Thursday, March 15, 2012

ဖန်တီးရှင်များ



ပါရမီရှင်များ၊ ဘီလီယံနာကြီးများ၊ စိတ်ကူးကောင်းသူများက ကမ္ဘာကြီးကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ သူတို့ဟာ နည်းပညာနဲ့ ကမ္ဘာကိုပြုပြင်ပြောင်းလဲခဲ့တယ်။ နည်းပညာလက်နက်ကို ကိုင်စွဲပြီးတော့ တော်လှန်ရေးတစ်ရပ် ဆင်နွှဲကာ ကမ္ဘာကို ပြန်လည်ပြုပြင်တည်ဆောက်ခဲ့ပါတယ်။
သူတို့ဟာ အများနဲ့မတူ တစ်မူထူးပြီး ခပ်ကြောင်ကြောင်လူစားတွေလည်း ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် တီထွင်ထိုးဖောက်နိုင်တဲ့ စွမ်းအားတွေကတော့ အများနဲ့မတူတာကြောင့်လည်း ထင်ရှားလာခဲ့သူတွေဖြစ်တယ်။ တီထွင်မှု သမိုင်းမှာ သူတို့စွမ်းဆောင်ချက်တွေကို ပယ်ဖျက်လို့မရနိုင်လောက်အောင် ချန်ထားခဲ့ပါလိမ့်မယ်။
တီထွင်ဖန်တီးမှုဆိုတာ အလုပ်၊ စီးပွားရေး၊ ကြီးပွားရေးတွေနဲ့လည်း တစ်နည်းမဟုတ် တစ်နည်း ပတ်သက်နေတတ်ပါ တယ်။ တကယ်တော့ သူတို့တီထွင်ခဲ့တာတွေကို ကျွန်တော်တို့က အလွယ်လေးသုံးနိုင်ကြပေမယ့် သူတို့ အားထုတ်ခဲ့ရတာတွေကတော့ ဘ၀နဲ့ရင်းခဲ့ကြရတာတွေ အများကြီးရှိပါလိမ့်မယ်။
သူများတွေ တွေးသလိုမတွေး၊ သူများတွေ နေသလိုမနေ၊ သူများတွေ ဇိမ်ခံသလို မခံတတ်ဘဲ ဘ၀မှာ ဖြစ်ချင်တဲ့နောက်ကို တစ်ကောက်ကောက်လိုက်ရင်း၊ အပင် ပန်းအဆင်းရဲ ခံနိုင်လို့လည်း သူတို့ အောင်မြင်ခဲ့တာလို့ ပြောရင်ရနိုင်တယ်။ အခြေအနေတစ်ခုကို သူတို့ရောက်လာဖို့ သူတို့ တစ်ဆင့်ပြီးတစ်ဆင့် တက်ခဲ့ကြတယ်။
နည်းပညာဆိုတာ လူသားတွေရဲ့ လူနေမှုဘ၀ (Life Style) ကို တစ်ခုသော အချိန်ကာလအတွင်း အကောင်းဆုံးဖြစ်အောင် စွမ်းဆောင်မှုပေးပါတယ်။ လူသားတွေ အကောင်းဆုံး၊ အဆင်အပြေဆုံး၊ အသက်သာဆုံးဖြစ်အောင် သူတို့ လုပ်ဆောင်ခဲ့ပါတယ်။
ကမ္ဘာကြီးဟာ သူတို့တီထွင်မှုတွေကြောင့် အသစ်ပြန်လည်မွေးဖွားလာတယ်လို့လည်း ဆိုနိုင်ပါတယ်။ သူတို့ ဘယ်သူတွေလည်း၊ ဘာတွေလုပ်ခဲ့သလဲဆိုတာ ကျွန်တော်တို့ကြည့်ရအောင်။

Steve Jobs and Steve Wozniak
 
အဲဒီသူငယ်ချင်းနှစ်ယောက်ဟာ နည်းပညာတော်လှန်ရေးမှာ ရှေ့တန်းကပါဝင်ခဲ့သူတွေလို့ပြောရမယ်။ နှစ်ယောက် စလုံး တက္ကသိုလ်ပညာကို စိတ်ပျက်ပြီး တစ်ပိုင်းတစ်စနဲ့ ထွက်ခဲ့တဲ့သူတွေချည်းဖြစ်တယ်။ ဒါပေမယ့် သူတို့မှာ “အတွေးအမြင်ကွဲပြားမှု” ဆိုတဲ့ ကိုယ်ပိုင်အစွမ်းအစတွေကို ပိုင်ဆိုင်ထားခဲ့ကြတယ်။
ပထမဦးဆုံး iDevices ဆိုတဲ့ ကွန်ပျူတာကို ကာလီဖိုးနီးယားပြည်နယ်၊ လော့စ် အယ်လ်တော့စ်မြို့က စတိဂျော့ရဲ့ ကား ဂိုဒေါင်ထဲမှာ စတင်တီထွင်ကြတယ်။ စတိ ဂျော့ရဲ့ သူမတူအောင် ဖန်တီးတီထွင်နိုင်စွမ်း၊ စည်းရုံးနိုင်စွမ်း တွေကြောင့် သူ့လိုပညာရှင်တွေကို သိမ်းသွင်းဖော်ဆောင်နိုင်ခဲ့တယ်။
သမိုင်းတွင်စေမယ့် Apple ကုမ္ပဏီကြီးကို စတင်ထူထောင်နိုင်ခဲ့ရုံမက CEO တစ်ယောက်အနေနဲ့ပါ တာဝန်ယူခဲ့တယ်။ ပညာရှင်တွေကို မဖြစ်မနေဇွဲနဲ့ သည်းသည်းမည်းမည်းရှာပြီး စီမံခန့်ခွဲကာ သူ့စိတ်ကူးကို အကောင်အထည် ဖော်စေနိုင်ခဲ့တာကြောင့်လည်း Apple ဟာအောင်မြင်ခဲ့တယ်လို့ ပြောနိုင်တယ်။
ခုဆိုရင် Apple က အမေရိကန်မှာတင် ကုန်ပစ္စည်းအမှတ်တံဆိပ်တွေကို မူပိုင်ခွင့် အနေနဲ့ မှတ်ပုံတင်ထားခဲ့တာ အမျိုးအစားပေါင်း ၃၀၀ ကျော်နေပါပြီ။ စတိ ဂျော့တစ်ယောက် ၂၀၁၁ အောက်တိုဘာလမှာ ကင်ဆာရောဂါနဲ့ သူချစ်တဲ့အိုင်တီလောကကြီးကို ကျောခိုင်းသွားခဲ့ပါပြီ။ ဒါပေမယ့် Macintosh, iPod, iPhone, iPad ဆိုတဲ့ သူ့ စိတ်ကူးတွေကို ကမ္ဘာကြီးအတွက် ထားရစ်ခဲ့ပါတယ်။

Bill Gates

တကယ့်နည်းပညာတို့ရဲ့ဆရာကြီးတစ်ယောက်လိုဖြစ်နေသူဆိုတော့ အထွေအထူး မိတ်ဆက်ပေးဖို့တောင် လိုမယ် မထင်ဘူး။ Microsoft ဆိုတာ အိုင်တီခေတ်မှာ နည်းပညာစိတ်ဝင်စားသူတိုင်းနဲ့လည်း မကင်းနိုင်ပါဘူး။ ဘေ ဂိတ်စ် အကြောင်းကိုရေးတဲ့ စာအုပ်တွေအများကြီးထွက်တယ်။ အဲဒီစာအုပ်တိုင်းမှာ ဟားဗတ်တက္ကသိုလ်ကနေ ကျောင်းပြီးအောင် မတက်ဘဲ ထွက်လာတယ်ဆိုတာ ချီးကျူးဂုဏ်ပြုရေးသားစရာ အချက်တွေဖြစ်နေတယ်။
ကွန်ပျူတာ Programming ဆိုတာ ဘေ ဂိတ်စ်အတွက် ဘ၀တစ်ခုဖြစ်လာတယ်။ ပေါလ် အယ်လန်နဲ့သူ BASIC ဆိုတဲ့ ပရိုဂရမ်ကို ကွန်ပျူတာဘာသာစကားတစ်ခုဖြစ်အောင် တီထွင်နိုင်ခဲ့ကြတယ်။ သူတို့ကြောင့် Altair 8800 ဆိုတဲ့ မိုက်ခရိုကွန်ပျူတာဟာ အသက်ဝင်လာတယ်လို့ ပြောနိုင်တယ်။ အဲဒီကတစ်ဆင့် ၁၉၇၅ ခုနှစ်မှာ Microsoft ဆိုတာ ပေါ်လာတယ်။
DOS (Disk Operating System) ကို တီထွင်နိုင်ခြင်းဟာ မိုက်ခရိုဆော့ဖ်ကို ကွန်ပျူတာ OS (operating system) ပိုင်းမှာ စိုးမိုးသွားစေနိုင်တဲ့ အချက်ဖြစ်ခဲ့တယ်။ DOS နောက်ပိုင်းမှာ MS Windows, MS Office တွေနဲ့ မိုက်ခရိုဆော့ဖ်ဟာ တစ်ခုပြီး တစ်ခု အောင်ပွဲတွေဆက်ခဲ့တယ်။ ဒီလိုနဲ့ မိုက်ခရိုဆော့ဖ်ဆိုတဲ့ အင်ပါယာကြီးကို ထူ ထောင်နိုင်ခဲ့တယ်။
မိုက်ခရိုဆော့ဖ်ဟာ ကွန်ပျူတာ operating system အပိုင်းမှာ စိုးမိုးလာတာနဲ့အမျှ သူ့လက်ဝါးကြီးအုပ်မှုအပေါ် အတိုက်အခံတွေလည်း အများကြီးပေါ်လာတယ်။ ရန်များလွန်းတာနဲ့ ဘေ ဂိတ်စ်လည်း မိုက်ခရိုဆော့ဖ်ရဲ့ အုပ်ချုပ်မှု အပိုင်းကနေ အနားယူပြီး အလှူအတန်းတွေနဲ့ လူမှုရေးလုပ်ငန်းတွေမှာပဲ မွေ့ပျော်နေတော့တယ်။
ဘေ ဂိတ်စ်ဟာ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ ထိပ်ဆုံးသုံးနေရာလောက်က အမြဲရပ်တည်နေခဲ့တယ်။ သူနဲ့ သူ့ဇနီးတို့ ထူထောင်ထားတဲ့ Bill & Melinda Gates Foundation ဟာ ကမ္ဘာမှာ ယနေ့တိုင် အလှူဒါန်းနိုင်ဆုံး၊ လူမှုရေးဆိုင်ရာ အကျိုးပြုလုပ်ငန်းတွေ အလုပ်နိုင်ဆုံး ဖောင်ဒေးရှင်းအဖြစ် ရပ်တည်နိုင်ခဲ့တယ်။

Akio Morita
 
နည်းပညာနဲ့ပတ်သက်ရင် လူတွေမေ့ ဖျောက်လို့မရနိုင်တဲ့ ကုမ္ပဏီတစ်ခုရှိပါတယ်။ Sony Corporation ဆိုတာပဲ ဖြစ်တယ်။ နည်းပညာလောကမှာ ထရန်စစ္စတာရေဒီယိုတွေနဲ့ စတင်ပြီး အသိအမှတ်ပြုခြင်းခံလာရတယ်။ နောက်ပိုင်း Walkman, Video Cassette recorder, Trinitron TV ကြီးတွေအထိ အဆင့်ဆင့်တီထွင်နိုင်မှုတွေကြောင့် ကမ္ဘာ့ အကြီးဆုံးနဲ့ အထင်ရှားဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်လာရတယ်။
အမေရိကန်မှာ စတိ ဂျော့ဟာ Apple နဲ့ ခေတ်တစ်ခေတ်ထူထောင် နိုင်ခဲ့သလို၊ ဂျပန်မှာလည်း မိုရီတာကို Sony နဲ့ အီလက်ထရောနစ်ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ခဲ့သူလို့ ပြောနိုင်တယ်။
မိုရီတာဟာ ၁၉၄၆ ခုနှစ် မေလမှာ တိုကျို Telecommunication Engineering Corporation ကို စတင် ထူထောင်ခဲ့တယ်။ အဲဒီအချိန်ဟာ ဂျပန်နိုင်ငံမှာ စစ်ဒဏ်ကို အလူးအလဲပြန်ခံနေရချိန်လို့ပြောရမယ်။
ခရီးဆောင်၊ အိတ်ဆောင် သီချင်းဖွင့်စက်တွေ တီထွင်တဲ့အထဲမှာ ဆိုနီရဲ့ Walkman ဆိုတာ ခေတ်အစောဆုံးလို့ ပြော ရမယ်။ iPod တွေကို စတိ ဂျော့က သူ့စိတ်ကူးကိုယူပြီး လိုက်ထုတ်ရာက အောင်မြင်လာတာလို့ ပြောနိုင်တယ်။ ဒီ သီချင်းဖွင့်စက်လေးတွေကိုလည်း မိုရီတာက သူ လေကြောင်းနဲ့ ခရီးရှည်ကြီးတွေထွက်စဉ်မှာ သီချင်းနားထောင် ချင်တာနဲ့ တီထွင်ခဲ့တာလို့ ဆိုပါတယ်။
မိုရီတာဟာ ဂျပန်မှာတော့ တစ်ခုတည်းသော အီလက်ထရောနစ်ကမ္ဘာနဲ့ စိုးမိုးထားသူလို့ ပြောနိုင်တယ်။ သူ့အလှမ်း ကျယ်မှုကြောင့် အမေရိကမှာလည်း ဆိုနီရဲ့ ဩဇာတွေ အများကြီးလွှမ်းမိုးထားနိုင်ခဲ့တယ်။
ဒီနေ့ဆိုရင် ဆိုနီကုမ္ပဏီကြီးဟာ Vaio, PlayStation, Cyber-shot, Bravia, Xperia ဆိုတဲ့ အမည်ပေါက် တီထွင်မှုတွေနဲ့ လွှမ်းမိုးထားနိုင်ပါပြီ။ ပြောင်မြောက်တဲ့စိတ်ကူး၊ တီထွင်မှုအသစ်အဆန်းတွေနဲ့ အရည်အသွေးတွေ ကြောင့် ယနေ့တိုင် နာမည်တစ်လုံးနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Sir Timothy Berners-Lee
 
