ်သွေးတစ်သားတည်း ပေါင်းစည်းညီညွတ်တယ်၊ ရေကိုသားလို့ အကြားမထင်သလို ပေါင်းစပ်တယ် ဆိုတာတွေက စကားအဖြစ်ပြောတာ သက်သက်ပဲ။ တကယ်လက်တွေ့တည်ရှိနိုင်တာမျိုး မဟုတ်ဘူး။ ထင်းစည်းတစ်စည်းလို စည်းလုံးညီညွတ်တယ်ဆိုတဲ့ ပုံဆောင်စကားကမှ လူလောကမှာ သဘာဝ ကျစွာ ဖြစ်နိုင်တဲ့ ပေါင်းစည်းညီညွတ်ရေးဖြစ်တယ်။ ထင်းစည်းတစ်စည်းမှာ အမျိုးအစားမတူတဲ့၊ အတိုအရှည် မညီတဲ့ ထင်းချောင်းတွေကို ကြိုးတစ်ချောင်းနဲ့ စုပြီးစည်းထားလိုက်တာဖြစ်တယ်။ ပေါင်းစည်းထားတဲ့အတွက် လိုရာအရပ်ရောက်အောင် သက်သက်သာသာလွယ်လွယ်ကူကူနဲ့ သယ်ပိုးသွားနိုင်တယ်။ အလွယ်တကူ ကျိုးပဲ့မသွားဘူး။


ဘုံအကျိုးစီးပွားအတွက်

လူ့လောကဆိုတာလည်း အတူတူပဲ။ အသွေးအရောင်၊ အမျိုးအနွယ်မတူ ကွဲပြားခြားနားတဲ့ လူအများအပြားဟာ တူညီတဲ့ပန်းတိုင်တစ်ခုကို ရောက်ဖို့အတွက် ဘုံအကျိုးစီးပွားဆိုတဲ့ ကြိုးနဲ့စုစည်းပြီး ခရီးသွားနေတာဖြစ်တယ်။ တူညီတဲ့ ပန်းတိုင်ဆိုတာကတော့ အေးချမ်းသာယာပြီး လူတိုင်းလူတိုင်း မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ်နေထိုင်နိုင်တဲ့ သာယာရွှေပြည်ဖြစ်ပါတယ်။ အဲဒီ သာယာရွှေပြည်ကိုရောက်ရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားရောင်မရွေး၊ လူသားအားလုံး ခံစားရမှာဆိုတော့ ကိုယ်လည်းခံစားရမယ်။ သူလည်းခံစား ရမယ်ပေါ့။ အဲဒီလို ခံစားချင်စိတ်က ဘုံအကျိုးစီးပွားဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွင်းက ညီညွတ်ရေးဆိုတာ တူညီတဲ့ ဘုံအကျိုးစီးပွားတစ်ခုအတွက် ပူးတွဲနေထိုင်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်တယ်။

ဒီမိုကရေစီကျင့်စဉ်

ဘုံအကျိုးစီးပွားချင်း တူရင်တွဲလုပ်တယ်။ မတူရင်တွဲမလုပ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်ဖာသာလုပ်တယ်။ ဒါသဘာဝပဲ။ ဘာမှမထူးဆန်းဘူး။ အပြစ်ပြောစရာလည်း မဟုတ်ဘူး။ ကိုယ်ကကိုယ်ကြိုက်တဲ့ လမ်းကသွားသလို၊ သူလည်းသူကြိုက်တဲ့ လမ်းကသွားပါစေ။ ဒါလူတိုင်းရဲ့ မွေးရာပါ အခွင့်အရေးပဲ။ ကိုယ့်အခွင့်အရေးကို ကိုယ့်မြတ်နိုးသလို သူလည်းသူ့အခွင့်အရေးကို တန်ဖိုးထားမှာပဲ။ ဒါကို နားလည်သဘောပေါက်ပြီး သူ့အခွင့်အရေးကို တန်ဖိုးထားလေးစားတာ၊ သူ့အခွင့်အရေး သူ့စိတ်ကြိုက် အသုံးချတာကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပေးတာဟာ ဒီမိုကရေစီကျင့်စဉ်ဖြစ်တယ်။


လူသုံးမျိုး

ဒီလိုပြောတဲ့အတွက် အားလုံးဟာမိတ်ဆွေဖြစ်တယ်၊ ရန်သူမရှိဘူးလို့ပြောတာမဟုတ်ဘူး။ လူ့အဖွဲ့အစည်း အတွင်းမှာ လူကောင်း၊ လူဆိုး၊ လူယုတ်မာဆိုတာကတော့ ဘယ်ခေတ်ဘယ်အခါမဆို ရှိနေတာပဲဖြစ်တယ်။ လူကောင်းကို မိတ်ဆွေအဖြစ် သဘောထားရမယ်ဆိုတာကတော့ ပြောစရာမလိုဘူး။ လူတိုင်းသိတယ်။ လူဆိုးကျတော့ ခွဲခြားစဉ်းစားစရာရှိတယ်။ တချို့က အရက်သေစာသောက်စားမူးရစ်တဲ့သူ၊ လောင်းကစား အလွန်အကျွံလုပ်သူကို လူဆိုးလို့ခေါ်တယ်။ သူ့ဟာသူ ကြိုက်လို့စွဲလို့သောက်တယ်၊ လောင်းကစားလုပ်တယ်၊ ဘယ်သူ့ကိုမှ ဒုက္ခ မပေးဘူးဆိုတဲ့သူမျိုးကိုတော့ မိတ်တွေအဖြစ်မပေါင်းသင်းချင်ရင်တောင်၊ ရန်သူအဖြစ် သဘောထားပြီး ရှောင်ဖယ်နေစရာတော့ မလိုဘူးထင်ပါတယ်။

