နေ့ဈေးတန်းဟု ခေါ်သော်လည်း မနက် ၈ နာရီခန့်မှစ၍ ဈေးကြိုကားတွေ ဆိုက်လာသလိုမျိုး သူတို့ကားတွေ ဆိုက်လာပါ သည်။ စီမံကိန်း ၁ ရပ်ကွက် အနောက်ဘက်ခြမ်း (ပျံကျ ကျူးကျော်ကွက်သစ်) ထဲမှ “ရွက်ပုန်းသီး” တွေ မနက်စောစော ကိုယ့်လုပ်ငန်း ကိုင်ခန်းအတွက်၊ အိမ် (သို့မဟုတ်) တဲထဲမှ ပေတေလူးလဲထကာ တနေ့တာဇယားကို ရပ်ကွက်ထိပ် အ မှတ် ၃ လမ်းမကြီးတဖက် “ဘုံကျောင်း” ဆိုင်ခေါ် တရုတ်ဗုဒ္ဓဘာသာ သက်သတ်လွတ် ဘုံကျောင်းသို့ (တနည်း) လက် ဖက်ရည်ဆိုင်သို့ ထွက်ထိုင်ကြပါသည်။ ဆိုင်ကြီးက ခမ်းနားလှပ၏။
သို့သော် အစစ သက်သတ်လွတ် စားစရာများဖြစ်၏။ ဥပမာ ပေါက်စီဆိုလည်း အသားမပါ၊ အသီးအရွက်များနှင့်ဖြစ်၏။ ဆိုင်ဖုန်းကလည်း သက်သာသည့်အပြင် (အစိုးရ) ဆက်သွယ်ရေးဖုံးများထက် ok ၏။ ကျနော်တို့ သူငယ်ချင်း ၂ ဦးက လည်း ထိုအချိန် ဘုံကျောင်းဆိုင်၌ လက်ဖက်ရည်သောက်ရန် ထိုင်နေကြပြီဖြစ်၏။ အသက် ၁၈ ၁၉ မှ၂၀ ကျော် အစိတ် (၂၅) နှစ်ဝန်းကျင် လှလှပပ၊ ချောချောမောမောရော၊ မလှမပ မချော မမောရော၊ လှသလိုချောသလိုနှင့် မလှသလို မပ သလို ချာတိတ်မမျိုးစုံ ပါဝင်နေပါသည်။ တယောက်ချင်းရော ၂ ယောက်တတွဲ၊ ၃ ယောက်တတွဲရော ဆိုင်ထဲထိုင်သူထိုင်၊ စားသောက်စရာ မှာသူမှာ၊ စားသူစား၊ မှာတာစောင့်ယင်း သူတို့ချင်း ခေါင်းချင်းကပ် တွတ်ထိုးသူထိုး၊ ဟိုဝိုင်းဒီဝိုင်း၊ တိုး တိုးတမျိုး ကျယ်ကျယ်တဖုံ စကားလှမ်းပြောသူပြောနှင့် ရင်းနှီးသူချင်း နှုတ်ဆက်သူဆက်နေကြ၏၊ တချို့လည်း ဆိုင်ထဲမ၀င်သေး၊ ဆိုင်ရှေ့၌ရပ်၍ အချင်းချင်းနောက်ပြောင် ရယ်မောနေကြပါသည်။ ဘုံကျောင်း လက်ဖက်ရည်ဆိုင်တဆိုင်လုံး သူတို့အုပ်စုများနှင့် ပြည့်သလိုရှိနေ၏။