တင်မ် ဘာနာလီး တီထွင်ခဲ့တာ ယနေ့လူတိုင်းအတွက် မရှိမဖြစ် အရေးပါနေပေမယ့် သူ့ကိုတော့ လူသိနည်းပါတယ်။ သူ့မူလ အလုပ်က CERN (European Organization for Nuclear Research) မှာ လုပ်ခဲ့တယ်။ သိုသိပ် လျှို့ဝှက်တဲ့အဖွဲ့လည်းဖြစ်ပြီး၊ သူတီထွင်ခဲ့တာကို အစောပိုင်းမှာ မထုတ်ဖော်ခဲ့တာကြောင့် သူ့ကို လူသိနည်းခဲ့တယ်။
တင်မ်ဟာ ကွန်ပျူတာပရိုဂရမ်တစ်ခုရေးဖို့ စိတ်ကူးရခဲ့တယ်။ အဲဒီ ပရိုဂရမ်က CERN မှာ လုပ်ကိုင်နေတဲ့ လူ ၁၀၀၀၀ လောက် တစ်ပြိုင်တည်း ဆက်သွယ်နိုင်မယ့် နည်းလမ်းဖြစ်တယ်။
၁၉၈၀ ပြည့်နှစ်မှာ တင်မ်ဟာ ENQUIRE ဆိုတဲ့ပရိုဂရမ်ကို စတင်ဖော်ထုတ်နိုင်ခဲ့တယ်။ အဲဒီစနစ်ဟာ ယနေ့ လူသိများတဲ့ WWW ((World Wide Web) ရဲ့ ရှေ့ပြေးအစီအစဉ်တစ်ခုဖြစ်တယ်။
နောက် ၁၀ နှစ်အကြာမှာ TCP (Transmission Control Protocol) နဲ့ Domain name စနစ်အတိုင်း ကွန်ပျူတာက တစ်ဆင့် စာတွေ ပေးပို့ဖြန့်ချိနိုင်တဲ့ (ယနေ့အင်တာနက်ပုံစံ) ကို အောင်မြင်စွာ တီထွင်နိုင်ခဲ့တယ်။ ယနေ့ Web လို့ လူသိ များတယ်။
မူလ CERN ဌာနအတွင်း သုံးနိုင်ဖို့ စနစ်ကနေ ကမ္ဘာသိ၊ ကမ္ဘာသုံး အင်တာနက် စနစ်ကြီးဖြစ်လာပြီး သူကိုလည်း Sir ဘွဲ့နဲ့ ချီးမြှင့်ခဲ့တယ်။ သူ့ကို ၂၀၀၄ ခုနှစ်မှာ ဘုရင်မကြီး ဒုတိယမြောက် အဲလီဇဘက်ကိုယ်တိုင် သူကောင်းပြုဘွဲ့ကို ချီးမြှောက်ခဲ့တယ်။ တင်မ်ဟာ အောက်စ်ဖို့ဒ်၊ ကွင်းကောလိပ်က ကျောင်းသားဟောင်းတစ်ယောက် ဖြစ်ပါတယ်။

Sergey Brin and Larry Page
 
အလွန်တော်တဲ့ ပရိုဂရမ်မာနှစ်ယောက်ဖြစ်ပါတယ်။ သူတို့နှစ်ယောက် စတန်းဖို့ဒ် တက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက်တက်ဖို့လာရင်းတွေ့ကြတာ။ အဲဒီကတည်းက search engine လို့ခေါ်တဲ့ အင်တာနက်မှာ မရှိမဖြစ် စနစ် တစ်ခုကို တည်ဆောက်ဖို့ စိတ်ကူးရခဲ့ကြတယ်။ အင်တာနက်မှာ ပိုပြီးတော့ အထောက်အကူဖြစ်စေနိုင်ပြီး လူတိုင်း အတွက် အသုံးအတည့်ဆုံးစနစ်တစ်ခုလည်း ဖြစ်လာစေဖို့ သူတို့စတင်ကြံဆောင်ခဲ့ကြတယ်။
ဆာဂေး ဘရင်းက စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ ကွန်ပျူတာစနစ်မှာ အကန့်အသတ်တွေကို တွန်းလှန်နေချင်တယ်။ အဲဒီ စိတ်ကူးဟာ Google ဆိုတဲ့ကုမ္ပဏီကြီးကို စတင် အခြေတည်စေခဲ့တဲ့ စိတ်ကူးတစ်ခုဖြစ်ခဲ့တယ်။
သူတို့စိတ်ကူးအတွက် အထောက်အပံ့ ပေးခဲ့တဲ့ ကုမ္ပဏီကြီးကတော့ Sun Microsystem ဖြစ်တယ်။ ဒေါ်လာ တစ်သန်း မတည်ပေးပြီးတော့ တီထွင်မှုကို အားပေးခဲ့တယ်။
သူတို့နှစ်ယောက်စိတ်ကူးဟာ မကြာခင် ပုံနှိပ်စက်ကိုတီထွင်ခဲ့တဲ့ ဂူတင်ဘတ်ပြီးရင် အရေးအပါဆုံးတီထွင်မှုတစ်ခုဖြစ် လာခဲ့တယ်။
အင်တာနက်ပေါ်မှာ လိုချင်တာ၊ သိချင်တာကို ရှာဖွေချင်ရင် Google နဲ့ ကင်းနိုင်တာမရှိပါဘူး။ လာရီ ပေ့ဂ်ျက PageRank ဆိုတာကို တီထွင်တယ်။ Google ကိုရောက်လာတဲ့ အဖျက်အမှောင့်တွေကို စောင့်ကြည့် ဖျက်စီးပေးတယ်။ နောက်ပိုင်းတရုတ်ပြည်က ဆင်ဆာကိစ္စတွေများတာကြောင့် အငြင်းပွားပြီး တရုတ်ပြည်အတွက် Google ကို ရပ်နားခဲ့တဲ့အထိ ဖြစ်ခဲ့တယ်။ နောက်ပိုင်း ဒီမိုကရေစီထောက်ခံရေးလှုပ်ရှားမှုတွေမှာ Google ဟာပိုပြီး ဂုဏ်တက်လာခဲ့တယ်။

Mark Zuckerberg
 
သူ့အကြောင်းတွေကို မီဒီယာကနေ အမျိုးမျိုးဖော်ထုတ် ချီးကျူးကြတယ်။ ပရိုဂရမ်မာတွေထဲမှာ စိတ်ကူးကောင်းတဲ့ ပရိုဂရမ်မာတစ်ယောက်လို့ ပြောရမယ်။ လူမှုရေးကွန်ရက်ကြီးတစ်ခုဖြစ်တဲ့ Facebook ဟာ သူ့ကြောင့် ပေါ်ပေါက် လာတာလို့ ပြောနိုင်တယ်။ ယခုဆိုရင် သူ့ Facebook ကို ကမ္ဘာတစ်ဝန်းလုံးမှာ သုံးစွဲသူပေါင်း ၈၄၅ သန်း တောင်ရှိနေပါပြီ။
Facebook ဟာ အင်တာနက်လောကကြီးတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တဲ့ လူမှုရေးကွန်ရက်ကြီးတစ်ခုလို့ ပြောနိုင် တယ်။ အစပိုင်းမှာ ကျောင်းသားတွေ အချင်းချင်း အပြန်အလှန်ပြောဆိုဆွေးနွေးနိုင်မယ့် Forum သဘောကနေ၊ နောက်ပိုင်း အားလုံးဆုံတွေ့ရာ စုရပ်တစ်ခုလိုဖြစ်လာတယ်။
အမှန်တော့ Facebook ဟာ အီးမေးလ်စနစ်ကို တိုက်ဖျက်ပစ်ဖို့ ပေါ်လာတဲ့ ဆက်သွယ်ရေးစနစ်လို့လည်း ခေါ်နိုင်တယ်။ ယနေ့တိုင် Facebook နဲ့ နောက်ကွယ်ကရှိနေတဲ့ ဇူကာဘတ်ကိုယ်တိုင် ပဟေဠိလိုဖြစ်နေတယ်။ မယုံရဲ ယုံရဲနဲ့ပဲ Facebook ကို သုံးစွဲသူတွေကလည်း များလာတယ်။ ဇူကာဘတ်ဆိုတာ ဘာလဲ၊ ဘာတွေဆက်လုပ်မလဲ၊ Facebook ကြောင့် ဘာတွေဖြစ်လာမလဲ ယနေ့တိုင် အဖြေရှာနေကြဆဲပဲ။

Jimmy Wales
 
ဂျင်မီ ဝေးလ်ဟာ လာရီဆန်းဂါးဆိုသူနဲ့ အတူ ဝီကီပီးဒီးယား (Wikipedia) ကို ထူထောင်ခဲ့တယ်။ ပရောဂျက်တွေကို ပြီးဆုံးအောင်မလုပ်နိုင်ကြလို့ အခက်တွေ့နေကြတဲ့ ကျောင်းသားတွေအတွက် ကယ်တင်ရှင် site ကြီးတစ်ခုလို့ ပြောရင် မမှားဘူး။ ဝီကီပီးဒီးယားဆိုတာ သုတရတနာသိုက်ကြီးလို့ ပြောရင်လည်း မမှားဘူး။ ယနေ့ခေတ်မှာ စွယ်စုံ ကျမ်းကြီးတွေကို မျိုးသုဉ်းအောင် လုပ်နိုင်ခဲ့တဲ့ လူတိုင်းအတွက် လွတ်လပ်စွာ အခမဲ့ဖွင့်ပေးထားတဲ့ သုတ ဘဏ်တိုက်ကြီးလို့လည်း ပြောနိုင်တယ်။ ကမ္ဘာတစ်ဝန်းလုံး ဒီ site ထဲဝင်ပြီးတော့ ဖတ်မှတ်လေ့လာ နေသူပေါင်း ၃၆၅ သန်းလောက်ရှိတယ်။
၁၉၉၀ လောက်ကတည်းက ဝေးလ်ဟာ Bomis ဆိုတာကို စတင်လုပ်နေပြီ။ လူကြီးလူကောင်းတွေဖတ်စာလို့ ခေါ်ရမယ့် စာတွေကို အင်တာနက်ပေါ်ကို တင်ထားပေးတယ်။ လူသိနည်းခဲ့တယ်။ ဒါနဲ့ သူ့ရဲ့ search engine ကို အွန်လိုင်းစွယ်စုံကျမ်းလိုင်းကိုပြောင်းဖို့ စိတ်ကူးရသွားတယ်။
ဒီလိုနဲ့ Nupedia ဆိုတာကို စတင်မွေးဖွားခဲ့တယ်။ လာရီ ဆန်းဂါးက ဝေးလ်ဖြစ်ချင်တဲ့ စိတ်ကူးကို လူတိုင်းပါဝင်၊ လူတိုင်းဝင်ရေး၊ လူတိုင်း ဖတ်နိုင်တဲ့ အနေအထား ရောက်အောင် အကောင်အထည်ဖော်ပေးခဲ့တယ်။ ဒီလိုနဲ့ ဝီကီပီးဒီးယားဆိုတာ ဖြစ်လာခဲ့တယ်။ လူတိုင်းအခမဲ့ သိချင်တာရှာ၊ ယူချင်တာယူ၊ ပေးချင်တာပေးနိုင်တဲ့ site တစ်ခုအဖြစ် အောင်မြင်နေပါတယ်။

Linus Torvalds
 
ကမ္ဘာပေါ်မှာ အဓိက ငြခမသျသ်အ နဲ့ ဗစစူန ရဲ့ ဆော့ဖ်ဝဲတွေကပဲ လက်ဝါးကြီးအုပ် စိုးမိုးနေချိန်မှာ ဖင်လန်-အမေရိကန်ဆော့ဖ်ဝဲ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ လိုင်းနပ်စ် တော်ဗဲလ်ဆိုသူတစ်ယောက်က ပြုပြင်ပြောင်းလဲမှု တစ်ခုကို လုပ်လိုက်ပါတယ်။ သူတီထွင် လိုက်တဲ့ Linux ဆိုတဲ့ ဆော့ဖ်ဝဲဟာ အခမဲ့လည်းရ၊ အသုံးလည်းတည့်၊ စိတ်ချလုံခြုံမှုလည်း အပြည့်ရှိတဲ့ လေးစားစရာ open source ဆော့ဖ်ဝဲတစ်ခုဖြစ်လာပါတယ်။
Linux ကို လူတိုင်းအသုံးတည့်လာပေမယ့် တော်ဗဲလ်ကတော့ ဒီဆော့ဖ်ဝဲကို မတော်တဆ တွေ့ရှိခဲ့တယ်လို့ ပြောတယ်။ သူ့ Linux မှာ BitKeeper ကို ထိန်းချုပ်ဖို့အတွက် အသုံးပြုထားကြောင်း စွပ်စွဲချက်တွေထွက်လာတယ်။ ဒါနဲ့ တော်ဗဲလ်လည်း Git ဆိုတာကိုတီထွင်ပြီးသူ့ open source ကို ခိုင်မာအောင်လုပ်တယ်။
Open source ဆိုတာ အခမဲ့လည်းရ တီထွင်သူပရိုဂရမ်မာတွေအတွက်လည်း အသုံးတည့်၊ လုပ်ငန်းကြီးတွေ အတွက်ပါ အနှောင်အဖွဲ့ကင်းရှင်းစွာ သုံးနိုင်ကြလို့ စိတ်ဝင်စားပြီး အထွဋ်အထိပ်ကိုရောက်လာခဲ့တယ်။ ယနေ့ Linux ကို စူပါကွန်ပျူတာကြီးတွေမှာတောင် စိတ်ချရတယ်ဆိုပြီး သုံးစွဲနေကြတယ်။ ဆဲလ်ဖုန်းတွေမှာကအစ open source ဆိုတာ နှစ်သက်စရာဖြစ်လာစေတယ်။