အမှားကိုမြင်လို့ပြုပြင်ရင်

တချို့ဆင်းရဲလွန်းလို့ ကြံမိကြံရာကြံရင်းနဲ့ ခါးပိုက်နှိုက်ဖြစ်၊ သူခိုးဖြစ်သွားတာမျိုးရှိတယ်။ သူတို့ဟာ လူဆိုးတော့လူဆိုးပဲ၊ ဒါပေမဲ့ မတရားနိုင်ထက်စီးနင်းနဲ့ နှိပ်စက်ညှဉ်းပန်းမလုပ်ဘူး။ သူတစ်ပါးသားပျို၊ သမီးပျိုကို ထိပါးစော်ကားမပြုဘူးဆိုရင်တော့ လူယုတ်မာလို့ခေါ်တဲ့အဆင့် မရောက်သေးဘူးလို့ ဆိုချင်တယ်။ သူတို့အမှားကိုသိလို့ နောင်တတရားရ ပြုပြင်တယ်ဆိုရင် ခွင့်လွှတ်သင့်သူကို ခွင့်လွှတ်ရမယ်။ ပြုပြင်ပေါင်းသင်းသင့်သူကို ပေါင်းသင်းနိုင်တယ်။ ရှေးခေတ်၊ ရှေးအခါ နာမည်ကြီးတဲ့ ရှင်မတောင် ဓားပြဂိုဏ်းကြီးတောင် နောက်ဆုံးကျတော့ ဖက်ဆက်တော်လှန်ရေးကြီးထဲ ပါဝင်လာပြီး တိုင်းပြည်ရဲ့ အဖိုးတန်သားကောင်း၊ သမီးကောင်းတွေဖြစ်လာခဲ့ကြတဲ့ သာဓကရှိပါတယ်။


ငတေမာပြီးရော

တချို့ကျတော့ သောက်စားမူးယစ်မှုမရှိဘူး၊ လောင်းကစားမလုပ်ဘူး၊ ဓားပြလည်းမတိုက်ဘူး၊ ဒါပေမဲ့ ဘယ်သူသေသေငတေမာပြီးရောဆိုတဲ့စိတ်နဲ့ တစ်ရွာလုံးငတ်ပြီး သေချင်သေ ငါ့စပါးကျီထဲက စပါးတွေတော့ထုတ်ရောင်းမပေးနိုင်ဘူးဆိုပြီး လူတွေတစ်ယောက်ပြီးတစ်ယောက် သေသွားတာကို ငုတ်တုတ်ထိုင်ကြည့်နေနိုင်တယ်။ တချို့က နိုင်တုန်းဖိထောင်းထားတယ်ဆိုတဲ့ စိတ်နဲ့ အားနည်းသူတွေကို နိုင့်ထက်စီးနင်းညှဉ်းပန်းနှိပ်စက်တတ်တယ်။ တချို့ကျတော့ မသိနားမလည်သူတွေကို လိမ်ညာလှည့်စားပြီး ကိုယ်ကောင်းစားဖို့ ဂုတ်သွေးစုပ်တတ်တယ်။ တချို့က သူတော်ကောင်းဟန်ဆောင်ပြီး လူမသိအောင် မတော်မတရား အလုပ်တွေလုပ်တတ်တယ်။

မောရုံသာအဖတ်တင်

ဒီလူစားမျိုးတွေကိုတော့ လူဆိုးဓားပြထက်တောင် ကြောက်စရာကောင်းလို့ လူယုတ်မာဆိုတဲ့ စကားလုံးနဲ့ပဲ ထိုက်တန်တယ်။ ဘယ်တော့ဘယ်အခါမှ အပေါင်းအသင်းမလုပ်အပ်သူတွေညဖစ်တယ်။ ရန်သူအဖြစ် ပြတ်ပြတ်သားသားသတ်မှတ်ပြီး ခေါင်းမဖော်နိုင်အောင် ရှုတ်ချပစ်ရမယ်။ အားနာနေလို့ မဖြစ်ဘူး။ ညှာတာထောက်ထားဖို့ မတန်ဘူး။ လူယုတ်မာတွေက မေတ္တာတရားကို ဘယ်တော့မှတန်ဖိုးထားတာ မဟုတ်ဘူး။ တရားဟောနေရင် မောရုံသာ အဖတ်တင်ပါလိမ့်မယ်။

လူသုံးမျိုး" ဆောင်းပါးက ၂၁.၀၂.၂၀၁၂ ထုတ် News Watch Journal မှာ ပါတဲ့ ဆောင်းပါး ဖြစ်ပါတယ်။

