Thursday, February 23, 2012

2012 Education Revolution




၂၀၁၂ မှာ ပညာရေးအလှည့်အပြောင်း တစ်ခုခုတော့ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရတယ်။ အရေအတွက် ပညာရေး (ပညာတတ်ဆိုတာတွေကို စက်နဲ့လှိမ့်ထုတ်သလို ထုတ်ပေးနေတဲ့ပညာရေး၊ တတ်သည်ဖြစ်စေ မတတ်သည်ဖြစ်စေ လက်မှတ်တစ်ခု ထုတ်ပေးလိုက်ရင် ပြီးပြီဆိုတဲ့ ပစ်စလက်ခတ် ပညာရေး) ကနေ အရည်အချင်းပညာရေးကို ကူးပြောင်းလာလိမ့်မယ်လို့ ယူဆရပါတယ်။
ဘွဲ့ရရင် ပညာတတ်တာပဲဆိုတဲ့အယူ အဆ၊ ဘွဲ့ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဘွဲ့ဆိုတာ သတ်မှတ်ချက်သာဖြစ်ပြီး အရည်အချင်းကို လက်တွေ့ပိုင်းဖြတ် အသိအမှတ်ပြုနိုင်တဲ့ ပညာရေးမျိုးလည်း ဖြစ်လာနိုင်လိမ့်မယ်လို့ ခန့်မှန်းရတယ်။
ကမ္ဘာတစ်လွှားကို အမြင်ကျယ်စွာနဲ့ ပြန်လည်သုံးသပ်ကြည့်စမ်းပါ။ နည်းပညာ ကုမ္ပဏီအများစုဟာ ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုပြီးတော့ လုပ်လာကြတာ တွေ့ရပါလိမ့်မယ်။ ပညာရှင်ကို ကိုယ်တိုင် မွေးထုတ်ချင်တဲ့ ကုမ္ပဏီတွေ၊ လုပ်ခွင်နဲ့လက်တွေ့ ပေါင်းစပ်ပေးတဲ့ ပညာရေးမျိုးကို ဦးစားပေးတဲ့ ကုမ္ပဏီပိုင် ကျောင်းတွေလည်း အများအပြားထူထောင်လာကြတာ သတိထားမိတယ်။
ကိုယ်လိုချင်တဲ့ပုံစံကို အစိုးရ ရိုက်သွင်းတာလည်းမခံ၊ ပုဂ္ဂလိက ပုံသွင်းတာလည်းမခံတော့ဘဲ ကိုယ့်ပုံစံအတိုင်း ထုတ်လုပ်လိုက်တဲ့ မိတ်အင်ကုမ္ပဏီ ဒီဇိုင်းနဲ့ လုပ်ငန်းခွင်လူသားတွေကို အနာဂတ်မှာ တွေ့မြင်ရပါတော့မယ်။
Microsoft ကုမ္ပဏီကြီးဟာ သူ့ ပါတနာတွေမွေးပြီး Learning Initiative ဆိုတာတွေ လုပ်လာတယ်။ နိုင်ငံပေါင်း ၁၁၅ နိုင်ငံမှာ ဆရာပေါင်း ၉ သန်းလောက်နဲ့ လက်တွဲပြီး အကောင်အထည်ဖော်သွားနိုင်အောင် လုပ်မယ်လို့ပြောထားတယ်။ တိုင်းပြည်ရဲ့ စီးပွားရေး မဖွံ့ဖြိုးလို့ဆိုတာတွေနဲ့ အခြားစိန်ခေါ်မှုတွေအကြောင်းကို မေ့ထားပြီး သင်ကြားမှု သင်ယူမှု အဝန်းအဝိုင်းလေးတစ်ခုကို တစ်နိုင်တစ်ပိုင် ရအောင်ထူထောင်ကြမယ်။ ကျောင်းသားကျောင်းသူတွေရဲ့ ဘ၀အတွက် ပညာရေးဆိုတာကို ဦးစားပေးသင် ကြားကြဖို့ လှုပ်ရှားနေကြပြီ။
စီးပွားရေးဆိုတာ ရာသီဥတုလိုပဲ အပြောင်းအလဲများနိုင်တာပဲ။ စီးပွားရေးမကောင်းလို့ ကျောင်းတွေ ပိတ်ထား ရမှာလား။ အိမ်မှာထမင်းစားစရာမရှိလို့ ကလေးတွေကို ကျောင်းမလွှတ်နိုင်ပါဘူးဆိုတဲ့ ဆင်ခြေတွေများလာတဲ့ နိုင်ငံတွေမှာ ပညာရေးနိမ့်ကျသွားတတ်တာကိုလည်း သတိပြုမိကြမှာပါ။ ဒါဆိုရင် ၂၀၁၂ ရဲ့ ပညာရေး လမ်းကြောင်းဟာ ဘယ်လိုများဖြစ်လာမလဲဆိုတာ ပြန်သုံးသပ်ကြည့်ရင်