Jeffery Bezos
 
ဂျက်ဖ် ဘီဇို့စ်ဟာ ကမ္ဘာ့စီးပွားပျက်ကပ်ဆိုက်နေချိန်မှာ Amazon.com ဆိုတဲ့ အင်တာနက်ကနေ ဈေးဝယ်စနစ်ကို စတင်ဖော်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဘီဇို့စ်ဟာ ကွန်ပျူတာသိပ္ပံနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ ကျောင်းသား တစ်ယောက်ဖြစ်ခဲ့တယ်။ ပရင့်စ်တန်တက္ကသိုလ်ကျောင်းထွက်ပါ။
သူဟာ နိုင်ငံတကာကုန်သွယ်မှုမှာလည်း ကျွမ်းကျင်တာကြောင့် Amazon.com ကို စိတ်ကူးရခဲ့တာဖြစ်တယ်။ မူလက အွန်လိုင်းကနေ စာအုပ်တွေရောင်းဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်း သီချင်း၊ အီလက်ထရောနစ်ပစ္စည်း၊ ဆော့ဖ်ဝဲ၊ ဗီဒီယိုဂိမ်း၊ အဝတ်အထည်၊ အိမ်တွင်းအဆင်အပြင်၊ အစားအစာနဲ့ ကစားစရာတွေအထိ တစ်လိုင်းထဲမှာ အစုံ ဝယ်ယူလေ့လာနိုင်တဲ့ site ကြီးဖြစ်သွားတယ်။ မိုက်ခရိုမန်နေဂျာလေးကနေ သမိုင်းဝင်မန်နေဂျာကြီးဖြစ်သွားခဲ့တယ်။

Shigeru Miyamoto
 
မီယာမိုတိုဟာ ဗီဒီယိုဂိမ်းတီထွင်သူတစ်ယောက်အနေနဲ့ အောင်မြင်ကျော်ကြားသူလည်းဖြစ်တယ်။ သူတီထွင်ခဲ့တဲ့ Mario, Donkey Kong, The Legend of Zelda, Star Fox, F-Zero, Pikmin ဆိုတဲ့ဂိမ်းတွေဟာ ကမ္ဘာကျော် တွေလို့ ပြောနိုင်တယ်။
သူဟာ ကလေးဘ၀ကတည်းက ကျိုတိုမြို့ ဆင်ခြေဖုံး ဆိုနိုဘီရပ်ကွက်မှာ ကြီးပြင်းခဲ့ရတယ်။ သူ့ ဂိမ်းဇာတ် ကောင်လေးတွေဟာ ဒစ်စနေးကာတွန်းဇာတ်ကောင်လေးတွေလို ဖန်တီးထားတာများတယ်။ ဥပမာ မာရီယိုဆိုတဲ့ ဇာတ်ကောင်ဆိုရင် ကျေးလက်သူရဲကောင်းတစ်ယောက်ပါ။ မင်းသမီးကို သွားကယ်ရတယ်။ ဂိမ်းကစား သူတိုင်းကို ဆွဲဆောင်စေခဲ့တယ်။
ခုထိ Nintendo ကုမ္ပဏီမှာ မန်နေဂျင်းဒါရိုက်တာ တစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်နေ တယ်။ ဒီဂိမ်းတွေဟာ သူ့ရဲ့ စိတ်ရောကိုယ်ပါ စွမ်းဆောင်ချက်တွေကြောင့် ပေါ်ပေါက်လာတာလို့ပြောနိုင်တယ်။

Michael Dell
 
ပွဲတွေကို ရှောင်လေ့ရှိတဲ့ မိုက်ကယ် ဒဲလ်ဟာ သေးသေးလေးနဲ့ ဘ၀ကို စတင်ခဲ့တယ်။ ကွန်ပျူတာပစ္စည်းလေးတွေကို စတင်ရောင်းရာကနေ အလုပ်စလုပ်ခဲ့တယ်။ သူ့ အသက် ၁၅ နှစ်သားမှာ ပထမဦးဆုံး ကွန်ပျူတာထုတ်ဖို့ စိတ်ကူး ရခဲ့တယ်။
ဒါကြောင့် ကွန်ပျူတာတစ်လုံးကို အစအဆုံး ပြန်ပြီးဖျက်ကြည့်တယ်။ ကွန်ပျူတာကို အဲဒီအချိန်က ရောင်းကြတာ ကြားခံအရောင်းသမားတွေကတစ်ဆင့်ဖြစ်နေတယ်။ ဒါကြောင့် သူက ကုမ္ပဏီမှာ ကွန်ပျူတာကို တိုက်ရိုက်ဝယ်ယူနိုင်တဲ့စနစ်ကို စတင်တီထွင်ခဲ့တယ်။
၁၉၈၄ ခုနှစ်မှာ သူ့စိတ်ကူးကို အကောင်အထည်ဖော်တဲ့အနေနဲ့ Dell Computer Corporation ကိုစတင်ထူထောင် နိုင်ခဲ့တယ်။ သူ့ကုမ္ပဏီဟာ Fortune 500 မှာ ပါဝင်လာခဲ့တယ်။ အသက် ၂၇ နှစ်မှာ လူငယ် CEO တစ်ယောက်ဖြစ်လာတယ်။ ၁၉၉၉ ခုနှစ်မှာ Michael and Susan Dell ဖောင်ဒေးရှင်းကို ထူထောင်ခဲ့တယ်။ ကလေး တွေအတွက်ဘ၀ဖူလုံရေး အထောက်အပံ့ အများဆုံးပေးနေတဲ့ ဖောင်ဒေးရှင်းကြီးတစ်ခုလည်းဖြစ်တယ်။

Lawrence Ellison
 
လာရီလို့ လူသိများတဲ့ လောရင့်စ် အယ်လီဆန်ဟာ Oracle Corporation ကို ထူထောင်သူနဲ့ CEO တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူ ကွန်ပျူတာဒီဇိုင်းပညာရှင်လို့ပြောတဲ့ ချီကာဂိုတက္ကသိုလ် ကျောင်းထွက် တစ်ယောက်ဖြစ်တယ်။ Ampex Corporation မှာ စတင်အလုပ်လုပ်တယ်။ စီအိုင်အေအဖွဲ့ အတွက် “Oracle” လို့ခေါ်တဲ့ database စနစ်တစ်ခုကို စတင်လုပ်ဆောင်ခဲ့တယ်။ စီးပွားရေးလုပ်ငန်းသုံးစနစ်တွေကိုလည်း အများကြီး တီထွင်ခဲ့တယ်။
၁၉၈၀ ပြည့်နှစ်မှာ IBM က သူ့ Oracle ကို မိန်းဖရိန်ကွန်ပျူတာကြီးတွေမှာ စတင်သုံးခဲ့တာကအစ သူ့ကို လူသိများလာတယ်။ သူလည်း Oracle ဆိုတဲ့ ကုမ္ပဏီကြီးကို ထူထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့တယ်။ Oracle စနစ်ကို ကုမ္ပဏီကြီးတွေနဲ့ လုပ်ငန်းကြီးတွေမှာ သုံးကြတယ်။ ချမ်းသာပြီး ကိုယ်ပိုင်လေယာဉ်ပျံ၊ အကောင်းဆုံး ဇိမ်ခံကားတွေ စီးတတ်တာကြောင့် နာမည်ကျော်တယ်။
အခုပြောခဲ့တဲ့ ထင်ရှားသူတွေ အားလုံးမှာ တူညီတာတစ်ခုက ဘာလုပ်လုပ် “စိတ်အားထက်သန်စွာလုပ်” ဆိုတာပါ။ သေးသေးလေးပဲလုပ်လုပ် အားနဲ့ မာန်နဲ့ လုပ်တတ်ကြတာဟာ သူတို့ဘ၀အတွက် အောင်မြင်မှုတွေရရှိစေခဲ့ပါတယ်။ သူတို့မှာ ပညာတစ်ပိုင်းတစ်စနဲ့ ကျောင်းတွေထွက်ပြီး လုပ်ငန်းတွေ လုပ်ဆောင်ကြပေမယ့် အောင်မြင်ခဲ့တာကြောင့် အစဉ်အလာ ပညာရေးဆိုတာ သူတို့အတွက် အဓိကမကျဘူးဆိုတာလည်း သက်သေပြနေတယ်။
ဘာပြောပြော သူတို့ရဲ့ တော်လှန်ပြီး ပြုပြင်ပြောင်းလဲချင်တဲ့စိတ်ဓာတ်တွေက အစဉ်အလာကမ္ဘာကြီးကို ပြန်လည်ဖန်တီးနိုင်ခဲ့ တယ်ဆိုတာတော့ ထင်ရှားတယ်။
တင်ညွန့်