Thursday, February 23, 2012

တားနည်းများ

1. အရေပြားအားကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
2. (ကွန်ဒွန်း)များ၊ Male and female condoms
3. ဆေးနှစ်မျိုးတွဲစားဆေးများ၊ The combined pill
4. သားအိမ်အ၀အဖုံးများ၊ Diaphragms and caps
5. (ပီ-အို-ပီ)ဆေးလုံး၊ The progestogen-only pill
6. အရေပြားအောက်ထည့်ရသည့် ဆေးချောင်း၊ The contraceptive implant
7. ထိုးဆေး၊ The contraceptive injection
8. အရေးပေါ်တားဆေး၊ Emergency contraception
9. သားအိမ်ထဲထည့် ပစ္စည်း၊ The intrauterine device (IUD)
10. သားအိမ်ထဲထည့် တာရှည်ခံဆေး၊ The intrauterine system (IUS)
11. သဘာဝနည်း၊ Natural family planning
12. သားကြောဖြတ်ခြင်း၊ Male and female sterilization
13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
14. ကျားသုတ်ပိုးသတ်ဆေး၊ Spermicides (nonoxynol-9)

1. အရေပြားအား ကပ်ထားရသည့် ဆေးကပ်ခွါ၊ The contraceptive patch
သေးငယ်ပါးလွှာ၍ အရေပြား၌ကပ်ရသည့် ခပ်ညိုညိုဆေးပြားလွှာ။
တားဆေးစားဆေးများနည်းတူ ဟော်မုန်းများပါဝင်လျက် မျိုးဥအိမ်မှ လစဉ် မမျိုးဥ မထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန်ခက်ခဲစေပြီး၊ သားအိမ် အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။ ၉၉%ထိရောက်သည်။

ရာသီစစဆင်းပြီး (၅)ရက်မြောက်နေ့မှစကပ်ရမည်။ လစဉ်ရက်သတ္တ(၃)ပါတ်ကပ်ကြာ (အနာမရှိ၊ အမွှေးမထူ) သန့်ရှင်းသော မည်သည့် (ရင်သားမှအပ) အရေပြားမှာမဆို ကပ်ထားရသည်။ ထို့နောက်တပါတ်နားထားစဉ် ရာသီဆင်းမည်။

ရာသီးအဆင်း နည်းမည်။ ရက်လည်းတိုနိုင်သည်။ စားဆေးများကဲ့သို့ ဆေးကြောင်း ပျို့-အန်ခြင်းမဖြစ်။ ကင်ဆာနှင့် အခြား အလုံး-အကြိတ်ဖြစ်မည့် အန္တရာယ်ပို၍နည်းသည်။ အမည်းငယ်ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ကြားရက်ထဲ သွေး ဆင်းချင် ဆင်းတတ်သည်။ ဖြစ်နိုင်ခဲသော ဘေးထွက်ဆိုးကျိုးများမှာ သွေးဖိအားတက်တတ်သည်။ သွေးခဲခြင်းဖြစ်နိင်သည်၊ ၅ နှစ်ထက် ကြာကြာ သုံးလျင် သားအိမ်အ၀ကင်ဆာဖြစ်စေနိုင်သည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင်မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အ၀လွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

ကောင်းစွာစေးကပ်သဖြင့် ရေချိုး-ရေကူးလျင်လည်း ကွာမကျတတ်ချေ။ မတော်တဆ ကွာကျလျင် ၄၈ နာရီ အတွင်းသိပါက ၄င်းကိုပင် ပြန်ကပ်နိုင်သည်။ ၄၈ နာရီကျော်သွားပါက အသစ်တခုကို၎င်း၊ အခြားနည်းကို၎င်းသုံးပါ။

2. Male and female condoms ကျား-မ (ကွန်ဒွန်း) အစွပ်များ
ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ ကျားသုံး-မသုံး နှစ်မျိုးရှိသည်။ latex (rubber) or polyurethane (plastic) ပစ္စည်း တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ ညွှန်ကြားချက်အတိုင်း သုံးတတ်ပါက ၉၅-၉၈% စိတ်ချရသည်။ HIV-AIDS အပါအ၀င် လိင်မှတဆင့်ကူးစက်ရောဂါများကို ကာကွယ်သည်။

ကျား(ကွန်ဒွန်း)အသုံးပြုနည်း၊
အမျိုးသမီးနှင့် အဂ်ါချင်းမထိစပ်မီ၊ မာတင်းလာသည့် ကျား၏အင်္ဂါအား ကျကျနန စွပ်ဖုံးထားလျက်သုံးရမည်။ အဆုံးသပ်လျင် ကျားအင်္ဂါ လုံးဝ နဂိုအနေအထားသို့ ပြန်မရောက်မီ ချွတ်ယူရမည်။ တခုသည် တခါသုံးသာ ဖြစ်သည်။

၂၅-၄-၀၉။ အသားရှောင်ခြင်းကို အထူးဂရုပြုသူများအတွက် Fusion အမည်ဖြင့် (ဗက်ဂျီ-ကွန်ဒွန်း)အား ဗြိတိန်နိုင်ငံတွင် မှတ်ပုံတင်လိုက်ပြီဖြစ်သည်။

