Tuesday, August 14, 2012

ကျုပ်ဖိုးခွေးရိုးနှင့်မြို့ကြီးသူမမ



ကျုပ်ဖိုးခွေးရိုးတို့ရွာလေးကဖျာပုံမြို့ကနေစက်တပ်လှေနဲ့သွားရင်(၇)နာရီလောက်သွားရတဲ့ရွာလေးပါ။ကျုပ်တို့ရွာကလူတွေကလယ်လုပ်ငန်းကိုလုပ်ကိုင်ကြတဲ့သူရှိသလို၊ငါးရှာ ဖားရှာစားရတဲ့ဘောက်သမားတွေလည်းများပါတယ်။…..ရွာကအိမ်ခြေတစ်ရာကျော် လောက်ရှိတယ်။
ကျုပ်တို့ရွာမှာမူလတန်းကျောင်းလေးတစ်ကျောင်းတော့ကောင်းကောင်းရှိတယ်။ ဒါတောင်အဖွဲ့အစည်းတစ်ခုကနေ cyclone shelter ဆိုပြီးဆောက်ပေးသွားတာပါ။ ရွာမှာကြီးကြီးမားမားအဆောက်အဦးဆိုလိုအဲ့ဒီအဆောက်အဦးတစ်ခုပဲရှိပါတယ်။ ကြွားတယ်လို့တော့မထင်လိုက်ပါနဲ့နော်။
ဆင်းရဲတယ်လို့တော့မပြောချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျုပ်တို့ရွာကလူတွေကပေါများပါတယ်။ကလေးတွေကိုပြောတာပါ။ရွာမှာအိမ်တစ်အိမ်ကိုမရှိဘူးဆိုရင်ကလေး အနည်းဆုံး(၄)ယောက်၊အများဆုံးကတော့…အင်း…(၁၅)ယောက်လောက်ရှိမယ်လို့ထင်တာပါပဲ။ဒါကကျုပ်တို့ရွာအတွက်အပေါများဆုံးရတနာတွေပေါ့ဗျာ။
ရွာမှာမူလတန်းကျောင်းထိပဲကျောင်းကရှိတော့လေးတန်းအောင်ရင်တစ်ခြားရွာတွေကို ကျောင်းသွားတက်ဖို့အတွက်အရမ်းကိုခက်ခဲလှပါတယ်။ဒါကြောင့်အများစုကလေးတန်း ပြီးတာနဲ့ကျောင်းထွက်လိုက်ရတော့ကျုပ်တို့ရွာမှာဘွဲ့ရဆိုလို့ဝေးလာဝေး…..၁၀..တန်း အောင်တဲ့သူတောင်တစ်ယောက်ပဲရှိတယ်။ဒါတောင်မိဘတွေကမအူပင်မှာကျောင်း သွားထား၊သိန်း(၈၀)လောက်အကုန်ခံမှအောင်ခဲ့တာပါ။ဘယ်မှာလဲ..အခမဲ့ပညာရေး…ဘယ်မှာလဲ လူ့အခွင့်အရေး…ဒါကျုပ်တို့နိုင်ငံရဲ့ကောင်းမွန်လှတဲ့ပညာရေးစနစ်လေ။
ကျုပ်တို့လိုလက်လှုပ်မှပါးစပ်လှုပ်ရတဲ့လူတွေအတွက်ကတော့အတန်းပညာရေးဆိုတာ ဝေလာ…ဝေး…တစ်နေ့စားဖို့အတွက်ကိုရုန်းကန်လှုပ်ရှားနေရတာနဲ့သား၊သမီးတွေလည်းကျောင်းမထားနိုင်ပါဘူး...ဒီလိုနဲ့ပဲလူ့ဘ၀သံသရာမှာဇိမ်ခံစရာမရှိတော့…..ရှိတဲ့စည်းဇိမ်လေးကိုယူလိုက်တာ..ဟောတစ်ယောက်…ဟောတစ်ယောက်ဆို………အား..ပါး..ပါး…တစ်ရွာလုံးများလိုက်တဲ့ကလေးတွေ…
ကျုပ်လည်းပြောမိပြောရာပြောနေတာနဲ့မြို့ကြီးသူမမအကြောင်းပြောဖို့ကိုမရောက်တော့ဘူး။
တစ်နေ့ကျုပ်တို့ရွာကိုမြို့ကြီးသူမမတွေရောက်လာပါတယ်ဗျာ။…သူတို့ကကျုပ်တို့ရွာမှာ ပညာပေးအမြင်ဖွင့်သင်တန်းလာပေးတာပေါ့ဗျာ….ဘာတဲ့…သင်တန်းနာမည်က ”တာဝန်သိနိုင်ငံသားနှင့်တာဝန်ခံယူမှုရှိသောအုပ်ချုပ်မှုစနစ်”ကျုပ်အရမ်း သဘောကျတဲ့ ခေါင်းစဉ်ပါဗျာ။ဒါပေမဲ့မြို့ကြီးသူကိုကို၊မမတွေကစကားလုံးကြီးတွေနဲ့ထည့်သွားတာ သိပ်တော့လည်းနားမလည်ဘူးဗျ။…ဒါပေမဲ့ဗဟုသုတတော့ရလိုက်ပါတယ်၊….ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ သမ္မတ မိန့်ခွန်းတွေလည်းပြောပြရှင်းပြပါသေးတယ်။
ဒီအဖွဲ့ထဲမှာပါတဲ့မြို့ကြီးသူမမတစ်ယောက်ကကျုပ်တို့ရွာကိုတော်တော်သဘောကျနေတာနဲ့တူပါတယ်။ဘာလို့လဲဆိုတော့ကလေးတွေပေါလွန်းအားကြီးလို့လေ။မြို့ကြီးသူမမတွေပြောသံကို…ကျုပ်နားစွန်၊နားဖျားကြားလိုက်တာကတော့…ဘာတဲ့..ကျုပ်တို့ရွာကအမျိုးသမီးတွေကိုသားဆက်ခြားနည်းတွေသင်ပေးချင်တယ်၊သားကြောဖြတ်တာတို့၊ပစ္စည်းထည့်တာတွေလုပ်ပေးချင်တယ်တဲ့…..ကျုပ်တို့လည်း၊ကျုပ်တို့ရွာကအမျိုးသမီးတွေကိုအဲ့ဒီလိုမျိုးတွေ…..အခွင့်အရေးရရင်တော့……….လုပ်ပေးချင်တာပေါ့ဗျာ။ဒါပေမဲ့ကျုပ်တို့ရွာကိုအဖွဲ့အစည်းတွေလည်းမလာကြဘူး။…စရိတ်မျှပေးကျန်းမာရေးဆိုတဲ့ကျေးလက်ကျန်းမာရေးဆေးပေးခန်းတွေလည်းမရှိပါဘူးဗျာ။…….အထင်တော့မသေးလိုက်နဲ့……ကျုပ်တို့ရွာမှာ….အပ်ပုန်းဆရာဝန်တော့ရှိသဗျို့။ မြို့မှာမိချောင်းတွေ့ချင်ရင်တိရိစ္ဆာန်ရုံတို့၊မိချောင်းမွေးမြူရေးကန်တို့မှာပိုက်ဆံပေးပြီး သွားကြည့်ရတာ…ကျုပ်တို့ရွာမှာမိချောင်းများပေါလို့….ကလေးတွေတောင်ရေထဲမဆင်းခိုင်း ရဲပါဘူး…အဲ့ဒီလောက်ကိုနေချင်စရာကောင်းတဲ့ကျုပ်တို့ရွာလေးပါ။…..မြို့ကြီးသူမမ တွေများ…နုချက်…ရေသောက်မှားလို့ဝမ်းသွားသေးတယ်…ကျုပ်တို့များ…..မြစ်၊ချောင်း ရေကိုဒီတိုင်းသောက်တာတောင်ဘာမှမဖြစ်ပါဘူး။…….မြို့ကလူတွေလို့ရေသန့်ဖိုးပိုက်ဆံလည်းမကုန်ဘူးပေါ့ဗျာ..မြို့မှာလို့အိမ်သာတွေဘာတွေပိုက်ဆံအကုန်ခံပြီးဆောက်နေ စရာမလိုပါဘူး…ကျုပ်တို့ချောင်းထဲဒီတိုင်းသွားလိုက်တာပဲ…ဒီလောက်ဖွံ့ဖြိုးတိုးတက်နေတဲ့ကျုပ်တို့တိုင်းပြည်ပါ။
ကျုပ်တို့သမ္မတကြီးကတော့…….ဆင်းရဲမွဲတေမှုလျှော့ချရေးတို့၊NDP(National Development Plan အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း)၊တို့တော့ပြောနေပါတယ်။ ကျုပ်တို့လည်း VDP (Village Development Plan ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း) ကောင်းကောင်းလေးတော့ဆွဲထားအုံးမှပဲ..ပြောလို့မရဘူးလေ..ကျုပ်တို့ရွာလေးနောင်လာမဲ့နှစ်ပေါင်း(၁၀)နှစ်အတွင်း(ပြောင်းပြေးခံရမလား…ရေနပ်ဆိပ်ကမ်းတွေဆောက် လွန်းအားကြီးလို့…အော်..ဖဟဲ့..လွဲပါစေ…)ဖွံဖြိုးတိုးတက်တဲ့ရွာလေးတစ်ရွာဖြစ်မလာ ဘူးလို့ဘယ်ပြောလို့ရမလဲ။ အော်..မြို့ကြီးသူမမအကြောင်းကပျောက်ပျောက်သွားတယ်…မြို့ကြီးသူမမများ….တော်တော်ကိုအပါတယ်။မြို့မှာလည်းနေတယ်ပြောသေးတယ်။ကျုပ်တို့ရွာကိုလာရင်ဘယ် မှတ်တိုင်မှာဆင်းရမလဲတဲ့…ကျုပ်ကလိုင်းကောင်နဲ့လာဆိုတော့၊တစ်ကောင်ဘယ် လောက်လဲတဲ့..…ရွှံကလည်းကြောက်..…မြွေကလည်းကြောက်သေးတယ်ဗျာ…ဒါနဲ့ များဖွံ့ဖြိုးရေးလုပ်ငန်းတွေလိုက်လုပ်နေသေးတယ်။ဘာပဲဖြစ်ဖြစ်မြို့ကြီးသူမမတွေကချစ်ဖို့တော့ကောင်းပါတယ်ဗျာ။ကျုပ်တို့လိုကျေးလက်နေပြည်သူလူထုတွေအတွက်အသိ ပညာတွေပေး၊လိုအပ်တာတွေကူညီ၊လူငယ်သင်တန်းတွေလုပ်ဆိုတော့ကျုပ်တို့လည်း နဲနဲတော့ဗဟုသုတလေးရတာပေါ့ဗျာ။
ကျုပ်တို့ရွာကနေမြို့ကြီးသူမမများသင်တန်းပြီးပြန်သွားတော့ကျုပ်တို့ကလွမ်းပြီးကျန်နေခဲ့တာပေါ့………အော်..ဘယ်သောအခါမှပြန်လည်ဆုံတွေ့ရအုံးမှာလည်းမြို့ကြီးသူမမ ရယ်။
ဆုထက်ဝေ (1.8.2012 - 10:19 pm)

Thursday, June 14, 2012

ချစ်လွန်းလို အမုန်းခံ ပြောမိသူ


ကျနော်ချစ်တဲ့ တို့ မြန်မာလူမျိုးတွေကို စိတ်ပျက်မိပါတယ်။ ကုလားကို ဆဲနည်းပေါင်းစုံနဲ့ ၀ိုင်းပြီးသြဘာပေးနေတာကို လုံးဝ လုံးဝ မကြိုက်ပါ။ ကုလားဆိုရင် အရောင်မျိုးစုံရှိတာပါဘဲ။ အခုလို အချိန်မှာ တိုင်းပြည်အတွက် Capacity Building and Development လုပ်ဖို့ ကြိုးစားရမယ်အချိန်ကာလပါ။ ရွှေမြန်မာတို့ရဲ့ မျိုးချစ်စိတ်တွေကို အကျိုးမရှိတဲ့ နေရာတွေမှာ အသုံးမပြုပါနဲ့။ ဒါဟာ ကျွန်စိတ်ပါဘဲ။ ဆဲတာကလည်း ကျွန်စကားပါဘဲ။ ကုလားကိုတော့ ဆဲနေကြတယ်။ ကုလားတွေ ထူးချွန်ထက်မြက် ထင်ရှားကျော်စောနေတာတော့ မမြင်နိုင်တာ ၀မ်းနည်းစရာပါ။ သေချာစဉ်းစာကြည့်စေချင်တယ်။
အချက်တွေများစွာနဲ့ ပြောပြပါမယ်။
၁) မြန်မာတို့ နေ့တိုင်း ကိုးကွယ်နေတဲ့ ရှင်တော် ဂေါတမမြတ်စွာဘုရားလည်း
အိန္ဒိယပြည်က မင်းမျိုးမင်းနွယ် ကုလားပါဘဲ။
၂) ကိုယ်ထီးကိုယ်နန်းနဲ့ နေလာခဲ့တဲ့ မြန်မာနိုင်ငံကို အနိုင်ယူတိုက်ခိုက်နိုင်တာကလဲ အနောက်ဘက်က အင်္ဂလိပ်လို့ ခေါ်တဲ့ ကုလားဖြူပါဘဲ။
၃)
သိပ္ပံပညာနဲ့ လက်နက်နည်းပညာတွေကို တီတွင်ကြံဆနိုင်တာလဲ ကုလားတွေပါဘဲ။
၎) နိုင်ငံရေးအယူဝါဒ ကို စတင်ဖော်ထုတ်တာလဲ ကုလားတွေပါဘဲ။
၅) ငွေကြေးအရင်းအနှီးနဲ့ စီးပွားရေးအင်ပါယာ အင်အားတောင့်တင်းတာလဲ အနောက်က ကုလားတွေပါဘဲ။
၆) နိုင်ငံတကာကလက်ခံသုံးစွဲနေတဲ့ အဓိကဘာသာစကားကလည်း ကုလားဖြူ အင်္ဂလိပ်စကားပါဘဲ။
၇) အားကစားဘက်မှာ ထူးချွန်တာလဲ ကုလားမဲတွေဘဲ။
၈) ဖောင်ဒေရှင်းနဲ့ အန်ဂျီလ်အိုတွေ တည်ထောင်ပြီး လူသားအကျိုးပြုလုပ်ငန်းတွေ လုပ်နေတာလဲ ကုလားတွေပါဘဲ။
၉) နောက်ဆုံး ကုန်ကုန်ပြောရရင် သတင်းအချက်အလက်၊ ဆက်သွယ်ရေးနဲ့ အင်တာနက်၊ တီဗွီအောက်စက်တွေကလည်း ကုလားတွေရဲ့ တီတွင်မှု ရလဒ်ပါဘဲ။

ကဲ ဘာများ ပြောချင်လဲ ကိုရွှေမြန်မာတို့၊ သင်တိုင်းပြည်အတွက် ဘာများတိုးတက်အောင် လုပ်ပေးခဲ့ပြီးပြီးလဲ။

အနီးစပ်ဆုံးကြည်ရမယ်ဆိုရင် အာဆီယံကိုကြည်လိုက်ရင်

- မလေးကုလားတွေလည်း မြန်မာထက်သာနေတယ်။
- အင်ဒိုကုလားတွေလည်း မြန်မာထက် လျင်နေတယ်။
- စင်ကာပူ ကုလားတွေလည်း မြန်မာထက် ပညာပိုတတ်နေတယ်။
- ဘရူးနိုင် ကုလားတွေလည်း မြန်မာထက် ပို ချမ်းသာနေတယ်။

ကုလားကို ဆဲနည်းပေါင်းစုံနဲ့ ဆဲလည်း ကုလားက ဘာမှဖြစ်သွားတာမဟုတ်ဘူး။ သူတို့ကတောင် တို့ရွှေမြန်မာတွေကို ဘာများပြန်ပြောမလဲသိလား ? လင်းစမ်းပါဦး။

ပြောမှ ကတော့ (မြန်မာတွေ ခေါင်းမသုံးတတ်လို သူတို့နိုင်ငံမတိုးတက်တာ။ ဒါကမြန်မာတွေရဲ့ အသုံးမကျတဲ့ အားနည်းချက်ကြီး။)