Tuesday, March 13, 2012

အွန်လိုင်း ဗီဒီယိုသင်ကြားရေးကို လှုံဆော်ပေးနေသူ ဆလ်မန် ခန်



တကမ္ဘာလုံးက ကျောင်းသားတွေကို အွန်လိုင်းကနေ အခမဲ့ ပညာသင်ပေးနေတဲ့ ဆရာလေး ဆလ်မန် ခန် (Salman Khan) ကို သင် သိပါသလား။ ခန် ကို မကြားဖူးဘူး ဆိုရင်တော့ သင့် အနေနဲ့ ခေတ်သစ်ပညာရေးနဲ့ ဝေးနေပြီး၊ သင့် သားသမီးတွေလည်း ပညာသင်ယူရာမှာ ခက်ခဲမှု အချို့ရှိနေဦးမည်ဆိုတာ သေချာသည်။
ဆလ်မန် ခန်က မက်ဆာချူးဆက် နည်းပညာတက္ကသိုလ် (MIT)နှင့် ဟားဗတ်တက္ကသိုလ်တို့ကနေ ဘွဲ့လေးခု ရထားသည်။ တကမ္ဘာလုံးက ကျောင်းသားတွေကို ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသူ ဖြစ်သည်။ ခန် ကို အမေရိကန်ပြည်ထောင်စု နယူးအော်လန်ဇ်မြို့မှာ မွေးဖွားသည်။ မိခင်က အိန္ဒိယသူဖြစ်ပြီး၊ ဖခင်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ဖြစ်သည်။
ငွေကြေးဈေးကွက်မှာ မန်နေဂျာအလုပ်လုပ်နေရင်း၊ တခြားပြည်နယ်မှာရှိတဲ့ သူ့ညီဝမ်းကွဲကို အွန်လိုင်းကနေ Youtube ဗီဒီယို အသုံးပြုပြီး သင်္ချာ စတင်သင်ပေးခဲ့သည်။ အဲဒီ နေ့စဉ် အွန်လိုင်းသင်ကြားမှုကို အခြား ကျောင်းသားတွေပါ စိတ်ဝင်စားလာပြီး သူတို့ သင်္ခန်းစာတွေပါ သင်ကြားပေးဖို့ တောင်းဆိုလာခဲ့ကြသည်။
နောက်ပိုင်းမှာ Khan Academy အွန်လိုင်း သင်ကြားရေး ၀ဘ်ဆိုဒ်ကို ဖွင့်ခဲ့ပြီး အက္ခရာသင်္ချာ၊ ကွန်ပျူတာသိပ္ပံ၊ ဘောဂဗေဒ၊ နက္ခတ္တ၊ ကဲကုလ ကနေ အနုပညာနှင့် သမိုင်းအထိ ဘာသာရပ် သင်္ခန်းစာ ဗီဒီယို ၂၇၀၀ ကျော်ကို သူ့ ၀ဘ်ဆိုဒ်မှာ တင်ထားသည်။ သင်္ခန်းစာအားလုံးကို လက်ရှိအချိန်ထိ သူတစ်ဦးထဲ ရှင်းပြထားတာဖြစ်ပေမဲ့၊ နောက်ပိုင်း အခြားဘာသာစကားတွေနဲ့ပါ သင်ကြားရေး အစီအစဉ်တွေ ရေးဆွဲနေတာကြောင့် ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာတွေ ခန့်ထားသည်။
အမေရိကန်ပြည်ထောင်စုရှိ ကျောင်းပေါင်း ၁၀၀ ကျော်က Khan Academy မှ ဗီဒီယို သင်ခန်းစာတွေကို ယူပြီး သူတို့ စာသင်ခန်းတွေမှာ အသုံးပြုကြသည်။ နောက် ကျောင်းသားတွေက သူတို့ အိမ်သင်ခန်းစာတွေကို ခန်ရဲ့ ဗီဒီယိုတွေ အကူအညီတွေယူပြီး ဖြေရှင်းကြသည်။ Khan Academy ကြောင့် အမေရိကန် သင်ကြားရေးပုံစံတွေပါ ပြောင်းလဲမှုတွေ ရှိလာသည်။
အွန်လိုင်းသင်ကြားရေးက Khan Academy တွင်သာမက၊ အမေရိကန် ထိပ်တန်း ကော်လိပ်တွေနဲ့ တက္ကသိုလ်တွေမှာ အောင်မြင်လာသည်။ ခန် ပညာသင်ယူခဲ့တဲ့ MIT တက္ကသိုလ်ဆိုရင် အင်တာနက်ကနေ ဘာသာရပ် ၂၀၀၀ ကျော် သင်ကြားပေးနေသည်။ ဟားဗတ်၊ ယေးလ်၊ ဘာကလေ၊ ဂျွန်စ် ဟော့ပ်ကင်း တက္ကသိုလ်တို့လို လူကုံထန် တက္ကသိုလ် ကြီးတွေကလည်း အခမဲ့ အွန်လိုင်း ပညာရေးတွေ ဖွင့်လာကြသည်။
စတန်းဖို့တက္ကသိုလ်က မနှစ်က ဩဂုတ်လမှာ စဖွင့်တဲ့ စီမံခန့်ခွဲမှု သင်တန်းဆိုရင် တစ်ပတ်အတွင်း လူ ၇ သောင်းကျော် စာရင်းပေးသွင်းခဲ့သည်။ အဲဒီက ပါမောက္ခနှစ်ဦးက သူတို့ ဆလ်မန် ခန်ရဲ့ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ကဲကုလသင်္ချာ အွန်လိုင်း ဗီဒီယို သင်ကြားနည်းတွေကို အတုယူရကြောင်း ၀န်ခံပြောခဲ့သည်။ တစ်နည်းအားဖြင့် ဆလ်မန် ခန် က အမေရိကမှာ အခမဲ့ အွန်လိုင်း ပညာရေးစနစ်ကို လှုံ့ဆော်ပေးနေသည်ဟုပင် ဆိုကြသည်။
ဆလန်မန် ခန် ရဲ့ အခမဲ့ ပညာသင်ကြားရေး စိတ်ဓာတ်က သံမဏိသူဌေးကြီး အင်ဒရူး ကာနေဂီ ကို ပြန်အမှတ်ရစရာ ဖြစ်လာသည်။ ကာနေဂီ က ၁၈၈၆ နဲ့ ၁၉၁၉ ခုနှစ် ကြား အမေရိကန်ပြည်ထောင်စုအနှံမှာ အများပြည်သူသုံး စာကြည့်တိုက်ပေါင်း ၁၆၇၉ ခု တည်ထောင်ခဲ့သည်။ ကာနေဂီ က စကော့တလန်က ဆင်းရဲတဲ့ ယက်ကန်းသမားရဲ့ သားဖြစ်ပြီး ကောလိပ်ရောက်ဖူးသူမဟုတ်ပေမဲ့၊ သူ့ချမ်းသာကြွယ်ဝမှုကို ပညာရေးလုပ်ငန်းတွေထဲ ပုံအောလှူဒါန်းခဲ့သည်။ လူထုကို အခမဲ့ ပညာဆည်းပူးနိုင်အောင် ဖန်တီးခဲ့သူ ဖြစ်သည်။
ယခု ဆလန်မန် ကလည်း အွန်လိုင်းကနေ ဘာသာရပ်ပေါင်းစုံကို လူတိုင်း ဆည်းပူးနိုင်အောင် သူ့ရဲ့ Khan Academy မှ ပို့ချပေးရင်း၊ အခြား တက္ကသိုလ်ကြီးတွေပါ အခမဲ့ အွန်လိုင်းသင်ကြားလာအောင် လှုံ့ဆော်စည်းရုံးလျက် ရှိသည်။

Monday, March 12, 2012

အသွင်ပြောင်းကျောင်း



ဂရက်ဂ်ျ ဂရင်းသည် မစ်ချီဂန်ပြည်နယ်၊ ကလင်တန်မြို့၊ ကလင်တန်ဒေးလ်အထက်တန်းကျောင်းမှ ကျောင်းအုပ် ဆရာကြီးတစ်ယောက်ဖြစ်သည်။ CNN blog post ထဲတွင် သူက “အသွင်ပြောင်းကျောင်းဖြင့် ကျောင်းသားတိုင်း အောင်မြင်ရေး” ဆိုသည့်ဆောင်းပါးကို သူ့အမြင်ကဏ္ဍအနေဖြင့် ရေးသားခဲ့သည်။
ထိုဆောင်းပါးအပေါ် ဝေဖန်ချက် ၅၀၀ ခန့်နှင့် ဆိုရှယ်မီဒီယာသို့ ထောင်နှင့်ချီပြီး ရှယ်ယာလုပ်ခြင်းခံရသည်။ ဂရင်းက သူ့အားမေးထားသည့် မေးခွန်း များကို ပြန်လည်ဖြေကြားထားခြင်းဖြစ်သည်။ ဤနေရာတွင် အသွင်ပြောင်းကျောင်းဆိုသည်မှာ (flipped school) ကို ဆိုလိုခြင်းဖြစ်ပါသည်။
ဆရာက အသွင်ပြောင်းကျောင်းအကြောင်းမှာ ဆရာတွေနေရာကို ဗီဒီယိုတွေနဲ့ အစားထိုးတော့မယ်လို့ ပြောထားတယ်။ အသွင်ပြောင်းကျောင်းတွေမှာ ဆရာတွေအစား ဗီဒီယိုတွေနဲ့ အစားထိုးပြီး စောင့်ကြည့် မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
အသွင်ပြောင်းကျောင်းနဲ့ ပတ်သက်ပြီး အများကြီး ဝိုင်းဝေဖန်ကြပါတယ်။ ဆရာတွေနေရာမှာ ဗီဒီယိုတွေနဲ့ အစားထိုး တော့မယ်ဆိုတာကို မေးခွန်းတွေလည်း ထုတ်လာကြတယ်။ အသွင်ပြောင်းကျောင်းဆိုကတည်းက အစဉ်အလာ ကျောင်းမဟုတ်ဘူးလေ။ ဆရာတွေရဲ့ အခန်းကဏ္ဍဆိုတာ သူတို့အပေါ်မှာတည်တယ်။
အတန်းချိန်အတွင်းမှာ စာသင်စရာကို မလိုတော့ဘူး။  ကျောင်းသားတွေကို ဘာတွေလိုအပ်နေသလဲ၊ ဘာတွေလုပ်ပေးရမလဲဆိုတာပဲ စိတ် ထဲထည့်ထားရမှာ။ သင်ကြားဖို့မဟုတ်ဘူး။ သင်ယူဖို့ အဆင်ပြေ အချောမွေ့ဆုံးဖြစ်အောင် ကြံဆောင်နေရမှာ။ တစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်အောင် စီစဉ်ရမှာပါ။
သင်ကြားခြင်းဆိုတာကို လူတွေက ဘက်စုံကျွမ်းကျင်တတ်မြောက်သွားခြင်းလို့ နားလည်ထားကြတာ။ တစ်နည်း ပြောရရင်  နယ်ပယ်တစ်ရပ်ရပ်မှာ ကျွမ်းကျင်စွာတတ်မြောက်သွားစေရန် ဆောင်ရွက်ပေးခြင်းလို့ နားလည်ထား ကြတယ်။ ဆရာဆိုတာက အများထက်ပိုပြီး အဲဒီအကြောင်းအရာ တစ်ခုခု၊ ဘာသာရပ်တစ်ခုခုမှာ သူများတွေထက် ပိုပြီးကျွမ်းကျင်သူတွေလို့လည်း သတ်မှတ်ထားကြတယ်။
ဆရာတစ်ယောက်ကို တစ်လိုင်းသွား အနေနဲ့ သတ်မှတ်ထားတာ မမှန်ကန်ဘူး။  သင်္ချာဆရာတစ်ယောက်ဖြစ်ပေမယ့် သမိုင်းထဲက ပြည်တွင်းစစ်အကြောင်း စိတ်ဝင်စားချင်ရင်လည်း စိတ်ဝင်စားနေလိမ့်မယ်။ သူ စိတ်ဝင်စားတာကို အားလပ်ချိန်မှာ လေ့လာကောင်းလေ့လာမယ်ပေါ့။
သူစိတ်ဝင်စားပြီး လေ့လာခဲ့တဲ့ ပြည်တွင်းစစ်အကြောင်းကို ဗီဒီယို ရုပ်သံကတစ်ဆင့် မှတ်တမ်းတင်ထားပြီး သင်ခန်းစာအဖြစ် သူ့အမြင်တွေကို ပို့ချလို့ မရနိုင်ဘူးလား။
သင်္ချာသင်တယ်ဆိုတာချင်းအတူတူ ဆရာတစ်ယောက်က ကဲကုလသင်္ချာမှာ ကျွမ်းကျင်မယ်၊ အခြားဆရာ တစ်ယောက်က ဂျီဩမေတြီမှာ ကျွမ်းကျင်ကောင်း ကျွမ်းကျင်လိမ့်မယ်။ ဒါဆိုရင် ဆရာတစ်ယောက်ရဲ့ အမြင်နဲ့ အသင်တွေကို အခြားဆရာတစ်ယောက်ရဲ့ အမြင်အသင်တွေနဲ့ လဲလှယ်ပြီး မသိစေသင့်ဘူးလား။ ဒီလို အပြန်အလှန် သင်ကြားပို့ချချက်တွေကို တစ်ပတ်မှာ ၇ ရက်၊ တစ်ရက်မှာ ၂၄ နာရီလုံးလုံး ကြိုက်တဲ့အချိန်မှာ လေ့လာ သင်ယူနိုင်တယ်ဆိုရင် ပိုကောင်းတာပေါ့။ ကျောင်းသားတွေပဲမဟုတ်ပါဘူး။ မိဘတွေရော၊ သင်ယူချင်သူတိုင်းပါ အွန်လိုင်းပညာရေးဟာ အသင့်လျော်ဆုံးဖြစ် မယ်ထင်ပါတယ်။

ဆရာတို့ပြောတဲ့ အသွင်ပြောင်းကျောင်းပုံစံက အစဉ်အလာကျောင်းပုံစံကို ဘယ်လိုများ ပြောင်းလဲပစ်မှာလဲ
အစဉ်အလာကျောင်းဆိုတာတွေမှာ ကျွန်တော်တို့ကျောင်းသားတွေ ကျောင်းပြင်ပထွက်ရဖို့ အတော်လေး ခက်ခဲကြတယ်။ အိမ်စာတွေပေးလိုက်ရင်လည်း သူတို့မှာ မလုပ်လာရတဲ့ ဆင်ခြေတွေအများကြီး ပေးလိမ့်မယ်။
အထူးသဖြင့် ကျောင်းပြန်ရင် အလုပ်ခွင်ဝင်နေရလို့ဆိုတာတွေ၊ မိဘတွေ ပြန်မရောက်သေးလို့ ကလေးဝိုင်းထိန်းနေရ တယ်ဆိုတာ ပြောလိမ့်မယ်။ ဘယ်ဟာက အဓိက၊ ဘယ်ဟာက သာမညဆိုတာ သူတို့ မခွဲခြားနိုင်တော့ သူတို့ကို အပြစ်တင်လို့လည်း မရဘူး။ အခုကျွန်တော်တို့တီထွင်ထားတဲ့ အသွင်ပြောင်းကျောင်းပုံစံက အဲဒီလို ဆင်ခြေမျိုးတွေ ပေးလို့ကိုမရအောင် ပြင်ဆင်ထားတယ်။ မိဘတွေကို ကူညီနေရလို့ဆိုတဲ့ အများဆုံးအကြောင်းပြချက်ကို အဆင်ပြေ အောင်စီစဉ်ထားတယ်။
ဗီဒီယိုသင်ခန်းစာဆိုတာ အတန်းပြင်ပမှာလည်း လေ့လာနိုင်တယ်။ စာသင်ခန်းထဲမှာ ကျောင်းသားတစ်ဦးချင်းက ကိုယ်သင်ချင်တဲ့ဆရာနဲ့၊ ကိုယ်သင်ချင်တဲ့ အကြောင်းအရာတွေကို လွတ်လပ်စွာလေ့လာခွင့်ဟာ အသွင်ပြောင်း ကျောင်းရဲ့ အနှစ်သာရပဲ။
လေ့လာနေချိန်မှာ သူ့ကို နှောင့်ယှက်မယ့်ဆရာလည်း မလိုတော့ဘူး။ အွန်လိုင်းမှာလေ့လာ၊ သိချင်တာကို အွန်လိုင်း မှာပဲမေးပြီး ဆွေးနွေးနိုင်တော့ ဆရာရဲ့ အခန်းကဏ္ဍက ပျောက်သလိုတော့ ဖြစ်သွားနိုင်တယ်။ သူတို့ကိုယ်ပိုင် ရွေးချယ်ခွင့် လုပ်ပိုင်ခွင့်တွေကိုပဲ အဆုံးအဖြတ်ပေးဖို့လိုလိမ့်မယ်။ ကျောင်းမတက်လို့လည်း ဆရာသင်ထားတာကို လွတ်သွားတယ်ဆိုတာမျိုး မရှိတော့ဘူး။
ပညာရေးမှာ ကိုယ်ပိုင်လေ့လာခွင့်ဆိုတာ ကျောင်းသားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ်တွေ လည်း ပိုမိုရရှိစေနိုင်ပါတယ်။ အချို့ကျောင်းသားတွေဆိုရင် အိမ်မှာ မိဘတွေကပါ သူတို့ကျောင်းသင်ခန်းစာ ဗီဒီယိုပို့ချချက်တွေကို ဝိုင်းကြည့်ကြတယ်လို့ပြောလာတယ်။ အရင်က ကိုယ့်ကလေးအိမ်စာပါလာတယ် ဆိုရင်တောင် စိတ်မဝင်စားကြတဲ့ မိဘတွေ ပါဝင်လာတယ်ဆိုတာက တိုးတက်မှုတစ်ခုပဲ။
အသွင်ပြောင်းတယ်ဆိုတာ ကျောင်းသား ချည်းသက်သက် ပြောင်းလဲလို့ရတာ မဟုတ်ပါဘူး။ စနစ်ပြောင်းရင် ကျွဲကူးရေပါ အားလုံး လိုက်ပြောင်းရပါတယ်။