၁။ လုပ်ခွင်နဲ့ပညာရေးကို ပေါင်းစပ်ပေးဖို့ ဦးစားပေးလာကြလိမ့်မယ်
နေရာတိုင်း၊ နိုင်ငံတိုင်းရဲ့ လိုအပ်ချက်နဲ့ တောင်းဆိုချက်ဖြစ်နိုင်ပါတယ်။ အစဉ်အလာပညာရေးနဲ့ တက္ကသိုလ်တွေရဲ့ ပညာရေးက စာတွေ့များများ၊ လက်တွေ့နည်းနည်း စာကျက်ပြီးအောင်တဲ့ ပညာရေးကို ဦးစား ပေးထားတယ်။ ကျောင်းပြီးပြီးဆိုရင်လည်း လုပ်ငန်းခွင်လက်တွေ့ ထပ်သင်ရသေးတယ်။ ကျောင်းမှာ တတ်လာတာကတစ်ခြား၊ လုပ်ငန်းခွင်မှာကတစ်ခြား အံမဝင်ခွင်မကျ ဖြစ်နေတာများတယ်။
နိုင်ငံတိုင်းမှာ လက်တွေ့လုပ်ငန်းခွင် အသက်မွေးမှုသင်ကျောင်းတွေဟာ ပိုပြီးတော့ ရေပန်းစားလာနိုင်တယ်။ လုပ်ငန်းခွင်တွေက အမှန်တကယ်လို့အပ်တဲ့ ကျွမ်းကျင် ပညာရှင်တွေကို မွေးထုတ်ပေးနိုင်တဲ့ ကျောင်းတွေကို မိဘတွေကလည်း ပိုပြီး စိတ်ဝင်စား၊ ကျောင်းသားတွေကလည်း ရွေးချယ်မှုများလာနိုင်တယ်။
အခြေခံပညာအဆင့်ကျောင်းတွေဟာ အခြေခိုင်တဲ့ သိပ္ပံနဲ့ သင်္ချာဆိုင်ရာသဘောတရားတွေကို လုပ်ငန်းခွင်နဲ့ ဆက်စပ်အောင် ပြင်ဆင်ဖို့လိုလာပြီ။ စာတွေ့ကို လက်တွေ့နဲ့ ပေါင်းစပ်နိုင်အောင် အခြေခံအဆင့်လောက်ကပဲ ပြင်ဆင်ပေးလိုက်ရင် ပိုကောင်းတာပေါ့။
ကမ္ဘာမှာ အလုပ်လက်မဲ့ဦးရေ လျှော့ချနိုင်ရေးဟာ ဦးစားပေးလုပ်ဆောင် ရမယ့်အဆင့်တစ်ခုအနေနဲ့ ဆောင်ရွက်နေကြတာတွေ့ရတယ်။ စပိန်နဲ့ ကိုရီးယားနိုင်ငံတွေမှာ လုပ်ငန်းသစ်တွေထူထောင်မှုများလာအောင် အစိုးရတွေက အားပေးတယ်။ လုပ်ငန်းတွေများရင် အလုပ်အကိုင်အခွင့် အလမ်းတွေ များလာ တော့မှာပေါ့။ ဒီတော့ ကျောင်းသားတွေကို အတွေးသစ်၊ အမြင်သစ်၊ စိတ်ကူးသစ်တွေ တွေးခေါ်ဖော်ထုတ် နိုင်တဲ့ ပညာမျိုးတွေ မသင်ပေးဘဲနဲ့ လုပ်ငန်းခွင်တွေကို လွှတ်လို့ မဖြစ်တော့ဘူးဆိုတာ သဘော ပေါက်လာကြတယ်။
အစဉ်အလာကျောင်းတွေက မသင်နိုင်ရင် သင်နိုင်တဲ့ကျောင်းတွေ ပေါ်လာလိမ့်မယ်။ လုပ်ငန်းခွင်နဲ့ အကိုက် ညီဆုံးကို မွေးထုတ်နိုင်တဲ့ပညာရေးပဲ အောင်မြင်လိမ့်မယ်။