ဒီလို ပြောလို့ ဒေါသနဲ့ ပြန်တိုက်ခိုက်မယ်။ သတ်မယ်။ဖြတ်မယ်။ နောက်တော့ မအေလိုးကုလား၊စောက်ကုလားဆဲမယ် ဆိုရင် ဒါဟာ ကျွန်စိတ်ဖြစ်တယ်။ သခင်စိတ်မဟုတ်ဘူး။
နောက်ဆုံးအနေနဲ့ ပြောချင်တာက ကျနော်ရဲ့နိုင်ငံကို တိုးတက်စေချင်တယ်။ ချမ်းသာစေချင်တယ်။ ရွှေမြန်မာများ ဒီလိုလုပ်နေမယ်ဆိုရင် တို့အမျိုးသားခေါင်းဆောင်ကြီး ကိုအောင်ဆန်းနဲ့ သွေးချွေးနဲ့ ရင်းပြီး တိုင်းပြည်အတွက် ကြိုးပမ်းခဲ့တဲ့ လူမျိုးဘာသာမရွေး အညတရသူရဲကောင်းတွေရဲ့ မျက်နှာကို  အိုးမဲမသုတ်ပါနဲ့လို ပြောလိုပါတယ်။






ဒီလိုပြောရတဲ့အတွက် အားလုံးရဲ့ အကျိုးအပြင် တိုင်းပြည်ကောင်းမယ်ဆိုရင် ကျနော် အမုန်းခံပြီး ပြောနေ ရေးနေ သရော်နေရတာပါ။



မောင်လူငယ်
မြန်မာပြည်ကြီး တိုးတက်စေလိုသူ

Monday, June 11, 2012

သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ

သွေးကို သွေးနဲ့ ဆေးလို့ မရ၊ လူသတ်ဝါဒ ဆန့်ကျင်ကြ
(“ရွှေသမင် ဘယ်က ထွက်၊ သိန်းစိန်တာက ထွက်” ဆောင်းပါးရဲ့ အဆက်)
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

စစ်အစိုးရ၊ ကြံ့ဖွတ်အစိုးရဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးနေတယ်။ သတင်းစာထဲမှာ “မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာ” ဆိုတဲ့ လူမျိုးရေး သွေးထိုးလှုံ့ဆော်တဲ့ စာသားကို ပြောင် ထည့်ရေးခဲ့တယ်။ သတိထား စဉ်းစားကြည့်ပါ။ သေသေချာချာ ဖတ်ကြည့်ပါ။ ဒီစကားဟာ ဘာရည်ရွယ်ချက်နဲ့ ရေးသလဲဆိုတာကို။ မတော်တဆ မှားပြီး ရေးတာ မဟုတ်ပါဘူး။ သတင်းစာတွေမှာရော၊ ရုပ်မြင်သံကြားတွေမှာရော ဒီအတိုင်း အားလုံးကြေညာ ရေးသားသွားတာပါ။ တခုတည်းမှာ ရေးရင်၊ ပြောရင် တယောက်ယောက်က မှားပြီး မတော်တဆ ရေးတယ်၊ ကြေညာတယ်လို့ ယူဆလို့ ရပါတယ်။ အားလုံးမှာ တခုတည်းသော၊ တထပ်တည်းသော စာသားနဲ့ ကြေညာသွားတယ်ဆိုတာကို ကြည့်ရင် အထက်လူကြီးဆီကနေ ဒီအတိုင်း ၏၊ သည် မရွေး ဖတ်ရမယ်၊ ရေးရမယ်ဆိုတဲ့ အမိန့်နဲ့လာတဲ့ သတင်းဖြစ်ကြောင်း ထင်ရှားပါတယ်။ သတင်းစာ၊ ရုပ်မြင်သံကြားဌာနတွေနဲ့ နီးစပ်သူတွေ ကောင်းကောင်းသိပါတယ်။ မနီးစပ်သူတွေလည်း ဆက်စပ် စဉ်းစားလို့ ရပါတယ်။

လူတွေက ဆန္ဒပြကြ၊ ဆူကြတော့မှ အမှားပြင်ဆင်ချက် ပြန်ထည့်ပါတယ်။ အမှားပြင်ဆင်ချက် ထည့်တာကလည်း ကုလားဆိုတဲ့ အသုံးကို ပြည်တွင်းနေ အစ္စလာမ်ဘာသာ ကိုးကွယ်သူဆိုပြီး ပြင်ပေးတာပါ။ တကယ်တမ်း စကားလုံးထက် အရေးပါတဲ့ အနှစ်သာရဖြစ်တဲ့ သွေးထိုးလှုံ့ဆော်တဲ့ အရေးအသားနဲ့ ပတ်သက်ပြီး ဘာမှ ပြင်ဆင်မပေးပါဘူး။ ဒါတွေ အားလုံးဟာ ကစားနေတာပါ။ ဟိုဘက်လှည့် မြှောက်ပေး၊ ဒီဘက်လှည့် မြှောက်ပေးလုပ်နေတာပါ။ တင်းလိုက် လျှော့လိုက်၊ ခြောက်လိုက် ချော့လိုက် လုပ်နေတာပါ။

“သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။”

စောစောက စာသားကို စဉ်းစားကြည့်ပါ။ မွတ်ဆလင်ကုလားများက ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိဖြင့် ရက်စက်ယုတ်မာဆိုတဲ့ စကားကို တွေ့ရမြင်ရတော့ ဘယ်လိုခံစားကြရမလဲဆိုတာ။ ရခိုင်၊ မြန်မာ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ စိတ်ထဲမှာ မခံချင်စိတ်၊ နာကျည်းခံပြင်းစိတ်၊ ဒေါသစိတ်ဖြစ်ကြရမှာပါ။ ဒီလိုဖြစ်အောင် တမင်ဆွပေးတာပါ။ (ကျနော် မြန်မာလူမျိုးစစ်စစ်ပါ၊ ဘာသွေးမှ တစက်မှ မရောပါ) မိန်းကလေးတယောက်ကို ရက်ရက်စက်စက် ယုတ်ယုတ်မာမာ သတ်ဖြတ်တာမျိုးကို ဘယ်သူမှ မကြိုက်ပါဘူး။ လူမဆန်တဲ့ သိပ်မိုက်ရိုင်းတဲ့ လူသတ်မှုကြီးတခုကို ယဉ်ကျေးတဲ့လူ ဘယ်သူမဆို လက်မခံတာ သဘာဝကျပါတယ်။ ဒါပေမယ့် အစ္စလာမ်ဘာသာဝင်တွေဘက်ကရော ဘယ်လိုခံစားရမလဲ။ စဉ်းစားကြည့်ပါ။ မွတ်ဆလင်တွေ၊ ကုလားတွေဟာ ရည်ရွယ်ချက်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ်လို့ သတင်းစာပါ စာသားက စွပ်စွဲထားတာ အထင်အရှားပါ။ ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီး မွတ်ဆလင်အားလုံး လူယုတ်မာ၊ မွတ်ဆလင်အားလုံး မုဒိမ်းကောင်ဖြစ်အောင် ပြောတာကို ဘယ်သူမှ ခံချင်ကြမှာ မဟုတ်ပါဘူး။ ဒီစာသားတွေဟာ လူမျိုးရေး အဓိကရုဏ်းတွေကို လှုံ့ဆော်ပေးတဲ့ စာသားတွေပါ။ ဒီစာသားတွေကို အစိုးရက ရေးတာဟာ လူမျိုးရေး သွေးထိုးလှုံ့ဆော်တာပါလို့ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ကျနော်က ထောက်ပြတော့ တချို့ ရခိုင်အမျိုးသားတွေကပါ မကျေမနပ်ဖြစ်ပြီး ဆဲကြတာကို တွေ့ရပါတယ်။ ခေါင်းအေးအေးထားပြီး စဉ်းစားကြပါ။ အစိုးရက ဒီစာသားတွေ ရေးတာဟာ အစိုးရက ရခိုင်ဘက်က နာလို့ ရေးတာမဟုတ်ပါဘူး။ ရခိုင်တွေနဲ့ မွတ်ဆလင်တွေကို ရန်တိုက်ပေးနေတာပါ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေပါ သွေးချောင်းစီးအောင် လုပ်နေတာပါ။ စစ်အာဏာရှင်စနစ်ကို ပိုမိုကြံ့ခိုင်အောင် အင်္ဂတေနဲ့ မွမ်းမံရာမှာ အဲဒီအင်္ဂတေကို ရခိုင်၊ မွတ်ဆလင်တွေရဲ့ သွေးနဲ့ ဖျော်ဖို့ ကြံစည်နေတာပါ။ ရခိုင်တွေ သွေးချောင်းစီးအောင်ရေးတဲ့ စာသားကို ရခိုင်ဘက်ကနေ ရေးတယ်လို့ ထင်ရင်တော့ အမှားကြီးမှားပါလိမ့်မယ်။

မသီတာထွေးကို မုဒိန်းကျင့် သတ်ဖြတ်တဲ့ လူတွေဟာ လူသတ်သမားတွေ၊ လူယုတ်မာတွေပဲ။ ဒီလူတွေကို ထိထိရောက်ရောက် အရေးယူ အပြစ်ပေးရမှာပဲ။ ရိုးမသစ္စာ ကားပေါ်က လူတွေကို သတ်တဲ့ လူတွေဟာလည်း လူသတ်သမားတွေ၊ အစွန်းရောက်တွေပဲ။ အဲဒီလူတွေကိုလည်း ဖော်ထုတ် အရေးယူရမှာပဲ။ အဲဒီ့ထက် အဆတသိန်း ယုတ်မာတဲ့ လူတွေကတော့ အစိုးရသတင်းစာ၊ အစိုးရရုပ်မြင်သံကြားနဲ့ အများသုံး အင်တာနက်ကနေ လူတွေ သတ်အောင်၊ ဖြတ်အောင် သွေးထိုးလှုံ့ဆော်ပေးနေတဲ့သူတွေပဲ။ ဒီသွေးထိုးလှုံ့ဆော်သူတွေဟာ တယောက်တလေမှ ကိုယ်ထိလက်ရောက် သတ်ချင်မှ သတ်ဖူးမယ်။ ဒါပေမယ့် အခုသတ်ဖြတ် သေကြေမှုတွေအားလုံး သူတို့ လက်ချက်ကြောင့်၊ သူတို့ ပယောဂကြောင့်လို့ ဆိုလို့ရတယ်။

အရင်တုန်းကလည်း ကျနော်တို့ နိုင်ငံမှာ နိုင်ငံရေး လှုပ်လှုပ်ရှားရှားရှိတိုင်း ကုလား-ဗမာအဓိကရုဏ်း ဖန်တီးပြီး အာရုံပြောင်းတတ်တာ လုပ်ရိုးလုပ်စဉ် အစဉ်အလာပါ။ ၈၈ အရေးအခင်ကြီးတုန်းကလည်း ခေါင်းဖြတ်သတ်တဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာအောင် ဗိုလ်ချုပ်ခင်ညွန့်ရဲ့ စစ်ထောက်လှမ်းရေးကပဲ နောက်ကွယ်ကနေ ဖန်တီးခဲ့တာပါ။ အဲဒီဖန်တီးမှုတွေမှာ ထောက်လှမ်းရေးနဲ့ သတင်းပေးတွေကနေ နောက်ကွယ်ကနေ ဒလျှိုဒလန်အဖြစ် ပါဝင်ပြီး သွေးထိုးလှုံ့ဆော်ကြ၊ ကောလဟလ ဖြန့်ချိကြတဲ့ နည်းတွေနဲ့ လုပ်တာပါ။ မသိမသာ စပေး၊ လုပ်ပေးပြီး တကယ်တန်း အဓိကရုဏ်းတွေ ကြီးထွားလာတဲ့အခါ ဒလျှိုဒလန်တွေက ကိုယ်ယောင်ဖျောက် ရှောင်ထွက်သွားတတ်ကြပါတယ်။ ဒီတော့ အဲသလို သွေးထိုးလှုံ့ဆော်မှုတွေ လုပ်တဲ့အခါ လက်ဆုပ်လက်ကိုင် ပြစရာ သက်သေရှာရ ခက်တတ်ပါတယ်။ ဘယ်သတင်းထောက်မှလည်း ဒါမျိုးသတင်းတွေနောက်ကို လိုက်ပြီး မစုံစမ်းရဲကြပါဘူး။

ဒါပေမယ့် အခုကိစ္စမှာတော့ သူတို့ဘက်က သိပ်ရဲတင်းပြီး သိပ်ပြောင်ကျကျ လုပ်လာတဲ့အတွက် လက်သည်ကို ကျနော်တို့ လက်ပူးလက်ကြပ် ထုတ်ပြလို့ ရလာပါပြီ။ ပြီးခဲ့တဲ့ ဆောင်းပါးမှာ ဖော်ပြခဲ့သလိုပဲ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးဇော်ဌေးဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော် ဆိုတဲ့ နာမည်နဲ့ အဓိကရုဏ်းတွေ ကြီးထွားလာအောင် မြှောက်ပေးနေပါတယ်။ ဖဘမှာရှိတဲ့ မွတ်ဆလင်ဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်မှုတွေကို ကြည့်လိုက်တိုင်းမှာ အရင်းအမြစ်ဟာ မှူးဇော်ဆီက လာတာက အများစုလိုလို ဖြစ်နေတာတွေ့ရပါတယ်။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဆိုတာဟာ ဒါမျိုးကို အထက်ညွှန်ကြားချက်မပါဘဲ ရေးလို့မရပါဘူး။ ဒါတွေဟာ အထက်ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ ပိုပြီး တိတိကျကျ ပြောရရင် သမ္မတဦးသိန်းစိန်ရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် စစ်အာဏာရှင်ခေါင်းဆောင် ဦးသန်းရွှေရဲ့ ညွှန်ကြားချက် ဒါမှမဟုတ် ကာ/လုံအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ လုပ်နေတာပါ။ သူ့ဖဘကို သွားကြည့်ကြပါ။ ထပ်ပြီး ကြော်ငြာပေးလိုက်ပါဦးမယ်။

https://www.facebook.com/hmuu.zaw

သွားကြည့်ကြပါ။ ဖတ်ကြည့်ကြပါ။ ပြည်ပကနေ အင်တာနက်ကို မြန်မြန်ဆန်ဆန် သုံးခွင့်ရကြသူတွေအနေနဲ့ သူရေးထားသမျှကို ပြန်မဖျက်ခင် screen shot ယူပြီး သိမ်းထားပေးကြပါလို့လည်း မေတ္တာရပ်ခံပါရစေ။ ဒီလူဟာ လူမျိုးရေးအဓိကရုဏ်းကို သွေးထိုးလှုံ့ဆော်မှုနဲ့ တရားစွဲဆို အပြစ်ပေးရမယ့်သူပါ။ အခုသေတဲ့ လူသတ်မှုတွေ၊ မီးရှို့မှုတွေနဲ့ ဖြစ်လတ္တံ့၊ လာလတ္တံ့သော အမှုတွေအတွက် သူ့မှာ အလွန်ကြီးကြီးမားမား တာဝန်ရှိပါတယ်။ သူ့ကို တရားစွဲနိုင်အောင်လည်း ဆက်ပြီး ကြိုးစားပါမယ်။ တခြားသူများကိုလည်း ကြိုးစားကြဖို့ တိုက်တွန်းချင်ပါတယ်။


“လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။”

ဒီဇော်ဌေး ဆိုတဲ့သူက ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးဆိုတဲ့ အကြမ်းဖက်သမားတွေဟာ လက်နက်တွေနဲ့ နယ်စပ်ကို ဖြတ်ကျော်ပြီး ပြည်ပကနေ ကျူးကျော်နေပြီဆိုပြီး မမှန်သတင်းကို တွင်တွင် ဝါဒဖြန့်ချိခဲ့ပါတယ်။ အခုကိစ္စဟာ ဘာသာရေးပြဿနာ မဟုတ်တော့ဘူး၊ ပြည်ပကျူးကျော်မှုဆိုပြီး ပြောတယ်။ ဘယ်နေရာမှာများ စစ်တပ်နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်နေသလဲ။ ပြောစမ်းပါ။ ဒီလောက်ဓာတ်ပုံတွေ တင်နေတဲ့ အထဲမှာ တပုံတလေ တင်လိုက်စမ်းပါ။ အမှန်တကယ် ဘင်္ဂလားဒေ့ရှ်က လူတွေ ကျူးကျော်ဝင်လာနေပြီဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တရားဝင် မကန့်ကွက်သလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျူးကျော်နေပြီဆိုရင် သမ္မတ သိအောင် အကြောင်းမကြားဘူးလား။ ဒီည သမ္မတ ပြောသွားတဲ့ မိန့်ခွန်းထဲမှ ဘာမှ မပါပါလား။