မ(ကွန်ဒွန်း)အသုံးပြုနည်း၊

အမျိုးသမီး၏ မွေးလမ်းကြောင်း(Vagina)ထဲ၌ သက်တောင့်သက်သာ အ၀ကိုအပြင်-အပိတ်ကို အတွင်း အနေအထားဖြင့် ထည့်သွင်းရမည်။

ဆက်ဆံမှုပြီးဆုံးလျင် အပြင်အ၀အား စုစည်းပိတ်လျက် အထဲရှိနေသော ကျားသုတ်များ ဖိတ်ကျခြင်း မရှိစေအောင် ပြန်ထုတ်၍ စွန့်ပြစ်ရမည်။

Lower-cost female condom gets FDA approval ဈေးချိုသော မ(ကွန်ဒွန်း)အား FDA က အသိအမှတ်ပြုလိုက်ပြီ။

3. The combined pill ဆေးနှစ်မျိုးတွဲစားဆေးများ၊
COC ဟုလည်းခေါ်သည်။ အမျိုးအစားများစွာရှိသည်။ estrogen and progestogen ခေါ် အမျိုးသမီး ဟော်မုန်း နှစ်မျိုး ပူးတွဲပါဝင်သည်။

၎င်းဟော်မုန်း နှစ်မျိုးသည် မမျိုးဥအိန်မှ လစဉ် ထွက်ရမည့် မမျိုးဥကိုထွက်မလာစေရန် တားဆီးပေးသည်။ သားအိမ်အ၀ရှိ ချွဲရည်အား ထူပြစ်စေခြင်းကြောင့် မမျိုးဥထွက်စေဦးတော့ ကျားသုတ်ပိုးနှင့် တွေ့ရန် ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကို ပါးလွှာစေခြင်းကြောင့် သန္ဓေဥသည် သားအိမ်၌မကပ်စေနိုင်။

စနစ်တကျသုံးပါက ၉၉%စိတ်ချရသည်။ လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စုစုပေါင်း ၂၁ ရက်ကြာနေ့စဉ် ဆေး ၁ ပြားသောက်ရမည်။ နောက်ဆုံးသောက်ရမည့် အရောင်မတူသည့်ဆေးပြား ၇ ပြားမှာ အားဆေးသာ ဖြစ်သည်။ နားထားသော ၇ ရက်အတွင်း သွေးပြန်ဆင်းမည်။ ဆေးမသုံးသည်ထက် သွေးဆင်း နည်းမည်၊ ရက်လည်းတိုမည်။

သွေးဆင်းရက်မှန်စေသည်။ ရာသီမလာမီဖြစ်တတ်သည့် လက္ခဏာများနည်းစေသည်။ ၀က်ခြံ၊ အလုံး-အကြိတ်၊ ကင်ဆာ ဖြစ်နိုင်ခြေ နည်းနိုင်သည်။

မကောင်းသော ဘေးထွက်လက္ခဏာများ၊ ခေါင်းကိုက်၊ ပျို့-အန်၊ ကြားရက်သွေးဆင်းခြင်း၊ ရင်သားတင်းခြင်း၊ ရှားရှားပါးပါး ဖြစ်နိုင်သည်များမှာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်း၊ သားအိမ်အ၀ကင်ဆာတို့ဖြစ်ကြသည်။

ကိုယ်ဝန်ရှိနေပြီဆိုလျင် မသုံးရ၊ အသက် ၃၅ ကျော်လျင်၊ အ၀လွန်လျင်၊ သွေးခဲတတ်သည့်ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း)ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ အသဲ-သဲခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေလျင် မသုံးသင့်။

4. Diaphragms and caps သားအိမ်ဝအဖုံးများ၊

ကျားသုတ်ပိုးများအား မမျိုးဥနှင့် မတွေ့စေရန် ကြားခံပေးထားသည့် အဆီးအတားမျိုးဖြစ်သည်။ latex (rubber) or polyurethane (plastic) တမျိုးမျိုးဖြင့် ပြုလုပ်ထားသည်။ အရွယ်အစား အမျိုးမျိုးရှိသည်။ diaphragms သည် ဆန့်နိုင်-ကြုံ့နိုင်သော အဖုံးကဲ့သို့ ပုံပန်းရှိသည်။ Caps တို့က ပို၍ အရွယ်ငယ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။ ၉၂-၉၆% စိတ်ချရသည်။ silicone cap – Femcap သည် ပို၍ထိရောက်သည်။

ကျား-မ မဆက်ဆံမီ ကျားသုတ်ပိုးသတ်ဆေး spermicide အား သားအိမ်ဝအဖုံး diaphragm ပေါ်သုတ်လိမ်းပြီး၊ မွေးလမ်းကြောင်း Vagina ထဲထည့်သွင်းပြီး သားအိမ်ဝ Cervix ကို ဖုံးပိတ်စေရမည်။ ဆက်ဆံပြီးနောက် ၆ နာရီ ကြာအထိ diaphragm ကို ပြန်မထုတ်ရ။ ကြာကြာထားလည်းရသည်။