ကျန် (၃) ပုံ (၁) ပုံခန့်သာ ထိုင်နေကျဖောက်သည်များဖြစ်သော ကျနော်တို့ ဂျာနယ်အယ်ဒီတာ သူငယ်ချင်း ၂ ဦးအပါအ ၀င် ကား၊ ဆိုင်ကယ်ပွဲစားတချို့၊ ကားလိုင်စင်ပွဲစားများနှင့်၊ လိုင်စင်လာလုပ်သူကားပိုင်ရှင်တချို့ တရုတ်စီးပွားရေးသမား လူကြီးပိုင်းတချို့ နှင့်၊ “ဂက်စ်” လာထည့်သော (ကားတန်းစီအလှည့် စောင့်နေသည့်) ကားသမားတချို့တို့ ဖြစ်၏။
ထို့ကြောင့်လည်း “ရွက်ပုန်းသီး” အုပ်စုတို့ ဒီဆိုင်တွင် မနက်စောစော လာထိုင်ခြင်းဖြစ်ပါသည်။ ပွဲစားများ၊ကားပိုင်ရှင်များ၊ ကားအုံနာများနှင့် အခေါ်အပြောလုပ်၊ ဈေးနှုန်းညှိ၊ အလျော်အစားဖြစ်ကာ၊ အပေးအယူတွေ မိနစ်ပိုင်းနှင့်တည့်သွားတတ် ၏။ ယင်းတနေ့တာအတွက် ၂ ဖက်အလုပ်ဖြစ်သွား၏။ ဒါ ကျနော်တို့ မျက်မြင်ပင်ဖြစ်သည်။
တခါတရံလည်း ဖုန်းတွေ ဟိုဆက် ဒီဆက်၊ (ကျနော်တို့ သတိထားသလောက်) ဖေါက်သယ်ရှာပေးသည့် ရင်းနှီးသူ အန် တီ၊ မာမီ၊ ရိုင်းရိုင်းဆိုရပါမူ အနိမ့်ဆုံးကော်မရှင်စား၊ ရာခိုင်နှုန်းနှင့်ဖြတ်စား၊ ပွဲညွန့်တင်စားနေသူ ဖါဆွယ်ဖါခေါင်း စီဆက်၊ ပုံမှန်စားသုံးနေကျ (သူတို့အခေါ်၊အိမ်ကမိန်းမ၊ သားသမီးများနှင့် ပတ်ဝန်းကျင်မှမသိအောင်၊ တိတ်တိတ်ခိုးစားနေသူ ဒယ်ဒီ၊ အန်ကယ်၊ ဦးများနှင့် ဘူဒါး) စားသုံးသူများထံဆက်နှင့်၊ နောက်ဆုံးဖုန်းဖိုးတွေသာကုန်၊ တနေ့လုံးအလုပ်မဖြစ်၊ ဖုန်းဖိုးတွေသာရင်း လိုက်ရသည်။ ဖောက်သယ်မရ။
အန်တီ၊ မာမီတွေရှာပေးသည့်ဖောက်သယ်နှင့် ဈေးနှုန်းကလည်း မတရားနဲပြီး ကိုယ့်အတွက်၊ တွက်ချေမကိုက်။ အသွား အပြန်၊ “ကက” အငှားကားဖိုးတောင် မကာမိ၍ အိမ်ပြန် နွမ်းလျ မျက်နှာပန်းမလှ၊ တချို့လေးတွေခင်ဗျာလည်း အိမ်အ တွက်၊ မိသားစုအတွက်၊ (ကိုယ့်ဖို့ပင်မစဉ်းစားနိုင်) ဟိုဖိုး ဒီဖိုး၊ ဆန်၊ ဆီ၊ ဆား၊ ငြုပ်၊ ကြက်သွန်၊ အချိုမှုန့် ဟင်းစားဖိုးနှင့်၊ ဆေးဝါးဖိုးမှအစ အ၀တ်အထည်၊ လပေးအကြွေးဖိုး၊ နေ့ပြန်တိုး ဖိုးစုံနေအောင်များအတွက်၊ အော်ဒါဈေးနည်းလွန်းသော် လည်း၊ ကိုယ်ကဗိုက်နာနေသဖြင့် အန်တီ၊ မာမီများညှိပေးသော အောက်ဈေးနှုန်းနှင့်ပင် အလုပ်လုပ်ကြရ၏။