ဒီည ဇွန်လ ၁၀ ရက်ညမှာပဲ သမ္မတက မိန့်ခွန်းပြောသွားပါတယ်။ ထူးထူးခြားခြားဘာမှ မပါပါဘူး။ ဒါပေမယ့် လူမျိုးရေး မုန်းတီးသတ်ဖြတ်မှုတွေ ဆက်မပြန့်ပွားဖို့ ပြောသွားတာဖြစ်တဲ့အတွက် ကောင်းပါတယ်။ ဒါပေမယ့် တခြားတဘက်မှာ သူ့ရဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးက လူမျိုးရေး အဓိကရုဏ်းကို ဝါဒဖြန့် လှုံ့ဆော်နေတဲ့အတွက်၊ ဆက်လက် လှုံ့ဆော်နေဆဲ ဖြစ်တဲ့အတွက် အယုံရခက်ပါတယ်။ ရှေ့မှာ အကောင်းတွေ ပြောပြီး နောက်ကွယ်က မဟုတ်တရုတ် လုပ်နေတဲ့ အချက်ဟာ ယုံကြည်ထိုက်စရာ မရှိပါဘူး။ စောစောက ပြောသလို နိုင်ငံတော်သတင်းစာထဲကနေ သွေးထိုးလှုံ့ဆော်ခဲ့တဲ့ အချက်ကိုလည်း ထည့်မတွက်လို့ မရပါဘူး။ ဒါ့အပြင် ဖဘမှာ ရိုဟင်ဂျာတွေကို သတ်ကြဖြတ်ကြလို့ ပြောနေကြတဲ့သူတွေထဲမှာ စစ်ဗိုလ်စစ်သားတွေ အများဆုံးပါနေတာကလည်း သံသယဝင်စရာ အချက်ဖြစ်ပါတယ်။ စစ်အာဏာရှင်တွေကို အမြဲထောက်ခံပြီး ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ မမှန်သတင်းတွေနဲ့ သိက္ခာချ စော်ကားတတ်တဲ့ http://www.myanmarexpress.net/ ဟာလည်း အခု အရေးအခင်းမှာ အဓိက သွေးထိုးလှုံ့ဆော်သူထဲက တဖွဲ့ ဖြစ်ပါတယ်။ ဗမာစစ်အာဏာရှင်တွေကို ဖက်ဆစ်တွေလို့ ပြောတာဟာ မုန်းလို့ သိက္ခာချဖို့ ပြောနေတာမဟုတ်ပါဘူး။ သူတို့မှာ ဖက်ဆစ်အတွေးအခေါ်၊ ဖက်ဆစ်လုပ်ရပ်တွေရှိလို့ ပြောတာပါ။ ကိုယ့်လူမျိုးကလွဲပြီး တခြားလူမျိုးကို လူမထင်တာဟာ ဖက်ဆစ်စရိုက်ပါ။ စစ်အာဏာရှင်တွေဟာ စစ်ဗိုလ်စစ်သားတွေကို အဲဒီမျက်ကန်းမျိုးချစ် စိတ်ဓာတ်ရိုက်သွင်းပေးထားပါတယ်။ ဒါ့ကြောင့် ဖဘပေါ်က လူမျိုးရေးလှုံ့ဆော်သူတွေထဲမှာ သူတို့တွေ အများအပြား ပါဝင်နေတာဖြစ်ပါတယ်။ ရခိုင်ကို ထိလို့ မခံချင်စိတ်ဖြစ်ပြီး ရိုဟင်ဂျာတွေကို သတ်ချင်ဖြတ်ချင်တဲ့ ရခိုင်တွေ အများအပြားလည်း ပါဝင်ပါတယ်။ အဲသလို ရိုးရိုးသားသား ရခိုင်လူမျိုးတွေကို ပြောချင်တာကတော့ ဒီလိုပြဿနာမျိုးကို လက်စားချေတဲ့နည်းနဲ့ ဖြေရှင်းရင် မပြေလည်ရုံသာမက ပိုဆိုးလာရုံပဲ ရှိတတ်တယ်ဆိုတဲ့ အချက်ပါ။

အခု ရခိုင်ပြည်နယ်ကို အရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ အခြေခံဥပဒေ ပုဒ်မ ၄၁၂၊ ၄၁၃ တို့အရ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ကာဖျူးမိန့်နဲ့တင် မနိုင်တော့လို့ အရေးပေါ်အခြေအနေ ကြေညာလိုက်တာလို့ ဆိုပါတယ်။ ခုလို ဘရုတ်ဘရက် ကာလကြီးမှာ အရေးပေါ်အခြေအနေ ကြေညာတာကို သိပ်အပြစ်တင်စရာ မရှိပေမယ့် ကာဖျူးအမိန့်လောက်နဲ့ နိုင်အောင် မထိန်းနိုင်ဘူးဆိုတာ ရှက်စရာပါ။ ယုံစရာလည်း မရှိပါဘူး။ သူတို့ ဒီလိုလုပ်တာ ရည်ရွယ်ချက် ရှိပါတယ်။ အခြေခံဥပဒေ အခန်း ၁၁ ကို ထုတ်သုံးပြတာပါ။ အခြေခံဥပဒေ အခန်း ၁၁ ဟာ အာဏာသိမ်းခွင့် ပါတဲ့ အခန်းပါ။ စစ်အာဏာရှင်စနစ်ကို အပီပြင်ဆုံး ဖော်ပြထားတဲ့ အခန်းပါ။ တနည်းအားဖြင့် ဒီနေ့ ဗမာပြည်ဟာ စစ်အာဏာရှင်စနစ် တရားဝင် ထူထောင်ထားတဲ့ နိုင်ငံဖြစ်နေတာဟာ အဲဒီ အခန်း ၁၁ ကြောင့်လို့ ဆိုနိုင်ပါတယ်။ အခုပြောတဲ့ ပုဒ်မ ၄၁၂၊ ၄၁၃ တို့ဟာ သမ္မတ တယောက်တည်းသဘောနဲ့ ထုတ်ပြန်လို့ရတဲ့ အမိန့်တွေ မဟုတ်ပါဘူး။ ကာ-လုံအဖွဲ့ရဲ့ သဘောတူညီချက်နဲ့သာ ထုတ်လို့ရတဲ့အမိန့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီအမိန့်တွေဟာ ကာ-လုံအဖွဲ့ရဲ့ ဘီလူးစွယ်ကို ထုတ်ပြတဲ့ အမိန့်လို့ ပြောရင်လည်း မမှားပါဘူး။ တနည်းအားဖြင့် ပြောရရင် ခေတ်ပြောင်း အိပ်မက်မက်ပြီး စိတ်ကူးယဉ်နေကြသူတွေ အလန့်တကြား ဖြစ်သွားအောင် ဘီလူးက အစွယ်ပြ ခြိမ်းခြောက်လိုက်တာ ဖြစ်ပါတယ်။ စောင့်နားထောင်ပါ။ ကြားလာရပါလိမ့်မယ်။ သမ္မတကြီးရဲ့ ပြုပြင်ပြောင်းလဲရေးတွေ မထိခိုက်ရအောင် တောင်းပွဲ တိုက်ပွဲတွေ ရပ်ကြပါလို့ ပြောသူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ အာဏာသိမ်းမှာ ကြောက်လွန်းလို့ အလုပ်သမားတွေ အငတ်ခံကြပါလို့ ပြောတဲ့သူတွေ ထပ်ပေါ်လာပါလိမ့်ဦးမယ်။ ဒါပေမယ့် အဲဒီစိတ်ကူးယဉ် အိပ်မက်သမားတွေ သိထားဖို့အချက်က အခု ပုဒ်မ ၄၁၂၊ ၄၁၃ ထုတ်ပြန်ချက်အရ၊ ကျနော်တို့ဟာ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ စစ်တပ်က အာဏာသိမ်းထားတဲ့ အခြေအနေအောက်မှာ အခုလက်ရှိကိုပဲ ရောက်နေတယ်ဆိုတဲ့ အချက်ပါ။

အခု ရခိုင်အရေးမှာ ရခိုင်ဘက်ကရော၊ မွတ်ဆလင်ဘက်ကရော သတ်ဟယ် ဖြတ်ဟယ် ကြွေးကြော်နေကြသူတွေ လှုံ့ဆော်နေကြသူတွေကို သတိပေးပါရစေ။ သွေးကို သွေးနဲ့ ဆေးကြောလို့ မသန့်စင်နိုင်ပါဘူး။ လူတွေကို သတ်လို့ ဖြတ်လို့ ဘာမှ အကျိုးမရှိပါဘူး။ လူတွေ သေကြ ကြေကြလို့ ဘာမှ အကျိုးမရှိပါဘူး။ ဘာသဘောနဲ့ သတ်ခိုင်းဖြတ်ခိုင်းနေကြတာလဲ။ ရခိုင်တွေ သေလို့ ဘာအကျိုးရှိမလဲ။ မွတ်ဆလင်တွေ သေလို့ရော ဘာအကျိုးရှိမလဲ။ ရခိုင်တွေရော၊ မွတ်ဆလင်တွေရောဟာ ခင်ဗျားတို့ ကျနော်တို့လိုပဲ မိသားစုနဲ့ သံယောဇဉ်နဲ့ ခံစားတတ်၊ ဝမ်းနည်းတတ်၊ ချစ်တတ်၊ မုန်းတတ်တဲ့ လူတွေပဲဆိုတာ သတိရပါ။ လူသတ်ဝါဒကို စွန့်လွှတ်ကြပါ။ လူသတ်ဝါဒ ကြွေးကြော်သူ၊ လှုံ့ဆော်သူ မှန်သမျှကို ရှုတ်ချကြပါ။ ဒီနေရာမှာ နိုင်ငံခြားကနေ မြှောက်ပေးနေတဲ့သူတွေကို အထူးသတိပေးချင် အပြစ်တင်ချင်ပါတယ်။ နိုင်ငံခြားကနေ နိုင်ငံရေးစကား မပြောကြနဲ့ဆိုတဲ့ စကားမျိုးကို ကျနော် ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူး။ နိုင်ငံခြားကလူတွေမှာလည်း ပြောဆိုခွင့် စည်းရုံးခွင့် ရှိတယ်လို့ ယုံကြည်တဲ့အတွက် မပြောတာပါ။ ဒါပေမယ့် အခုကိစ္စမှာတော့ ပြောပါရစေ။ ကိုယ်က လွတ်ရာကျွတ်ရာမှာ ရောက်နေပြီး ရခိုင်တွေ မွတ်ဆလင်တွေကို သတ်ကြဖြတ်ကြအောင် မြှောက်ပေးနေကြသူတွေကို ပြင်းပြင်းထန်ထန် ကန့်ကွက်ပါတယ်။ ခင်ဗျားတို့ရေးတဲ့ စာလုံးတလုံးကြောင့် လူတယောက် ပိုသေသွားနိုင်တယ်ဆိုတာ မမေ့ပါနဲ့။ ခင်ဗျားတို့ ရေးတဲ့ စာလုံးတလုံးဟာ သွေးစွန်းတဲ့ စာလုံးဖြစ်သွားနိုင်ပါတယ်။

မွတ်ဆလင်ဘာသာဝင်တွေအနေနဲ့လည်း လူစုလူရုံးနဲ့ တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုတွေ ရပ်တန်းက ရပ်ကြပါ။ ဂလဲ့စားချေလို့ အကျိုးမရှိပါဘူး။ ခင်ဗျားတို့က လူနည်းစုပါ။ နာချင်းနာရင် ခင်ဗျားတို့ဘက်က ပိုနာပါလိမ့်မယ်။ မူဆလင်တွေက အင်အားပိုများတဲ့ နေရာတွေလည်း ရှိပါလိမ့်မယ်။ အင်အားပိုများလို့ အနိုင်ရလိုက်ရင်လည်း ဘာမှအကျိုးမရှိပါဘူး။ ရခိုင်တွေအနေနဲ့လည်း လက်စားချေ တုန့်ပြန်တဲ့ လုပ်ရပ်တွေဟာ အလားတူပဲ အကျိုးမရှိဘူး ဆိုတာကို နားလည်ကြပါ။ လူသတ်တဲ့လူဟာ လူသတ်သမားပါပဲ။ ဘာအကြောင်းကြောင့်မှ လူတယောက်ကို ဥပဒေမဲ့ သတ်ဖြတ်ခွင့်မရှိပါဘူး။ လူသတ်တဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။ မီးရှို့ဖျက်ဆီးတဲ့ လုပ်ရပ်မှန်သမျှကို ဆန့်ကျင်ကြပါ။

ရိုဟင်ဂျာအရေးကို ကျနော် တခါမှာ မရေးဖူး၊ မပြောဖူးပါဘူး။ ရိုဟင်ဂျာအရေးကို တခါမှ မထောက်ခံဖူးသလို တခါမှလည်း မဆန့်ကျင်ဖူးပါဘူး။ ဘာ့ကြောင့် မပြောသလဲဆိုတော့ ကျနော့်မှာ ပြောရေးဆိုခွင့် (authority) ရှိတယ်လို့ မထင်လို့ပါ။ အခုတော့ ရိုဟင်ဂျာအရေးဟာ မပြောမဖြစ်တဲ့ အခြေအနေကို ရောက်လာပြီမို့ ကိုယ်ပြောခွင့်ရှိတယ် ထင်သလောက် ပြောပါမယ်။

“တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။”

ရိုဟင်ဂျာကို နိုင်ငံသား ပေးသင့် မပေးသင့် ဆိုတာကို ဘယ်သူတဦးတယောက်မှ၊ တဦးတယောက်သဘောနဲ့ ဆုံးဖြတ်ခွင့် မရှိပါဘူး။ ကိုယ့်အမြင်ကို ကိုယ်ပြောတယ် ဆိုရင်ဖြင့် ပြောချင်ပြောပါ။ တဦးတယောက်သဘောနဲ့တော့ ဆုံးဖြတ်လို့ မရပါဘူး။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ရိုဟင်ဂျာဟာ တိုင်းရင်းသားမဟုတ်ဘူးလို့ မကြာခင်ရက်ပိုင်းက ပြောသွားတာ ကြားလိုက်ပါတယ်။ ဒီလို ပဋိပက္ခကာလမျိုးမှာ ဒီစကားထွက်ပြောတာဟာ အမြော်အမြင်နည်းတယ်လို့ပဲ ဆိုချင်ပါတယ်။ ၂၀၁၅ မှာ ရွေးကောက်ပွဲ ဝင်ချင်လို့များ ကြိုပြီး မဲဆွယ်နေသလားလို့တောင် အထင်သေးစရာ ဖြစ်နေပါတယ်။ ရိုဟင်ဂျာကို နိုင်ငံသားအဖြစ် လက်ခံသင့် မခံသင့်ဆိုတာ ကိုကိုကြီးတင်မကဘူး၊ ဦးသိန်းစိန်တောင်မှ တယောက်တည်းသဘောနဲ့ ထင်တိုင်းပြောလို့ မရဘူး။ (ကျနော်လည်း ထင်ရာမြင်ရာ မပြောပါဘူး။ ကန့်လည်း မကန့်ကွက်ပါဘူး။ ထောက်လည်း မထောက်ခံပါဘူး။) ဒါပေမယ့် ရိုဟင်ဂျာလည်း လူတွေပါ။ သိန်းနဲ့ချီတဲ့ လူတွေပါ။ ဒီလိုလူတွေရဲ့အရေးကို နိုင်ငံရေးခေါင်းဆောင်တယောက်အနေနဲ့ ပေါ့ပေါ့တန်တန်နဲ့ လက်လွတ်စပယ် မပြောကောင်းဘူး။ ရိုဟင်ဂျာအရေးအတွက် ဆုံးဖြတ်ချက်ချမယ်ဆိုရင် သမိုင်းပညာရှင်တွေ၊ စာပေပညာရှင်တွေ၊ နိုင်ငံရေးသမား ကြီးငယ်တွေ၊ ရခိုင်လူမျိုး အကြီးအကဲတွေ၊ ရိုဟင်ဂျာအကြီးအကဲတွေ တခြားသက်ဆိုင်သူတွေအားလုံး အညီအညွတ်ဆွေးနွေး တိုင်ပင်တဲ့ နိုင်ငံရေး ညီလာခံကြီး ကျင်းပဖို့ လိုပါတယ်။ ဒေသခံ သာမန်ပြည်သူတွေရဲ့ ဆန္ဒခံယူပွဲ လုပ်ဖို့လိုရင် လုပ်ရပါမယ်။ ဒီ့ထက် ပိုလိုအပ်ရင် တနိုင်ငံလုံးဆန္ဒခံယူပွဲ လုပ်သင့်ရင် လုပ်ရပါလိမ့်မယ်။ လူအများအပြားရဲ့အရေး လူအများအပြားရဲ့ ကံကြမ္မာကို ဆုံးဖြတ်မယ့်အရေးမှာ ကိုယ့်အထင်၊ ကိုယ့်အသိလောက်နဲ့ လွယ်လွယ် ပြောဖို့မသင့်ဘူး။ အရင်ကလည်း နိုင်ငံရေးသမား အဆက်ဆက်ဟာ ရိုဟင်ဂျာကို ကိုယ့်အကျိုးစီးပွားအတွက် ကိုယ့်သဘောနဲ့ကိုယ် လိုသလို အသုံးချခဲ့လို့ အခုလို အရှုပ်အထွေးတွေ ပေါ်လာခဲ့၊ ကျန်နေခဲ့တာကို သတိရသင့်တယ်။ အခု ရိုဟင်ဂျာတွေကို မုန်းလှချည်ရဲ့ဆိုတဲ့ စစ်ဗိုလ်စစ်သားတွေထဲက ရဲမှူးခင်ရီ (အခု လဝကဝန်ကြီး) က ရိုဟင်ဂျာတွေကို ဘာပေးပါမယ်၊ ညာပေးပါမယ် ဆိုပြီး ကတိတွေ ဗရပွ ပေးပြီး ၂၀၁၀ မှာ မဲဆွယ်မဲဝယ်သွားခဲ့တာကိုလည်း သတိရသင့်ကြပါတယ်။