ဆရာတို့ ပညာရေးက ထမင်းအသင့်ခွံ့ ကျွေးသလိုများ ဖြစ်နေမလား။ အိမ်စာတွေကို နည်းပညာ အထောက်အကူနဲ့ လုပ်ခိုင်းလိုက်တာက ခူးခပ်ပေးထားသလိုများ ဖြစ်နေမလား
နည်းပညာတိုးတက်လာတာကြောင့် မိုဘိုင်း ပစ္စည်းတွေကို လူတိုင်း နေ့စဉ်ဘ၀မှာ မရှိ မဖြစ်၊ မသုံးမဖြစ်အနေနဲ့ သုံးစွဲလာကြတယ်။  ဒီပစ္စည်းတွေကို ပညာရေးလမ်းကြောင်းမှာလည်း ပြောင်းလဲအသုံးပြုဖို့၊ သုံးနိုင်အောင် စီစဉ်ပေးဖို့ လိုလာတယ်။
အသွင်ပြောင်းပညာရေးမှာ နည်းပညာနဲ့ အဲဒီနည်းပညာကို အထောက်အကူ ပြုနိုင်တဲ့ application တွေကိုပါ အသုံးပြု တတ်ဖို့လိုတယ်။ ယခင်နဲ့ ယခုလုံးဝ ပြောင်းလဲသွားလိမ့်မယ်။ ကျောင်းသားတစ်ယောက်အတွက် အသွင်ပြောင်းပညာရေးမှာ လိုအပ်ချက်ဟာ ကွန်ပျူတာနဲ့ အင်တာနက်ကို ကောင်းမွန်ကျင်လည်စွာ အသုံးပြုနိုင်သူ ဖြစ်ဖို့လိုတယ်။
ယနေ့ခေတ်ပညာရေးဟာ ပူးပေါင်းလုပ်ဆောင်မှရလာတာတွေရှိတယ်။ အလားတူ လုပ်ငန်းခွင်တွေမှာလည်း ပူးပေါင်း ဆောင်ရွက်မှုတွေဟာ အရေးပါလာတယ်။  အမှန်တကယ် လက်တွေ့ဘ၀နဲ့ နီးစပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာလေ အနာဂတ် အလုပ်အကိုင်အခွင့်အလမ်းအတွက် ပိုပြီး ပွင့်လာလေပဲ။


လူတိုင်းစမတ်ဖုန်း မသုံးနိုင်ရင်ဘယ်လိုလုပ်မလဲ
စမတ်ဖုန်းလောက်ကတော့ သုံးမှကိုဖြစ်မယ်။ အသွင်ပြောင်းပညာရေးမှာ ပြုပြင်ပြောင်းလဲမှုကို ဖော်ဆောင်ပေးနိုင်တဲ့ တစ်ခုခုကိုတော့ ဆောင်မှရမယ်။ ကျွန်တော်တို့က ဗီဒီယိုသင်ခန်းစာတွေကို ကြည့်ချင်တာ၊ နားထောင် လေ့လာချင်တာဆိုတော့ သူ့ကိုကြည့်နိုင်၊ ရနိုင်တဲ့ တစ်ခုခုကိုတော့ သုံးမှရမယ်။
အင်တာနက်ကို ဘယ်သူတွေ ဘယ်လောက်အထိ သုံးနိုင်သလဲဆိုတဲ့ အပေါ်မှာမူတည်ပြီး လေ့လာမှု ကွာခြားသွားနိုင်တယ်။ လက်ရှိ အသွင်ပြောင်း ပညာရေးအတွက် ကျောင်းသား ၈၂ ရာခိုင် နှုန်းလောက် ကျောင်းပြင်ပ ပညာရေးအနေနဲ့ လေ့လာနေကြတယ်။ သူတို့ စမတ်ဖုန်းတွေကနေ လေ့လာကြတယ်။
အင်တာနက်ကို ရှိတဲ့အိမ်တွေ၊ ဆိုင်တွေမှာသွားလေ့လာကြတယ်။ ဆရာ တွေက ဘယ်သူဟာ ဘယ် site ကို ဘယ်နှကြိမ်ဝင်ကြည့်ပြီးတော့၊ ဘယ်လိုတုံ့ပြန်မှုတွေပေးတယ်ဆိုတဲ့ အပေါ် မှာမူတည်ပြီး သတ်မှတ်ချက်တစ်ခုခုပေးသင့်တယ်။ ဘယ်နည်းနဲ့လာလာ သူတို့လာပြီး သင်ယူတာ အကျိုးအမြတ် ရှိနိုင်ပါတယ်။
ခုဆိုရင် စမတ်ဖုန်းတစ်လုံး အသုံးပြုရနှုန်းဟာ တစ်လမှ ဒေါ်လာ ၅၀ ဝန်း ကျင်လောက်ပဲရှိတော့တာ။ မတတ်နိုင်ဘူး ဆိုတဲ့သူတွေ laptop ထက် စမတ်ဖုန်းတွေကိုတော့ ပိုပြီးအသုံးပြုနိုင်စွမ်းရှိလာကြတယ်။ သုံးနိုင်အောင်တော့ ကြိုးစားဖို့လို တယ်။


အသွင်ပြောင်းပညာရေးစနစ်က ကျောင်းသားတစ်ယောက်ချင်း၊ ဒေသချင်း၊ သင်ယူမှုပုံစံ၊ မသန်စွမ်းသူ တွေအတွက် ပညာရေး၊ အသက်အရွယ်အုပ်စုအလိုက် ပြုပြင်ပြောင်းလဲမှုတွေပေးနိုင်လိမ့်မယ်လို့ ထင်ပါသလား
လူတိုင်းအတွက်ပညာရေးတော့ ဖြစ်မလာနိုင်သေးဘူး။ ဒါပေမယ့် ရွေးချယ်ခွင့်တွေ ရှိလာမယ်။ ကျွန်တော်တို့ဟာ တစ်ခုခုကို ယခုလိုအချိန်ကတည်းက မပြောင်းဘူးဆိုရင် ကျွန်တော်တို့ကလေးတွေကို ဆုံးရှုံးမှုတွေနဲ့ ပိုပြီး ရင်ဆိုင်ရအောင် လုပ်ပေးနေသလိုဖြစ်လိမ့်မယ်။
အသွင်ပြောင်းကျောင်းက လေ့လာရေးကို ပြောင်းလဲမှာ။ လေ့လာချင်တဲ့အချိန်မှာ ကိုယ်လေ့လာသင်ယူချင်တဲ့ သင်ကြားသူနဲ့ လေ့လာနိုင်အောင် စီစဉ်ပေးထားတာပဲ။  ပညာရေးမှာ ချဉ်းကပ်မှုအသွင်သစ်ပေါ့။
ရလဒ်တွေက ကောင်းတယ်။ ပြည်နယ် အဆင့်စာမေးပွဲတွေမှာ အသွင်ပြောင်းစနစ်ကြောင့် တိုးတက်လာမှုတွေ တွေ့ရတယ်။ အဆင့်တွေတက်လာတယ်။ ကျောင်းကိုလာပြီး သင်ယူကြတဲ့ပုံစံတွေပြောင်းသွားတယ်။  ဘာပြောပြော အလုပ်မဖြစ်တော့တဲ့ ပညာရေးစနစ်နေရာမှာ စနစ်သစ်တစ်ခုခုနဲ့ အစားထိုးကြည့်လိုက်ရတာ အမြတ်ပဲ။
ကျွန်တော်ထင်ပါတယ် ပညာရေးစနစ်ဟောင်းနဲ့ အသွင်ပြောင်းပညာရေးမှာ ပြောစရာတွေ၊ ဝေဖန်စရာတွေ အများကြီးရှိနေဦးမှာပဲ။ ဝေဖန်မှ ပြန်လေ့လာသုံးသပ်ပြီး တိုးတက်အောင်လုပ်နိုင်မှာဆိုတော့ များများဝေဖန်လေ ပိုကြိုက်ပါတယ်။
Ref: Answers to your ‘flip school’ questions, by Greg Green, Special to CNN.

Sunday, March 11, 2012

ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ရဲ့ (၅) ရက်ကြာ မြန်မာပြည်ခရီးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက် (၂)



