Saturday, May 26, 2012

ခြေလက်မရှိသူတစ်ဦး၏ (၁၂)မိုင် ရေကူးသွားတဲ့ခရီး




အသက်(၄၃)နှစ်အရွယ် Philippe Croizon ဟုခေါ်သည့် ပြင်သစ်လူမျိုးတစ်ဦးဟာ ရေကူးဖို့ ခြေဆံလက်ဆံတွေ ရှိမနေပေမယ့် ကီလိုမီတာ(၂၀)အကွာအဝေးရှိတဲ့ ခရီးကို ရေကူးပြခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ New Guinea ကျွန်းကနေ အင်ဒိုနီးရှားက Papua New Guinea ကျွန်းကို ရေကူးပြခဲ့တာပါ။ ထိုသို့ ရေကူး၍ကြာချိန်ဟာ အချိန်တစ်နာရီခွဲရှိကြောင်းလည်း သိရသည်။
Philippe Croizon ဟာ မတော်တဆမှုတစ်ခု၌ ၎င်း၏ လက်များကို တံတောင်ဆစ်အပေါ်မှလည်းကောင်း ၊ ခြေကို ဒူးအောက်ပိုင်းလောက်မှလည်းကောင်း ဆုံးရှုံးခဲ့တာဖြစ်ကြောင်း သိရသည်။
Philippe Croizon နှင့်အတူ ၎င်းရေကူးတာကို Documentary ဗွီဒီယိုရိုက်ကူးတဲ့သူနှင့် အဖော်နှစ်ဦး အတူတကွ လိုက်ပါကူးခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့ကူးချိန်တွင် လေဆန်ဖြစ်နေတဲ့အတွက် ကူးရခက်ခဲခဲ့ပေမယ့် jellyfish တို့ ငါးမန်းတို့ အန္တရာယ်မျိုးတော့ မကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။
ထိုကဲ့သို့ စွန်စွန့်စားစား ရေကူးဖို့ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရန် အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုမိန့်ကို စောင့်ခဲ့ရသည့်အတွက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ခွင့်ပြုမိန့်ကျလာခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

Friday, May 25, 2012

ဒို့ ဗိုလ်ချုပ် မျှော်လင့်ချက်ပြည့်ပြီလား ? မျိုးသန့် (MNA)


ဒို့ ဗိုလ်ချုပ် မျှော်လင့်ချက်ပြည့်ပြီလား ?
မျိုးသန့် (MNA)
မြန်မာ့လွတ်လပ်ရေး ရသည့် အချိန်တွင် သင်ရှိပါက မည်သို့ခံစားရမည်နည်း။
လွပ်လပ်ရေး ရသည့်အတွက်  တို့ဘွား၊ တို့ဘေး၊ တို့ဘီ၊ တို့ဘင် တွေ ၀မ်းသာမဆုံး တပြုံးပြုံးဖြင့် ပျော်ရွှင်ခဲ့ကြပါ သည်။ သို့သော် လွတ်လပ်ရေးရမှုအပေါ် အဓိပ္ပါယ်ကောက်ယူပုံခြင်း ပါတီစွဲ၊ ၀ါဒစွဲများဖြင့် မတူညီခဲ့ကြဘဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အယူအဆကွဲပြား အငြင်းပွားလို့ မညီညွတ်ခဲ့ကြတာလဲ သမိုင်းမှတ်တမ်းရှိနေဆဲပါဘဲ။
ဖဆပလ နှင့် ကွန်မြူနစ် အားပြိုင်နေချိန်ခဲ့စဉ်က တို့ပြည်သူတွေက တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလကို အကြီးအကျယ်ထောက်ခံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်း နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်အား တက်ခဲ့ရပါတယ်။ တစ်ဖက်ကလည်း ညီညွတ်ရေး အလေးမပေး မဆွေးနွေးဘဲ အခြေအနေခြင်း မတူသော အိန္ဒိယမှ ပုံတူကူးယူထားသည်၊ ကုလား ကွန်မြူနစ်ဂျိုရှီနောက်လိုက် လုပ်နေကြသည် စသည့် သဘောတရားရေးဖြင့် ပြန်တိုက်ခဲ့ကြ ပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်ဟာ -
'' ဖဆပလ အစိုးရ နာမည်ပျက်အောင် ကွန်မြူနစ်တွေ က သူပုန်ထ၊ဓားပြတိုက် လုပ်ကြတယ်။ အဲဒီ ထကြွမှု တွေကို ငြိမ်သွား အောင်စစ်တပ်နှင့် နှိမ်တန်နှိမ်မယ် ''
(ပျဉ်းမနား တရားပွဲ၊ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်)
'' ဖဆပလ အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေးအတိုက်အခံသမားတွေကို နှိပ်စက်ညှဉ်းပန်းမှု မလုပ်ဘူး။ စည်းကမ်းမဲ့တရားလွန် တိုင်းပြည်အကျိုးမဲ့ဆူပူအောင်လုပ်လျှင် ကြည့်မနေနိုင်ဘူးနှိပ်ကွပ်ရမယ်၊ အတိုက်အခံသမား တွေကို လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့် တရားသဖြင့်ပေးတာကို အသားယူပြီးမတရားလုပ်မည်ကြံလျှင်ချမယ်၊ အရေးယူမယ် "
( ဧပြီလ ၁၈ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်း )
စသည့် မိန့်ခွန်းတွေကိုသုံးပြီး သူ့အားဝေဖန်၊ သူ့အစိုးရကိုဆန့်ကျင် သူတို့အပေါ်တွင် သည်းမခံနိုင်သော အပြော အဆို အမူအရာတွေ ပြခဲ့ရပါတယ်။
ရွေးကောက်ပွဲတွင် လူထုအပြည့်အ၀ထောက်ခံလိုက်ခြင်းကြောင့် ဗိုလ်ချုပ်ဦးစီးသော ဖဆပလအစိုးရသည် လူထု အစိုးရဖြစ်ခဲ့သည်။ သို့သော် ပြည်သူလူထုအများစုကို ဖိနှိပ်စိုးမိုးပြီး နယ်ချဲ့သမားတို့က ဖန်တီးခဲ့သော သတ်မှတ်ပြဌာန်းပြီး ၀ါဒ (Determinism)ကြောင့် ဗျူရိုကရေစီ အကျဉ်းထောင် ပုဒ်မငါး ခြစားခြင်းဖြင့် ပြည့်နှက်နေသော အုပ်ချုပ်ရေး ယန္တရားကြီးသည် တရားသေဖြစ်တည်မှုဝါဒ (Doctrinaire Existentialism)ဖြင့် လူထုရွေးချယ်ထားသော လူထုအစိုးရ လက်သို့ ပိုက်မိခဲ့ ခြင်းသာဖြစ်သည်။
ထို့ကြောင့် မည်သို့ပင်ရည်ရွယ်ချက်ကောင်းများကို ကြေငြာထားထား လက်တွေ့တွင်ကား လူထုကိုဖိနှိပ်ထား သည့် အရင်းရှင်တို့၏ အုပ်ချုပ်ရေးယန္တရားကြီးကြောင့် အသွင်ခြားနားသောပြည်သူ့အုပ်ချုပ်ရေး ယန္တရားကြီးနှင့် ပြောင်းလဲ မပေးနိုင်ဘဲ ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အစိုးရသည် ရင်ဆိုင်ခဲ့ရသည်။ မဟုတ်ဘဲနှင့်ဟုတ်လေဟန် ယူဆခြင်း၊ ထင်မြင်သည့်အတိုင်း နယ်ချဲ့အမွေအုပ်ချုပ်ရေးယန္တရားကြီးကို ကာကွယ်ကာ ကိုယ့်တပ်ကိုယ်ပြန်နင်းခြင်း နောက်ကျောဓားနှင့် ထိုးခြင်း တို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဗျူရိုကရေစီ ယန္တရားဆန့်ကျင်ရေး ဟူ၍ စုစည်းမရသော အမှားများဖြင့် အကြိမ်ကြိမ်ရင်ဆိုင်ကာ ဖဆပလ နှင့် ကွန်မြူနစ်တို့ သင့်မြတ်အောင်ဆောင်ရွက်နိုင်ခြင်း (Optimise) မရှိဘဲ ညီညွတ်ရေး ခက်ခဲလာခဲ့၏။