လူတွေကို အမှိုက်ပုံထဲ စွန့်ပစ်လိုက်လို့ ရတာမဟုတ်ဘူး။ လူမပြောနဲ့။ ခွေးမွေးကင်းစကလေးတောင် အမှိုက်ပုံပေါ် သွားပစ်ရင် ယဉ်ကျေးတဲ့ လူအဖွဲ့အစည်းက ရှုတ်ချပြစ်တင်တတ်သေးတယ်။ ရိုဟင်ဂျာလည်း လူပဲ။ နိုင်ငံသားဖြစ်ခွင့်ရှိမရှိဆိုတာ စောစောက ပြောသလို အများသဘောနဲ့ ဆုံးဖြတ်ဖို့သာဖြစ်တယ်။ ဒါပေမယ့် လူမှန်ရင် နိုင်ငံသားပဲဖြစ်ဖြစ် နိုင်ငံခြားသားပဲဖြစ်ဖြစ် လူ့အခွင့်အရေးတော့ ရှိရမယ်။ အသားမဲမဲ၊ ဖြူဖြူ၊ မြန်မာစကား တတ်တတ် မတတ်တတ် လူမှန်ရင် လက်ထပ်ခွင့် ရှိရမယ်။ ခရီးသွားခွင့် ရှိရမယ်။ ပညာသင်ခွင့် ရှိရမယ်။ ဒီအခွင့်အရေးတွေကို စစ်အာဏာရှင်တွေက ချုပ်ချယ်တာဟာ လူ့အခွင့်အရေး ချိုးဖောက်တာပဲ။ တစုံတခုကို အများဆန္ဒနဲ့အညီ၊ လူ့သိက္ခာ လူ့ကျင့်ဝတ်နဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် မချနိုင်သေးခင်မှာတော့ ကိုယ့်နိုင်ငံထဲမှာ ရှိနေရင် လူမှန်သမျှကို လူလို ဆက်ဆံဖို့ လိုတယ်။ စစ်အစိုးရခေါင်းဆောင်တွေ၊ ဗိုလ်မှူးဇော်ဌေးလို လူတွေအနေနဲ့လည်း လူလို သိတတ်ကြဖို့ လိုပါတယ်။

အခုချိန်မှာ ရခိုင်ဘက်ကနေ မွတ်ဆလင်ကို သတ်ဖို့ မြှောက်ပေးနေသူတွေရော၊ မွတ်ဆလင်ဘက်ကနေ ရခိုင်တွေကို သတ်ဖို့ မြှောက်ပေးနေသူတွေရော အဲဒီနှစ်မျိုးစလုံးဟာ လူသတ်ဝါဒဖြန့်ချိသူတွေ ဖြစ်ပါတယ်။ လူတွေ သေအောင် လုပ်နေသူတွေပါ။ ရခိုင်ဘက်ကနေ မွတ်ဆလင်တွေကို သတ်ကွာ၊ ချကွာလို့ အဝေးကနေ ပြောနေသူတွေ၊ အင်တာနက်ကနေ ပြောနေသူတွေကို ရခိုင်ဘက်သားလို့ မထင်ပါနဲ့။ သေစရာရှိရင် သူတို့ လာသေမှာ မဟုတ်ပါဘူး။ သာမန်အပြစ်မဲ့လူတွေပဲ သေကြမှာပါ။ မွတ်ဆလင်ဘက်ကနေ မြှောက်ပေးနေသူတွေဟာလည်း အလားတူပါပဲ။ သူတို့ကိုလည်း မွတ်ဆလင် အကျိုးကို အမှန်လိုလားသူလို့ သတ်မှတ်လို့မရပါဘူး။

ဒီအချိန်မှာ လုပ်သင့်တာက ကိုယ့်လူမျိုးကိုယ် ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ကာကွယ်ကြဖို့ပါ။ အင်္ဂလိပ်ခေတ်က ကုလား-ဗမာအဓိကရုဏ်းမှာ အစပိုင်းမှာ ကျောင်းသားတွေ မျက်ကန်းမျိုးချစ်စိတ်နဲ့ ကုလားတွေကို လိုက်ရိုက်ခဲ့ကြပါတယ်။ နောက်ပိုင်း အမြင်မှန်ရသွားတဲ့ အချိန်မှာ လုပ်သင့်လုပ်ထိုက်တဲ့ ကောင်းရာမွန်ရာ အလုပ်တွေ လုပ်ပြခဲ့ဖူးတဲ့ သာဓကတွေ ရှိပါတယ်။ အဲဒီသာဓကတွေကို ကျနော်တို့ အတုယူကြရမှာပါ။ မြန်မာ၊ ရခိုင်နဲ့ တိုင်းရင်းသားလူမျိုးတွေအနေနဲ့ ရခိုင်လူမျိုးတွေထဲက ဒုက္ခရောက်သူတွေကို အစားအသောက်အဝတ်အစားနဲ့ လိုအပ်တဲ့ပစ္စည်းတွေ အကူအညီပေးဖို့ လိုပါတယ်။ ပြည်ပနေ တိုင်းရင်းသားတွေအနေနဲ့လည်း ရန်ပုံငွေတွေ ပေးပို့လှူဒါန်းပြီး ရခိုင်လူမျိုး ဒုက္ခရောက်သူတွေကို ကူညီသင့်ပါတယ်။ မွတ်ဆလင်ဘာသာရေး အဖွဲ့အစည်းနဲ့ မွတ်ဆလင် အသိုင်းအဝိုင်းတွေအနေနဲ့လည်း ကိုယ့်လူမျိုးဒုက္ခရောက်သူတွေကို ကိုယ့်ဘာသာ ကူညီစောင့်ရှောက်သင့်ပါတယ်။

ရဲနဲ့ စစ်တပ် လုံခြုံရေးအဖွဲ့အစည်းတွေအနေနဲ့လည်း အကာအကွယ် လိုအပ်တဲ့ ကျေးရွာနဲ့ ပြည်သူတွေရှိရာ နေရာတွေမှာ သွားရောက် စောင့်ရှောက်ပေးဖို့ လိုပါတယ်။ ရခိုင်ပြည်နယ်မှာ လက်ရှိ ရှိနေတဲ့ လုံခြုံရေးနဲ့ မလုံလောက်ရင် တနိုင်ငံလုံးမှာရှိတဲ့ ရဲတွေ စစ်သားတွေနဲ့ အင်အားဖြည့်ဖို့ လိုပါတယ်။ အစိုးရမှာရှိတဲ့ ရဲနဲ့ စစ်သား အသက်ပြည့်သူ အသက်မပြည့်သူတွေ အားလုံးပေါင်းလိုက်ရင် ရိုဟင်ဂျာတယောက် လုံခြုံရေးတယောက်တောင် ချဖို့လောက်ပါလိမ့်မယ်။

အခုတော့ အစိုးရလုပ်ရပ်က လူရှေ့ထွက် စကားကောင်းပြော၊ နောက်ကွယ်က မြှောက်ပေး၊ ဒလျှိုဒလန်ထည့် သွေးထိုး၊ မဖြစ်ရင် ဖြစ်အောင် ဖွပေး၊ ဖွပေးလို့ ဖြစ်လာရင် မကြီးသင့်တာကို ကြီးလာအောင် ဟပေး၊ အချိန်လွန်တော့မှ နာမည်ကောင်းဝင်ယူ ဆိုတာမျိုး ဖြစ်နေပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေရဲ့ လျှပ်စစ်မီးရရှိရေးလှုပ်ရှားမှု၊ အလုပ်သမားအခွင့်အရေး၊ လယ်သမားအခွင့်အရေး လှုပ်ရှားမှုတွေကို အာရုံလွှဲဖို့အတွက် အစိုးရကိုယ်တိုင် မြှောက်ပင့်ပေးနေတဲ့ လူမျိုးရေးအဓိကရုဏ်းတွေကို ရပ်တန့်နိုင်အောင် နိုင်ငံသားတိုင်း ဝင်ရောက်ကူညီကြပါ။ ဒုက္ခရောက်သူတွေကို ကူညီစောင့်ရှောက်ကြပါ။ မငြိမ်သက်တဲ့ ဒေသက ပြည်သူတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးကို တတ်နိုင်သမျှ အကာအကွယ်ပေးကြပါ။ သွေးကို သွေးနဲ့ ဆေးလို့မရပါ။ ဂလဲ့စားချေတဲ့ နည်းဟာ မီးကို ရေနဲ့ ငြှိမ်းတာ မဟုတ်ဘဲ မီးလောင်ရာ လေပင့်တဲ့ နည်းသာဖြစ်ပါတယ်။ လူသတ်တာကို ဆန့်ကျင်ကြပါ။ ဖက်ဆစ်အာဏာရှင်စနစ်နဲ့ လူသတ်ဝါဒကို ဆန့်ကျင်ကြပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန်လ ၁၀ ရက် - ၂၀၁၂

Sunday, June 10, 2012

ရွှေသမင် ဘယ်က ထွက် ... သိန်းစိန်တာက ထွက်

ရွှေသမင် ဘယ်က ထွက် ... သိန်းစိန်တာက ထွက်
ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)

ကျနော်တို့နိုင်ငံမှာ အင်မတန်ဆိုးဝါးတဲ့ လူမျိုးရေးပဋိပက္ခတွေ အစပျိုးခဲ့ပြီ။ သွေးမြေခခဲ့ပြီ။ ဆိုးဆိုးဝါးဝါး သွေးမြေခခဲ့ပြီ။ ဒီ့ထက်ပိုဆိုးဦးမလား သွေးချောင်းစီးတော့မလားဆိုပြီး ရင်တမမဖြစ်နေရတယ်။

ဒီကိစ္စတွေ ဘာကြောင့်ဖြစ်သလဲ။ ဘယ်သူတွေက သွေးထိုးလှုံ့ဆော်နေကြသလဲ။ ဘာ့ကြောင့် သွေးထိုးလှုံ့ဆ်ာနေသလဲ။ ဘာအကြံအစည်ရှိသလဲ။ ဘယ်လိုရည်ရွယ်ချက်ရှိသလဲ။

ရွှေသမင် ဘယ်က ထွက်သလဲ။ သေသေချာချာ စစ်ကြည့်တော့ … မင်းကြီးတာက ထွက်နေပါသကော။

ဒီကိစ္စတွေကို လက်ရှိအုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ရဲ့ ကြံ့ခိုင်ရေးအစိုးရ (သို့မဟုတ်) ဦးသန်းရွှေ ကြိုးကိုင်တဲ့ စစ်အာဏာရှင်တွေက ကြိုးကိုင်နေတယ်။ မဆိုးဆိုးအောင် သွေးထိုးလှုံ့ဆော်ပေးနေတယ်လို့ ကျနော် ဆိုချင်တယ်။

ဘာ့ကြောင့် ဒီလိုဆိုသလဲ။ ဘာအထောက်အထားရှိသလဲလို့ မေးကြလိမ့်မယ်။

“အခုချိန်မှာ ကြံ့ဖွတ်အစိုးရဟာ ကြောင်သူတော် လုပ်နေရတဲ့ အချိန်ပါ။ မခုတ်တတ်တဲ့ ကြောင်ကြီး၊ သူတော်ကောင်း ကြောင်ကြီး အယောင်ဆောင်ရမယ့် အချိန်ပါ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေက အခုထိ မလာသေးဘူးလေ။ နိုင်ငံခြားက အကူအညီတွေကလည်း ခုထိ မရသေးဘူးလေ။ ဒါတွေ အိတ်ထဲမထည့်ရသေးခင်၊ သပိတ်ဝင် အိတ်ဝင် မဖြစ်သေးခင်မှာ ဘီလူးစွယ် ထုတ်ပြဖို့ မလွယ်ဘူးမဟုတ်လား။”


အထောက်အထားနဲ့ ကွင်းဆက်များ

သမ္မတရုံး ညွန်မှူး

သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး ဆိုတာကို တော်တော်များများ သိကြမယ်ထင်ပါရဲ့။ ရေဒီယိုသတင်းဌာနတွေမှာ သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အနေနဲ့ အင်တာဗျူးတွေ ပေးနေပါတယ်။ မကြာသေးခင်ကပဲ ဝိကလီးအလဲဗင်းမှာတောင် မှူးဇော်ဆိုတဲ့ ကလောင်နာမည်နဲ့ နေပြည်တော် အနာဂတ်သဘောတူညီချက် ဆိုတဲ့ ဆောင်းပါးတပုဒ် ရေးလိုက်ပါသေးရော့လား။ အဲဒီ ဗိုလ်မှူးဇော်ဌေးဆိုတဲ့ DSA ဆင်း ပုဂ္ဂိုလ်ဟာ ဖေ့စ်ဘုတ် (ဖဘ) မှာ မှူးဇော်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာဖွင့်ထားပါတယ်။ သူ့ရဲ့ လိပ်စာက ဟောဒီမှာပါ…

https://www.facebook.com/hmuu.zaw

သူ့ဖဘမှာ သမ္မတရုံးဝက်ဘ်ဆိုက်ပုံကို ကူးယူထားတဲ့ ဓာတ်ပုံနဲ့ သမ္မတရဲ့ပုံတွေ တင်ထားတာကိုလည်း တွေ့ကြပါလိမ့်မယ်။ အဲဒီ မှူးဇော်ဆိုတဲ့ သမ္မတရုံး ညွှန်ကြားရေးမှူးဟာ လူမျိုးရေးမုန်းတီးမှုကို သွေးထိုးလှုံ့ဆော်ပြီး အဓိကရုဏ်းတွေ ကြီးကျယ်အောင် လုပ်နေပါတယ်။ မဟုတ်မမှန် ကောလဟလတွေကိုလည်း ရဲရဲတင်းတင်း၊ ပြောင်ပြောင်တင်းတင်း ထုတ်လွှင့်နေပါလေရဲ့။ ဥပမာတခု ကူးယူပြပါမယ်။ ဒီမှာကြည့်ပါ။

(ပုဂ္ဂလိကအမြင် တင်ပြခြင်းသာဖြစ်ပါသည်)

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့ဝင်များအမည်ခံ ရိုဟင်ဂျာအကြမ်းဖက်သမားများ လက်နက်များဖြင့် နယ်စပ်ကို ဖြတ်ကျော်လာကြောင်း သိရှိရပါသည်။
ပြည်ပမှ ရိုဟင်ဂျာများ ၀င်လာခြင်းဖြစ်ပါသည်။ မိမိတပ်များမှ ကြိုတင် သတင်းရရှိထားပြီးဖြစ်သောကြောင့် အပြီးတိုင် ချေမှုန်းသွားမည်ဖြစ်ပါသည်။ ချေမှုန်းနေပြီဟု ယူဆပါသည်။