ကိုယ့်ဝမ်းနာကိုယ်သာသိ (ဖါခေါင်းများကလည်း၊ လုံးဝသိနေ) သမို့ မကျေမနပ်နှင့်ပင် တနေ့တာ အော်ဒါလိုက်ကြရပါ သည်။ ဖေါက်သယ်နှင့်တွေ့မှ နေ့တွက်ကိုက်အောင် မိန်းမတို့မာယာ၊ အချွဲအနွှဲ့ကလူကျီစယ်၊ အီစီကလီများသုံး၍ ဖုန်းဖိုး ခပ်များများဆပ်ရအောင်၊ ထပ်ပေးအောင် ဖျားယောင်းသွေးဆောင်ကြရ၏။ရသည်လည်းရှိ ချစ်တီးလိုမျိုးဆိုလျှင် စေးနည်း သဖြင့် မရသည်လည်းရှိဖြစ်၏။ သူတို့လေးတွေက ဖောက်သယ်အဖိုးကြီး၊ အန်ကယ်ကြီးများကို သူတို့ ဗန်းစကားအရ “ဘီးကျိုးကြီး” ဟုခေါ်၍၊ အသက်နည်းနည်းပိုကြီးသူများကို ဘီးကျဲကြီးခေါ်၊ ဘဲကြီးများဟု ခေါ်ဝေါ်ကြသည်။ သူတို့လေး တွေကို ဗန်းစကားအရ “ကက” များဟုခေါ် ကြ၏။ “ကက” အက္ခရာ အငှားကားများကိုစီး၊ ငှားသုံးယင်း သူတို့ လုပ်ငန်း ဆောင်တာများကို လှုပ်ရှားကြသဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပုံရ၏။ သို့သော် သေချာသည်မှာ ဤဗန်းစကား ဝေါဟာရကို မည် သူမှ အရင်းအမြစ်တိတိကျကျ မသိနိုင်၊ အဖြေရှာ မဖော်ထုတ်နိုင်ခဲ့ပါ။
ဗန်းစကားတို့၏ ရင်းမြစ် (သို့မဟုတ်) ထားတော့ …
“ရွက် ပုန်းသီး” ခေါ် “ကက” ချာတိတ်မတို့သည် “မနက်ခင်း” ဘုံကျောင်း လက်ဖက်ရည်ဆိုင်မှ စတင်၍၊ တနေ့တာ (မိုး ချုပ် ညပိုင်းကဏ္ဍမပါ) အလုပ်ကို သူတို့ဖာသာ ဖုန်းဆက် ရေးဆွဲကြ၏။ သူတို့ကို ချုပ်ကိုင်ထားသော မာမီများ ဗန်းစကား အခေါ်အဝေါ်အရ “ဘိ” (တနည်း) ဖာခေါင်းများထိန်းထားသည့် အိမ်များမှ ချာတိတ်မများမဟုတ်။ တကိုယ်တော် (၀ါ)
ကိုယ့်နည်းကိုယ်ဟန် ရပ်တည်နေကြသော ချာတိတ်မများ ဖြစ်၏။ ရဲနှင့်တွေ့လျှင်၊ ပြဿနာဖြစ်လျှင် ကိုယ့်ဖာသာဖြေရှင်း ဇယားဆွဲကြရပါသည်။ တနည်းအားဖြင့်၊ မည်သူ့အနှောင်အဖွဲ့ ထိန်းချုပ်မှုမျိုးကိုမှ လက်မခံ (ပေါ်လကီးတို့စရိုက်) ကိုယ့် သမိုင်းကိုယ်ရေးခြင်း ဖြစ်တည်မှုပဲ ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သူတို့လေးများမှ သည်ပေါ်လကီးဘ၀ လမ်းကြိုလမ်းကြား ပက်လက်ဖောင်းပေါ်၊ ထိုမှတဆင့် အင်း၊ မိုတယ်၊ ဟော်တယ်အဆင့်များသို့ ကိုယ့်ဗီဇသွေးနှင့်ကိုယ် တက်လာရဲသော ချာတိတ်မများ (သို့တည်းမဟုတ်) “ရွက်ပုန်းသီးများ” ဖြစ်နေ၍ပင် တော်တန်ရုံ ကမ္ဘာရင့် ဖာခေါင်းများပင် အုပ်ချုပ်မရ။
အဘယ့်ကြောင့်နည်း၊ ငယ်ရွယ်စဉ် အနှစ် ၉ နှစ်ခန့်အရွယ်ထဲမှ မိသားစုဝမ်းရေးအတွက်၊ မြို့တော်ရန်ကုန်မြို့အနှံ့၊ မြို့ နယ်ပေါင်းစုံ ပြဲပြဲစင် ပလပ်စတစ်ကောက်ဘ၀၊ လူပေါင်းစုံ၊ ခွေးပေါင်းစုံနှင့် အဖြစ်အပျက်ပေါင်းစုံ ကြုံတွေ့ ဖြတ်သန်းခဲ့ရ သော ပေါ်လကီး ချာတိတ်မများဘ၀မှ (အကြောင်း ကြောင်း ကြောင်း ကြောင့်) ယခု “ကက” များအဆင့် ရောက်ရှိခဲ့သူ များမို့၊ ပြောရလျှင် ဆင်ကြီး ဆင်ငယ် ဘ၀များသာမက ဆင်လတ်ဝမ်းထဲပါ ၀င်ခဲ့ဖူးသူများအတွက် ဖာဆွယ်၊ ဖာခေါင်းများ ဟူသည် ပြင်းစရာဖြစ်နေ၏။ အနက်အဓိပ္ပါယ်သိပြီး ဖြစ်ခဲ့၏။ သူတို့ကိုယ်တိုင် ပေါ်လကီးဘ၀တွင်၊ အောက်ဆိုက်ရှာသည့် သဘော၊ ရပ်ကွက်ထဲ၌ လုပ်ခဲ့ဖူးကြပြီဖြစ်၏။ သို့အတွက် လွတ်လပ်သော ပုံစံမျိုးကိုရွေးချယ်၍၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး ဇယားမျိုးကို လုပ်ဆောင်နေခြင်း ဖြစ်၏။
ဒါသည်၊ “ပေါ်လကီး” ဖြစ်ခဲ့သော ဘ၀ဖြတ်သန်းမှု၊ သမိုင်းကြောင်း၏ စေ့ဆော်မှုပဲ ဖြစ်ပါသည်။ ဒါတောင် မကျေလည် သည့် ဖာခေါင်းများ၏ “တို့မီးရှို့မီး” ခေါ် အပိုင်ရဲတိုအား ချွန်တွန်းလုပ်မှုများကို ရင်ဆိုင်ဖြေရှင်း နေကြရပါသည်။ စိတ်မ ကောင်းစရာများ “ငွေသည်ရှာရခက်ခဲသဖြင့်” (ထုံးစံအတိုင်း) ခန္ဓာကိုယ်နှင့်ရင်း ချူဆီထည့်ပေးရခြင်းပဲ ဖြစ်၏။