-၂-
ထိုမျှမက ဖဆပလ အစိုးရသည် ကိုယ့်အချင်းချင်းကို နှိမ်နင်းရာတွင် ပုလိပ် ၊ကြောင်နက်တပ် ( ၁၄ နံပါတ် တပ်မတော် )၊ သောင်းကျန်းသူနှိမ်နင်းရေးတပ် ( ပြည်သူ့ရဲဘော် )တို့ဖြင့် Reactive များလုပ်ခဲ့သောကြောင့် ပြည်တွင်း စစ် (Civil war)အငွေ့အသက်များ ပေါ်ပေါက်ခဲ့သည်။ အစိုးရယန္တရားတိမ်းစောင်းမှုရင်ဆိုင်နေရသဖြင့် အခြေခံစီးပွားရေး ပြဿနာ၊ သက်သာချောင်ချိမှု၊ အထူးသဖြင့် အင်္ဂလိပ်-ဂျပန်တို့ မွှေးခဲ့ကြသော ဘဏ္ဍာရေးပြဿနာများကို ခါးသီးစွာ ခါးစီးခံခဲ့ရပြီး ပြည်သူတို့က ဗိုလ်ချုပ်အပေါ် မျှော်လင့်ထားမှု၊ ချစ်မြတ်နိုးမှုတို့ကြောင့်သာ ငြိမ်သက်နေခဲ့သော်လည်း မကျေနပ်မှုများက ပို၍ ပို၍ ပေါများလာခဲ့သည်။
ထို့ကြောင့် ဗိုလ်ချုပ်ကိုယ်တိုင် -
'' လစာပြုပြင်ရေး ကော်မရှင်ကိစ္စလည်း စဉ်းစားရမယ်၊ ခက်တာက အစိုးရမှာပေးခြင်ပေမယ့် ပိုက်ဆံကမရှိ၊ အစိုးရရဲ့ဝါဒကတော့ အောက်လူတွေကိုတိုးပေးဖို့ မူအားဖြင့်သဘောတူပြီး နိုင်ငံ့ဝန်ထမ်းပထမတန်းတွေဆိုရင် ယခု မလျှော့နိုင်သေးဘူး။ အဲဒီအတွင်းဝန်က တိုက်ရိုက်ခန့်တဲ့ရာထူးတွေ ဖျက်ပြီးမှလျှော့နိုင်မယ်။ ဖျက်ဖို့လည်းစီစဉ်နေပြီ။ အဲဒီလူတွေကို မလျှော့နိုင်ခင် နိုင်ငံ့ဝန်ထမ်း ဒုတိယတန်းများ၏ လစာကိုလည်း မလျှော့နိုင်သေးဘူး ''
                                                                               (၁၉၄၇ ခုနှစ် မေလ ၃၀ ရက် သတင်းစာ ကွန်ဖရင့်တွင်)
'' အစိုးရတို့လုပ်နေပုံမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလို ဟိုကဆူရင် ဟိုလိုက်လုပ်၊ ဒီကဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင် အလုပ်ကောင်းကောင်းလုပ်ချိန်မရဘူး၊ ဒါကြောင့် ခွေးဟောင်တိုင်းထမကြည့်နဲ့၊ ပြောပြန်တော့ လည်း မခံခြင်ဘူး "
" ကျောင်းဆရာ၊ အလုပ်သမား၊ အစိုးရအမှုထမ်းများအရေးကို သီးခြားမလုပ်ဘဲ အားလုံးခြုံပြီး လုပ်ရမှာပဲ။ ဆိုင်ရာအသင်း နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုကြမယ်ဆိုလျှင် အစိုးရတို့ကသေသေချာချာ စဉ်းစားပြီးတော့ ထိုက်သင့် သလိုဆောင်ရွက်ပေးမှာပဲ "
" အဲလိုလုပ်တဲ့အခါမှာ သခွပင်က မီးတကျည်ကျည်လုပ်တာတော့လည်း မကောင်းဘူး၊ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲပါတယ်လို့ ကျွန်တော်ပြောခြင်တယ်။ အဲဒီလို ခင်ဗျားတို့လုပ်နေရင် ကျုပ်တို့ကလည်း ၀တ္တရားအတိုင်း အရေးယူလုပ်ရမှာပဲ။ အဲဒီလိုလုပ်ကြရင် မီးခိုးမဆုံးမိုးမဆုံး ဖြစ်နေမှာပဲ။ အဲဒါတွေဖယ်ထားပြီး အလုပ်ကလေးလဲ ကောင်းကောင်းလုပ်ပါရစေဦး "
'' အင်္ဂလိပ်ဟာ အင်္ဂလိပ်ဥပဒေဖြစ်နေပေမဲ့ အုပ်ချုပ်တဲ့သူက ကျုပ်ကအုပ်ချုပ်နေတယ် ဥပမာပြရလျှင် ကျုပ်ကိုအင်္ဂလိပ်က မော်တော်ကားအပျက်ကြီးကို ပြင်မောင်းခိုင်းတာပဲ အမောင်းခိုင်းပေမဲ့ အချုပ်အခြာအာဏာက အင်္ဂလိပ်လက်ထဲမှာပဲရှိနေတော့ ကျုပ်တို့က ဘာမှမပြင်နိုင်သေးဘူး မော်တော်ကားအပျက်မို့ အမောင်းဘယ်လောက် ကောင်းကောင်း စက်မကောင်းတော့လိုရာကို မြန်နိုင်သလောက်မြန်အောင်မရောက်နိုင်ဘူး ဒီစက်ကြီးနဲ့သာဆိုရင် တာရှည်ကျုပ်မအုပ်ချုပ်နိုင်ဘူး ''
( ၁၉၄၇ ခုနှစ်၊ ဧပြီလအတွင် နက်မောက်မြို့တွင်ပြောသည့်မိန့်ခွန်း )
ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြေအနေကိုမကျေနပ် အစိုးရခေါင်းဆောင်ဖြစ်နေသဖြင့် ဗျူရိုကရေစီ အာဏာသုံးပြီး ဆန့်ကျင်လုပ်ရှားမှုများကို နှိမ်ပြစ်ချင်သော်လည်း ဗျူရိုကရေစီအာဏာသုံးတိုင်းသုံးတိုင်း အမျိုးသားညီညွှတ်ရေးကို ပျက်ပြား လာကြောင်းသိလာသည်။
'' သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနှင့် ဟိုပြေးဒီလွှားနှင့် ခေါင်းကြိမ်း မိတယ်။ တိုင်းပြည်ခေါင်းဆောင်လုပ်တာ ခင်ဗျားတို့က သိပ်ပြီးစည်းစိမ်ရှိတယ်ထင်တယ် ကျုပ်အဖို့ ကျားမြီးစွဲမိလို့သာ ဆက်လုပ်
-၃-
နေရတယ်။ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ ငွေရေးကြေးရေးလိုတယ်။ ဒီငွေရေးကြေးရေးဟာ ခင်ဗျားတို့ တိုင်းသူ ပြည်သားများထံမှ ကောက်ခံတဲ့ အခွန်တော်တွေပဲ၊ ဒီအခွန်တော်ဟာ မှားသလား၊ မှန်သလား မစဉ်းစားရသေး တော့ ဒီအတိုင်းပဲ ဖြစ်နေတယ်'' 
'' ကျုပ်က မြေရှင်စနစ်ကို ပြုပြင်ပြောင်းလဲချင်တယ်၊ လယ်ပိုင်ရှင်စနစ်ကိုဖြုတ်ချဖို့ပဲ အဲဒီလိုဖြစ်ချင်ပေမယ့် မဖြစ်နိုင်သေးဘူး ဇော်ချီ၊ ၀ိတ်ဇာတွေလို ခင်ဗျားတို့လိုချင်တာ တမဟုတ်ချင်းလုပ်မပေးနိုင်ဘူး ''
( ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တောင်သူလယ်သမားညီလာခံမှ ဗိုလ်ချုပ်မိန့်ခွန်း )