ဤအတွက်တော့ လူသားချင်းစာနာထောက်ထားမှုတွေ၊ လူ့အခွင့်အရေးတွေ လာမပြောစေလိုပါ။ ရွှေပြည်အေးတရားတွေ၊ မေတ္တာရှင်ကြီးလိုလို လာပြီး ဆရာကြီး မလုပ်ကြစေလိုပါ။ အသံကောင်း မဟစ်ကြစေလိုပါ။

(ရခိုင်ပြည်နယ်က ဘူးသီးတောင်၊ မောင်တောဒေသများကို သွားကြည့်ပါ။ ကျွန်တော်တို့ တိုင်းရင်းသားတွေ ကျီးလန့်စာစားနေရတဲ့အပြင် ကိုယ့်မြေကိုယ့်ရေမှာ လုံခြုံမှု မရှိတော့တဲ့ ဘ၀ရောက်နေကြရပြီ။ ဒီအတွက် ကျွန်တော် ရင်နာမိတယ်။ ဒါ ကျွန်တော်တို့ တိုင်းပြည်ကြီးလေ - ဒါ ကျွန်တော်တို့ မြေလေ။)

(အားလုံးကို ဆိုလိုပါသည်။) နိုင်ငံရေးပါတီများ၊ လွှတ်တော်အမတ်များ၊ Civil Society များ၊ အမြဲတမ်း အတိုက်အခံလုပ်နေရမှ ကျေနပ်နိုင်သော၊ သမ္မတကြီးနှင့် အစိုးရအပေါ် မကောင်းပြောရမှ စာရင်းအိပ်ပျော်ကြသူများ အားလုံးကို တိုက်ရိုက်ရည်ညွှန်း ပြောကြားခြင်းဖြစ်ပါသည်၊

လူလည်ကြီးသားများ ထုံးစံအတိုင်း သူမဟုတ်တရုတ် သွေးထိုးလှုံ့ဆော်တာကို ပုဂ္ဂလိကအမြင်လို့တော့ ကွင်းခတ်ထားလိုက်သေးသဗျ။ တော်တော် ကလိမ်ကကျစ်နိုင်မယ့် လူပါပဲ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးက သမ္မတပုံကို ဖဘစာမျက်နှာမှာ တင်ပြီး ဒီလို မဟုတ်မမှန်သတင်းတွေကို ဝါဒဖြန့်ချိလုပ်ကြံနေတာဟာ ဘာသဘောပါလဲ။ ရှင်းရှင်းလေးပါ။ အပြစ်မဲ့ သာမန်ပြည်သူတွေကြားမှာ အင်မတန်ဆိုးဝါး ရက်စက်တဲ့ သွေးချောင်းစီးမှုကြီးဖြစ်လာအောင် အစီအစဉ်တကျ အကွက်ချ ဖန်တီးနေတာပါပဲ။ မှူးဇော်ရဲ့ အဲဒီပို့စ်ကို ဇွန်လ ၈ ရက် ညပိုင်းအထိ အချိန်အတွင်းမှာ လူပေါင်း ၃၅၁ ယောက်က ကူးယူဖြန့်ချိထားပြီး အဲဒီ ၃၅၁ ယောက်မှာ မပါသေးတဲ့ နောက်ထပ်လူပေါင်း ၆၁၀ က ဒီသတင်းကို ကြိုက်နှစ်သက်ပါကြောင်း like လုပ်ထားပါတယ်။ မှတ်ချက်ပေးတဲ့သူက ၁၆၄ ယောက် ရှိပါတယ်။ ဆိုတော့ လူပေါင်း ၁,၀၀၀ လောက်ဟာ ဒီသတင်းကို ဖတ်ရှုကြပြီး ထပ်ဖြန့်တဲ့သူကလည်း ဖြန့်ပြီးနေပါပြီ။ သမ္မတရုံးရဲ့ ညွှန်ကြားရေးမှူးကိုယ်တိုင်က ရေးထားတာဆိုတော့ သူတို့လည်း ယုံမိကြမှာပါ။

မှူးဇော်ရဲ့ သဘောထားလေးတွေ သိရအောင် နောက်ထပ်နည်းနည်း ထပ်မျှဝေလိုက်ပါရစေဦး။ ကြည့်ပါ။

မိတ်ဆွေများခင်ဗျား ...
ခင်ဗျားတို့တော့ မသိဘူး။
ဒီမိုကရေစီဘက်တော်သားတွေ ဘယ်လိုသဘောရှိသလဲ နိုင်ငံရေးပါတီတွေ ဘယ်လိုခံယူမလဲ ဒါတွေ ကျွန်တော်မသိဘူး။
အခုလို ပြောလာတာတွေကိုတော့ လုံးဝ လက်မခံဘူး။
အဲဒီ အပြင်က ရိုဟင်ဂျာတွေကို လုံးဝ လက်မခံနိုင်ဘူး။ လူသားချင်း မစာနာဘူး ဘာဘူး ပြောပါစေ လက်မခံဘူး။ လက်ခံနိုင်တယ်၊ သနားတယ် ပြောတဲ့သူတွေ ဒီမြေပေါ်မှာ မနေကြပါနဲ့။

အမေရိကားနဲ့ ဘန်ကီမွန်းတို့ တိုင်းပြည်တွေကို ပို့ပေးမယ်။ သူတို့ လက်ခံမလား။

သနားတယ်ပြောတဲ့ သူတွေ ဒီမြေပေါ်မှာ မနေကြပါနဲ့ ... တဲ့။ မှူးဇော် ပြောပေါက်က ဖနောင့်နဲ့ ထပေါက်ချင်စရာ။ ဒီမြေကို သူပိုင်တဲ့မြေလို့ ထင်နေပုံပဲ။ သမ္မတရုံး ညွှန်ကြားရေးမှူးကြီးဆိုတော့ ဒါ ဒို့ပြေ၊ ဒါ ဒို့မြေ ဆိုတဲ့ သီချင်းကို ဆိုရင်း ဒို့ဆိုတာ ဒို့စစ်အာဏာရှင်တွေကို ပြောတာပဲလို့များ ယူဆလေသလား မဆိုတတ်ဘူး။ ကျနော်တောင် ဒီစာတွေ ဖတ်ရှုစုဆောင်းရင်းနဲ့တောင် နောက်ကျောမလုံလို့ လှည့်လှည့်ကြည့်ရတာ အမောပါပဲ။ အော် … သူတို့ပိုင်တဲ့ မြေဆိုသကိုး။ စစ်တပ်ကြီးတွေနဲ့ နောက်ကနေ ရောက်မလာဘူးလို့ ဘယ်သူပြောနိုင်မလဲ။

ကဲ ... နောက်ထပ်တခုလောက် ထပ်ကြည့်ပါ။

အရင်က ဘယ်လိုပဲ သဘောထားရှိခဲ့ရှိခဲ့ အခုအချိန်မှာ အားလုံးစည်းလုံးကြဖို့ လိုနေပါပြီ။ အခုကြုံတွေ့နေရတဲ့ ပြဿနာဟာ လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်တော့ဘဲ တိုင်းတပါးကျူးကျော်မှု ပုံစံသက်ဝင်လာနေပါပြီ။ ပုဒ်မ (၁၄၄) ထုတ်ပြန်ပြီး ပစ်မိန့်ပေးခဲ့တာဟာ အခုဖြစ်နေတဲ့ အခြေအနေရ ရခိုင်လူထုရဲ့အသက်ကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးကို ထိန်းထိန်းသိမ်းသိမ်း အစိုးရဘက်က လုပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ အကိုင်အတွယ်မတတ်ရင် မြန်မာအစိုးရဟာ လူမျိုးရေးသတ်ဖြတ်မှုတွေ လုပ်နေသယောင်ယောင် အပုတ်ချခံရမှာ ဖြစ်ပါတယ်။ (အခုအချိန်မှ သတိထားကြည့်မယ်ဆိုရင် နိုင်ငံတကာမီဒီယာက လုံးဝ အသံတိတ်နေတာကို တွေ့ရပါလိမ့်မယ်၊ ရှားရှားပါပါး တက်လာတဲ့ CNA သတင်းတပုဒ်မှာလည်း လုံခြုံရေးအဖွဲ့တွေက ပစ်တာကိုပဲ ဇောင်းပေးရေးထားပြီး ဖြစ်ပေါ်လာရတဲ့ နောက်ခံအခြေနေကို ခပ်ဖော့ဖော့လေးပဲ ရေးတာကို တွေ့ရပါလိမ့်မယ်။ နိုင်ငံတကာမှာ ချိတ်ဆက်ပြီး လုပ်ကြံမှုကြီး လုပ်နေကြသလားလို့တောင် ထင်မိပါတယ်။)

သဘောထားကွဲပြားမှုတွေ ခဏဘေးချိတ်ပြီး ဒီအချိန်မှာ မိတ်ဆွေများအားလုံး အတူအတကွ နိုင်ငံတော်အစိုးရနဲ့အတူ ရပ်ကြဖို့ တိုက်တွန်းလိုပါတယ်။ လူ့အခွင့်အရေး အကြောင်းပြချက်တွေ၊ ဘာသာရေး လူမျိုးရေး အကြောင်းပြချက်တွေနဲ့ တိုက်ခိုက်လာဖို့ ရှိပါလိမ့်မယ်။ နိုင်ငံတကာကို မြန်မာနိုင်ငံဟာ အခု CNA သတင်းထဲမှာ ပုံဖော်နေသလို ဘာသာရေး၊ လူမျိုးရေး အရှုပ်အထွေး ဖန်တီးနေတာမဟုတ်ဘဲ နိုင်ငံခြားကျူးကျော်မှုကို တွန်းလှန်နေရတာပါဆိုတာ သိအောင် အတူပြကြဖို့ လိုနေပါပြီ။

ဒီရေးသားချက်တွေကို ကြည့်ရင် ဗိုလ်မှူးဇော်ဌေးကို နာဇီဇော်ဌေးလို့ ခေါ်ရုံမှတပါး တခြားသင့်တော်တဲ့ နာမည် မရှိတော့ပါဘူး။ သူ့ရဲ့ ဖဘစာမျက်နှာမှာ လူမျိုးရေးမုန်းတီးမှုကို လှုံ့ဆော်သွေးထိုးတဲ့ စာတွေအပြင် ရခိုင်ပြည်နယ်မှာ တိုက်ခိုက်ကြ၊ သတ်ဖြတ်ကြတဲ့ သတင်းတွေရော စုစုပေါင်း ရခိုင်ပြဿနာနဲ့ ပတ်သက်တဲ့ ပို့စ်အစိတ်ကျော်ကျော် တင်ထားပါတယ်။ တချို့ပို့စ်တွေက သမ္မတရုံးဝက်ဘ်ဆိုက်ကိုလည်း ညွှန်းထား (လင့်ပေးထား) ပါတယ်။ သမ္မတရုံးဝက်ဘ်ဆိုက်မှာလည်း သတ်ကြဖြတ်ကြတဲ့သတင်း၊ သေဆုံးတဲ့သူတွေရဲ့ နာမည်ကို အသေးစိတ် ရေးပြီး တင်ထားပါတယ်။

ဒီလို လူမျိုးရေးသွေးထိုးလှုံ့ဆော်မှုမျိုးကို တသွေးတသံတမိန့် ကျင့်သုံးတဲ့ စစ်တပ်က လာသူ ဗိုလ်မှူးဇော်ဌေးဟာ သမ္မတကြီး မသိဘဲ သို့မဟုတ် သမ္မတထက်ကြီးသူတယောက်ယောက် မသိဘဲ ကိုယ့်သဘောနဲ့ ကိုယ်ထင်တိုင်းကြဲရဲပါ့မလား။ စဉ်းစားစရာဖြစ်ပါတယ်။

အစိုးရ သတင်းဌာနများ

နောက်တခါ မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှု သတင်းကြေညာပုံကလေးကို ပြန်ပြောချင်ပါသေးတယ်။

ထက်ထက် ခေါ် ယော်ရှီး အဘ ဦးကျော်သောင်း ဘင်္ဂါလီ အစ္စလာမ်၊ ရော်ဖီ အဘ ဆွေယွတ်တမောက် ဘင်္ဂါလီ အစ္စလာမ်၊ ဟိုကြည် အဘ အပ်ကွက်ကြေ ဘင်္ဂါလီ အစ္စလာမ် တို့ကနေ မသီတာထွေးကို တောစပ်ထဲသို့ ပွေ့ဖက် ခေါ်ဆောင်ကာ တယောက်တကြိမ် သားမယား ပြုကျင့်ကာ လည်ပင်းအား ဓားနဲ့ လှီးဖြတ်ခဲ့ကြောင်းလို့ ကြေညာသွားပါတယ်။ နားထောင်ရတဲ့ပုံစံက အခင်းဖြစ်ပွားချိန်မှာ သတင်းကြေညာတဲ့သူကိုယ်တိုင် ဘေးကထိုင်ကြည့်နေသလား မှတ်ရတယ်။ မြန်မာ့ရုပ်မြင်သံကြားကနေ လူသတ်မှုသတင်း ကြေညာတဲ့အခါ ယော်ရှီး ဘင်္ဂါလီ အစ္စလာမ်လို့ ထည့်သွင်းကြေညာဖို့ လိုအပ်ပါသလား။ ဘာ့ကြောင့် ဘာသာကို ဇောင်းပေးကြေညာတာလဲ။ ဒါဟာ ဘာသဘောလဲ။ နောက်တချက်က တရားရုံးကနေ စီရင်ချက်မချခင်မှာ ဒီလူတွေက မသီတာထွေးကို လည်ပင်းကို ဓားနဲ့ လှီးဖြတ်ခဲ့ပါတယ်လို့ ကြေညာတာဟာ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဆီလျော်ပါရဲ့လား။ အသရေဖျက်ရာ မရောက်ပေဘူးလား။ တရားရုံးအပေါ် မတော်သြဇာလွှမ်းမိုးရာ မရောက်ပေဘူးလား။ နိုင်ငံတော် သတင်းဌာနကြီးတခုက ဘယ်သူ့ခွင့်ပြုချက်နဲ့ ဒီလောက် ပေါက်လွှတ်ပဲစား လုပ်ရဲတာပါလိမ့်။ နောက်တခါ တောထဲကို သတင်းကြေညာသူကိုယ်တိုင် ကွက်ကွက်ကွင်းကွင်း ခေါ်သွားပြပုံတွေဟာ လူမျိုးရေး သွေးထိုးလှုံ့ဆော်ပေးရာ မရောက်ပေဘူးလား။ တကယ်လို့ တရားခံတွေက ဝန်ခံတယ်ဆိုရင်လည်း အနည်းဆုံး တရားခံများက ဝန်ခံထွက်ဆိုထားတယ်လို့ ထည့်ပြောရပါမယ်။ ဒါတောင်မှ ပုလိပ်ရှေ့က ထွက်ဆိုချက်ဟာ တရားရုံးမှာ တရားဝင်မဝင် ဆိုတာ ပြောစရာရှိပါသေးတယ်။ သူကိုယ်တိုင် မြင်သယောင်ယောင် အပိုင်ပြောဆိုပုံမျိုးကတော့ စာနယ်ဇင်းကျင့်ဝတ်နဲ့ ဘယ်လိုမှ မသင့်တော်ရုံသာမက သူတို့အခေါ် မအပ်မရာ ကျင့်မိစ္ဆာဆိုတာမျိုးပါ။ စာနယ်ဇင်းကျင့်ဝတ်ကို ဒီလောက်ကလေးမှ နားမလည်လောက်အောင် သူတို့သတင်းစာဆရာတွေလည်း တကယ်တော့ မတုံးမအပါဘူး။ အထက်ကလာတဲ့ စာမို့သာ သူတို့ မပြင်ရဲကြတာပါ။

နောက်တခါ ရုပ်မြင်သံကြားကလည်း ကြေညာခဲ့သလို သတင်းစာထဲမှာလည်း ထည့်သွင်းခဲ့တဲ့ သတင်းတပုဒ်ကို ဆက်ပြောပါရစေ။ ဒီသတင်းကြောင့် အစ္စလာမ်ဘာသာဝင်တွေ ဆူးလေနားမှာ ဆန္ဒပြပွဲဖြစ်ခဲ့သေးတာကို မှတ်မိကြမှာပါ။ အဲဒီသတင်းမှာ ရေးသား ကြေညာပုံက ဒီလိုပါ။

မသီတာထွေးအား “ရက်စက်စွာ” “စော်ကားခံရ” သော ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူ၏ ဓာတ်ပုံနှင့် မွတ်ဆလင်ကုလားများ၏ ရခိုင်အမျိုးသမီးအား “ရည်ရွယ်ချက်ရှိရှိဖြင့်” “ရက်စက်ယုတ်မာမှုများကို” တောင်ကုတ်မြို့ပေါ်နေ ပြည်သူများသိစေရန် အသိပေးနှိုးဆော်ခြင်း ခေါင်းစဉ်ဖြင့် ဝံသာနုရက္ခိတအဖွဲ့ တောင်ကုတ်မြို့ အမည်ဖြင့် စာများ ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

အဲဒီနောက်မှာ ရိုးမသစ္စာကားပေါ်က လူဆယ်ဦးကို သတ်ဖြတ်တဲ့အကြောင်း ဆက်ရေးပါတယ်။ အထက်က သတင်းထဲမှာ မျက်တောင် အဖွင့်အပိတ်တွေကို ကျနော် ထည့်ထားတာ ဖြစ်ပါတယ်။ အဲဒီ မျက်တောင် အဖွင့်အပိတ်တွေထဲက စာသားတွေကို ကြည့်ပါ။ နိုင်ငံတော် သတင်းစာကြီးတွေ၊ နိုင်ငံတော် ရုပ်မြင်သံကြားဌာနကြီးတွေအနေနဲ့ ဘယ်လောက် ကျင့်ဝတ်သိက္ခာကင်းမဲ့စွာနဲ့ ရေးသားဖတ်ကြားသွားတယ် ဆိုတာ ထင်းထင်းကြီး မြင်နိုင်ပါတယ်။ ‘ရက်စက်စွာ’ တို့ ‘အစော်ကားခံရ’ တို့ ဆိုတာဟာ အယ်ဒီတာကနေ ပရိသတ်အပေါ်မှာ လွှမ်းမိုးပြီး ကောက်ချက်ချပေးတဲ့ အရေးအသားမျိုးပါ။ မွတ်ဆလင်ကုလားတွေကနေ ရခိုင်အမျိုးသမီးအား ရည်ရွယ်ချက်ရှိရှိ ရက်စက်ယုတ်မာမှုများ ဆိုတာကတော့ မွတ်ဆလင်အားလုံးနဲ့ ရခိုင်လူမျိုးအားလုံးကို အတိအလင်း ရန်တိုက်ပေးတဲ့ အရေးအသားဆိုတာ သိပ်ထင်ရှားပါတယ်။ မွတ်ဆလင်တွေကနေ ရခိုင်တွေအပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ ရက်စက်ယုတ်မာတယ် ဆိုတာကို အယ်ဒီတာမင်းများ ဘယ်လိုများ သိလိုက်ပါသလဲ။ ဒီလိုအရေးအသားမျိုးကို နိုင်ငံတော်သတင်းစာတွေနဲ့ ရုပ်မြင်သံကြားတွေမှာ တပြိုင်တည်း တထပ်တည်း ကြေညာရေးသားတယ်ဆိုတာဟာ ဘယ်လိုနည်းနဲ့မှ မတော်တဆ မဟုတ်နိုင်ပါဘူး။ တကယ်လို့ အထက်ညွှန်ကြားချက်မဟုတ်ဘဲ မတော်တဆဆိုရင်လည်း ဒီလောက်ဖျင်းတဲ့ ဒီလောက်ယုတ်မာတဲ့ ပြန်ကြားရေးအရာရှိတွေ၊ ပြန်ကြားရေးညွှန်ချုပ်တွေကို အလုပ်ဖြုတ်ရုံသာမက ထောင်ချဖို့တောင် ကောင်းပါတယ်။

နောက်ထပ် ပြောစရာတချက်က ဒီသတင်းမှာ မပြည့်မစုံဖြစ်နေတဲ့ အချက်ပါ။ ဝံသာနုရက္ခိတအဖွဲ့ တောင်ကုတ်မြို့ ဆိုတာကို ရှင်းရှင်းလင်းလင်း ဖော်ပြမထားပါဘူး။ ဝံသာနုရက္ခိတက ထုတ်တဲ့ စာထဲမှာ ဘယ်လိုရေးထားတယ် ဆိုတာကိုလည်း ဖော်ပြမထားပါဘူး။ ဝံသာနုရက္ခိတက ရေးတဲ့စာကြောင့် လူ ၁၀ ယောက်သတ်ဖြတ်မှု ဖြစ်သယောင်ယောင် ရေးထားပေမယ့် အဲသလို ဟုတ်မဟုတ်ကို ရှင်းရှင်းလင်းလင်း ရေးမထားပါဘူး။ တကယ်တော့ ဝံသာနုရက္ခိတ ဆိုတာ တောင်ကုတ် NLD လူငယ်အဖွဲ့ပါ။ တောင်ကုတ် NLD နဲ့ သက်ဆိုင်တဲ့ နာမည်နဲ့ ထွက်လာတဲ့ စာဟာ တကယ်ပဲ တောင်ကုတ် NLD တွေက ရေးတာ ဟုတ်မဟုတ် စုံစမ်းရမှာ ဖြစ်သလို ဟုတ်မဟုတ် ပြည်သူကို အသိပေးရမှာလည်း ဖြစ်ပါတယ်။ တကယ်တမ်း တောင်ကုတ် NLD က ရေးတဲ့စာဟာ လူမျိုးရေး အဓိကရုဏ်းကို လှုံ့ဆော်ရိုးမှန်ရင်လည်း ကျောသားရင်သား မခွဲခြားဘဲ ဥပဒေနဲ့အညီ အရေးယူမှ တရားမျှတရာ ရောက်ပါမယ်။ တကယ်လို့ တောင်ကုတ် NLD လူငယ်တွေ ရေးတာ ဟုတ်မှန်း မဟုတ်မှန်း သေသေချာချာ မသိရင်လည်း သေသေချာချာ မသိသေးကြောင်း ဆက်စုံစမ်းမယ့် အကြောင်းကို အနိမ့်ဆုံးအဆင့် ဖော်ပြရပါမယ်။ မသေချာဘဲနဲ့ သေချာသယောင် ရေးခဲ့ရင် နိုင်ငံတော် သတင်းစာကြီးဖြစ်ပေမယ့် အသရေဖျက်မှု ကျူးလွန်မှုနဲ့ အရေးယူသင့်နေပါပြီ။ NLD အပေါ်မှာ နိုင်ငံရေးလုပ်ကြံတဲ့ အကွက်ပဲလား ဆိုတာဟာလည်း အလွန်ပဲ သံသယရှိစရာ ဖြစ်ပါတယ်။ ဘိန်းပစ်ဖမ်း၊ ထဘီပစ်ဖမ်း၊ လူပစ်ဖမ်းတတ်တဲ့ သူတို့ စစ်အာဏာရှင်တွေဟာ ဒါမျိုးမလုပ်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး။

ဒီလောက်ဆိုရင် ဒီဖြစ်စဉ်နောက်ကွယ်မှာ ကစားနေတဲ့သူတွေ၊ ကြိုးကိုင်နေတဲ့သူတွေ၊ အကွက်ချကြံစည်မှုတွေရှိနေတယ်ဆိုတာ ပေါ်လွင်နေပါပြီ။

“ဒီတော့ လူတွေရဲ့အာရုံကို လွှဲပြောင်းဖို့ ဆိုတာ အပြင်းစား အမုန်းတရားနဲ့ အာဃာတတွေကို မီးမွှေးပေးမှသာ ဖြစ်နိုင်မှာ မဟုတ်ပါလား။ ဒါဟာ သူတို့ရဲ့ ရည်ရွယ်ချက်၊ ဒါဟာ သူတို့ရဲ့ အကြံအစည်ပါပဲ။ သူတို့အာဏာနဲ့ စည်းစိမ်အတွက် လူပေါင်းများစွာရဲ့ အသက်ကို စတေးဖို့ ကြံတဲ့ သွေးထောင်ချောက်ကြီးလည်း ဖြစ်ပါတယ်။”

ဖေ့စ်ဘုတ်ပေါ်မှ သုံးသပ်ချက်

နောက်တခါ မင်းခင် ဖဘ စာမျက်နှာမှာ ထောက်ပြ သုံးသပ်ထားတဲ့ အချက်တချို့ကို ပြန်လည် ဝေမျှချင်ပါတယ်။

၁။ ကျောက်နီမော်ဒေသဟာ ရခိုင်ပြည်နယ်တခုလုံးမှာ ရခိုင်ရွာရော မွတ်ဆလင်ရွာတွေပါ ရှိပြီး အင်အားသိပ်မကွာတဲ့အပြင် မသင့်မြတ်ဆုံး ဒေသတခုဖြစ်တယ်။ တဦးနဲ့တဦး ဘယ်ဘက်ကမှ အသာစီးမရနိုင်တဲ့ အခြေအနေရှိတယ်။ ကျန်ဒေသတွေမှာ တဦးဦးက အင်အားများတယ်။ အင်အားမျှတဲ့ တချို့ဒေသတွေကတော့ ကျောက်နီမော်လောက် မဆိုးဘူး။ ကျောက်နီမော်အပြင်တော့ ဒုတိယက စစ်တွေပဲ ရှိတယ်။ နှစ်နေရာစလုံးကတော့ ဘင်္ဂလားနဲ့ အဆက်အသွယ် များတယ်။

၂။ သေဆုံးသူ မသီတာထွေးရဲ့ဓာတ်ပုံ ဆိုပြီး မိန်းကလေးအလောင်းပုံ အင်တာနက်မှာ တက်လာတယ်။ ဟုတ်တယ်လို့ ထင်ရပေမယ့် အတည်မပြုနိုင်ဘူး။ ရင်းမြစ်မသိဘူး။ စိတ်ချရတဲ့ ဌာနကလာတာ မဟုတ်ဘူး။ ကဲ ... ပုံက မှန်တယ်ထားလိုက်။

၃။ ရမ်းဗြဲမြို့မှာ အင်တာနက်သုံးနိုင်သူ အရမ်းနည်းတယ်။ သေဆုံးသူ မသီတာထွေးရဲ့ရွာ သပြေချောင်းနဲ့ ကျောက်နီမော်ရွာ (ကုလားနဲ့ ရခိုင် ရွာတခြမ်းစီ နေထိုင်ကြ) တွေမှာ ဓာတ်ပုံရိုက်ပြီး အင်တာနက်တင်နိုင်သူ မရှိဘူးလို့ ဆိုလို့ရတယ်။ အလောင်းကို စတွေ့တာက သမီးပျောက်လို့ လိုက်ရှာတဲ့ သပြေချောင်းရွာသူ ရွာသားတွေ ဖြစ်တယ်။ မှတ်တမ်းဓာတ်ပုံ ရိုက်ယူမယ့်သူကတော့ ဆိုင်ရာရဲစခန်း ဖြစ်ဖို့များတယ်။ အင်တာနက်မှာ ပထမဆုံး တက်လာတာက အလောင်းတကိုယ်လုံး မှောက်ရက်ပုံဖြစ်ပြီး အပေါ်ပိုင်းမှာ သွေးပေနေတာလောက်ပဲ မြင်ရပေမယ့် ဒုတိယတက်လာတဲ့ ပုံကတော့ ပက်လက်တပိုင်းပုံ၊ လည်ပင်းတဝက်လောက်ပြတ်နေတဲ့ ဆိုးဆိုးရွာရွား မြင်ကွင်းပဲ။ ဒီပုံတွေ ဘယ်က ရသလဲ။ ဘယ်သူတွေက ဖြန့်ဖြုးသလဲဆိုတာ မေးစရာရှိတယ်။

၃။ သတင်းစထွက်ချိန်နဲ့ တရားခံမိတယ် ဆိုတဲ့အချိန်မှာ Myanmar Express အပါအဝင် ကောလဟာလ ဖြန့်ဖြုးပြီး ဒေါ်စုနဲ့ ဒီမိုကရက်တွေ၊ အတိုက်အခံတွေကို ပုတ်ခတ်နေတဲ့ ဝက်ဘ်ဆိုက်တွေက သွေးထိုးလှုံ့ဆော်တာတွေ ရှိလာတယ်။ ‘ဖဘ’ မှာလည်း ၀င်ရေးကြတယ်။ ပိုဆိုးတာက မြန်မာပြည်ပေါက် ကုလားပုံတွေရှာပြီး တရားခံတွေအနေနဲ့ ဓာတ်ပုံတင်လာတာပ။ စင်ကာပူမှာ အလုပ်လုပ်နေတဲ့ ရန်ကုန်က မွတ်ဆလင်ကလေးတယောက်ဆိုရင် သူ့ဓာတ်ပုံတင်ထားလို့ ‘ဖဘ’ က သူငယ်ချင်းတွေကို အကူအညီတောင်းတဲ့ စာတောင် တက်လာတယ်။ သုံးယောက်တွဲ ပုံတပုံလည်း တက်လာတယ်။ တကယ် ဖမ်းထားတဲ့သူတွေလား။ ဟုတ်တယ်ဆိုရင် အဲဒီပုံ ဘယ်ကရသလဲ။

၎။ တောင်ကုတ်မြို့ဟာ ကျောက်နီမော်နဲ့ သိပ်မဝေးတဲ့ ဒေသဖြစ်တယ်။ အဖြောင့်တိုင်းရင် ၁၀ မိုင်လောက်ပဲ ဝေးပြီး မော်တော်နဲ့ ၃၊ ၄ နာရီလောက်ပဲ သွားရတယ်။ စီးပွားရေးမကောင်းတဲ့အတွက် ရခိုင်ပြည်ရဲ့လမ်းဆုံဖြစ်တဲ့ တောင်ကုတ်မြို့မှာ ကျောက်နီမော်ဒေသသား ရခိုင်တွေ အများအပြား ပြောင်းလာနေကြတယ်။ ရခိုင်မှာတော့ ရွာတွေမြို့တွေမှာ ဆွေမျိုးတော်စပ်တာ များကြတယ်။ သေဆုံးသူရဲ့ ဆွေမျိုးတွေလည်း တောင်ကုတ်မှာ ရှိကြမှာ အသေအချာပဲ။ ပြီးတော့ တောင်ကုတ်ဟာ ဒီကိစ္စမျိုးမှာ အစဉ်အလာရှိတယ်။ လှုံ့ဆော်ရ လွယ်နိုင်တယ်။ (တခုတော့ ရှိတယ်။ သိရသလောက် ဖြစ်ဖူးသမျှ လူသေတာ မရှိဖူးဘူး။)။ ဒီတော့ ကျောက်နီမော်မှာ ကုလားနဲ့ ရခိုင် ရုန်းရင်းဆန်ခတ်မဖြစ်ရင် ဖြစ်အောင်လုပ်ရမယ့် ဒုတိယနေရာကတော့ တောင်ကုတ်ပဲ။

၅။ မေ ၂၈ ရက်က ဖြစ်ပြီး ၃၀ ရက်လောက်မှာ သတင်းပြန့်သွားခဲ့တဲ့ (DVB မှာ ၃၀ ရက်နေ့ စပြောတယ်) ကျောက်နီမော်လူသတ်မှုကိစ္စ ၃ ရက်နေ့ နံနက်မှာမှ တောင်ကုတ်မှာ စာဝေတယ်။ အဲဒီနေ့ဟာ သံတွဲက လာတဲ့ ကားပေါ်မှာ မုတ်ဆိတ်ဖားဖားနဲ့ ဗလီဆရာတွေ ပါလာမယ့်နေ့ ဖြစ်နေတယ်။ ရိုးမသစ္စာ လိုင်းကားလက်မှတ် ဘယ်သူတွေ ဝယ်ထားတယ်၊ ဘယ်သူတွေ ခရီးသွားမယ်ဆိုတာ ကားဂိတ်အပြင် ဘယ်သူတွေ သိနိုင်သလဲ။

၆။ တောင်ကုတ်က မြို့ပေါ်ပိုင်းမှာ လူငယ်တွေဟာ သတင်းဆိုဒ်တွေနဲ့ ‘ဖဘ’ မှာ တက်လာချိန်ကတည်းက သီတာထွေးရဲ့ အလောင်းပုံ ရထားပြီးပြီ။ ဒီကိစ္စကို ဓာတ်ပုံနဲ့တကွ လှုံ့ဆော်ချင်တယ်ဆိုရင် အင်မတန် တက်ကြွတဲ့ တောင်ကုတ်သားတွေဟာ ၃ ရက်နေ့အထိ စောင့်ဆိုင်းနေပါ့မလား။ ဒါမျိုးဆိုတာ သွေးပူလေ ကောင်းလေဆိုတာ အားလုံးသိကြတယ်။ ထည့်စဉ်းစားရမယ့် အချက်တခုက ခုဖြစ်ပွားသွားတဲ့ ပုံစံဟာ နိုင်ငံရေးနဲ့ ပြဒါးတလမ်း၊ သံတလမ်းပဲ။ တောင်ကုတ်ဟာ နိုင်ငံရေးရှိတဲ့မြို့။

၇။ ဒီနေ့ ရတဲ့ သတင်းအရ သံသယရှိတယ်လို့ လေသံလွှင့်နေတာက .....