Aye Chan Naing (Democratic Voice of Burma) ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ဟာ သတင်းထောက်ဗီဇာနဲ့ ရန်ကုန်နဲ့ ကြပ်ပြေးနေပြည်တော်ကို လေ့လာရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂၇) ရက်မှစပြီး (၅) ရက်ကြာ သွားရောက်ခဲ့ပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ တာဝန်ရှိသူတဦးအနေနဲ့ မြန်မာပြည်ကို ဘာ့ကြောင့် သွားရောက်ခဲ့တယ်၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းစဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲ၊ နောက်တခါ ဒီမိုကရက်တစ် မြန်မာ့အသံက ငွေကြေး အလွဲသုံးစားမှုနဲ့ ဆက်နွယ်တဲ့ မြန်မာပြည်တွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များရဲ့ သဘောထား၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ရှေ့လုပ်ငန်းစဉ် စသည်ဖြင့် ဦးအေးချမ်းနိုင်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နော်ဝေနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ဦးအေးချမ်းနိုင်အား ယနေ့မြန်မာသတင်းဌာန အယ်ဒီတာ ကိုညိုက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ အခု ဖော်ပြထားချက်များကတော့ ထို တွေ့ဆုံ မေးမြန်းချက် နိဂုံးပိုင်း ဖြစ်ပါတယ်။မေး။ ။ဟုတ်ကဲ့၊ အဲဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့အနာဂတ်ခရီးကို ဘယ်လို ကောက်ချက်ဆွဲမိပါလဲ။ ဖြေ။ ။ ဟုတ်ကဲ့၊ ကျနော့်အနေနဲ့ကတော့ ပဏာမအဆင့် ၀န်ကြီးနဲ့ ဆွေးနွေးတဲ့အပိုင်းကို ကျေနပ်ပါတယ်။ ဒါပေမဲ့ ဆက်တော့ လုပ်ကြည့်ရမှာပေါ့ လေ။ ဒီမိုကရက်တစ် မြန်မာ့အသံဆိုတာက တကယ်တမ်းပြောရရင် တခြားမီဒီယာတွေလို မဟုတ်ဘဲနဲ့၊ အထဲကိုပြန်တယ် ဆိုတာထက်၊ အထဲမှာ ပို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ကို အဓိကထားပါတယ်။ ဘာလို့လဲဆိုတော့၊ ကျနော်တို့သတင်းထောက်တွေက အပြင်ထက်စာရင် အထဲမှာ ပိုတောင် များပါတယ်။ အထဲကလူတွေ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခွင့်က ပို အဓိကကျပါတယ်။ ကျနော်တို့အထဲမှာ သတင်းလုပ်ငန်းတွေ လွတ်လွတ်လပ်လပ် လုပ်နိုင်မှ၊ သတင်းတွေကို ပိုပြီး မှန်ကန် အောင်၊ တိကျအောင်၊ ဘက်မျှအောင် လုပ်နိုင်မှာပါ။ အစိုးရ၀န်ထမ်းတွေကိုလည်း ချဉ်းကပ် မေးမြန်းချင်ပါတယ်။ အဲဒီတော့သတင်းလုပ်ငန်းကို အထဲမှာ အကြောက်အရွံ့ကင်းကင်းနဲ့ လုပ်သွားချင်တာပါ။ မေး။ ။ဟုတ်ကဲ့။ ကျနော်တို့အားလုံးရဲ့ အတွေ့အကြုံတွေအရ မြန်မာပြည်တွင်းမှာက သတင်းလွတ်လပ်ခွင့်ကို လိုသလို တင်းလိုက် ရှော့လိုက် လုပ်နေမယ်။ အပြင်မှာ လုပ်ရသလောက်တောင် လွတ်လပ်မှု မရှိဘူးဆိုရင် ဒီမိုကရက်တစ် မြန်မာ့အသံက ဘယ်လို စဉ်းစားမလဲ။ ဖြေ။ ။ ကျနော့်အနေနဲ့လည်း အရင်တုံးကဖြစ်ခဲ့တာတွေကိုလည်း တဖက်က စဉ်းစားတာ ရှိပါတယ်။ ဒါပေမဲ့ အခု အပြောင်းအလဲတွေထဲမှာရော ဘယ်လောက် လုပ်နိုင်မလဲ၊ အပြောင်းအလဲတွေအပေါ် ဘယ်လောက် ပံ့ပိုး ကူညီနိုင်မလဲ။ သဘောကတော့ မီဒီယာတခုအနေနဲ့ အပြောင်းအလဲတခုကို ဘေးက ထိုင်ကြည့်ပြီး အားလုံးပြီးသွားမှ ငါတို့ ၀င်လာမယ်ဆိုတဲ့ပုံစံမျိုး မဖြစ်ချင်ဘူး။ ကျနော်တို့ကိုယ်တိုင် ဒီပြောင်းလဲမှုထဲ ၀င်လာပြီး တဒေါင့်တနေရာကနေ ဖော်ဆောင်သွားဖို့ ပါ။ ဒါပေမဲ့ စာပေနဲ့ သတင်းလွတ်လပ်ခွင့်မှာတော့ ကျနော်တို့ လွတ်လွပ်လပ်လပ်နဲ့ လုပ်သွားဘို့ပဲ ရှိပါတယ်။ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံ အပြင်မှာ ရပ်တည်နေရတာကိုက အထဲမှာ လွတ်လပ်စွာ ရေးသားပိုင်ခွင့်၊ ပြောဆိုခွင့်တွေ မရှိလို့ဆိုတာ ရှင်းပါတယ်။ အထဲမှာ လွတ်လပ်မှု မရှိရင် ကျနော်တို့ အပြင်ကနေ ဆက် လုပ်သွားမှာပါ။ မေး။ ။ ကျနော် သိရသလောက်၊ ဒီကနေ့ မြန်မာ့အပြောင်းအလဲဟာ ပြည်တွင်းရဲ့ နိုင်ငံရေးအခြေအနေတွေ ပါဝင်သလို၊ တဖက်ကလည်း ပြည်ပနိုင်ငံတွေနဲ့ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတချို့၊ ပြီးတော့ အဓိကကျတဲ့ ငွေကြေးထောက်ပံ့ပေးတဲ့အဖွဲ့တွေရဲ့ တွန်းအားတွေလည်း ပါတယ်လို့ သုံးသပ်ချက်တွေ ရှိပါတယ်။ ဒီတော့ ဒီမိုကရက်တစ် မြန်မာ့အသံအနေနဲ့ကရော အဲဒီလို ငွေကြေးထောက်ပံ့တဲ့ အဖွဲ့အစည်းတွေရဲ့ ဖိအားကို ကြုံနေရသလား။ ဖြေ။ ။ ကျနော်တို့မှာ အဲဒီလို ဖိအားပေးတယ်ဆိုတဲ့ဟာမျိုးတော့ မရှိပါဘူး၊ ဒါပေမဲ့ လုံးဝ မရှိဘူးလို့တော့ မဟုတ်ဖူးပေါ့ လေ။ တစိတ်တပိုင်းတော့ ရှိပါတယ်။ ရှိတယ်ဆိုတာက ဖိအားပေးတယ်ဆိုတာထက် အထဲမှာ ပြောင်းနေပြီ၊ မင်းတို့အထဲမှာလည်း စမ်းပြီး လုပ်ကြည့်ကြပါလားဆိုတဲ့ ပြောဆိုမှုကတော့ ရှိပါတယ်။ ကျနော်မြင်တာ အဲဒါလည်း သဘာဝကျပါတယ်။ အခု ပြောသလို ပေါ့၊ အထဲမှာ မလွတ်လပ်လို့ ကျနော်တို့ အပြင်ကနေ လုပ်ရတယ်။ အထဲမှာ လွတ်လပ်ရင် ကျနော်တို့အပြင်မှာ ရပ်တည်စရာ မလိုဘူး။ ကျနော်တို့အနေနဲ့ ရွေးစရာလမ်းက နှစ်လမ်းပဲ ရှိတယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့အနေနဲ့ အထဲ ပြန်မလား၊ ဒါမှမဟုတ် ဒီမိုကရက်တစ် မြန်မာ့အသံဆိုတဲ့ အဖွဲ့ကို ဖျက်လိုက်မလား၊ ဒီ နှစ်ခုပဲ ရှိတယ်။ အထဲမှာ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ရှိရင် အပြင်ဘက်မှာ သတင်းလုပ်ရတာ အဓိပ္ပါယ် မရှိပါဘူး။ ဒီတော့ ထောက်ပံ့ပေးသူတွေ ဖိအားပေးတယ်လို့ ပြောကောင်း ပြောလို့ရသလို၊ လက်တွေ့ ဗမာပြည်ထဲက အပြောင်းအလဲတွေက ပိုပြီး အဓိကကျပါတယ်။ မေး။ ။ ပြည်တွင်းသတင်းလွတ်လပ်ခွင့်ကို ဘယ်လောက်အထိ မျှော်လင့်ထားလဲ။ ဖြေ။ ။ ကျနော် ရန်ကုန်ရောက်တော့ ပြန်ကြားရေးဌာန ညွှန်ချုပ် ဦးရဲထွဋ်တို့၊ စာပေစိစစ်ရေးက ဗိုလ်မှူးတင့်ဆွေတို့နဲ့ရော တွေ့ပါတယ်။ သူတို့ကိုလည်း စာပေလွတ်လပ်ခွင့်ကိစ္စ မေးခွင့်ရပါတယ်။ သူတို့ လောလောဆယ် ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေဆိုတာကို ပြင်နေကြပါတယ်။ ကျနော်မြင်တာ နေ့ချင်းညချင်းကြီး လွတ်လပ်သွားမဲ့ အလားအလာတော့ မတွေ့ပါဘူး။ ဒါပေမဲ့ သူတို့နဲ့ ပြောကြည့်ရသလောက် ဒီနှစ်ထဲမှာ အတော်ကြီး ပြောင်းလဲလာမဲ့ အနေအထားတွေ တွေ့ရပါတယ်။ မေး။ ။ လောလောဆယ် ကြားရတဲ့သတင်းတွေအရ ပြည်တွင်းဂျာနယ်တချို့မှာ ကိုအေးချမ်းနိုင် ရန်ကုန်ရောက်တုံး တွေ့ဆုံ မေးမြန်း အင်တာဗျူးတချို့ စီစစ်ရေးရဲ့ အပယ်ခံရတယ်လို့ သိရပါတယ်။ အဲဒီကိစ္စကိုရော ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ ဖြေ။ ။ ဒီလို ပိတ်တယ်ဆိုရင်လည်း ကျနော် မအံ့သြပါဘူး။ ဟိုရောက်နေတုံးက စာနယ်ဇင်းသမားတွေလည်း ပြောပြပါတယ်။ အပေါ်ယံမှာ လွတ်လပ်သယောင် မြင်ရပေမဲ့ တကယ်တမ်း ဆောင်းပါးတွေ ဘာတွေ လွတ်လွတ်လပ်လပ်ရေးမယ်ဆို ပယ်တာတို့၊ ဖြုတ်တာတို့ရှိတဲ့အကြောင်း ပြောကြပါတယ်။ သူတို့ကိုယ်တိုင် ပြလို့ မြင်ခဲ့တာတွေလည်း ရှိပါတယ်။ မှင်နီတွေ မှင်နီတွေနဲ့ အများကြီး ပဲ။ အဲဒီတော့ ပြောင်းတာတော့ ပြောင်းတယ်၊ ဒါပေမဲ့ အကန့်အသတ်တွေကတော့ ရှိနေတုံးဘဲ။ မေး။ ။ မီဒီယာဥပဒေဆိုတာကိုရော ဘယ်လို ရှုမြင်ပါသလဲ။ ဖြေ။ ။ ဒီ ဥပဒေကို ကျနော်လည်း ဟိုရောက်မှ သိခဲ့ရတာပါ။ တကယ်တမ်း ပြောရရင် မီဒီယာဥပဒေ မဟုတ်ဘူးဗျ။ သူတို့ခေါ်တာ Publish Press ပုံနှိပ်ထုတ်ဝေရေး ဥပဒေ ပေါ့။ ၁၉၆၂ ခု ပုံနှိပ်ဥပဒေကို အစားထိုးမဲ့ ဥပဒေ တဲ့၊ အသေးစိတ်တော့ထုတ် မပြောသေးဘူး ပေါ့။ သိရသလောက်တော့ ဂျာနယ်တွေထုတ်မယ်ဆို လိုင်စင် လျှောက်တာတို့ ပေါ့။ အခုလိုမျိုး လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ နီးစပ်သူတွေဆီကတဆင့် ဂျာနယ်ထုတ်မဲ့သူတွေက ချဉ်းကပ်ပြီး လုပ်ရတာမျိုးတွေ နောင မရှိတော့ဘူးပေါ့။ နောက်တခုက သတင်းထောက်တွေ လွတ်လပ်စွာရေးသားခွင့်ကို အာမခံတာတွေလည်းပါတယ် ပြောပါတယ်။အခု ဥပဒေက အာစီယံနိုင်ငံတွေဖြစ်တဲ့၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ လာအို၊ ကမ္ဘောရီးယားနိုင်ငံတွေက အခြေအနေတွေကို အခြေခံပြီး ဆွဲထားတယ်လို့ ပြောပါတယ်။ ထူးခြားတာက ဒီ ဥပဒေ ထွက်လာရင် စာပေစိစစ်ရေး ဆိုတာမရှိတော့ဘဲ၊ စာစောင်ထုတ်ပြီးတာနဲ့ ဈေးကွက်ထဲ ဖြန့်ချိနိုင်တယ် ပေါ့။ ကျနော် မြင်တာ ကန့်သတ်ချက်တချို့တော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အခုထက်စာရင် ပိုကောင်းမဲ့ အလားအလာတော့ တွေ့ရပါတယ်။ မေး။ ။ တခြား ပြည်ပမီဒီယာတွေနဲ့ ဒီမိုကရက်တစ် မြန်မာ့အသံတို့ ကွဲပြားတဲ့ အနေအထားက ဘာတွေ ရှိသလဲ။ အားသာချက်၊ အားနည်းချက်တွေကိုရော ပြောပေးနိုင်မလား ခင်ဗျ။ ဖြေ။ ။ကျနော်တို့ကတော့ ဒီမိုကရေစီရေးနဲ့ ပတ်သက်တဲ့ မြန်မာအဖွဲ့အစည်း ပေါ့ လေ။ ဌာနကြီးတခုရဲ့ ကဏ္ဍခွဲလေးတခု မဟုတ်တော့ မီဒီယာတခုရဲ့ ဆုံးဖြတ်လုပ်ပိုင်ခွင့်မှာ ကိုယ်ပိုင် ဆုံးဖြတ်ပြီး ကိုယ်တိုင် လှုပ်ရှားလို့ရတယ်။ အဲဒါက ထူးခြားချက် ပေါ့။ မြန်မာ့အရေးပဲ သီးသန့် အာရုံစိုက်နိုင်တယ်။ အားနည်းချက်တွေကလည်း ရှိပါတယ်။ တခြား ရေဒီယိုသတင်းဌာနတွေလို၊ အသံလွှင့်အားကောင်းတဲ့ စက်ပစ္စည်းတွေ မတတ်နိုင်ဘူး။ ပြီးတော့ အဓိကကျတဲ့ ငွေကြေးထောက်ပံ့မှုအပိုင်းမှာလည်း အားနည်းပါတယ်။ မေး။ ။ အခုခရီးစဉ်အပေါ် ဘယ်လို သုံးသပ်မိပါသလဲ။ မြန်မာအာဏာပိုင်တွေနဲ့ ထပ်ဆွေးနွေးဖို့ နောက်ထပ်သွားမဲ့ အစီအစဉ်တွေ ရှိသေးလား။ ဖြေ။ ။ အခုခရီးက ပထမဆုံးခြေလှမ်းပေါ့ လေ။ ဒီထက် အများကြီး ဆက်သွားစရာ ရှိနေပါတယ်။ သွားနိုင်မဲ့လမ်းတွေလည်း ပွင့်နေတာ ကျနော်တို့ တွေ့ရပါတယ်။ နောက်ထပ်သွားဘို့ အတိအကျ အစီအစဉ် ဆွဲထားတာတော့ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် မတ်လ မြန်မာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ယူနက်စ်စကိုအဖွဲ့တို့ တွဲပြီးလုပ်မဲ့ အစီအစဉ်တခုမှာ ကျနော်တို့ကို ဖိတ်ထားတာ ရှိပါတယ်။ ဒီက ကိုယ်စားလှယ်တယောက် သွားမှာပါ။ ပြီးတော့ လာမဲ့ ရွေးကောက်ပွဲမှာ သတင်းသွားယူဘို့ ဒီမိုကရက်တစ် မြန်မာ့အသံက နှစ်ယောက် သွားမှာပါ။ နောက် တခြားအစီအစဉ်တွေလည်း ရှိပါသေးတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေနဲ့ ဆက် ဆွေးနွေးရအုံးမှာပါ။

Friday, March 9, 2012

ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ရဲ့ (၅) ရက်ကြာ မြန်မာပြည်ခရီးနဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းချက် (၁) ကိုညို၊ မတ် ၈ ရက်၊ ၂၀၁၂