ထိုအချိန်တွင် ဗိုလ်ချုပ်သည် နယ်ချဲ့နောက်လိုက်ဖြစ်နေပြီ ဟူ၍ ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ဗတင်(ဂိုရှယ်)က အောင်ဆန်းဘယ်လဲဟူသောစာတမ်းကို ရေးသားလိုက်သည်။ ဗိုလ်ချုပ်ကား ဗျူရိုကရက်အာဏာသုံးပြီး ကိုယ့်အချင်း ချင်းချနေသော်လည်း တကယ့်လွပ်လပ်ရေးရရန်သို့လည်းကောင်း၊ လွပ်လပ်ရေးရပြီးခိုင်မာစွာ တိုးတက်ရန်သော်လည်း ကောင်း၊ ညီညွှတ်ရေးအရေးကြီးကြောင်း သိပြီး လက်ဝဲညီညွှတ်ရေးကို တိုက်တွန်းနေသည်။
'' လွပ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား ဆိုဗီယက်ရရှားလိုဖြစ်ချင်သလား ဗမာပြည်လွပ်လပ်ရေး ရတဲ့အခါ ပြန်လည်ထူထောင်ရေးစီမံကိန်းများကို အမျိုးမျိုးသောနည်းများဖြင့်လုပ်မှ ခပ်ရိုင်းရိုင်းဗမာစကားနှင့်ပြောရလျှင် အတော်ကိုပြဲ အောင်ကြိုးစားလုပ်ကိုင်နိုင်မှ အနှစ် (၂၀)လောက်ကြာမှ ဗမာပြည်တော်ယုံလောက်မယ် မလုပ်လျှင် ယိုးဒယား တောင်မှီမှာမဟုတ်ဘူး အခြားတိုင်းပြည်က ခြေတစ်လှမ်းလမ်းလျှင် ကိုယ်ကခြေ ၄-၅-၁၀ လမ်း လှမ်းနိုင်မှ တော်ယုံကြမယ် အဲဒီလိုမလုပ်လျှင် ဟိုလူလာလည်း မျက်နှာချိုသွေးရ ဖာသည်နိုင်ငံဖြစ်မှာပဲ ''
'' တိတိလင်းလင်း သတိပေးခဲ့ပေမဲ့ ဗမာပြည်မှာ လူမျိုးအချင်းချင်းမကွဲဖို့ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမား အချင်းချင်းမကွဲဖို့ သတိပေးလိုတယ် ''
( ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် )
ထိုကဲ့သို့ ပွင့်လင်းပြတ်သား တိကျသော မိန့်ခွန့်အား ပြောကြားရင်း လုံးဝလွပ်လပ်ရေးသို့ချီတက်နေချိန် လူမျိုးအချင်းချင်း အားကြိုးမာန်တက် စုစည်းတိုက်တွန်းနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားညီညွှတ်ရေး တာဝန်မပြီးဆုံးသေးချိန်တွင် ဗြိတိလျထုတ်ပေးသောလက်နက်ဖြင့် လုပ်ကြံခံခဲ့ရလေသည်။
ဤသည်ကား မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်ကျောက်တင်သော တစ်ဦးတည်း ရဲရင့်ပြတ်သားစွာဆုံးဖြတ်၍ တိုင်းပြည်၏ လွပ်လပ်ရေးနှင့်အမျိုးသားနိုင်ငံရေးကို ဖော်ဆောင်ရန်အတွက် ကြိုပမ်းသော်လည်း အယူမှား၊ အထင်အမြင်မှား၊ နိုင်ငံရေးမှိုင်းများဖြစ် မိမိတို့လူမျိုးအချင်းချင်းသွေးကွဲကာ ညီညွှတ်ရေးလမ်းပျောက်ပြီး လမ်းမှား ရောက်ခဲ့သည်ကို ဗိုလ်ချုပ် အသက်ပေး၍ သာဓကပြခဲ့ခြင်းဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် ပြည်သူတို့ ရွေးချယ်တင်မြောက်ထားသော အစိုးရ၊ တိုင်းကျိုးပြည်ပြု လွှတ်တော်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သက်ဝင်ကာ ပါတီစုံဒီမိုကရေစီထွန်းကားရေးအတွက် တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေး နိုင်ငံတော်အေးချမ်းပြီးပြည်သူ့ဘ၀လုံခြုံရေး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်လာရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေသည်။
လက်ရှိသမ္မတကြီးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်လျက်ရှိသည်။ သို့သော်လည်း မည်သို့ပင် အလားလာကောင်းသော နည်းဗျူဟာများ၊ မဟာဗျူဟာများကို ဖော်ဆောင်စေကာမူ၊ အနာဂတ် စားနပ်ရိက္ခာဖူလုံမှု အတွက်၊ နိုင်ငံနှင့်ပြည်သူကြွယ်ဝချမ်းသာရေးအတွက် စက်မှုနိုင်ငံထူထောင်စေကာမူ မည်ကဲ့သို့သော အသိပညာရှင်၊ အတတ်ပညာရှင်များ ပြန်လာစေကာမူ မည်သို့မည်ပုံ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်စေကာမူ မည်ကဲ့သို့သော အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ဖောင်ဒေးရှင်းများ တည်ထောင်စေကာမူ အရေးကြီးဆုံးသည်က အစိုးရအဖွဲ့၊ ပြည်သူနှင့်
-၄-
ပါတီတို့သည် အတိတ်သမိုင်း ဆိုးမွေများကို ပြန်လည်စဉ်းစား အတွေးအခေါ်အယူအဆ အထင်အမြင် အလွဲအမှား သူ့ဘက်ကို့ဘက်ခွဲခြားပြီး ဗိုလ်ချုပ် အသက်ပေး၍ သာဓကပေးခဲ့သော ညီညွှတ်မှုကို လစ်လျူမရှုကြပဲ ဥပမာယူကာ စည်းလုံးညီညွှတ်ခြင်းသည် အရေးကြီးသည် ဟု အမျိုးသားနိုင်ငံရေးတွင် ခံယူကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အကြောင်းကို မသိပဲမနေကောင်း၊
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုံဘ၀ကိုလည်းသိရမည်၊
ကျွန်ုပ်တို့၏အခွင့်အရေးနှင့်တာဝန်ဝတ္တရားကိုလည်းသိရမည်၊
ကျွန်ုပ်တို့ဘ၀တွင်အခြေခံဖြစ်သော စီးပွားရေးနှင့်လူမှုဘ၀သာယာရေးအတွက် နိုင်ငံရေးကသာလျှင်သော့ချက်ဖြစ်သည်။
ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မှီငြမ်းပြု၍ လူထုဝါဒသာလျှင် လူ့ဘ၀သာယာရေးသို့ရောက်နိုင်မည်ဖြစ်သောကြောင့် နိုင်ငံရေး သော့ချက်၏ သော့ခလောက်ဖြစ်သော အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဖော်ဆောင်ကြပါစို့။
ကိုးကား - ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှတ်တမ်းများ
             တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ
   နိုင်ငံရေးစာတံခွန် ဒဂုန်ဦးလှဘေ
   နိုင်ငံတော်သမ္မတဦးသိန်းစိန်မိန့်ခွန်း