(က) လူသတ်တာ တောင်ကုတ်သဘောင်္ဆိပ်က ကုန်ထမ်းအလုပ်သမားအုပ်စု ( တကယ့်ကိုယ်ကြမ်း စိတ်ကြမ်းတွေ၊ သတ်ရဲဖြတ်ရဲတယ်၊ ဒါပေမယ့် သဘောင်္ဆိပ်က တောင်ကုတ်မြို့၊ အခင်းဖြစ်တဲ့ တောင်ကုတ် သံတွဲကားလမ်းဆုံတို့နဲ့ ၃ မိုင်လောက် ဝေးတယ်၊ တမင်ခေါ်မလာရင် ရောက်စရာ အကြောင်းမရှိ)။
(ခ) စာဝေတဲ့ ဝံသာနုရက္ခိတအဖွဲ့ ဆိုတာက တောင်ကုတ် NLD လူငယ်၊( အချက် ၆ မှာ ပြောသလိုပဲ စဉ်းစားစရာရှိတယ်။ နောက် NLD ကို သိက္ခာချဖို့ လက်ညှိုးထိုးဖို့ ကြိုးစားလာတာလား)

(http://www.facebook.com/min.khin.9/posts/3535307420118 ကနေ ကူးယူဖော်ပြပါတယ်။)

ဒေါ်အောင်ဆန်းစုကြည်ကို မဟုတ်မမှန် သတင်းတွေနဲ့ အလွန်သိမ်ဖျင်း အောက်တန်းကျစွာ ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်ပြီး စစ်အစိုးရ၊ ကြံ့ဖွတ်အစိုးရကို အမြဲတစေ ထောက်ခံရေးသားတဲ့ Myanmar Express သတင်းစာမျက်နှာမှာလည်း ရခိုင်နဲ့ မွတ်ဆလင်ကို သွေးခွဲရန်တိုက်ပြီး အဓိကရုဏ်း မဖြစ်ဖြစ်အောင် လှုံ့ဆော်တဲ့ မဟုတ်မမှန်သတင်းတွေ အများအပြား တင်ထားပါတယ်။ ဘယ်လောက် မဟုတ်မဟတ်တွေကို သွေးထိုးလှုံ့ဆော် ရေးသားထားသလဲဆိုတာ သိချင်ရင် http://www.myanmarexpress.net/ မှာ သွားကြည့်ရင် သိနိုင်ပါတယ်။

ဒီအချက်တွေကို ကြည့်ရင် ရွှေသမင် ဘယ်က ထွက် ဦးသိန်းစိန်တာက ထွက်တယ် ဆိုတာ သိပ်သိသာနေပါပြီ။

ဒီလို လူမျိုးရေးအဓိကရုဏ်းဆိုတာ သိပ်ကြောက်စရာ ကောင်းပါတယ်။ အန္တရာယ်ပမာဏဟာ ပြောမပြနိုင်လောက်အောင် ကြီးလွန်းပါတယ်။ မကြာခင်က တောင်ဆူဒန်မှာ လူမျိုးရေး အဓိကရုဏ်းဖြစ်ခဲ့တာဟာ အခုအချိန်အထိ အကင်းမသေသေးပါဘူး။ ဓားတွေ ၊ တုတ်တွေ၊ သေနတ်တွေ ကိုင်ပြီး ရွာလုံးကျွတ်သတ်ဖြတ် မီးရှို့တာတွေ ဖြစ်ခဲ့ပါတယ်။ ရဝမ်ဒါမှာ ဟူတူနဲ့ တွတ်ဆီတွေ လူမျိုးတုန်းသတ်တာ လူပေါင်း တသန်းနီးပါး သေပါတယ်။ အိန္ဒိယမှာ ဟိန္ဒူနဲ့ မွတ်ဆလင် ပဋိပက္ခဟာလည်း လူပေါင်းများစွာ သွေးမြေကျခဲ့သလို အငြိုးတွေ အာဃာတတွေဟာလည်း အခုထိ တငွေ့ငွေ့ တောက်လောင်ဆဲပါ။

ဒီတော့ ဒီလောက်အန္တရာယ်ကြီးတဲ့ လူမျိုးရေးမီးစကို ကြံ့ဖွတ်အစိုးရဟာ ဘာ့ကြောင့် သွားရှို့ရသလဲ။ သူတို့ရဲ့ ရည်ရွယ်ချက်ဟာ ဘာလဲလို့ မေးစရာရှိပါတယ်။

တနိုင်ငံလုံးက ပြည်သူတွေဟာ လျှပ်စစ်မီးအရေးကို ညီညီညာညာ အုံကြွတောင်းဆိုနေပါတယ်။ နိုင်ငံတဝန်းမှာ အလုပ်သမားတွေက ဆန္ဒပြပြီး သူတို့ အခွင့်အရေးတွေအတွက် တိုက်ပွဲဝင်နေပါတယ်။ လယ်သမားတွေကလည်း လယ်ပြန်ရဖို့ လှုပ်ရှားနေကြပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်ဖို့ လှုပ်ရှားတောင်းဆိုမှုတွေကလည်း တဘက်မှာ ရှိနေပါတယ်။ ဒါပေမယ့် ကြံ့ဖွတ်အစိုးရအနေနဲ့ ဒါတွေကို အရင်တုန်းကလို သေနတ်နဲ့ ပစ်သတ်၊ ဖမ်းဆီးထောင်ချ လုပ်လို့ကလည်း မဖြစ်သေးဘူး။ အခုချိန်မှာ ကြံ့ဖွတ်အစိုးရဟာ ကြောင်သူတော် လုပ်နေရတဲ့ အချိန်ပါ။ မခုတ်တတ်တဲ့ ကြောင်ကြီး၊ သူတော်ကောင်း ကြောင်ကြီး အယောင်ဆောင်ရမယ့် အချိန်ပါ။ နိုင်ငံခြားက ရင်းနှီးမြုပ်နှံမှုတွေက အခုထိ မလာသေးဘူးလေ။ နိုင်ငံခြားက အကူအညီတွေကလည်း ခုထိ မရသေးဘူးလေ။ ဒါတွေ အိတ်ထဲမထည့်ရသေးခင် သပိတ်ဝင် အိတ်ဝင် မဖြစ်သေးခင်မှာ ဘီလူးစွယ် ထုတ်ပြဖို့ မလွယ်ဘူးမဟုတ်လား။

ဒီတော့ လူတွေရဲ့အာရုံကို လွှဲပြောင်းဖို့ ဆိုတာ အပြင်းစား အမုန်းတရားနဲ့ အာဃာတတွေကို မီးမွှေးပေးမှသာ ဖြစ်နိုင်မှာ မဟုတ်ပါလား။ ဒါဟာ သူတို့ရဲ့ ရည်ရွယ်ချက်၊ ဒါဟာ သူတို့ရဲ့ အကြံအစည်ပါပဲ။ သူတို့အာဏာနဲ့ စည်းစိမ်အတွက် လူပေါင်းများစွာရဲ့ အသက်ကို စတေးဖို့ ကြံတဲ့ သွေးထောင်ချောက်ကြီးလည်း ဖြစ်ပါတယ်။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဇွန် ၉ - ၂၀၁၂

Saturday, May 26, 2012

ခြေလက်မရှိသူတစ်ဦး၏ (၁၂)မိုင် ရေကူးသွားတဲ့ခရီး




အသက်(၄၃)နှစ်အရွယ် Philippe Croizon ဟုခေါ်သည့် ပြင်သစ်လူမျိုးတစ်ဦးဟာ ရေကူးဖို့ ခြေဆံလက်ဆံတွေ ရှိမနေပေမယ့် ကီလိုမီတာ(၂၀)အကွာအဝေးရှိတဲ့ ခရီးကို ရေကူးပြခဲ့တယ်လို့ သိရပါတယ်။
၎င်းဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာရှိတဲ့ New Guinea ကျွန်းကနေ အင်ဒိုနီးရှားက Papua New Guinea ကျွန်းကို ရေကူးပြခဲ့တာပါ။ ထိုသို့ ရေကူး၍ကြာချိန်ဟာ အချိန်တစ်နာရီခွဲရှိကြောင်းလည်း သိရသည်။
Philippe Croizon ဟာ မတော်တဆမှုတစ်ခု၌ ၎င်း၏ လက်များကို တံတောင်ဆစ်အပေါ်မှလည်းကောင်း ၊ ခြေကို ဒူးအောက်ပိုင်းလောက်မှလည်းကောင်း ဆုံးရှုံးခဲ့တာဖြစ်ကြောင်း သိရသည်။
Philippe Croizon နှင့်အတူ ၎င်းရေကူးတာကို Documentary ဗွီဒီယိုရိုက်ကူးတဲ့သူနှင့် အဖော်နှစ်ဦး အတူတကွ လိုက်ပါကူးခဲ့ကြောင်းလည်း သိရသည်။
၎င်းတို့ကူးချိန်တွင် လေဆန်ဖြစ်နေတဲ့အတွက် ကူးရခက်ခဲခဲ့ပေမယ့် jellyfish တို့ ငါးမန်းတို့ အန္တရာယ်မျိုးတော့ မကြုံတွေ့ခဲ့ကြရကြောင်း သိရသည်။
ထိုကဲ့သို့ စွန်စွန့်စားစား ရေကူးဖို့ အင်ဒိုနီးရှားနိုင်ငံသို့ဝင်ရန် အင်ဒိုနီးရှားနိုင်ငံ အာဏာပိုင်များ၏ ခွင့်ပြုမိန့်ကို စောင့်ခဲ့ရသည့်အတွက် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှ ခွင့်ပြုမိန့်ကျလာခဲ့တာဖြစ်ကြောင်းလည်း သိရသည်။

Friday, May 25, 2012

ဒို့ ဗိုလ်ချုပ် မျှော်လင့်ချက်ပြည့်ပြီလား ? မျိုးသန့် (MNA)


ဒို့ ဗိုလ်ချုပ် မျှော်လင့်ချက်ပြည့်ပြီလား ?
မျိုးသန့် (MNA)
မြန်မာ့လွတ်လပ်ရေး ရသည့် အချိန်တွင် သင်ရှိပါက မည်သို့ခံစားရမည်နည်း။
လွပ်လပ်ရေး ရသည့်အတွက်  တို့ဘွား၊ တို့ဘေး၊ တို့ဘီ၊ တို့ဘင် တွေ ၀မ်းသာမဆုံး တပြုံးပြုံးဖြင့် ပျော်ရွှင်ခဲ့ကြပါ သည်။ သို့သော် လွတ်လပ်ရေးရမှုအပေါ် အဓိပ္ပါယ်ကောက်ယူပုံခြင်း ပါတီစွဲ၊ ၀ါဒစွဲများဖြင့် မတူညီခဲ့ကြဘဲ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့ နှင့်တစ်ဖွဲ့ အယူအဆကွဲပြား အငြင်းပွားလို့ မညီညွတ်ခဲ့ကြတာလဲ သမိုင်းမှတ်တမ်းရှိနေဆဲပါဘဲ။
ဖဆပလ နှင့် ကွန်မြူနစ် အားပြိုင်နေချိန်ခဲ့စဉ်က တို့ပြည်သူတွေက တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲမှာ ဗိုလ်ချုပ်အောင်ဆန်း နှင့် ဖဆပလကို အကြီးအကျယ်ထောက်ခံခဲ့လို့ ဗိုလ်ချုပ်အောင်ဆန်း နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်အား တက်ခဲ့ရပါတယ်။ တစ်ဖက်ကလည်း ညီညွတ်ရေး အလေးမပေး မဆွေးနွေးဘဲ အခြေအနေခြင်း မတူသော အိန္ဒိယမှ ပုံတူကူးယူထားသည်၊ ကုလား ကွန်မြူနစ်ဂျိုရှီနောက်လိုက် လုပ်နေကြသည် စသည့် သဘောတရားရေးဖြင့် ပြန်တိုက်ခဲ့ကြ ပါတယ်။
ဒါ့ကြောင့် ဗိုလ်ချုပ်ဟာ -
'' ဖဆပလ အစိုးရ နာမည်ပျက်အောင် ကွန်မြူနစ်တွေ က သူပုန်ထ၊ဓားပြတိုက် လုပ်ကြတယ်။ အဲဒီ ထကြွမှု တွေကို ငြိမ်သွား အောင်စစ်တပ်နှင့် နှိမ်တန်နှိမ်မယ် ''
(ပျဉ်းမနား တရားပွဲ၊ ၁၉၄၇ ခုနှစ် ဧပြီလ ၉ ရက်)
'' ဖဆပလ အစိုးရဟာ ဘယ်သူ့ကိုမှ နိုင်ငံရေးအတိုက်အခံသမားတွေကို နှိပ်စက်ညှဉ်းပန်းမှု မလုပ်ဘူး။ စည်းကမ်းမဲ့တရားလွန် တိုင်းပြည်အကျိုးမဲ့ဆူပူအောင်လုပ်လျှင် ကြည့်မနေနိုင်ဘူးနှိပ်ကွပ်ရမယ်၊ အတိုက်အခံသမား တွေကို လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့် တရားသဖြင့်ပေးတာကို အသားယူပြီးမတရားလုပ်မည်ကြံလျှင်ချမယ်၊ အရေးယူမယ် "
( ဧပြီလ ၁၈ ရက်နေ့ နှစ်သစ်ကူးမိန့်ခွန်း )
စသည့် မိန့်ခွန်းတွေကိုသုံးပြီး သူ့အားဝေဖန်၊ သူ့အစိုးရကိုဆန့်ကျင် သူတို့အပေါ်တွင် သည်းမခံနိုင်သော အပြော အဆို အမူအရာတွေ ပြခဲ့ရပါတယ်။
ရွေးကောက်ပွဲတွင် လူထုအပြည့်အ၀ထောက်ခံလိုက်ခြင်းကြောင့် ဗိုလ်ချုပ်ဦးစီးသော ဖဆပလအစိုးရသည် လူထု အစိုးရဖြစ်ခဲ့သည်။ သို့သော် ပြည်သူလူထုအများစုကို ဖိနှိပ်စိုးမိုးပြီး နယ်ချဲ့သမားတို့က ဖန်တီးခဲ့သော သတ်မှတ်ပြဌာန်းပြီး ၀ါဒ (Determinism)ကြောင့် ဗျူရိုကရေစီ အကျဉ်းထောင် ပုဒ်မငါး ခြစားခြင်းဖြင့် ပြည့်နှက်နေသော အုပ်ချုပ်ရေး ယန္တရားကြီးသည် တရားသေဖြစ်တည်မှုဝါဒ (Doctrinaire Existentialism)ဖြင့် လူထုရွေးချယ်ထားသော လူထုအစိုးရ လက်သို့ ပိုက်မိခဲ့ ခြင်းသာဖြစ်သည်။
ထို့ကြောင့် မည်သို့ပင်ရည်ရွယ်ချက်ကောင်းများကို ကြေငြာထားထား လက်တွေ့တွင်ကား လူထုကိုဖိနှိပ်ထား သည့် အရင်းရှင်တို့၏ အုပ်ချုပ်ရေးယန္တရားကြီးကြောင့် အသွင်ခြားနားသောပြည်သူ့အုပ်ချုပ်ရေး ယန္တရားကြီးနှင့် ပြောင်းလဲ မပေးနိုင်ဘဲ ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အစိုးရသည် ရင်ဆိုင်ခဲ့ရသည်။ မဟုတ်ဘဲနှင့်ဟုတ်လေဟန် ယူဆခြင်း၊ ထင်မြင်သည့်အတိုင်း နယ်ချဲ့အမွေအုပ်ချုပ်ရေးယန္တရားကြီးကို ကာကွယ်ကာ ကိုယ့်တပ်ကိုယ်ပြန်နင်းခြင်း နောက်ကျောဓားနှင့် ထိုးခြင်း တို့ကြောင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဗျူရိုကရေစီ ယန္တရားဆန့်ကျင်ရေး ဟူ၍ စုစည်းမရသော အမှားများဖြင့် အကြိမ်ကြိမ်ရင်ဆိုင်ကာ ဖဆပလ နှင့် ကွန်မြူနစ်တို့ သင့်မြတ်အောင်ဆောင်ရွက်နိုင်ခြင်း (Optimise) မရှိဘဲ ညီညွတ်ရေး ခက်ခဲလာခဲ့၏။