Aye Chan Naing (Democratic Voice of Burma) ဒီမိုကရက်တစ် မြန်မာ့အသံ ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်
နော်ဝေအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ အသံလွှင့်ဌာန ညွှန်ကြားရေးမှူး ဦးအေးချမ်းနိုင်ဟာ သတင်းထောက်ဗီဇာနဲ့ ရန်ကုန်နဲ့ ကြပ်ပြေးနေပြည်တော်ကို လေ့လာရေးခရီးစဉ်အဖြစ် ဖေဖော်ဝါရီလ (၂၇) ရက်မှစပြီး (၅) ရက်ကြာ သွားရောက်ခဲ့ပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ တာဝန်ရှိသူတဦးအနေနဲ့ မြန်မာပြည်ကို ဘာ့ကြောင့် သွားရောက်ခဲ့တယ်၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းစဉ်အပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိနိုင်သလဲ၊ နောက်တခါ ဒီမိုကရက်တစ် မြန်မာ့အသံက ငွေကြေး အလွဲသုံးစားမှုနဲ့ ဆက်နွယ်တဲ့ မြန်မာပြည်တွင်းက ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်များရဲ့ သဘောထား၊ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ရှေ့လုပ်ငန်းစဉ် စသည်ဖြင့် ဦးအေးချမ်းနိုင်ရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်တဲ့အကြောင်းအရာများကို နော်ဝေနိုင်ငံကို ပြန်လည်ရောက်ရှိနေတဲ့ ဦးအေးချမ်းနိုင်အား ယနေ့မြန်မာသတင်းဌာန အယ်ဒီတာ ကိုညိုက တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ အခု ဖော်ပြထားချက်များကတော့ ထို တွေ့ဆုံ မေးမြန်းချက် ပထမပိုင်း ဖြစ်ပါတယ်။ မေး။ ။ ဦးအေးချမ်းနိုင်တို့အနေနဲ့ ဘယ်လို စိတ်ကူးအစီအစဉ်တွေကနေ ဒီခရီးစဉ် ဖြစ်ပေါ်လာတာပါလဲ ခင်ဗျ။ ဖြေ။ ။ ဟုတ်ကဲ့။ အပြင်မှာရှိတဲ့ သတင်းမီဒီယာတွေ အကုန်လုံးကလည်း ဗမာပြည် သွားခဲ့ပြီးပါပြီ။ ဒီမိုကရက်တစ် မြန်မာ့အသံအနေနဲ့ကလည်း အခု ပြည်တွင်းမှာ ပြောင်းလဲနေတဲ့အပြောင်းအလဲတွေ၊ အထူးသဖြင့်တော့ ပြည်တွင်းမီဒီယာ လုပ်ပိုင်ခွင့်ပေါ့ လေ။ အဲဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့ ပြည်တွင်းမီဒီယာတွေနဲ့ တွေ့မယ်။ နိုင်ငံရေးအဖွဲ့တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ တွေ့ပြီးတော့ အပြောင်းအလဲကို ကျနော်တို့ လေ့လာချင်တာပါ။ နောက် မီဒီယာအသိုင်းအ၀ိုင်းတွေကြားမှာရော ဒီ အပြောင်းအလဲတွေအပေါ် ဘယ်လိုမြင်လဲ၊ ဘယ်လို ယူဆသလဲ၊ ဘယ်လောက် လုပ်ပိုင်ခွင့်တွေ ရှိလာပြီလဲ၊ အဲဒါတွေ လေ့လာချင်လို့ သွားခဲ့တာပါ။ ဒုတိယတခုက ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဦးကျော်ဆန်းနဲ့တွေ့ပြီးတော့ ကျနော်တို့ ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ လုပ်ငန်းတွေ ပြည်တွင်းမှာ ဘယ်လောက် လုပ်နိုင်မလဲ သွားရောက် ဆွေးနွေးတာ ဖြစ်ပါတယ်။ မေး။ ။ ဟုတ်ကဲ့၊ အာဏာပိုင်တွေနဲ့ ဘယ်လို လုပ်ငန်းတွေအတွက် ဆွေးနွေး ဖြစ်ခဲ့ပါသလဲ။ ဖြေ။ ။ ကျနော်တို့ အခု ပထမဆုံး ညှိခဲ့တာကတော့ ပြင်ပမှာရှိတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းထောက်တွေ ပြည်တွင်းမှာ ပြန်လာပြီး သတင်းရယူခွင့်တွေ ပါ။ အဲဒါကို ၀န်ကြီးကလည်း လက်ခံမယ်လို့ ပြောပါတယ်။ နောက် တခြား ကျနော်တို့ ညှိနှိုင်းခဲ့တာတွေလည်း ရှိပါတယ်။ ဥပမာ - ပြည်တွင်းမှာရှိတဲ့ ဒီမိုကရက်တစ် မြန်မာ့အသံသတင်းထောက်တွေကို တရားဝင် အသိမှတ်ပြုပြီး တရားဝင် သတင်းလုပ်ငန်း လုပ်ပိုင်ခွင့်တွေ၊ နောက်တခုက ဒီမိုကရက်တစ် မြန်မာ့အသံရုံးခွဲ ပြည်တွင်းမှာ တရားဝင်ဖွင့်လှစ်နိုင်ရေးကို ဆွေးနွေးခဲ့ပါတယ်။ မေး။ ။ ဆွေးနွေးမှုရလဒ် အခြေအနေ သိခွင့်ရပါရစေ။ ဖြေ။ ။ မြန်မာပြည်တွင်းက သတင်းထောက်တွေကို အသိအမှတ်ပြုဘို့ကိစ္စရော၊ ရုံးခွဲဖွင့်ဘို့ကိစ္စရော ကျနော်တို့ ထပ်ပြီး ဆွေးနွေးရအုံးမှာပါ။ လောလောဆယ် အပြင်က သတင်းထောက်တွေ အထဲဝင်ပြီး သတင်းရယူခွင့်ပဲ သဘောတူနိုင်ခဲ့ပါတယ်။ မေး။ ။ အဲဒီသဘောတူချက်မှာရော ဘယ်လို အကန့်အသတ်တွေ ရှိလဲဗျ။ အကြောင်းအရာ တိတိကျကျ ဆွေးနွေးတာမျိုးတွေရော ရှိခဲ့ပါသလား။ ဖြေ။ ။ အကန့်အသတ်ဆိုတာကတော့၊ ဘယ်သတင်းဌာနမဆို သတင်းထောက်ဗီဇာရမယ်ဆို လွတ်လွတ်လပ်လပ် သတင်းလုပ်ပိုင်ခွင့်တော့ ရှိရမှာပေါ့လေ။ အခု ကျနော်သွားတဲ့ခရီးစဉ်မှာလည်း သတင်းထောက်ဗီဇာ ထုတ်ပေးပါတယ်။ ကျနော် သွားချင်တဲ့နေရာ၊ တွေ့ချင်တဲ့ပုဂ္ဂိုလ်နဲ့ တွေ့ခွင့်ရပါတယ်။ လွတ်လွတ်လပ်လပ်ပါပဲ။ ဆိုတော့ အဲဒီလိုသဘောပါပဲ။ အပြင်က သတင်းထောက်တွေသွားရင်လဲ လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ရမှာပါ။ မေး။ ။ ဟုတ်ကဲ့၊ အစိုးရပိုင်းအပြင် အခြား တွေ့ဆုံခဲ့သူများ ရှိပါသလား။ တွေ့ဆုံခဲ့သူများရဲ့ တုန့်ပြန်မှုက ဘယ်လို ရှိပါသလဲ၊ သိပါရစေ။ ဖြေ။ ။ လွတ်လွတ်လပ်လပ်နဲ့ အတော်များများကို တွေ့ခဲ့ပါတယ်။ ဥပမာ - နိုင်ငံရေး အဖွဲ့အစည်းဆိုရင်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု ပါတီ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့ အားလုံး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကဆိုရင် ဦးတင်ဦးတို့၊ ဦးဝင်းတင်တို့၊ ဒေါ်ဖြူဖြူသင်းတို့၊ လူမှုရေးအပိုင်းကဆိုရင် ကိုကျော်သူတို့နဲ့ရော တွေ့ပါတယ်။ စာနယ်ဇင်းအပိုင်းကဆိုရင်လည်း ဆရာကြီးလူထုဦးစိန်ဝင်းတို့၊ တခြားမဂ္ဂဇင်းဂျာနယ်ကပုဂ္ဂိုလ်တွေ၊ အယ်ဒီတာတွေ၊ စာရေးဆရာ၊ စာနယ်ဇင်းသမားတွေနဲ့လည်း တွေ့ပါတယ်။ အားလုံးကတော့ ဒီမိုကရက်တစ် မြန်မာ့အသံနဲ့ ပတ်သက်ပြီး ကျေနပ်အားရကြောင်း ပြောကြပါတယ်။ အထူးသဖြင့် ဒီမိုကရက်တစ် မြန်မာ့အသံ ရုပ်မြင်သံကြားကို သဘောကျကြတယ်။ ဆက်လုပ်သွားဘို့ အားပေးကြတယ်။ မေး။ ။ဟုတ်ကဲ့၊ အခု ဒီမိုကရက်တစ် မြန်မာ့အသံရဲ့ ပြည်တွင်းလုပ်ငန်းအပိုင်းမှာက နှစ်ပိုင်း ကွဲနေတယ် လေ။ လောလောဆယ် ဒီမိုကရက်တစ် မြန်မာ့အသံအတွက် လုပ်နေတဲ့ သတင်းထောက်တွေရယ်၊ ဘားမားဗီဂျေ (Burma VJ) ဆိုပြီး သီးခြားမီဒီယာအဖွဲ့တခုရယ် ပေါ့။ ဒီတော့ အဲဒီသတင်းသမားတွေနဲ့ရော ဆုံဖြစ်လား။ ပြန်လည် စုစည်းနိုင်ခဲ့ပါလား။ ဖြေ။ ။ အထဲက သတင်းထောက်တချို့ကလည်း ကျနော့်ကို မေးပါတယ်။ ဒီမိုကရက်တစ် မြန်မာ့အသံ ငွေကြေးအရှုတ်တော်ပုံ တို့၊ စီမံချက်ကိစ္စ တို့၊ ကျနော်က ရှင်းပြပါတယ်။ ဒီကိစ္စတွေမှာ နားလည်မှု လွဲနေတာတွေ ရှိတယ်။ အခု ဖြစ်ပျက်ခဲ့တာတွေက ဒီမိုကရက်တစ် မြန်မာ့အသံ ငွေကြေး အရှုပ်တော်ပုံလည်း မဟုတ်ဘူး။ ဒီမိုကရက်တစ် မြန်မာ့အသံ အကွဲအပြဲလည်း မဟုတ်ဘူး။ ဒီမိုကရက်တစ် မြန်မာ့အသံထဲကို တာဝန်ခံပြီး ပြည်တွင်းအတွက် လုပ်နေတဲ့ တယောက်၊ နှစ်ယောက်လောက်က အလွဲသုံးစားလုပ်တဲ့ကိစ္စ၊ ဒါပေမဲ့ တချို့လူတွေက ခိုးတဲ့လူတွေ ၀ါဒဖြန့်တာကို သွားယုံနေကြတယ်။ နောက် ဗီဂျေ (VJ) ဆိုတာကလည်း တကယ်တမ်း ပြောရရင် ဒီမိုကရက်တစ် မြန်မာ့အသံဝန်ထမ်းတွေအကြောင်း ရိုက်ထားတဲ့ ရုပ်ရှင်၊ ဗီဂျေ (VJ) ဆိုတာ အသင်းအဖွဲ့တခုလည်း မဟုတ်ဘူး။ ကျနော် အဲဒါတွေ သိတ်များများလည်း မပြောတော့ဘူး။ ကျနော်တို့ကတော့ အလိမ်ခံရပြီးပြီ။ ကျန်နေတဲ့သူတွေဆက်ပြီး အလိမ်ခံချင်တယ်ဆိုလည်း ဆက် ခံကြပေါ့။ မေး။ ။ ခွဲထွက်သွားတဲ့ ဗီဂျေ (VJ) အဖွဲ့တွေနဲ့ရော တွေ့ဖြစ်ခဲ့ပါသလား။ ဖြေ။ ။ သတင်းထောက်တွေနဲ့တော့ တွေ့ဖြစ်ပါတယ်၊ ကျနော်တို့ ပြည်တွင်းသတင်းကွန်ရက်ကို လျှို့ဝှက်ပြီး တည်ဆောက်ထားတာဆိုတော့ အမှန်အတိုင်းပြောရရင် သတင်းထောက်တွေအကုန်လုံးကို ကျနော်တို့ကိုယ်တိုင်လည်း မသိဘူး။ သိတဲ့လူလည်း ရှိတယ်၊ မသိတဲ့လူလည်း ရှိတယ် ပေါ့။ တရားဝင်လည်း ကျနော်တို့ ပြောထား၊ ကြေငြာထားပြီးပြီ။ ပြည်တွင်းမှာ ရှိတဲ့ သတင်းထောက်အားလုံး ပူးပေါင်းပြီး ပြန် လုပ်ကြဖို့ ပေါ့။ တချို့လည်း ဆက်သွယ်ပြီး ပြန် လုပ်နေတာ ရှိတယ်၊။ ကျနော်တို့က စ ဖွဲ့ကတည်းက လုံခြုံရေးကြောင့် နှစ်ယောက် စ၊ သုံးယောက်စနဲ့ အစုအဖွဲ့တွေ ဖွဲ့လုပ်ကြတော့ တချို့ကြတော့လည်း နီးစပ်မှုအရ၊ ယုံကြည်မှုအရ တဖက်က ပြောတာကိုပဲ လက်ခံသူတွေလည်း ရှိမှာပေါ့။ ဘာဘဲပြောပြော ကျနော်တို့ကတော့ ဒီမိုကရက်တစ် မြန်မာ့အသံမှာ လုပ်ခဲ့တဲ့သူတွေအပေါ် တာဝန်ယူပါတယ်၊ ဆက် လုပ်သွားမှာပါ။ဒုတိယပိုင်းကို ဆက်လက် ဖော်ပြပါမယ်။