Thursday, May 24, 2012

နိုင်ငံသားအလုပ်သမားတဦး၏ "ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များ" အပိုင်း(၂)

- နိုင်ငံသားအလုပ်သမားတဦး၏ "ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များ" အပိုင်း(၂)
မောင်လူဝေး-၂၅-၅-၂၀၁၂

နိုင်ငံသားအလုပ်သမားတဦး၏ရပိုင်ခွင့်နှင့်ခံစားပိုင်ခွင့်များ အပိုင်း ( ၂ ) မှာတော့
နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်ဆိုက ဘာတွေလဲ?
နောက် နိုင်ငံသားအလုပ်သမားတဦး၏ခံစားပိုင်ခွင့်ဆိုတာ ..ဘာတွေလဲ?
ဆိုပြီး ကျနော်လေ့လာထားမိသလောက်ကို အပိုင်းလေးများခွဲပြီး တင်ပြပါ့မယ်။

မလေးရှားနိုင်ငံရှိ မလေးနိုင်ငံသား အဖြစ်ရှိနေတဲ့လူမျိုးများကတော့ ..မလေးလူမျိုး ( အစ္စလန် ဘာသာကိုးကွယ် ) မူလဘူထ နိုင်ငံသားစစ်စစ်များနဲ့.. မလေးရှားနိုင်ငံဖွား တရုတ်လူမျိုး နှင့် ..မလေးရှားနိုင်ငံဖွားအိန္ဒိယ လူမျိုးဆိုပြီး လူမျိုး ကြီး သုံးမျိုးနဲ့ စုပေါင်းနေထိုင်ကြတာပါ .။

ခြွင်းချက်..အနေနဲ့တော့ အင်ဒိုနီးရှားနိုင်ငံကနေပြောင်းရွေ့အလုပ်လာလုပ်ပြီး မလေးနိုင်ငံသား အဖြစ်မလေးရှား မှတ်ပုံတင်ရရှိပြီး နေထိုင်ကြတဲ့ အင်ဒိုနီးရှား လူမျိုးမလေးနိုင်ငံသားများလည်းရှိကြပါတယ်။
ကျန်တဲ့နိုင်ငံများမှ လာရောက်အခြေချ နေထိုင်ပြီး နိုင်ငံသားဖြစ်သွား သူများကတော့ ရှိပေမဲ့ အရေအတွက် အားဖြင့်တော့နည်းပါတယ်။