ကျနော်တို့ ဂျာနယ် အယ်ဒီတာသူငယ်ချင်း ၂ ဦးနှင့်၊ သူတို့ “ရွက်ပုန်းသီး” အုပ်စုများထဲမှ၊ အများစုဖြစ်သော“ပေါ်လကီး” အဆင့်မှ “ဘ၀” ပြောင်း၊ “ကက’’ ချာတိတ်မများသည် ဘော်ဒါ ဘော်ချွတ်၊ သူငယ်ချင်း မိတ်ဆွေများ ဖြစ်ခဲ့ကြပါသည်။ ဤအချက်သည် သေချာတွေးလျှင် ၂ ဦး ၂ ဖက် အလွန်ကြေကွဲဖွယ်ရာကြီးဖြစ်၏။ ရိုးရိုးသားသား ပေါ်လကီး ချာတိတ်မ များဘ၀မှ ကျနော်တို့ အချစ်တော် “ဖိုးထောင် ခေါ် မော်ကြီး” ဆိုလျှင်၊ ကျနော်တို့ ကြိုတင်မျှော်မြင်ကာ စိုးရိမ်တွေးစနေ သည့်အတိုင်း ကွက်တိဟု ပြောရမလားမသိ၊ အပျိုဖြစ်ချိန် အချိန်ကာလတခု၌၊ ကျနော်တို့ လုံးဝမဖြစ်လိုသော၊ မဖြစ်စေ ချင်သော “ကက” ဘ၀သို့ ရောက်ရှိသွားပြီ ဖြစ်ပါသည်။ ထိုဘ၀အရောက် ပြန်တွေ့ချိန်၌ သူလေးကလည်း မျက်နှာရှက်၊ ကျနော်တို့ကလည်း မျက်နှာပူ ဖြစ်ခဲ့ရသော်လည်း၊ နောက်ပိုင်း ဘာမှမထူးခြားသလို ပုံမှန်ပြန်ဖြစ်သွားခဲ့၏။
ထို့အတူ ကျနော်တို့ အချစ်တော်လေး “ဆန်နီခေါ် လက်ဖွား” ဆိုလျှင်လည်း ပြန်ဆုံတွေ့ချိန်၌၊ တောင်ဥက္ကလာပ ငမိုးရိပ် အရက်ပုန်းဆိုင်လေးတဆိုင်ထဲတွင် ဖြစ်ပြီး၊ သူဟာ လုယက်လူသတ်မှုဖြင့် နှစ်ကြီးကျပြီး၊ ရဲဘက်စခန်းထွက် ရဲဘက်ပြေး ဘ၀ ဖြစ်နေချိန်ဖြစ်၏။ ချာတိတ်က ငှက်ဖျားရောပါသည်အဖြစ် တဟီးဟီးလည်း တုန်ခိုက်နေပါသည်။ ကျနော်တို့ ၂ ယောက်လည်း အရက်တိုက် ပါသမျှရှိသမျှ ငွေကလေးများထုတ်ပေးယင်း ကိုယ်တွေအမှုတွဲမှာလည်း စိုးရိမ်သဖြင့် မေး မြန်းပြောဆို စပ်စုပြီး ခပ်မြန်မြန် လစ်ခိုင်းခဲ့ရပါသည်။ စိတ်ထဲတော့ လုံးဝမကောင်းပါ။ ဘ၀သည် ဒါပဲဖြစ်၏။ ဆန္ဒနှင့်ဘ၀ ဘယ်တော့မှထပ်တူမကျ၊ တထပ်ထည်း ဘယ်တော့မှ မဖြစ်နိုင်ချေ။
မနက်စောစော “ဘုံကျောင်းလက်ဖက်ရည်ဆိုင်” တွင်၊ သူတို့ “ရွက်ပုန်းသီး” အုပ်စုများ စတင်တဖွဲဖွဲ ရောက်ရှိလာပြီး လုပ် ငန်းဇယားများမစခင် သူတို့ချင်း စကားပြောသံများကို မသိမသာနားစွင့် စပ်စုလိုက်လျှင်၊ ရယ်စရာပြုံးစရာရော ကြေကွဲရင် နင့်စရာများပါ ရောပြွမ်းပါဝင်နေပါသည်။ မကြားချင်လည်း စားပွဲအနီးကပ်မို့ ကြားနေရသလို၊ ဖုန်းဆက်၍ အငှားကားအ ဆင့်မှ ကိုယ်ပိုင်ကားအဆင့်ထိ ရောက်ရှိလာသော ဖောက်သယ်များနှင့် ဆိုင်ထဲအလျော်အစား “ပြီတီတီ မြူဆွယ်) လုပ် နေခြင်းများကို မမြင်ချင်မဆုံး ဖြစ်၏။ “ကိုကိုရယ်” ကိုကြီး ရယ် ဦးရယ်ဖြင့် သူတို့လေးတွေ တယောချွဲအသံများကလည်း ရင်ခုန်ရမလို ရင်မောရမလိုပင်။ သူတို့စားသုံးသူ သကောင့်သားများကတော့ အာသာငန်းငန်း၊ ၀ါးစားတော့မလို မျက်လုံး အမူအရာများနှင့် ဘေးလူအမြင်ကပ်လောက်အောင် ဣနြေ္ဒသိက္ခာမဲ့ ဖြစ်နေပါစေ၏။
ရံဖန်ရံခါ ဖုန်းလုဆက်ကြရင်း၊ ခပ်တိုးတိုး သူတို့ချင်း ရန်ဖြစ်ကြ၏။ ဆိုင်ထဲမှတလုံးထည်း ဈေးသက်သာသောဖုန်းကို အ လှည့်စောင့်ရင်း သူတို့ဖောက်သယ် “ကြီး၊ ငယ်၊ လတ်၊” လူမျိုးစုံ၊ လူပေါင်းစုံတို့၏ ငယ်ကျိုးငယ်နာအတွင်းရေး (အိပ်ရာ၊ ကုတင်ပေါ်) ကိစ္စ၊ အဖြစ်သနစ်များကို သူတို့ချင်း မြိန်ရည်ယှက်ရည် ဖောက်သည်အတင်းချမှုများကိုလည်း ကျနော်တို့ ကြားကြရ၏။ အိတ်သွန်ဖာမှောက် မချွင်းမချန်များပင်။ သူတို့ပြောနေပုံ ဟန်ပန်များကတော့ ဘာမှမထူးသလို မဖြစ်သလို ထမင်းစား ရေသောက် ဖြစ်လေ့ဖြစ်ထများ ပုံစံဖြစ်၏။
သို့သော် ကြားနေရသည့် (တခြားလူများတော့မသိ) ကျနော်တို့ ၂ ဦးကတော့ တယောက်မျက်နှာ တယောက်ကြည့်ယင်း၊ ရယ်ရမလို မဲ့ရမလိုလို ဘာမှန်းမသိသော ခံစားမှုတရပ် ဖြစ်နေရပါသည်။ တခုတော့ရှိ၏။ ကျနော်တို့လုပ်သော “ကန္တာရ၀ တီ” သတင်းဂျာနယ်အတွက်တော့၊ သရုပ်မှန်၊ သတင်းစုံများရရှိပါသည်။ အစစ်အမှန်ရသပေါ်အောင် ရေးသားတင်ပြဖို့ ရှိ၏။
တချို့ ချာတိတ်မများသည် “မော်ကြီးလို” ပေါ်လကီးဘ၀ထဲက သိခဲ့ ခင်ခဲ့၊ ရင်းနှီးခဲ့သူများ ဖြစ်သလို၊ ယခု “ကက” ဘ၀ ရောက်ရှိ ဖြစ်ပျက်သွားသည်ကို၊ ကျနော်တို့ တစေ့တစောင်း သိရှိနေခဲ့ပါသည်။ စိတ်မကောင်းရုံကလွဲ၍ ဘာမှမတတ်နိုင် ခဲ့။ သူတို့အုပ်စုများသည် မနက်ပိုင်း လက်ဖက်ရည်ဆိုင်ထိုင်ယင်း၊ ဖုန်းတွေဆက်ယင်း၊ အလုပ် ok လျှင် ok သလို၊ ထ လစ်သွားကြ၏။ မ ok သူများလည်း ၉ နာရီခန့်တွင် အိမ်ပြန်ကုန်ပြီး၊ နေ့ခင်း ၁၂ နာရီ ၁ နာရီခန့်တွင် ဘုံကျောင်းဆိုင်သို့ တခေါက် ထပ်ရောက်စုဝေးလာကြပြန်၏။ ကျနော်တို့နှင့်လည်း ခင်မင်ရင်းနှီးနေသဖြင့် ရယ်ရယ်မောမော ခေါ်ပြောနှုတ် ဆက်ကြ၏။ ကျနော်တို့ကလည်း ဂျာနယ် အယ်ဒီတာများပီပီ၊ မသိမသာ စပ်စုမေးမြန်း သတင်းယူကြပါသည်။
သူတို့လေးတို့ထံမှ သတင်းပလင်းအစုံ အမြဲသိရ ကြားရ၍ ဖြစ်ပါသည်။ ရန်ကုန်တမြို့လုံးသတင်း၊ စီးပွားရေးသမားများ လောကသတင်း၊ ကားဝယ်ရောင်းလောက၊ ပွဲစားများသတင်း၊ KTV ကာရာအိုကေ၊ စနိုက်ဘား၊ နိုက်ကလပ်၊ စင်တင် ဘား၊ ဟော်တယ်၊ မော်တယ်၊ အင်း၊ တည်းခိုခန်းသတင်းများ အပါအ၀င်၊ မူးယစ်ဆေး “ရာဘ” သားကောင်များသတင်း၊ သူတို့ထဲ ဆေးပြားစွဲနေသူ ချာတိတ်မများသတင်းနှင့် “မာဆပ်” ခေါ် အနှိပ်ခန်း၊ ရေချိုးခန်းသတင်းများ အစုံအလင်ပြည့် လျှံနေပါ၏။ သတင်းကောင်းဖောင်းပွနေပါသည်။
အဆိုးဝါးဆုံးနှင့် ကြေကွဲစရာအဖြစ်ဆုံး သတင်းများ “ရပ်ကွက်ထဲ” ဘယ်ချာတိတ်မ (သို့မဟုတ်) ပေါ်လကီးတဖြစ်လဲ၊ ဘယ်ကောင်မလေးပွဲစား မာမီ၊ ဘယ်ဖာခေါင်း၊ အန်တီတို့ ဆက်သွယ်မှုဖြင့် “ပါကင်” ဖောက်လိုက်ပြီ သတင်းမျိုး။ ဘယ် လိုဘောစိ သူဋ္ဌေး၊ ဘယ်ဈေးနှုန်း၊ ကြားပွဲစားများ ဘယ်လောက်ရသွား ပွသွားသည်ဖြစ်ကြောင်း၊ ကာယကံရှင် ချာတိတ် မ ဘယ်လိုဖြစ်သွား၊ ဆေးကုသလိုက်ရကြောင်း သတင်းမျိုးပဲ ဖြစ်ပါသည်။ သူတို့ကတော့ ဘာမှမဆန်းသလို သဘော။ ကြားနေရသူ ကျနော်တို့နှင့် ဘေးလူများကသာ စိတ်ဝင်တစား၊ ရင်တမမ စုတ်တသပ်သပ် ဖြစ်နေကြရ၏။