5. The progestogen-only pill (ပီ-အို-ပီ) ဆေးလုံး၊
Progestogen ခေါ် မဟော်မုန်းတမျိုးတည်း ပါသည့်စားဆေးဖြစ်သည်။ အမျိုးအစားအမျိုးမျိုးရှိသည်။ ၄င်းဆေးကြောင့် သားအိမ်အ၀ရှိ ချွဲကြိသည့်အရည်သည် ပြစ်စေးလာကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ်အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ Cerazette ဆေးဖြစ်ပါက လစဉ် မမျိုးဥထွက်ခြင်းကို တာဆီးပေးသည်။ သတိထားသုံးပါက ၉၉% ထိရောက်သည်။

လစဉ်ရာသီစတင်လာသည့်နေ့မှ ၅ ရက်မြောက်နေ့ကစ၍ ဆေးသုံးရမည်။ စနေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်သည်အထိ သောက်ရမည်။ ဆေးကပ်ကုန်သည်နှင့် နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်သည်။ အသက်ကြီးလျင်လည်းသောက်နိုင်သည်။ ရာသီ မလာမီ လက္ခဏာများကို သက်သာစေသည်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်သည်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်ခြင်း ဖြစ်တတ်သည်။

ယခု သို့မဟုတ် ယခင်က ရင်သားကင်ဆာရှိနေလျင်၊ ကိုယ်ဝန်ရှိနေလျင်၊ အသဲနှင့်သဲခြေရောဂါရှိနေလျင်၊ မျိုးဥအိမ် အကြိတ် အလုံးရှိဘူးလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

6. The contraceptive implant အရေပြားအောက် ထည့်ရသည့် ဆေးချောင်း၊
ဆံညှပ်အရွယ်၊ ကွေးနိုင် ဆန့်နိုင်သော ပြွန်ချောင်းကလေးတခုဖြစ်သည်။ လက်မောင်းအတွင်းဖက် အရေပြားအောက်၌ ထုံဆေး-ပိုးသန့်ခြင်းနည်း သုံး၍ ထည့်ထားရသည်။ ၄င်းမှ progestogen ဟော်မုန်းအား ၃ နှစ်ကြာ ထုတ်ပေးနေမည်။ Implanon ဟု ဆေးနာမည် ခေါ်သည်။

progestogen ဟော်မုန်းသည် လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉%မက ထိရောက်သည်။ အလေးချိန်များသူများလည်း သုံးနိုင်သည်။ လစဉ်ရာသီလာအပြီး ၅ ရက်မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ ကလေးနို့တိုက်ခြင်းကို သက်ရောက်မှုမပြု။ လစဉ် ရာသီမလာမီလက္ခဏာများကို သက်သာစေသည်။

သို့သော် ရာသီဆင်းများတတ်သည်။ မမှန်ဖြစ်တတ်သည်။ ၀က်ခြံပေါက်တတ်သည်။ ရင်သားတင်းတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ အသဲရောဂါရှိနေလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ (မိုင်ဂရင်း) အမူးရောဂါရှိလျင် မသုံးသင့်။

7. The contraceptive injection ပဋိသန္ခေတားထိုးဆေး၊
Progestogen ဟော်မုန်းတမျိုးပါသည့် ထိုးဆေးဖြစ်သည်။ Depo-Provera ၃ လခံ၊ Noristerat ၂ လခံ၊ ၁လခံ၊ အမျိုးအစားများရှိသည်။ လစဉ် မမျိုးဥအိမ်မှ မမျိုးဥမထွက်စေရန် တားဆီးသည်။ သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ ၉၉% ထိရောက်သည်။ လစဉ်ရာသီလာအပြီး ၅ ရက် မြောက်နေ့မှ စထည့်ထားပါက ချက်ချင်းထိရောက် ကာကွယ်သည်။ နို့တိုက်ခြင်းကိုမထိခိုက်။ ရာသီမဆင်းမီလက္ခဏာများ သက်သာစေသည်။

သို့သော် ရာသီလာသည့်ရက် ပြောင်းတတ်သည်။ မလာဘဲလည်း ရှိတတ်သည်။ ကိုယ်အလေးချိန် တိုးတတ်သည်။ ကိုယ်ဝန်ရှိနေလျင်၊ နောက်၁ နှစ်အကြာကလေးလိုချင်လျင်၊ သွေးကြောကျဉ်းရောဂါရှိလျင်၊ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

8. Emergency contraception အရေးပေါ်တားဆေး၊
(၁) ဟော်မုန်းပါသောဆေး emergency pill နှင့် (၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD) နှစ်မျိုးရှိသည်။

(၁) Emergency contraception (EC) သို့မဟုတ် Emergency contraceptive pills (ECPs) သို့မဟုတ် morning-after pillဟော်မုန်းပါသောဆေးကို လိင်ဆက်ဆံပြီး မြန်မြန်သုံးလေ စိတ်ချရလေဖြစ်သည်။ ဆက်ဆံအပြီး ၇၂ နာရီအတွင်းသုံးပါက အထိရောက်ဆုံးဖြစ်သည်။ ၅ ရက်အထိလည်း သုံးနိုင်နိုင်သည်။