နိုင်ငံသားအလုပ်သမားတဦး၏ ခံစားပိုင်ခွင့်များ


မလေးရှားနိုင်ငံရဲ့ အလုပ်သမားအခွင့်အရေးအရ နိုင်ငံသားတိုင်း ခံစားပိုင်ခွင့်များကတော့ နေထိုင်မကောင်းသောအခါ .
( ၁ ) မလေးရှားနိုင်ငံသားအလုပ်သမားတိုင်းအတွက် ကုမ္မဏီမှ အကောင့်ဖွင့်ထားသော ဆေးခန်းများသို့.. အခမဲ့... ဆေးဝါး ကုသခွင့်ကို ကုမ္မဏီ မှ တာဝန်ယူပေးထားပါတယ်။

( ၂ ) လိုအပ်လို့ဆေးရုံတက်ရသည့်အခါ ဆေးခွင့်များ..medical leave .များပေးထားပြီး ..အလုပ်သမားဆေးရုံမှ မဆင်းမချင်း အလုပ်မှရပ်စဲခြင်း ..အလုပ်ဖြုတ်ခြင်းများ လုံးဝမရှိပါ။
( ဖြုတ်လို့လည်းမရပါ..အလုပ်သမားဥပဒေအရကာကွယ်ပေးထားပါတယ်.. )

( ၃ ) နိုင်ငံသားအလုပ်သမားတိုင်း မဖြစ်မနေ အာမခံ..insurance ..ထားပေးထားရပါတယ်၊
အကယ်၍ လုပ်ငန်းခွင်တွင် ထိခိုက်ဒဏ်ရာရ ရှိမှု့ဖြစ်ပေါ်ခဲ့ပါက ...ဒဏ်ရာရရှိမှု့အပေါ်မူတည်ပြီး ..insurance ..အာမခံ ကုမ္မဏီ မှ လျှော်ကြေးငွေအပြည့်အ၀ ပေးပါတယ်၊
ဥပမာ. လုပ်ငန်းခွင်အတွင်း ထိခိုက်မှု့ကြောင့် သင်၏လက်ချောင်းလေးတချောင်း ပြတ်သွားသည်ဆိုပါစို့ .... လက်ညိုး..လက်မ ..လက်ခလယ်.. လက်သူကြွယ်.. လက်သန်း.. အစရှိသည့် လက်ချောင်းလေး များအတွက် အာမခံလျှော်ကြေးငွေ ရ ရှိပါ တယ်၊
လက်ချောင်းလေးများရဲ့သဘာဝအရ အာမခံလျှော်ကြေးငွေဟာအနည်းအများရှိပါတယ်။

ကုမ္မဏီ မှ လည်း လျှော်ကြေး..သို့...ဂရုဏာကြေးဆိုပြီး မနစ်နာအောင်ပေးရပါတယ်။ မလေးရှားအလုပ်သမားဥပဒေအရ နိုင်ငံသားအလုပ်သမားတိုင်းအတွက်. insurance .အာမခံကိုအလုပ်သမားတိုင်းကိုကုမ္မဏီမှမဖြစ်မနေထားပေးရပါတယ်။ ဒါဟာ နိုင်ငံသားအလုပ်သမားတိုင်းရဲ့အခွင့်အရေးပါ။


( ၄ ) ကုမ္မဏီ မှ နိုင်ငံသားအလုပ်သမားများအား သုံးလ တကြိမ်..လစာတိုးပေးပါတယ်.. အလုပ်သမား၏ ကျိုးစားမှု့အပေါ်မှာကြည့်ပြီး လစာ တိုးပေးခြင်း အနည်းအများပဲ ကွာခြားတာပါ..အလုပ်၏နေရာအနေအထားပေါ်မူတည်ပြီး စပေးလစာ နဲ့ ဂိတ်ဆုံးလစာရယ်လို့တော့ သတ်မှတ်ချက်ရှိပါတယ်။

ရက်မှန်ကြေး ..allowance တို့ ... bonus. တို့ ရှိပါတယ်... ဘောနပ် .bonus.. ဆိုတာကတော့ နှစ်တနှစ် ပြည့်ပြီးလို့ နောက်နှစ်အစ ..မှာ ပထမ လ ..ဒုတိယလောက်မှာ bonus ပေးပါတယ်..ဘောနပ် .bonus သဘောကတော့ တနှစ်တာကာလမှာ ကုမ္မဏီရဲ့အကျိုးအမြတ်များမှ အလုပ်သမားများအား မျှဝေ ခံစားစေခြင်းဆိုတဲ့ သဘောသက်ရောက်ပါတယ်၊
အဲဒီလိုပေးတဲ့ ဘောနပ် bonus ကို တော့ မလေးရှားရှိလုပ်ငန်းရှင်တရုတ်များက ..အန်ပေါင်း ..( တရုတ်အခေါ် ) ဆိုပြီးပေးတတ်ကြပါတယ်..အမှန်ကတော့ bonus ..ပါ .. အဲဒီ .bonus ကလည်း လုပ်သက်အလိုက်အနည်းအများရှိပါတယ်။

နှစ်စဉ်ပေးပါတယ်...ကုမ္မဏီရဲ့ တနှစ်တာ အကျိုးအမြတ်အရ အနည်းအများသာကွာတာပါ။.. ဒါပေမဲ့...အနည်းဆုံး လုပ်သက်တနှစ်ရှိနေတဲ့ နိုင်ငံသားအလုပ်သမားတဦးဟာ bonus.ဘောနပ်..တလစာ..တော့ သေချာပေါက် ရပါတယ်။

.