၂။ ခေတ်ဆွေး ဆရာတွေနဲ့ နည်းပညာသင်ကြားရေး ထိပ်တိုက်တွေ့လိမ့်မယ်
ကျောင်းတွေမှာ နည်းပညာတွေဝင်လာရင် ဆရာတွေရဲ့ အခန်းကဏ္ဍ လျှော့ကျသွားလိမ့်မယ်ဆိုတဲ့ ဝေဖန် ငြင်းခုန်သံတွေ ဆူညံထလာတယ်။ မိုက်ခရိုဆော့ဖ်ကုမ္ပဏီရဲ့ အယူအဆကတော့ ဆရာတွေကို ရင်းနှီးမြှုပ် နှံတာနဲ့၊ ဆရာအလုပ်ကို ရင်းနှီးမြှုပ်နှံတာဟာ ပညာရေးအတွက် အကောင်းဆုံးအလုပ်တစ်ခုအနေနဲ့ သတ်မှတ် ထားတာကို ထူးခြားစွာသွားတွေ့နေရတယ်။
ဆရာတစ်ယောက်ဟာ လုပ်ငန်းထောင်ပေါင်းများစွာအတွက် အဓိကသော့ချက်ဖြစ်နေရမယ်။ အနာဂတ် လူ့ဘောင်ကို ပြောင်းလဲစေနိုင်တဲ့ အထောက်အကူပြုသူတွေဖြစ်ရမယ်ဆိုတဲ့ အယူအဆကို မိုက်ခရိုဆော့ဖ် ကတော့မပြောင်းသေးဘူး။ ဘေဂိတ်စ်နဲ့ သူ့ဇနီးတို့ထူထောင်ထားတဲ့ ဖောင်ဒေးရှင်းက `ဆန်းသစ်သော သင်ကြားရေးနဲ့ သုတေသနပြုသင်ယူရေး´ ဆိုတဲ့ အစီအစဉ်တစ်ခုကို လုပ်ဆောင်နေတယ်။ ဆရာတွေကို လည်း ထိရောက်တဲ့သင်ကြားမှုတွေပြုနိုင်အောင်၊ ကျောင်းသားတွေကိုလည်း ခေတ်နဲ့အညီ သက်ရောက်မှု ရှိနိုင်တဲ့ ပညာရေးမျိုး ဖြစ်လာအောင် သူတို့ကြံဆောင်နေကြတယ်။
ကလေးတစ်ယောက်ဟာ ပညာပိုပြီးတတ်လာလေ သူ့ဘ၀ရပ်တည်မှုနဲ့ ဝင်ငွေအတွက် ပိုပြီး ကောင်းလာလေ ဆိုတဲ့ အချက်ကိုလည်း ထည့်တွက်ရပါလိမ့်မယ်။ ခုဆိုရင် ဟားဗတ်နဲ့ ကိုလံဘီယာတက္ကသိုလ်ကြီးတွေမှာ ဆရာတွေထဲကနေပြီး ကျောင်းသားတွေရဲ့ အနာဂတ်အတွက် အကျိုးအရှိဆုံးပညာသင်ကြားပေးနိုင်ရေးကို ဦးဆောင်ပြီး နည်းလမ်းတွေရှာဖွေနေကြပြီ။
သူတို့အား လုံးပူးပေါင်းပြီးတော့ Partners in Learning Network (http://www.pil-network.com/) ဆိုတာ ထူထောင်ထားတယ်။ အဲဒီ Site ထဲမှာ ကွန်ရက်ဆိုင်ရာ ဆက်သွယ်ရေး၊ ပညာရေးလုပ်သားများအတွက် ရင်းမြစ်များ၊ သင်ခန်းစာကြိုတင်ပြင်ဆင်ခြင်း၊ တန်ဖိုးမဖြတ် နိုင်တဲ့ နိုင်ငံတကာမှ အကောင်းဆုံး ဆရာတွေရဲ့ သင်ကြားမှုဆိုင်ရာ မှတ်စုတွေကို လေ့လာနိုင်တယ်။