Progestin (levonorgestrel) 1.5 mg တလုံးတကြိမ်တည်း သို့မဟုတ် 750 μg နှစ်ခါခွဲသောက်နိုင်သည်။ ၈၉% ထိရောက်သည်။ ၄င်းဆေးသည် RU486, mifestone, or Mifeprex တို့ကဲ့သို့ သားပျက်စေသည့် ဆေးမဟုတ်ဘဲ သန္ဓေမတည်အောင်သာ လုပ်ပေးခြင်း ဖြစ်သည်။ ဘေးထွက်ဆိုးကျိုးများမှာ ပျို့ခြင်း၊ အန်ခြင်း၊ ရင်သားတင်းခြင်းတို့ ဖြစ်သည်။ အရေးပေါ်ဆေးသောက်ပြီး အချိ့ အမျိုးသမီးများက နေမကောင်း ဖြစ်တတ်သည်။ မောပန်းခြင်း၊ ခေါင်းကိုင်ခြင်း၊ ရင်သားတင်းခြင်း၊ ဗိုက်အောင့်ခြင်းတို့ဖြစ်သည်။

လိင်မှတဆင့်ကူးစက်ရောဂါများကို အကာအကွယ်မပေးနိုင်။ ဆက်လက်ကာကွယ်လိုလျင် အရေးပေါ် ဆေးအပြင် အခြားနည်းများကို သုံးရန်လိုသည်။

(၂) သားအိမ်ထဲပစ္စည်းထည့်ခြင်း (IUD)သည် လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း သုံးနိုင်သော်လည်း၊ ၉၉% စိတ်ချရသည်။ (IUD)ကမူ တာရှည်ကာကွယ်သည်။

9. The intrauterine device (IUD or IUCD) သားအိမ်ထဲထည့် ပစ္စည်း၊
သားအိမ်ထဲတွင် plastic သို့မဟုတ် copper ဖြင့်ပြုလုပ် ထားသော ပစ္စည်းငယ်လေးတခု ထည့်ထားပေးခြင်းဖြစ်သည်။ ထိုသို့လုပ်ခြင်းဖြင့် ကျားသုတ်ပိုးသည် မမျိုးဥနှင့်ထိတွေ့ခြင်း မဖြစ်အောင်လုပ်ပေးသည်။ ၉၉% ထိရောက်သည်။

ကြေးနီဓါတ်ပိုပါဝင်သည့် (IUD) အသစ်များက ပို၍ ထိရောက်သည်။ တတ်ကြွမ်းသည့် ဆရာဝန်၊ ဆရာမများကထည့်ပေးရသည်။ သားအိမ်ထဲသို့ ပစ္စည်းထည့်ထားစဉ် အောက်ခြေ ကြိုးစလေးနှစ်ခုက မွေးလမ်းကြောင်း Vagina ထဲရှိနေခြင်းဖြင့် (IUD) ရှိနေဆဲ ဖြစ်သည်ကို စစ်ဆေး ကြည့်နိုင်သည်။ ထည့်ပြီးသည်နှင့် အကျိုးသက်ရောက်သည်။ ဟော်မုန်းမပါသဖြင့် မည်သည့် ဆေးဘေးထွက် အကျိုးမှမရှိ။ ၃ နှစ်ခံမှ ၁၀ နှစ်ခံအထိ အမျိုးမျိုးရှိသည်။ ParaGard (copper T), Mirena (LNG-IUS), Multiload CU375 စသဖြင့်အမျိုးမျိုးရှိသည်။

လစဉ်ရာသီများတတ်သည်။ စစ်ဆေးကြည့်နေသင့်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း တခါတရံ ဖြစ်တတ်သည်။ (ကွန်ဒွန်)ကဲ့သို့ လိင်မှတဆင့် ကူးစက်ရောဂါများကို မကာကွယ်နိုင်။

10. The intrauterine system (IUS) သားအိမ်ထဲထည့် တာရှည်ခံဆေး၊
T ပုံရှိသော ပလပ်စတစ်ဖြင့်ပြုလုပ်ထားသော progestogen ဟော်မုန်းအား တဖြေးဖြေး ထုတ်ပေးနေသည့် ဆေးဖြစ်သည်။ ၅ နှစ်အထိခံသည်။ Mirena ဟုခေါ်သည်။

သားအိမ်အ၀ရှိ ချွဲကြိသည့် အရည်သည် ပြစ်စေးလာစေကာ ကျားသုတ်ပိုးအား သားအိမ်ထဲ မ၀င်စေအောင် တားထားသည်။ သားအိမ် အတွင်းသားနံရံကို ပါးလွှာစေသဖြင့် သန္ခေဥ တွယ်ကပ်ခြင်းကိုလည်း တားဆီးပေးသည်။ အချို့အမျိုးသမီးများတွင် မမျိုးဥမထွက်စေရန် တားဆီးသည်။ ၉၉% ထိရောက်သည်။

ရာသီစဆင်းသည့်နေ့မှ နောက် ၅ ရက်အကြာ ၄င်းပစ္စည်းထည့်ရသည်။ မွေးလမ်းတွင် ကူးစက်ပိုး မရှိမှ ထည့်ရမည်။ (IUD) များကဲ့သို့ မွေလမ်းကြောင်း Vagina ထဲတွင် ကြိုးစလေးနှစ်ခုရှိနေမည်။