ကျနော်တို့ တိုင်းပြည်မှာ ကျနော့်အသိ မိတ်ဆွေတဦးက ကျနော့်ကို ပြောဘူးပါတယ်.. သူပြောတာက ..သူတို့ အလုပ်ဆင်းရက်မှာ အလုပ်ပျက်ရင် .." ဘော '' ပြုတ်တယ်လို့ ပြောဘူးလို့ ..ကျနော်ပြန်မေးကြည့်ဖူးပါတယ်.. ဘာလဲ..ဘောပြုတ်.တယ်ဆိုတာ..?
အလုပ်ဆင်းရက်မှာ အလုပ် ပျက်ခဲ့ရင် ..ဘောနပ် မရတာကို ဆိုလိုတာလို့ ကျနော့်ကို ပြောပြခဲ့ဘူးပါတယ်။ အမှန်က အဲဒါ ဘောနပ် bonus မဟုတ်ပါဘူး ..ရက်မှန်ကြေး ပါ ။
ရက်မှန်ကြေး ပြုတ်တာ..သို့မဟုတ်..မရတာသာဖြစ်ပါတယ်။

နောက်တခါ နေ့ဖက်မှာအလုပ်လုပ်ရတဲ့တနေ့ဝင်ငွေနဲ့ ညဖက်မှာအလုပ်လုပ်ရတဲ့တနေ့ဝင်ငွေ မတူပါဘူး။
ညဖက်ကပိုပေးရပါတယ်.

ညဖက်အလုပ်သမားများအတွက်ကတော့ မအိပ်ချင်အောင် ဆိုပြီး ..လုပ်ငန်းရှင်က မုန့်ကျွေးတာ၊ စားစရာတခုခုကျွေးတာ..လက်ဖက်ရည်.ကော်ဖီ.အအေး..အစရှိသည်တို့ကို ထောက်ပံ့ပေးပါတယ်။
နောက်တခါ နိုင်ငံသားအလုပ်သမားအမျိုးသမီးများအတွက် ကလေးမီးဖွားခွင့်..ဆေးခွင့်..အသက်အာမခံ..အစရှိသည်တို့ ကိုလည်း အပြည့်အ၀ ကုမ္မဏီမှတာဝန်ယူ ပေးထားပါတယ်။
ယောင်္ကျားလေးများနဲ့ တန်းတူအခွင့်အရေးပါ....
အမျိုးသမီးများက မီးဖွားခွင့်.ပဲပိုတာပါ...

( ၅ ) နောက်တခါ ကုမ္မဏီ မှ အကြောင်းအမျိုးမျိုးကြောင့် အလုပ်သမားအား အလုပ်ဖြုတ်တော့မည်ဆိုပါက .. .ထိုအလုပ်သမား၏ လစာ ရဲ့ သုံးလ စာ ကို ပေးစေပြီးမှ အလုပ်ထုတ်ပယ်ရပါတယ်။ ( မှတ်ချက်..ပြစ်မှုမှ လွဲ၍ ).. သဘောကတော့ ထိုအလုပ်သမား နောက်အလုပ်တခု မရနိုင်သေးခင် အဆင်ပြေစေနိုင် ဖို့အတွက် ပေးခြင်းပါ။
ဒါကလည်းမလေးရှားအလုပ်သမားဥပဒေအရ ပြဌာန်းပေးထားပါတယ်။


( ၆ ) နောက်တခါ .. အလုပ်ရှင်နှင့် အလုပ်သမားများ လစာတိုးရေးကိစ္စသော်၎င်း၊ တစုံတရာနစ်နာ မှု့ရှိသည်ဟု အလုပ်သမား အများစုမှယူဆလို့ ဆန္ဒဖေါ်ထုတ်စဉ်ကာလ..ပဠိပက္ခ ဖြစ်နေစဉ်မှာတော့ နှစ်ဖက်ညှိနှိုင်းပြီး အကောင်းဆုံး နည်းဖြင့် အပေးအယူလုပ်ပြီးညှိနှိုင်းကြတာပါပဲ။

.များသောအားဖြင့် နောက်ဆုံးတော့ လုပ်ငန်းရှင်ကသာလိုက်လျှောပေးတာများပါ တယ်။ ဒီနေရာမှာအလုပ်ရှင်နှင့် အလုပ်သမားအများစု ညှိနှိုင်းဖြေရှင်းလို့ အဆင်မပြေတော့မှ အလုပ်သမားသမဂ္ဂ ဆီရောက်တာပါပဲ။

မလေးရှားအလုပ်သမားသမဂ္ဂ ဟာ အလုပ်သမားထုကို ကိုယ်စားပြုပေးတာကြောင့် အလုပ်သမားထုကြီးရဲ့အားထားရာတခုဖြစ်ပြီး အင်္ဂလိပ်လိုအတိုကောက်ကတော့.T U M. လို့ခေါ်ကြပါတယ်။ အလုပ်ရှင်နှင့် အလုပ်သမားထု ပဠိပက္ခဖြစ် နေစဉ်ကာလမှာ လုပ်ငန်းရှင်မှ ဗီတိုအာဏာသုံးပြီးတော့.. အလုပ်ဖြုတ်မယ်. အလုပ်မဆင်းနဲ့တော့ ..အစရှိသဖြင့် ရာဇသံပေးလို့မရပါဘူး။
ပေးလည်းမပေးကြသလို အဆင်ပြေအောင်ဖြေရှင်းကြရင်းနဲ့ အားလုံးအဆင်ပြေသွားကြတာပါပဲ...

နောက် တခုက ကုမ္မဏီ မှာရှိတဲ့ security လို့ခေါ်တဲ့ ဂိတ်စောင့်ဟာလည်း သူ့တာဝန်ဟာကုမ္မဏီ ရှိပင်မတံခါးကြီးကို အဖွင့်အပိတ်လုပ်ပေးဖို့...ဧည့်သည်များကို လက်ခံပြောပေးဖို့...ကုမ္မဏီရှိပစ္စည်းများ ပျောက်ရှ မှု့မရှိအောင် .. သူခိုးမခိုးရအောင် ကြည့်ရှုစောင့်ကြပ်ရန် တာဝန်မှလွဲပြီး အခြားမည်သည့်တာဝန်မှ မရှိပါဘူး။

security.လို့ခေါ်တဲ့ ဂိတ်စောင့်ဟာလည်း ကုမ္မဏီက အလုပ်သမား တဦးဖြစ်တာကြောင့်..အဆိုပါဂိတ် စောင့်လုံခြုံရေးဟာ လုပ်ငန်းရှင်ရဲ့လက်ကိုင်တုတ် သဖွယ်လုပ်ပေးနေစရာ မလိုအပ်ပါဘူး၊