၃။ စူးစမ်းလေ့လာမှုမှသည် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှုသို့ ပြောင်းမည့် ၂၀၁၂
၂၀၁၂ မှာ ပညာရေးလောကမှ ဆရာတွေ ကျောင်းသားတွေအားလုံး Cloud နည်းပညာကို မဖြစ်မနေ သုံးဖို့လိုလာလိမ့်မယ်။ ခုကတည်းက မိုက်ခရိုဆော့ဖ်ရဲ့ Cloud service ကို ပညာရေးဘက်က ၂၂ သန်း လောက် သုံးစွဲနေကြတယ်။ နောက်လည်း အများကြီးတိုးတက်လာနိုင်စရာ အကြောင်းရှိတယ်။
ကျောင်းတွေက ဒစ်ဂျစ်တယ်ဖတ်စာတွေ၊ သင်ကြားမှု သင်ယူမှုဆိုင်ရာ အကြောင်းအချက်တွေကို လေ့လာခြင်း၊ သိုလှောင်သိမ်းဆည်းခြင်း၊ ပြန့်ပွားစေခြင်း၊ ရယူအသုံးချခြင်းတွေကို Cloud က တစ်ဆင့်ပဲ လုပ်ဆောင် လာကြလိမ့်မယ်။
Cloud နည်းပညာက တန်ဖိုးအနည်းဆုံး၊ အမြန်ဆုံးလူထုဆက်သွယ်ရေးနည်းလမ်းဖြစ်လာတာကြောင့် သင်ယူမှုမှာ Cloud ရဲ့ အခန်းကဏ္ဍကို မရှိမဖြစ် ထည့်တွက်လာရလိမ့်မယ်။

၎။ ဒေတာမောင်းနှင်ရေးစနစ် ပညာခေတ်
သင်ယူမှုဖြစ်စဉ်မှာ ဒေတာတွေအရေးကြီးလာတယ်။ ဒေတာဆိုတာ ပြဋ္ဌာန်းချက်တစ်ခုတည်းကို ပြောတာ မဟုတ်တော့ဘူး။ ပြဋ္ဌာန်းချက်နဲ့ ဆက်နွှယ်နေတဲ့ အကြောင်းအရာတွေကို ရရှိနိုင်တဲ့အနေအထားကို ဖန်တီး ပေးနိုင်ဖို့ပြောတာ။ ပညာရေးမှာ နောက်အဆင့်တစ်ဆင့်ကို တက်လှမ်းနိုင်အောင် ဒေတာတွေက တံတားလို ခင်းပေးနိုင်ရမယ်။
ဒေတာဆိုတာ ဆရာကပေးနိုင်တာထက်၊ တပည့်ကရှာနိုင်တဲ့အဆင့်ကို အလေးပေးရမယ်။ ဒါကြောင့် နည်းပညာဟာ ပညာခေတ်ထဲကို သိသိသာသာဝင် ရောက်လာပြီဆိုတာကို အသိအမှတ်ပြုရ မယ်၊ မသုံးမဖြစ် အနေအထားကို ရောက်လာပြီဆိုတာလည်း သိထားရမယ်။ အချက်အလက်ဒေတာတွေကို အများဆုံး၊ အမြန် ဆုံး၊ အကောင်းဆုံးစုဆောင်းနိုင်တာ အွန်လိုင်းမှာဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုရမယ်။
လုပ်ငန်းခွင်က လုပ်ငန်းရှင်တွေက မိမိ တို့လုပ်ငန်းတွေက အမှန်တကယ်လိုအပ်ချက်တွေကို ပညာရေးဌာနနဲ့ ကျောင်းတွေကို ပို့ပေးနိုင်ရမယ်။ ကျောင်းတွေက လုပ်ငန်းခွင်လိုအပ်ချက်ပညာရေးကို အကောင်အထည် ဖော်ပေးဖို့ အားထုတ်ရတော့မယ်။