ဘဝတစ်လျှောက်လုံး လှောင်အိမ်တွင်း နေထိုင်ခဲ့ရသည့် တရုတ်လူငယ်လေးတစ်ဦး တရုတ်နိုင်ငံတောင်ပိုင်း၊ ဂန်ဇီးဒေသရှိ ဂေါင်ချောင်ရွာလေးတွင် နေထိုင်သော ဝေသည် ယခုအခါ လမ်းပင် မလျှောက်တတ်ဘဲ လေးဘက်သွားနေရ



ဘဝတစ်လျှောက်လုံး လှောင်အိမ်တွင်း နေထိုင်ခဲ့ရသည့် တရုတ်လူငယ်လေးတစ်ဦး
အသက် (၂၃)နှစ် ရှိပြီဖြစ်သည်။ ၎င်း၏ ဘ၀တစ်လျှောက်လုံးကို သစ်သားလှောင်အိမ် တစ်ခုထဲတွင် ဖြတ်သန်းကုန်လွန်ခဲ့ရပြီး စိတ်ဝေဒနာကိုလည်း ခံစားနေရရှာသည်။ တရုတ်နိုင်ငံမှ ဝေယန်း၏ ဘ၀သည် သနားစရာကောင်းလှပြီး အလွန်ဇာတ်နာခဲ့ရသည်။ တရုတ်နိုင်ငံတောင်ပိုင်း၊ ဂန်ဇီးဒေသရှိ ဂေါင်ချောင်ရွာလေးတွင် နေထိုင်သော ဝေသည် ယခုအခါ လမ်းပင် မလျှောက်တတ်ဘဲ လေးဘက်သွားနေရသည်။ ၎င်းသည် စကားလည်းမပြောတတ်ချေ။ မိသားစုက ၎င်းကို စောင့်ရှောက်ရန် မတတ်နိုင်သဖြင့် ယခုလို သစ်သားလှောင်အိမ်ထဲ ထည့်သွင်း ပိတ်ဆို့ထားခြင်းဖြစ်သည်။ ဝေသည် ငယ်စဉ် ကလေးဘ၀က အိမ်ထဲတွင် လေးဘက်တွား သွားလာခွင့် ရခဲ့သော်လည်း အသက်အရွယ်ရလာချိန်တွင် လှောင်အိမ်ထဲမှ လုံးဝ ထွက်ခွင့် မရတော့ပေ။



အသက်(၂)နှစ် အရွယ်တွင် ၎င်းသည် ရေနွေးအိုး တစ်လုံးကို တိုက်မိသဖြင့် သေလုမြောပါး ဖြစ်ခဲ့ရပြီးနောက် မိသားစုက ၎င်းကို လှောင်အိမ်ထဲမှ ပေးမထွက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ဝေအတွက် လုံခြုံစေရန်ဟုဆိုကာ မိဘနှစ်ပါးက သစ်သားလှောင်အိမ်ထဲတွင် သော့ခတ်ခဲ့သည်။ ဝေ၏ ဖခင်သည် တစ်နယ်တစ်ကျေးတွင် အလုပ်လုပ်နေသူဖြစ်ပြီး အိမ်သို့ အလွန်ပြန်လာခဲသည်။ မိထွေးဖြစ်သူ နွန်ကလည်း တစ်နေကုန် ပြင်ပတွင် အလုပ်ထွက်လုပ်လျှက်ရှိရာ ဝေကို တစ်နေကုန် တိရစ္ဆာန် တစ်ကောင်နှယ် လှောင်အိမ်ထဲ သော့ခတ်ထားခဲ့ခြင်းဖြစ်သည်။



အိမ်နီးချင်း တစ်ဦးက “နွန်အတွက် ခက်ခဲတဲ့ ရွေးချယ်မှုပဲ။ သူက ဝေကိုပဲ ထိန်းကျောင်းနေရမလား၊ ဒါမှမဟုတ် လယ်ထဲဆင်းပြီး အလုပ်လုပ်မလား ဆိုတာကို ဆုံးဖြတ်ခဲ့ရတယ်။ မိသားစုကို ထောက်ပံ့ဖို့ဆိုတာ အလုပ်လုပ်ဖို့ လိုတယ်လေ”ဟု ဆိုသည်။ တရုတ်နိုင်ငံတွင် စိတ်ဝေဒနာရှင် အမြောက်အမြားသည် ပိတ်ဆို့ချုပ်နှောင်မှုကို ခံနေရကြောင်း သတင်းများက ဖော်ပြခဲ့သည်။အထူးသဖြင့် ယင်းဖြစ်ရပ်မျိုးသည် အစွန်အဖျားကျ၍ ခေါင်သီသော နေရာများတွင် ပိုမို ဖြစ်ပွားလေ့ရှိသည်။ တရုတ်နိုင်ငံ တောင်ပိုင်း ချုံကင်းတွင် အသက်(၇၆)နှစ်အရွယ် မိခင်ဖြစ်သူက တင်းကုပ်ပျက် တစ်ခုတွင် ထားရှိသဖြင့် အသက်(၄၀)အရွယ် တန်ဇူဟွာဆိုသူသည် (၂၃)နှစ်လုံးလုံး ၎င်း၏ဘ၀ကို လူမသိ သူမသိ ဖြတ်သန်းခဲ့ရဖူးကြောင်း သိရှိရသည်။

Thursday, March 8, 2012

နှလုံး ကျန်းမာရေး ကောင်းမွန် စေမည့် အလေ့ အထ ၁၀ မျိုး

လေ့လာမှု တွေအရ နှလုံး ကို ကျန်း မာဖွံ့ ဖြိုးစေမယ့် အကြောင်း အချက် လေး တွေကို ဖော်ပြ ပေး လိုက်ပါတယ်။
၁။ အနီရောင် စားပါ
စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ၊ ဖရဲ သီး၊ ခရင်မ်ဘယ်ရီ၊ သလဲသီး၊ ခရမ်းချဉ် သီး၊ အနီရောင်ငရုတ်ကောင်းမှုန့်၊ ဝိုင်အ နီရောင်နဲ့ စပျစ်သီးအနီရောင်လိုအသီး တွေမှာ လိုင်ကိုပင်း (Lycopene)တွေ ပါဝင်ပြီး သစ်သီးအရောင်ကိုရင့်စေတဲ့ ကရိုတီနွိုက်ဓာတ်တွေ ပါဝင်ပါတယ်။ ဒီ အစားအစာတွေထဲမှာ စွမ်းအင်ပြည့် အင်တီအောက်ဆီးဒင့်တွေပါဝင်ပြီး ဆဲလ် တွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်ကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက် ကောင်းမွန်စေပါတယ်။ အင်တီအောက် ဆီးဒင့်အပြင် ဗီတာမင်စီပါ ထပ်ဆောင်း ပါဝင်တာကြောင့် နှလုံးရောဂါသည်တွေ အတွက် အကောင်းဆုံး အာဟာရပါလို့ လေ့လာသူတွေက ဆိုပါတယ်။
၂။ ဟင်းခတ်အမွှေးအကြိုင်သုံးပါ
ဟင်းကို ပိုပြီးအရသာတိုးစေတဲ့အ ပြင် ဟင်းခတ်အမွှေးအကြိုင်တွေဟာ တခြားရောဂါတွေကို တိုက်ထုတ်ပေးနိုင် တဲ့ အာနိသင်ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရိုးရာဓလေ့ ထုံးတမ်းအရ အသုံးပြုတတ် တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေများစွာ ရှိကြပါတယ်။ သစ်ကြံပိုးခေါက်၊ ဇာ တိပ္ဖိုလ်သီး၊ ပင်စိမ်းပင်၊ ငရုတ်ကောင်း စတဲ့ ဟင်းခက်အမွှေးအကြိုင်တွေ မှီဝဲပါ။
၃။ ပိုကောင်းတာကိုရှာပါ
အနီရောင်ဝိုင်နဲ့ အနက်ရောင် ချော ကလက် နှစ်မျိုးစလုံးဟာနှလုံးသွေးကြော ပျက်စီးတာကို ကာကွယ်နိုင်တဲ့ အကျိုး ကျေးဇူးတွေရှိပါတယ်။ ဒါပေမဲ့ ဘာနဲ့မှ ရောမထားတဲ့ အနက်ရောင်ချောကလက် ဖြစ်ဖို့လိုပါတယ်။ တစ်နေ့ဝိုင်တစ်ခွက်နဲ့ ချောကလက် တစ်လက်မခွဲပတ်လည် လောက် စားပေးပါ။
၎။ လက်ဖက်ရည်သောက်ပါ
Black Tea ဟာ သင့်နှလုံးအတွက် အရမ်းကိုကောင်းမွန်စေတယ်လို့လေ့လာ မှုတွေကဆိုပါတယ်။ နေ့စဉ်ပုံမှန် Black Tea တစ်ခွက်သောက်ရင် နှလုံးရောဂါနဲ့ ရုတ်တရက် နှလုံးဖောက်ပြန်မှုတွေကို လျှော့ချပေးနိုင်တာကြောင့် နေ့လည်နေ ခင်းမှာ Black Tea တစ်ခွက်လောက် သောက်ပါ။
၅။ ကခုန်ပါ
ကခုန်တာကြောင့် နှလုံးသွေးလည် ပတ်မှုကို ကောင်းစေတဲ့အပြင် ဖိစီးမှုတွေ ကိုပါ လျှော့ချပေးနိုင်ပါတယ်။ ခန္ဓာကိုယ် အလေးချိန်ထိန်းဖို့နဲ့စိတ်ကို လန်းဆန်းစေ ဖို့ အကောင်းဆုံးနည်းဟာ ကခုန်တဲ့ လေ့ ကျင့်ခန်းပါပဲ။
၆။ အိမ်ထဲမှာဖြစ်ပါစေ လမ်းလျှောက်ပါ
အမေရိကန်မှာ လူဦးရေ ၅၅ရာခိုင် နှုန်းလောက်ဟာ အိမ်ထဲမှာ အမြဲတမ်း ထိုင်နေတာကြောင့် နှလုံးရောဂါနဲ့တခြား သွေးကြောဆိုင်ရာရောဂါတွေ ပိုပြီးဖြစ် တတ်ကြပါတယ်။ ဒါကြောင့်ထိုင်နေမယ့် အစား အိမ်ထဲမှာလည်း လမ်းလျှောက် ပေးပါ။ အိမ်မှာ လက်ကိုင်ဖုန်းအစား ကြိုးဖုန်းကိုသုံးပါ။ တီဗီရီမုဒ်အစား တီဗီ ကို သွားပြီးဖွင့်ရတဲ့ခလုတ်ကိုသုံးပါ။
၇။ ပုံမှန်စစ်ဆေးပါ
နှလုံးကျန်းမာနေစေဖို့ လစဉ်ပုံမှန် ကျန်းမာရေးစစ်ဆေးပေးဖို့လည်း လိုပါ တယ်။ တချို့လေ့ကျင့်ခန်းတွေဟာ နှလုံးရောဂါသမားတွေအတွက် မပြုလုပ် သင့်တာတွေ ရှိတယ်ဆိုတာလည်း သိ ထားဖို့လိုပါတယ်။ ပုံမှန်စစ်ဆေးမှုအနေနဲ့ သွေးပေါင်ပုံမှန် ချိန်တာမျိုး၊ သွေးတွင်း ကိုလက်စထရောစစ်တာမျိုး၊ နှလုံးရောဂါ မျိုးရိုးရာဇဝင် ရှိ၊ မရှိ စတာတွေကို ပုံမှန် စစ်ဆေးဖို့ လိုပါတယ်။
၈။ ဂရုတစိုက်ရှိပါ
သင်ဟာ နှလုံးရောဂါဝေဒနာရှင်ဆို ရင် သင့်အတွက် ရောဂါအကြောင်းကို ပြောဆိုဆွေးနွေးတိုင်ပင်ဖို့ဆရာဝန်တစ်ဦး လိုအပ်ပါတယ်။ သွေးဖိအား၊ သွေးတွင်း သကြားဓာတ်၊ ကိုလက်စထရော၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ ခန္ဓာကိုယ်အ လေးချိန်နဲ့ ဆေးဝါးတွေကို အမြဲတမ်း စမ်းသပ်စစ်ဆေးပေးနေဖို့ လိုပါတယ်။
၉။ လုံလောက်စွာ အနားယူပါ
ငါးနှစ်ကြာ လေ့လာမှုအရ ပုံမှန် အိပ်ချိန် ခြောက်နာရီခွဲနဲ့ ခုနစ်နာရီခွဲ ကြားရှိတတ်သူတွေဟာ နှလုံးရောဂါ အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။ ဒါကြောင့် ညဘက်နှစ်ခြိုက်စွာ အိပ်ပျော် ပြီး လုံလောက်တဲ့အိပ်စက်မှုနဲ့အတူ နိုးထ လာဖို့ လိုအပ်ပါတယ်။
၁၀။ ပျော်ပျော်နေပါ
နှလုံးရောဂါသည်တွေအနေနဲ့ အ ပြုသဘောဆောင်တဲ့ အတွေးအခေါ်နဲ့ အတူ ပျော်ပျော်နေတတ်ဖို့ လိုပါတယ်။ မိသားစု၊ လုပ်ငန်းခွင်၊ လူမှုရေးရာတွေရဲ့ ဖိစီးမှုတွေကို ကျော်လွှားနိုင်ဖို့ စိတ်ညစ် စရာတွေကို မတွေးဘဲ ပျော်ပျော်နေပါ။
Ref:Good Health