( ၇ ) နိုင်ငံသားအလုပ်သမားတဦးဟာ သူ့မလုပ်နိုင်တဲ့အလုပ်တခုကို တရားသဖြင့်ငြင်းခွင့်၊ပြန်လည်ချေပခွင့်ရှိပါတယ်၊ အကြောင်းမဲ့အလုပ်ဖြုတ်ခွင့်မရှိပါဘူး၊အကြောင်းမဲ့အကျိုးမဲ့အလုပ်သမားတဦးကိုလုပ်ငန်းရှင်မှ အလုပ်မှထုတ်ပယ်တယ်..အလုပ်ဖြုတ်တယ်ဆိုရင် အလုပ်သမားဟာ T U M .မလေးရှားအလုပ် သမားသမဂ္ဂ ဆီကို တိုင်ကြားနိုင်ပါတယ်။

မလေးရှားအလုပ်သမားသမဂ္ဂဟာ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ပြီး အလုပ်သမားထုကို ကိုယ်စားပြုရပ်တည်ပေးပါတယ်။
နိုင်ငံသားအလုပ်သမားတဦးမပြောနဲ့ ..နိုင်ငံခြားသားအလုပ်သမားတဦးမှ အလုပ်ရှင်မှ မတရားဖိနှိပ်မှု့.အလုပ်သမား အခွင့်အရေး ချိုးဖေါက်မှု့လုပ်သည် ဟု တိုင်ကြားလာပါက အဆိုပါ မလေးရှား အလုပ်သမားသမဂ္ဂ မှ ၀င်ရောက်ကိုင်တွယ် ဆောင်ရွက်နိုင်ခွင့်တွေ ရှိပါတယ်။




နိုင်ငံသားအလုပ်သမားတဦး၏ ရပိုင်ခွင့်များ
မလေးရှားနိုင်ငံသားအလုပ်သမားတဦးဟာ တနင်္ဂနွေနေ့ ( အများသူငါ နားရက်.Public Holiday ..မှာ ..နိုင်ငံသားအလုပ်သမားတဦး၏ ဆန္ဒအတိုင်း အနားယူခွင့်ရယူနိုင်ပါတယ်၊
ကုမ္မဏီမှလည်း ပေးထားပါတယ်.အတင်းအကြပ်အလုပ်ခိုင်းစေခွင့်မရှိပါ ..
( မှတ်ချက် ) အကယ်၍အလုပ်သမားမှ ထိုတနင်္ဂနွေနေ့တွင် အလုပ်ဆင်းခဲ့ပါမူ နှစ်ဆပေးရပါတယ်..Double charge .ရပါတယ်..ဒါက အလုပ်သမားဥပဒေအရပေးရခြင်းပဲဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံသားအများစုအခေါ် ..အခါကြီးရက်ကြီး များဖြစ်သော တောင်သူလယ်သမားနေ့ ..အလုပ်သမားနေ့ ..လွတ်လပ်ရေးနေ့ ..အာဇာနည်နေ့ ..အစရှိသည့် သမိုင်းဝင်ရုံး ပိတ်ရက်များတွင်လည်း အလုပ်သမား၏ ဆန္ဒအလျှောက် အနားယူခွင့်အပြည့်အ၀ ရှိသလို ..အကယ်၍ အလုပ်မနားဘဲ ကုမ္မဏီဖွင့်ပါက အလုပ်ဆင်းခဲ့ပါမူ တနေ့လုပ်ခ ၏ သုံးဆ .Triple .. ပေးရပါတယ်၊
အလွန်အရေးကြီးသောအခါမှ ကုမ္မဏီသည်အဆိုပါရက်များတွင် လုပ်အားခအား သုံးဆပေးလေ့ရှိပြီး များသောအားဖြင့် ထိုရက်များတွင် ကုမ္မဏီသည် အလုပ်ပိတ်လေ့ရှိပါတယ်။

လုပ်ငန်းခွင်အနာတရ ဖြစ်ခဲ့လျှင်သော်၎င်း၊ နေထိုင်မကောင်းဖြစ်ခဲ့လျှင်သော်၎င်း၊ ဆေးခန်း.ဆေးရုံ မှ သက်ဆိုင်ရာဆရာဝန် ၏ ..ထိုအလုပ်သမားသည် ရက်မည်မျှ အနားယူရန် လိုအပ်သည်ဟူသော ဆေးထောက်ခံစာဖြင့် အလုပ်သမားသည် လွတ်လပ်စွာ အနားယူခွင့်အပြည့်အ၀ ရှိသည်။

လုပ်ငန်းရှင်သည်မည်သို့မျှ ဖိအားပေး၍မရချေ ။

နိုင်ငံသားအလုပ်သမားတဦးသည် နေ့လည်စာစားချိန်အား ၁ နာရီတိတိ အပြည့်အ၀ ယူခွင့်ရှိပြီး နေ့လည်စာ ထ္မင်း စားချိန်သည်. ၁၂. နာရီ မှ ၁ နာရီထိ..ဖြစ်သည်။ နံက် ၈ .နာရီ အလုပ်စဆင်းသည့် အလုပ်သမားသည် ညနေ ၅ နာရီတွင် အလုပ်ပြီးဆုံး၍ အခြေခံ အလုပ်ချိန် ၈ နာရီ သာလျှင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် I L O. ၏ ပြဌာန်းထားသော အလုပ်သမားဥပဒေအရသော်၎င်း၊ မလေးရှားအလုပ်သမား ဥပဒေအရသော်၎င်း၊ ထိုအလုပ်ချိန်.တနေ့. ၈နာရီသာလျှင် တရားဝင်ဖြစ်သည်၊


ထို့အပြင် နိုင်ငံသားအလုပ်သမားများသည် မိမိတို့ရရှိသောလစာသည်လွန်စွာနည်းပါးလွန်းသည်ဟုယူဆခဲ့လျှင်သော်၎င်း၊
ကုမ္မဏီ မှ ကျမ္မာရေးစောင့်ရှောက်မှု့အရသော်၎င်း၊
အလုပ်သမားများ၏ အသက်နှင့်ဘ၀အာမခံချက်မရှိပါဟုယူဆခဲ့လျှင်သော်၎င်း၊
အလုပ်ချိန်များပြားလွန်းလျှင်သော်၎င်း၊
အလုပ်သမားများသည် ငြိမ်းချမ်းသောနည်းဖြင့်မိမိတို့၏ ဆန္ဒကို ထုတ်ဖေါ် ပိုင်ခွင့်ရှိသည်။ ထို သို့ မိမိ၏လွတ်လပ်သော ဆန္ဒကို ထုတ်ဖေါ်ခွင့်သည်ပင်လျှင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်.. I LO ၏ ဥပဒေအရ သော်၎င်း၊
မလေးရှားအလုပ်သမားဥပဒေအရသော်၎င်း တရားဝင်ပေးထားခြင်း ဖြစ်သည်။