၅။ ကွန်ပျူတာနှင့် ဒစ်ဂျစ်တယ်သင်ယူမှု လမ်းကြောင်း
ပညာသင်ကြားရေးမှာ ကျောင်းသား ၄၀ ဆရာတစ်ယောက်၊ ကျောင်းသား ၂၀ ဆရာတစ်ယောက်နှုန်းနဲ့ သင်ကြားမှု သင်ယူမှုကို အကောင်အထည်ဖော်ဖို့တောင် မဖြစ်နိုင်သေးပါဘူး။
ခေတ်သစ်ပညာရေးက ကျောင်းသားတစ်ယောက် ဆရာတစ်ယောက်ဆိုတဲ့ ၁း၁ နှုန်းကို အကောင် အထည်ဖော်နိုင်တဲ့ခေတ် ဖြစ်လာပြီ။ သင်ယူမှုမှာ ပစ္စည်းတစ်ခုခုကို မဖြစ်မနေသုံးဖို့ လိုလာပါပြီ။ ကျောင်းတွေ မှာ BYOD ဆိုတဲ့ ညွှန်ကြားချက်ထုတ်နိုင်ဖို့လည်း လိုလာပြီ။ BYOD ဆိုတာက (bring your own device) ကိုပြောတာ။ သင်ယူမှုအတွက် ကိုယ့်ပစ္စည်း (ကွန်ပျူတာ) ကိုယ်ယူလာကြဖို့ပြောတာ။ ကွန်ပျူတာဆိုတာ ခြုံ ပြောလိုက်တာ။
ကျောင်းလာတဲ့ ကလေးတစ်ယောက်မှာ laptop, slate, tablet, phone တွေအပြည့်အစုံပါလာမှရတော့မယ်။ မကိုင်နိုင်ဘူးဆိုတဲ့ အကြောင်းပြချက် မလိုချင်ပါဘူး။ ကိုင်နိုင်သုံးနိုင်တဲ့ ဝန်းကျင်တစ်ခုကို အမြန်ဆုံး ဖန်တီးပေးနိုင်ခြင်းဟာ ပညာရေးအတွက် အကောင်းဆုံးရင်းနှီး မြှုပ်နှံမှုတစ်ခု ဖြစ်ပါ လိမ့်မယ်။ မိဘတွေမှာ တာဝန်ရှိပါတယ်။ အစိုးရတွေမှာ တာဝန်ရှိပါတယ်။
ပစ္စည်းရှိရုံသက်သက်မပြီးသေးဘူး။ အရေးကြီးတဲ့ အင်တာနက်အဆက်အသွယ်တွေကိုလည်း ဈေး အသက်သာဆုံး အမြန်ဆုံးရအောင် လုပ်ပေးရလိမ့်မယ်။ ပညာရေးအတွက် အင်တာနက်လို့ကြွေးကြော်တဲ့နိုင်ငံ တွေ ကြွေးကြော်ပြီး အခမဲ့သုံးနိုင်အောင် ကြံဆောင်ပေးနေကြချိန်မှာ ဂဏန်းပေါင်းစက်တောင် မကိုင်နိုင် ကြသေးတဲ့ နိုင်ငံတွေအတွက်လည်း ရင်လေးစရာကောင်းပါတယ်။