ဒါသည် (နဝတ၊နအဖ) စစ်အစိုးရခေတ်၊ သရုပ်မှန်များပဲ ဖြစ်ပါသည်။ နေ့လယ်ခင်း ကျနော်တို့ အိပ်ချင်ပြေ၊ လက်ဖက် ရည်ထွက်သောက်ချိန်၊ သူတို့အုပ်စုနှင့် ဆုံပြန်၏။ မနက်ထက်စာလျှင် လူတ၀က်ခန့် လျော့သွားပါပြီ။ အော်ဒါတွေလိုက် သွား၍ဖြစ်၏။ ထုံးစံအတိုင်း ဖုန်းတွေဆက် လှမ်းချိတ်ကြယင်း ဂွင်တည့်လျှင်တည့်သလို ဆိုင်မှထလစ်သွားကြပါသည်။ မတည့်သူများလည်း မှိုင်တွေတွေဖြင့် အိမ်ခေါက်ပြန်သွားကြပြန်၏။ ထို ချာတိတ်မများအတွက် နေ့အော်ဒါမရတော့၍၊ ည အော်ဒါရရန် မျှော်လင့်ဖိုပဲရှိ၏။ မရခဲ့လျှင်ကား ဒီကနေ့အတွက်တော့ အိမ်စရိတ် မိသားစုအထွေထွေသုံး အကြွေထပ်ဆင့် ဖို့ပဲ ရှိပါမည်။ ၁ ရက်စာ၂ ရက်စာ ရှိသူများအတွက်တော့ ပြဿနာမရှိ။ အများစုကတော့ တနေ့ရှာ တနေ့ကုန်၊ တနေ့စာ တနေ့သုံး၊ နောက်တနေ့ အလုပ်မဆင်း နိုင်လျှင်၊ အကြွေးနှင့် လုံးလည်ပတ်ခြာလိုက်နေ၏။ ယင်းသည် သူတို့လေးတွေ ၏ ပစ္စုပ္ပန်ဘ၀ပဲ ဖြစ်ပါသည်။
အနည်းစုသာ ပင်ကိုယ်လည်ပတ်၍လည်းကောင်း၊ ၀င်ငွေထွက်ငွေ ချင့်ချိန်သုံးစွဲတတ်၍လည်းကောင်း အသုံးအဖြုံးမရှိ ချွေတာစုဆောင်းကာ ဘ၀ရှေ့ရေး (ထွက်ပေါက်ကောင်းတခု) မျှော်တွေးတတ်၍လည်းကောင်း အဆင်ပြေတတ်ကြပါ သည်။ နားကပ် ဆွဲကြိုး လက်စွပ် ဟန်းချိတ်များဖြင့် ရွှေတွဲလွဲ ငွေတွဲလွဲ တန်းဖိုးကြီး အ၀တ်အစား အသုံးအဆောင် အ ပြင်အဆင်၊ အမြင့်ဆုံး ဟန်းဖုန်းငှားကိုင် သုံးကိုနိုင်သည့် အဆင့်ထိ ရှိကြ၏။ သို့သော် ကျင်လည်ရှင်သန်နေရသည့် ဘ၀ နှင့် အလုပ်သည် လူတကာ (လူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းမှ) ရွံ ရှာနှာခေါင်းရှုံ့ကြသော၊ အထင်မြင်သေးကြသော လူ့ အောက်တန်းကျလှသည့် အသက်မွေးမှုဖြစ်နေ၏။
ထို့ကြောင့် ဤအလုပ်နှင့် မည်မျှပြေလယ်ပြောင်ရောင်နေပါစေ။ အခြားလူကောင်းများနှင့်ယှဉ်လျှင် ဆင်ဖြူမျက်နှာ ဆင်မဲ မကြည်ဝံ့ ဖြစ်နေရသည့် ဘ၀၊ အကြောက်ရဆုံးမှာ အလုပ်၏ ဘေးထွက်ဆိုးကျိုးဖြစ်သော သူတို့အခေါ် အက္ခရာ ၄ လုံး ပြဿနာကြီး ဖြစ်၏။ အခန့်မသင့် HIV အဆင့်မျိုး ဖြစ်သွားခဲ့ပါမူ၊ သူတို့ အလွန်ကြောက်ကြပါသည်။
ကိုဆက်
၂၂ . ၁ . ၂၀၁၂
No comments:
Post a Comment