သို့သော် လစဉ်ရာသီဆင်းရက် ပြောင်းသွားနိုင်သည်။ ၀က်ခြံထွက်တတ်သည်။ ရင်သားနာတတ်သည်။ ထွက်ကျခြင်း၊ နေရာပြောင်းခြင်းလည်း ဖြစ်တတ်သည်။

ကိုယ်ဝန်ရှိနေလျင် မသုံးရ။ သားအိမ်၊ မျိုးဥအိမ်ကင်ဆာရှိနေလျင် မသုံးရ။ ယခုသို့မဟုတ် လွန်ခဲ့သော ၅ နှစ်က ရင်သားကင်ဆာရှိလျင်၊ သွေးကြောကျဉ်းရောဂါ၊ ဆီးချိုရောဂါရှိလျင်၊ (မိုင်ဂရင်း)အမူးရောဂါရှိလျင် မသုံးသင့်။

11. Natural family planning (NFP) သဘာဝနည်းများ၊
ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာရမည်။ ၉၄% ထိရောက်သည်။

ကိုယ်အပူချိန် body temperature ကို နေ့စဉ်တိုင်းရမည်။ လစဉ်ရာသီပါတ်၏အလည်ရက်တွင် အရွယ်ရောက် အမျိုးသမီးများသည် မျိုးဥထွက်လာခြင်းကြောင့် ကိုယ်အပူချိန် အနည်းငယ်တက်လာသည်။ ကျပ်င်းရက်ကိုသိရန် အပူချိန် တိုင်းရခြင်းဖြစ်သည်။

ထို့ပြင် သားအိမ်အ၀မှထွက်သည့် အချွဲအားစစ်ဆေးခြင်းဖြင့် နေ့စဉ်-လစဉ်ပြောင်းလဲနေသော estrogen and progesterone ဟော်မုန်း အနည်းအများ၊ အပြစ်အချွဲ၊ အစေးအပြစ်တို့ကို ကြည့်နိုင်သည်။ ပြီးခဲ့သော ၆ လ တာရာသီဆင်းသည့်ရက်များကို တိတိကျကျ မှတ်သားခြင်းဖြင့် ၄င်းအမျိုးသမီး၏ ရာသီသဘာဝကို သိနိုင်သည်။

(က) ရက်ရှောင်နည်း Standard Days method သို့မဟုတ် calendar method
အကြမ်းအားဖြင့် လလည်ရက်တွင် မမျိုးဥထွက်လာသည့်နေ့ဖြစ်သည်။ ၄င်းဥနှင့် ကျားသုတ်ပိုး တွေ့မှသာ ကိုယ်ဝန် ရှိနိုင်သည်။ ထို့ကြောင့် ၄င်းလလည်ရက် မတိုင်မီ ၅ ရက်နှင့် နောက်ထပ် ၅ ရက်အတွင်းအတူမနေသင့်။ ထို့ကြောင့် ရာသီစလာပြီး (၇)ရက်အတွင်းနဲ့ ရာသီမလာခင် (၇)ရက်အလိုရက်များသည် ကိုယ်ဝန် မရှိနိုင်သော ရက်များ ဖြစ်ကြသည်။

ဤရက်ရှောင်၍ သားဆက်ခြားနည်းသည် အကုန်အကျ အနည်းဆုံးဖြစ်သော်လည်း မတော်တဆ ကိုယ်ဝန် ရနိုင်နှုန်းမှာ အမြင့်ဆုံးဖြစ်သည်။ လိင်ဆက်ဆံမှုနှင့် ဆန္ဓပြည့်ဝမှုကိုမူ အနှောက်အယှက် မဖြစ်စေသလို၊ ဘေးထွက်ဆိုးကျိုးလည်းမရှိပါ။

(ခ) သုတ်ရည် ပြင်ပစွန့် ထုတ်နည်း Withdrawal
ယောက်ျားက ဆန္ဒပြည့်ဝခါနီးတွင် မိမိ၏ အင်္ဂါကို အမျိုးသမီး၏ မိန်းမကိုယ်အတွင်းမှထုတ်ကာ သုတ်ရည်ကို ပြင်ပတွင် ထွက်စေအောင် ပြုလုပ်ရသည်။ သို့ သော် စိတ်ကိုထိန်းထားစဉ် သုတ်ကောင်များပါသော Sparm အနည်းငယ်ထွက်ခြင်း ဖြစ်တတ်၍ ကိုယ်ဝန်မရဖို့  စိတ်မချရပါ။ ထို့ ပြင် ဆန္ဒမပြည့်ဝခြင်းကိုလည်း ဖြစ်တတ်သေး၍ အိမ်ထောင်ရေး မသာယာခြင်းကို ဖြစ်စေတတ်သည်။ ကျားသုတ်ပိုးသတ်ဆေး spermicide နှင့် တွဲသုံးပါက ပိုမိုထိရောက်သည်။

Pullout method' nearly as effective as using condoms: Study သုတ်ရည် ပြင်ပစွန့် ထုတ်နည်းသည် (ကွန်ဒွန်)လောက်နီးပါး စိတ်ချရသည်။