၆။ ဒစ်ဂျစ်တယ်သင်ရိုးနှင့် ဒစ်ဂျစ်တယ်ဖတ် စာခေတ်ကို ထူထောင်ပါ
ဒစ်ဂျစ်တယ်စနစ်နဲ့ ကျောင်းသုံးပြဋ္ဌာန်းချက်တွေအားလုံးကို အွန်လိုင်းပေါ်မှာရနေပြီဆိုတာ ကောလာဟလ မဟုတ်ပါဘူး။ ရအောင်ကြံဆောင်တဲ့နိုင်ငံတွေမှာ ရေမြင့်ကြာမြင့် ဒစ်ဂျစ်တယ်ခေတ်ပါဖြစ်သွားတယ်။ ဖတ်စာပြုစုရေးကော်မတီတွေ၊ ထုတ်ဝေရေးတွေ၊ ဖြန့်ချိရေးတွေ၊ ရောင်းချရေးတွေအားလုံး ဒစ်ဂျစ်တယ်ခေတ် အတွက် ပြင်ဆင်နေကြပြီ။
တူရကီနိုင်ငံဟာ ပညာခေတ်ပြောင်းတော်လှန်ရေးကို အစောဆုံးလက်ခံတဲ့ နိုင်ငံတစ်နိုင်ငံလို့ဆိုရမယ်။ ကျောင်းတွေမှာ ကိုယ်ပိုင်ရန်ပုံငွေတွေထူထောင်ပြီး ကျောင်းသုံးဖတ်စာအုပ်တွေအစား၊ ဒစ်ဂျစ်တယ်ဖတ် စာအုပ်တွေ ဝယ်နိုင်အောင် ပိုက်ဆံတွေ စုဆောင်းကြတယ်။ ဖတ်စာအုပ်နေရာမှာ ဒစ်ဂျစ်တယ် စာအုပ်တွေ အစားထိုးဖို့ အရှိန်မြှင့်နေကြတာ ဒစ်ဂျစ်တယ်ပညာခေတ် ပြောင်းတော်လှန်ရေးအတွက် အကောင်းဆုံး ပြင်ဆင် နေတာပါလို့ ပြောနိုင်တယ်။
ဒစ်ဂျစ်တယ်ဖတ်စာဆိုတာ စာဖတ်ရုံသက်သက်မဟုတ် အသိဉာဏ်ကို ဆင့်ကဲအထောက်အကူပြုနိုင်တဲ့ နည်းစနစ်ဆိုတာ သိသူတွေ ဖော်စားနေသလို၊ မသိသူတွေကလည်း မသိချင်ယောင်ဆောင်ပြီး ကျော်လွှား သွားနေကြတယ်။
ခုဆိုရင် မိုက်ခရိုဆော့ဖ်ဟာ ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းရှင်ပေါင်း ၁၅၀ ကျော် နဲ့ ချိတ်ဆက်ထားပြီးပြီ။ သူတို့က ဒစ်ဂျစ်တယ်လမ်းကြောင်းကို ပညာရေးမှာပြောင်းဖို့အချိန်အခါကောင်းလို့ယူဆထားကြတယ်။ မိုက်ခရိုဆော့ဖ် ကလည်း သူတို့အတွက် Cloud ဆိုတဲ့ အခွင့်အလမ်းကောင်းအတွက် တံခါးဖွင့်ပေးထားလိုက်တယ်။
နည်းပညာဟာ တံခါးကို လာခေါက်နေပါပြီ။ တံခါးတွေပိတ်ပြီး ဆွေးနွေးနေမယ့်အစား တံခါးဖွင့်ပေးပြီး ပြည်သူ့ အသံတွေ ဝင်လာတာကို နားထောင်ပြီးမှ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်ကြရင် ကောင်းမယ်ထင်ပါတယ်။
ဘာပြောပြော ၂၀၁၂ ဟာ ပညာခေတ်ကို စိန်ခေါ်နေပါပြီ။
 တင်ညွန့်
Ref: A Turning Point for Education? Trends to Watch in 2012, by Anthony Salcito