Over Time ..အိုဗာတိုင် ဟုခေါ်သော အချိန်ပို အလုပ်ဆင်းခြင်းသည် အလုပ်သမား၏ စိတ်ဆန္ဒအရ မိမိနှစ်သက်ပါက အချိန်ပိုဆင်းနိုင်သလို ၊ မိမိ အချိန်ပိုမဆင်းလိုပါက မဆင်းပဲနေခွင့်ရှိသည်၊
ထိုအချက်သည်လည်း I LO ဥပဒေ အရသော်၎င်း၊ မလေးရှားအလုပ်သမားဥပဒေအရသော်၎င်း ဖြစ်သည်။ အလုပ်သမားတဦးသည် မိမိလုပ်ငန်းခွင်တွင် အလုပ်ခွင်အန္တရာယ် ကင်းရှင်းမှု့၊ လုပ်ငန်းခွင်တွင်လုံခြုံစိတ်ချရမှု့ မရှိပါက လုပ်ငန်းရှင်အား လွတ်လပ်စွာပြောဆိုပြီး တောင်းဆိုခွင့်ရှိသလို ၊ လုပ်ငန်းရှင်မှ မလိုက်လျှောပါကလည်း T U M သို့ တိုင်ကြားခွင့်ရှိသလို..I L O အဖွဲ့ကြီးသို့လည်းတရားဝင်တိုင်ကြား နိုင်သည်။

ထိုသို့ တိုင်ကြားသဖြင့် လုပ်ငန်းရှင်မှ အလုပ်သမားအား မည်သို့မျှ အရေးယူခွင့်မရှိချေ၊

အလုပ်ရှင်သည် အလုပ်သမားတဦး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသောနစ်နာမှု့မျိုးကို ကျုးလွန်ပါက ထိုအလုပ်ရှင်အား အလုပ်သမားမှ တရားစွဲဆိုပိုင်ခွင့်အား မလေးရှားအလုပ်သမားဥပဒေတို့တွင်ပြဌာန်းပေးထားပါသည်။

ကျနော်လေ့လာမိသလောက် ကျနော်ရောက်သည့်အချိန်မှ စ ပြီး ယနေ့ချိန်ထိ လုပ်ငန်းရှင်နှင့် အလုပ်သမားများတို့၏ပဠိပက္ခများသည် မရှိသလောက်နည်းပါးရခြင်းအကြောင်းရင်းကား မလေးရှားနိုင်ငံတွင် တိကျသော၊ခိုင်မာသော အလုပ်သမားဥပဒေများနှင့် အလုပ်သမားသမဂ္ဂ တို့ ရှိနေခြင်းကြောင့်ပင်ဖြစ်တော့သည်။




ယနေ့ မြန်မာပြည်နှင့် မျက်မှောက်ကာလ အလုပ်သမားများအခြေအနေ
ယနေ့ ကျနော်တို့တိုင်းပြည်တွင်ပုလဲ..၀ိုင်ဂျေ.စပါယ်ပွင့်.နေမင်းအောင်.နှင့် မှော်ဘီ yangon crow ..myanmar goldenstar ( MGS )အချိုရည်စက်ရုံနှင့်အခြားသော ကုမ္မဏီတော်တော်များများမှ အလုပ်သမားထုကြီးသည် လုပ်ခ လစာတိုးမြင့်ရေးနှင့် အခြားသောအလုပ်သမားများခံစားခွင့်များ၊ ရပိုင်ခွင့်များကို ငြိမ်းချမ်းသောနည်းဖြင့်ဆန္ဒဖေါ်ထုတ်နေကြသည်ကိုအများအသိပင်ဖြစ်သည်၊

ထိုအလုပ်သမားထုကြီးသည် ကုမ္မဏီပိုင်ပစ္စည်းများအား ဖျက်ဆီးခြင်းလည်းမရှိ ၊ဆူပူမှုလည်းအလျှင်းမရှိဘဲ မိမိတို့ ရပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များကိုသာ တရားသဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်နေခြင်းအား သက်ဆိုင်ရာကုမ္မဏီ မှတာဝန်ရှိသူများမှသော်၎င်း၊ မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနလက်အောက်ရှိာနခွဲများမှသက်ဆိုင်ရာတို့သည် တက်ကြွစွာဖြင့်အမြန်ဆုံး လုပ်ဆောင်ပေးရန် အပူတပြင်းလိုအပ်လျှက် ရှိနေတော့သည်။

လက်ရှိမြန်မာနိုင်ငံတွင် အလုပ်သမားထုကြီး၏ လုပ်ခလစာသည်အခြားသောတိုင်းပြည်မှ အလုပ်သမားများ၏လုပ်ခလစာနှင့်မည်သို့မျှ နှိုင်းယှဉ်လို့မရအောင်အလွန်အမင်းနိမ့်ကျလျှက်ရှိနေခြင်းသည် အလုပ်သမားများဆူပူအုံကြွမှုဆီသို့ တွန်းပို့နေသကဲ့သို့ ပင်ဖြစ်နေတော့သည်။

ထိုသို့ အလုပ်သမားထုကြီး၏ လုပ်ခလစာတိုးမြင့်ပေးရေးတောင်းဆိုမှုသည် လက်ရှိ ဦးသိန်းစိန်အစိုးရ ၏ အပြောတမျိုး အလုပ်တမျိုး ဖြစ်နေခြင်း အကြောင်းရင်းများ၏ အကျိုးဆက်များဖြစ် ပါကြောင်း ရေးသားတင်ပြ လိုက်ရပေတော့ သတည်း။


(မှတ်ချက်.. ယနေ့မြန်မာနိုင်ငံတွင်ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ် တင်ပြcနေကြသော ကုမ္မဏီ အသီးသီးမှ အလုပ်သမား ထုကြီးသည် မိမိတို့ လုပ်သမား ပိုင်ခွင့်နှင့် ခံစားပိုင်ခွင့်များကို ရယူခံစားနိုင်ပြီး သာယာသော အနာဂတ် အလုပ်သမား ထုကြီး လူ့ဘောင်သစ်ကို တည်ဆောက်နိုင်ကြ ပါစေလို့ ဆန္ဒပြုရင်း...

-မောင်လူဝေး