(ဂ) ကလေး နို့တိုက်ခြင်းနည်း Breastfeeding
မိခင်မှကလေးကို မိမိ၏နို့တိုက်ခြင်းဖြင့် ကလေး (၆)လအထိ သဘာဝနည်းဖြင့် သားဆက်ခြားစေခြင်းဖြစ်သည်။ မိခင်ကိုလည်း ဟော်မုန်း လည်ပတ်မှု မှန်ကန်စေသဖြင့်လည်း အကျိုးရှိစေပါသည်။

ရင်သားကင်ဆာဖြစ်မှုကိုလည်း ကာကွယ်စေပါသည်။ အားနည်းချက်မှာ ကလေးမွေးပြီးစ (၆)လအတွင်းသာ အသုံးပြုနိုင်ခြင်း ဖြစ်သည်။ မိခင်အနေဖြင့်လည်း ကလေးကို မိမိ၏နို့တမျိးတည်းသာ တိုက်ရပါမည်။

12. Male and female sterilization သားကြောဖြတ်ခြင်း၊
ရာသက်ပန် ကလေးမနိုင်တော့သည့်နည်းဖြစ်သည်။

ယောက်ျားများကို ထုံဆေးသုံး၍ ကျားသုတ်ပိုးများထွက်လာရသည့်လမ်းကြောင်းတနေရာရာအား ဖြတ်ပြစ်လိုက်ခြင်း ဖြစ်သည်။ ၂၀၀၀ တွင် ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။

အမျိုးသမီးများတွင် မေ့ဆေး၊ ခါးထုံဆေး တမျိုးမျိုးပေးလျက် သားအိမ်၏တဖက်တချက်ရှိ သားအိမ်ပြွန် နှစ်ခုလုံးအား ဖြတ်ပြစ်ခြင်းဖြစ်သည်။ ၂၀၀ မှာ ၁ ယောက်မှာ မအောင်မမြင်ဖြစ်တတ်သည်။ ခဲစိတ်ပြီး ၁ လ တိုင်အခြားတားနည်းတခုခု သုံးသင့်သည်။ ယောက်ျားအားဖြတ်လျင် သုတ်ပိုးပါမပါစစ်ဆေးရမည်။ သုတေသန စစ်တမ်းအရ အသက် ၃၀ အောက် အမျိုးသမီးများသည် ယောက်ျားများထက် ထိုနည်းသုံးပြီးနောက် နောင်တရကြသည်။

13. အန္ဒိယဈေးကွက်တွင်သုံးသည့် ဟော်မုန်းမပါသောစားဆေး၊ Centchroman (Saheli) Tablets
Centchroman ခေါ် Saheli Tablets သည် ပုံမှန်မမျိုးဥထွက်ခြင်းကို တားဆီးခြင်းမလုပ်ဘဲ၊ ကျားသုတ်ပိုးနှင့် ပေါင်းစပ်ခဲ့ပြီးနောက် သားအိမ်အတွင်းနံရံကို လာတွယ်သည့်ဖြစ်စဉ်ကို တားဆီးခြင်းဖြင့် သန္ခေဆက်လက် မတည်စေရန်ပြုလုပ်ပေးသည်။

ဆေးကပ်တခုတွင် 30 mg ဆေးပြား (၈)ပြားပါသည်။ ပဌမ (၃)လအတွက် wပါတ်လျင် ၂ ပြား၊ နောက်လများမှစ၍ ၁ ပါတ် ၁ ပြားသောက်ရသည်။ ဟော်မုန်းများမပါသဖြင့် ပျို့-အန်ခြင်း၊ ကိုယ်အလေးချိန်များခြင်း၊ သွေးခဲစေခြင်းများ မဖြစ်စေနိုင်။ သို့သော် ရာသီဆင်းခြင်းများတတ်သည်။

14. Spermicides ကျားသုတ်ပိုးသတ်ဆေး၊
(nonoxynol-9) ပါသည့်ဆေးဖြစ်သည်။ Tablets, jelly (gel), films, and foams စသဖြင့် အမျိုးမျိုးရှိသည်။ 71-82% ထိရောက်သည်။ နာရီဝက် ကြိုတင်ထည့်ထားပြီးမှ ဆက်ဆံရမည်။ ပျော်ဝင်မသွားသည့် အမျိုးအစားဖြစ်ပါက ဆက်ဆံအပြီး ၈ နာရီကြာမှ ထုတ်ရမည်။ Vaginal Contraceptive Film (VCF) သည် ၁၅ မိနစ်ဆိုလျင် ရသည်။ Suppositories တို့မှာ ၂၀ မိနစ်စောင့်ရမည်။ Sponges တို့သည် ၈၀-၉၁% ထိရောက်သည်။ ၁၂ နာရီကြိုတင်ထည့်ထားနိုင်ပြီး၊ ဆက်ဆံပြီးနောက် ၆-၈ နာရီကြာမှ ဖြုတ်ရမည်။

တမျိုးတည်းသုံးသည်ထက် သားအိမ်အ၀အဖုံးများ၊ သုတ်ရည် ပြင်ပစွန့် ထုတ်နည်းတို့နှင့် တွဲသုံးပါက ပိုမိုထိရောက်စွာ ကာကွယ်နိုင်သည်။ အက်စစ်ဓါတ်ပါသဖြင့် ပူစပ်သည်။

Scientist close to realising contraceptive pill for men
Reference : http://dts-medicaleducation.blogspot.com/2009/04/different-methods-...