-၂-
ထိုမျှမက ဖဆပလ အစိုးရသည် ကိုယ့်အချင်းချင်းကို နှိမ်နင်းရာတွင် ပုလိပ် ၊ကြောင်နက်တပ် ( ၁၄ နံပါတ် တပ်မတော် )၊ သောင်းကျန်းသူနှိမ်နင်းရေးတပ် ( ပြည်သူ့ရဲဘော် )တို့ဖြင့် Reactive များလုပ်ခဲ့သောကြောင့် ပြည်တွင်း စစ် (Civil war)အငွေ့အသက်များ ပေါ်ပေါက်ခဲ့သည်။ အစိုးရယန္တရားတိမ်းစောင်းမှုရင်ဆိုင်နေရသဖြင့် အခြေခံစီးပွားရေး ပြဿနာ၊ သက်သာချောင်ချိမှု၊ အထူးသဖြင့် အင်္ဂလိပ်-ဂျပန်တို့ မွှေးခဲ့ကြသော ဘဏ္ဍာရေးပြဿနာများကို ခါးသီးစွာ ခါးစီးခံခဲ့ရပြီး ပြည်သူတို့က ဗိုလ်ချုပ်အပေါ် မျှော်လင့်ထားမှု၊ ချစ်မြတ်နိုးမှုတို့ကြောင့်သာ ငြိမ်သက်နေခဲ့သော်လည်း မကျေနပ်မှုများက ပို၍ ပို၍ ပေါများလာခဲ့သည်။
ထို့ကြောင့် ဗိုလ်ချုပ်ကိုယ်တိုင် -
'' လစာပြုပြင်ရေး ကော်မရှင်ကိစ္စလည်း စဉ်းစားရမယ်၊ ခက်တာက အစိုးရမှာပေးခြင်ပေမယ့် ပိုက်ဆံကမရှိ၊ အစိုးရရဲ့ဝါဒကတော့ အောက်လူတွေကိုတိုးပေးဖို့ မူအားဖြင့်သဘောတူပြီး နိုင်ငံ့ဝန်ထမ်းပထမတန်းတွေဆိုရင် ယခု မလျှော့နိုင်သေးဘူး။ အဲဒီအတွင်းဝန်က တိုက်ရိုက်ခန့်တဲ့ရာထူးတွေ ဖျက်ပြီးမှလျှော့နိုင်မယ်။ ဖျက်ဖို့လည်းစီစဉ်နေပြီ။ အဲဒီလူတွေကို မလျှော့နိုင်ခင် နိုင်ငံ့ဝန်ထမ်း ဒုတိယတန်းများ၏ လစာကိုလည်း မလျှော့နိုင်သေးဘူး ''
                                                                               (၁၉၄၇ ခုနှစ် မေလ ၃၀ ရက် သတင်းစာ ကွန်ဖရင့်တွင်)
'' အစိုးရတို့လုပ်နေပုံမှာ ဆန်စဉ်ရာ ကျည်ပွေ့လိုက်သလို ဟိုကဆူရင် ဟိုလိုက်လုပ်၊ ဒီကဆူရင် ဒီလိုက်လုပ် ဆိုသလို ဖြစ်နေတဲ့အပြင် အလုပ်ကောင်းကောင်းလုပ်ချိန်မရဘူး၊ ဒါကြောင့် ခွေးဟောင်တိုင်းထမကြည့်နဲ့၊ ပြောပြန်တော့ လည်း မခံခြင်ဘူး "
" ကျောင်းဆရာ၊ အလုပ်သမား၊ အစိုးရအမှုထမ်းများအရေးကို သီးခြားမလုပ်ဘဲ အားလုံးခြုံပြီး လုပ်ရမှာပဲ။ ဆိုင်ရာအသင်း နည်းလမ်းတကျ တရားသဖြင့် တောင်းဆိုကြမယ်ဆိုလျှင် အစိုးရတို့ကသေသေချာချာ စဉ်းစားပြီးတော့ ထိုက်သင့် သလိုဆောင်ရွက်ပေးမှာပဲ "
" အဲလိုလုပ်တဲ့အခါမှာ သခွပင်က မီးတကျည်ကျည်လုပ်တာတော့လည်း မကောင်းဘူး၊ မြှောက်ပေးတဲ့အထဲ သတင်းစာတွေလဲပါတယ်လို့ ကျွန်တော်ပြောခြင်တယ်။ အဲဒီလို ခင်ဗျားတို့လုပ်နေရင် ကျုပ်တို့ကလည်း ၀တ္တရားအတိုင်း အရေးယူလုပ်ရမှာပဲ။ အဲဒီလိုလုပ်ကြရင် မီးခိုးမဆုံးမိုးမဆုံး ဖြစ်နေမှာပဲ။ အဲဒါတွေဖယ်ထားပြီး အလုပ်ကလေးလဲ ကောင်းကောင်းလုပ်ပါရစေဦး "
'' အင်္ဂလိပ်ဟာ အင်္ဂလိပ်ဥပဒေဖြစ်နေပေမဲ့ အုပ်ချုပ်တဲ့သူက ကျုပ်ကအုပ်ချုပ်နေတယ် ဥပမာပြရလျှင် ကျုပ်ကိုအင်္ဂလိပ်က မော်တော်ကားအပျက်ကြီးကို ပြင်မောင်းခိုင်းတာပဲ အမောင်းခိုင်းပေမဲ့ အချုပ်အခြာအာဏာက အင်္ဂလိပ်လက်ထဲမှာပဲရှိနေတော့ ကျုပ်တို့က ဘာမှမပြင်နိုင်သေးဘူး မော်တော်ကားအပျက်မို့ အမောင်းဘယ်လောက် ကောင်းကောင်း စက်မကောင်းတော့လိုရာကို မြန်နိုင်သလောက်မြန်အောင်မရောက်နိုင်ဘူး ဒီစက်ကြီးနဲ့သာဆိုရင် တာရှည်ကျုပ်မအုပ်ချုပ်နိုင်ဘူး ''
( ၁၉၄၇ ခုနှစ်၊ ဧပြီလအတွင် နက်မောက်မြို့တွင်ပြောသည့်မိန့်ခွန်း )
ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြေအနေကိုမကျေနပ် အစိုးရခေါင်းဆောင်ဖြစ်နေသဖြင့် ဗျူရိုကရေစီ အာဏာသုံးပြီး ဆန့်ကျင်လုပ်ရှားမှုများကို နှိမ်ပြစ်ချင်သော်လည်း ဗျူရိုကရေစီအာဏာသုံးတိုင်းသုံးတိုင်း အမျိုးသားညီညွှတ်ရေးကို ပျက်ပြား လာကြောင်းသိလာသည်။
'' သပိတ်ကိစ္စ၊ လယ်သမားကိစ္စ၊ အလုပ်သမားကိစ္စ၊ တိုင်းပြည်ကိစ္စတွေနှင့် ဟိုပြေးဒီလွှားနှင့် ခေါင်းကြိမ်း မိတယ်။ တိုင်းပြည်ခေါင်းဆောင်လုပ်တာ ခင်ဗျားတို့က သိပ်ပြီးစည်းစိမ်ရှိတယ်ထင်တယ် ကျုပ်အဖို့ ကျားမြီးစွဲမိလို့သာ ဆက်လုပ်
-၃-
နေရတယ်။ တိုင်းပြည်အုပ်ချုပ်တယ်ဆိုတာ ငွေရေးကြေးရေးလိုတယ်။ ဒီငွေရေးကြေးရေးဟာ ခင်ဗျားတို့ တိုင်းသူ ပြည်သားများထံမှ ကောက်ခံတဲ့ အခွန်တော်တွေပဲ၊ ဒီအခွန်တော်ဟာ မှားသလား၊ မှန်သလား မစဉ်းစားရသေး တော့ ဒီအတိုင်းပဲ ဖြစ်နေတယ်'' 
'' ကျုပ်က မြေရှင်စနစ်ကို ပြုပြင်ပြောင်းလဲချင်တယ်၊ လယ်ပိုင်ရှင်စနစ်ကိုဖြုတ်ချဖို့ပဲ အဲဒီလိုဖြစ်ချင်ပေမယ့် မဖြစ်နိုင်သေးဘူး ဇော်ချီ၊ ၀ိတ်ဇာတွေလို ခင်ဗျားတို့လိုချင်တာ တမဟုတ်ချင်းလုပ်မပေးနိုင်ဘူး ''
( ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ တောင်သူလယ်သမားညီလာခံမှ ဗိုလ်ချုပ်မိန့်ခွန်း )
ထိုအချိန်တွင် ဗိုလ်ချုပ်သည် နယ်ချဲ့နောက်လိုက်ဖြစ်နေပြီ ဟူ၍ ကွန်မြူနစ်ပါတီခေါင်းဆောင် ရဲဘော်ဗတင်(ဂိုရှယ်)က အောင်ဆန်းဘယ်လဲဟူသောစာတမ်းကို ရေးသားလိုက်သည်။ ဗိုလ်ချုပ်ကား ဗျူရိုကရက်အာဏာသုံးပြီး ကိုယ့်အချင်း ချင်းချနေသော်လည်း တကယ့်လွပ်လပ်ရေးရရန်သို့လည်းကောင်း၊ လွပ်လပ်ရေးရပြီးခိုင်မာစွာ တိုးတက်ရန်သော်လည်း ကောင်း၊ ညီညွှတ်ရေးအရေးကြီးကြောင်း သိပြီး လက်ဝဲညီညွှတ်ရေးကို တိုက်တွန်းနေသည်။
'' လွပ်လပ်ရေးရတဲ့အခါ ယိုးဒယားလိုဖြစ်ချင်သလား ဆိုဗီယက်ရရှားလိုဖြစ်ချင်သလား ဗမာပြည်လွပ်လပ်ရေး ရတဲ့အခါ ပြန်လည်ထူထောင်ရေးစီမံကိန်းများကို အမျိုးမျိုးသောနည်းများဖြင့်လုပ်မှ ခပ်ရိုင်းရိုင်းဗမာစကားနှင့်ပြောရလျှင် အတော်ကိုပြဲ အောင်ကြိုးစားလုပ်ကိုင်နိုင်မှ အနှစ် (၂၀)လောက်ကြာမှ ဗမာပြည်တော်ယုံလောက်မယ် မလုပ်လျှင် ယိုးဒယား တောင်မှီမှာမဟုတ်ဘူး အခြားတိုင်းပြည်က ခြေတစ်လှမ်းလမ်းလျှင် ကိုယ်ကခြေ ၄-၅-၁၀ လမ်း လှမ်းနိုင်မှ တော်ယုံကြမယ် အဲဒီလိုမလုပ်လျှင် ဟိုလူလာလည်း မျက်နှာချိုသွေးရ ဖာသည်နိုင်ငံဖြစ်မှာပဲ ''
'' တိတိလင်းလင်း သတိပေးခဲ့ပေမဲ့ ဗမာပြည်မှာ လူမျိုးအချင်းချင်းမကွဲဖို့ လူငယ်ပိုင်းဖြစ်သော လက်ဝဲသမား အချင်းချင်းမကွဲဖို့ သတိပေးလိုတယ် ''
( ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် )
ထိုကဲ့သို့ ပွင့်လင်းပြတ်သား တိကျသော မိန့်ခွန့်အား ပြောကြားရင်း လုံးဝလွပ်လပ်ရေးသို့ချီတက်နေချိန် လူမျိုးအချင်းချင်း အားကြိုးမာန်တက် စုစည်းတိုက်တွန်းနေချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားညီညွှတ်ရေး တာဝန်မပြီးဆုံးသေးချိန်တွင် ဗြိတိလျထုတ်ပေးသောလက်နက်ဖြင့် လုပ်ကြံခံခဲ့ရလေသည်။
ဤသည်ကား မြန်မာ့နိုင်ငံရေးသမိုင်းတွင် မှတ်ကျောက်တင်သော တစ်ဦးတည်း ရဲရင့်ပြတ်သားစွာဆုံးဖြတ်၍ တိုင်းပြည်၏ လွပ်လပ်ရေးနှင့်အမျိုးသားနိုင်ငံရေးကို ဖော်ဆောင်ရန်အတွက် ကြိုပမ်းသော်လည်း အယူမှား၊ အထင်အမြင်မှား၊ နိုင်ငံရေးမှိုင်းများဖြစ် မိမိတို့လူမျိုးအချင်းချင်းသွေးကွဲကာ ညီညွှတ်ရေးလမ်းပျောက်ပြီး လမ်းမှား ရောက်ခဲ့သည်ကို ဗိုလ်ချုပ် အသက်ပေး၍ သာဓကပြခဲ့ခြင်းဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် ပြည်သူတို့ ရွေးချယ်တင်မြောက်ထားသော အစိုးရ၊ တိုင်းကျိုးပြည်ပြု လွှတ်တော်များဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း သက်ဝင်ကာ ပါတီစုံဒီမိုကရေစီထွန်းကားရေးအတွက် တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေး နိုင်ငံတော်အေးချမ်းပြီးပြည်သူ့ဘ၀လုံခြုံရေး နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေး ကောင်းမွန်သောအုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်ပေါ်လာရေးတို့ကို ကြိုးပမ်းဆောင်ရွက်နေသည်။
လက်ရှိသမ္မတကြီးဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဖော်ဆောင်လျက်ရှိသည်။ သို့သော်လည်း မည်သို့ပင် အလားလာကောင်းသော နည်းဗျူဟာများ၊ မဟာဗျူဟာများကို ဖော်ဆောင်စေကာမူ၊ အနာဂတ် စားနပ်ရိက္ခာဖူလုံမှု အတွက်၊ နိုင်ငံနှင့်ပြည်သူကြွယ်ဝချမ်းသာရေးအတွက် စက်မှုနိုင်ငံထူထောင်စေကာမူ မည်ကဲ့သို့သော အသိပညာရှင်၊ အတတ်ပညာရှင်များ ပြန်လာစေကာမူ မည်သို့မည်ပုံ ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်စေကာမူ မည်ကဲ့သို့သော အဖွဲ့အစည်းများ၊ သမဂ္ဂများ၊ ဖောင်ဒေးရှင်းများ တည်ထောင်စေကာမူ အရေးကြီးဆုံးသည်က အစိုးရအဖွဲ့၊ ပြည်သူနှင့်
-၄-
ပါတီတို့သည် အတိတ်သမိုင်း ဆိုးမွေများကို ပြန်လည်စဉ်းစား အတွေးအခေါ်အယူအဆ အထင်အမြင် အလွဲအမှား သူ့ဘက်ကို့ဘက်ခွဲခြားပြီး ဗိုလ်ချုပ် အသက်ပေး၍ သာဓကပေးခဲ့သော ညီညွှတ်မှုကို လစ်လျူမရှုကြပဲ ဥပမာယူကာ စည်းလုံးညီညွှတ်ခြင်းသည် အရေးကြီးသည် ဟု အမျိုးသားနိုင်ငံရေးတွင် ခံယူကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့အကြောင်းကို မသိပဲမနေကောင်း၊
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ဘုံဘ၀ကိုလည်းသိရမည်၊
ကျွန်ုပ်တို့၏အခွင့်အရေးနှင့်တာဝန်ဝတ္တရားကိုလည်းသိရမည်၊
ကျွန်ုပ်တို့ဘ၀တွင်အခြေခံဖြစ်သော စီးပွားရေးနှင့်လူမှုဘ၀သာယာရေးအတွက် နိုင်ငံရေးကသာလျှင်သော့ချက်ဖြစ်သည်။
ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မှီငြမ်းပြု၍ လူထုဝါဒသာလျှင် လူ့ဘ၀သာယာရေးသို့ရောက်နိုင်မည်ဖြစ်သောကြောင့် နိုင်ငံရေး သော့ချက်၏ သော့ခလောက်ဖြစ်သော အမျိုးသားစည်းလုံးညီညွှတ်ရေးကို ဖော်ဆောင်ကြပါစို့။
ကိုးကား - ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းမှတ်တမ်းများ
             တော်လှန်ရေးကာလ နိုင်ငံရေးအတွေ့အကြုံများ
   နိုင်ငံရေးစာတံခွန် ဒဂုန်ဦးလှဘေ
   နိုင်ငံတော်သမ္မတဦးသိန်းစိန်မိန့်ခွန်း