ကယ်လီဖောနီးယား တက္ကသိုလ်မှ အသက် ၁၄ နှစ် ဥာဏ်ကြီးရှင် ကျောင်းသား




မိဘတိုင်း ကိုယ့်ကလေးက သူ့များကလေးတွေထက် ပိုထူးခြားတယ်လို့ ယုံကြည်လေ့ရှိပါတယ်။ အဲဒီလိုဆိုရင် အမေရိကန် ကာလီဖိုးနီးယားပြည်နယ်မှ တရုတ် ဆယ်ကျော်သက် လူငယ် Moshe Kai Cavalin ရဲ့ မိဘနှစ်ပါးကလည်း သူတို့သားဟာ သူများတကာတွေထက် ပိုထူးခြားတယ်လို့ ယုံကြည်စရာ အကြောင်းရှိနေပါတယ်။
Moshe ဟာ အသက် ၈ နှစ်မှာ လော့စ်အိန်ဂျယ်လစ် ဒေသကောလိပ်ကို စတက်ခဲ့ပြီး၊ အနုပညာရပ်ဆိုင်ရာ ဘသာရပ်တွေနဲ့ ဘွဲ့ရခဲ့ပါတယ်။ အခု အသက် ၁၄ နှစ်ပြည့်ချိန်မှာ ကယ်လီဖောနီးယား တက္ကသိုလ်မှာ သင်္ချာဘာသာရပ် စကောလားရှစ် အပြည့် ရရှိပြီး လေ့လာနေပါတယ်။
မကြာခင်က We Can Do ဆိုတဲ့ စာအုပ် တစ်အုပ်လည်း အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပြီး ရောင်းတန်းဝင်ခဲ့ပါတယ်။ အဲဒီစာအုပ်မှာ သူက ပညာရှာရာဖြစ်ဖြစ် အခြားနယ်ပယ်မှာဖြစ်ဖြစ် ထူးချွန်အောင်မြင်ဖို့ဆိုတာ ပါရမီရှိဖို့ထက် အလုပ်ကြိုးစားဖို့သာလိုကြောင်း သူ့အမြင်နဲ့ ကိုယ်တွေ့ ကြိုးစားပုံကို တင်ပြထားပါတယ်။ ဂျက်ကီချန်း ရဲ့ ရုပ်ရှင်တွေကို အထပ်ထပ်ကြည့်တယ်လို့လည်း ပြောပါတယ်။
အယ်လ်ဂျားဇီးရား ရုပ်သံက ထူးချွန်တဲ့ Moshe ကို အသက် ၁၄ နှစ်ပြည့် မွေးနေ့မှာ တွေ့ဆုံခဲ့ပါတယ်။

ဝင့်ထန်း

Tuesday, February 21, 2012

အံ့သြဖွယ်ရာအသက် ၂၅၆ နှစ်နေခဲ့သော Li Ching-yun





တရုတ်ပြည် Szechwan ပြည်နယ်မှာ Li Ching-yun ဆိုသူဟာ အံ့သြဖွယ်ရာ နှစ်ပေါင်း ရာကျော်နေ ခဲ့သူဖြစ်ပါတယ် ။ တရုတ်ပြည်မှာ အသက်အရွယ်အပိုင်းအခြားအရ သူဟာ တကယ့်ကို မယုံနိုင်ဖွယ်ရာ ဖြစ်ခဲ့ တယ် ။ သူ့ရဲ့ ကိုယ်ပိုင် story အရတော့ ၁၇၃၆ မှာမွေးဖွားခဲ့ပြီး ၁၉၇ နှစ်နေထိုင်ခဲ့တယ်လို့သိရပါတယ် ။



သူ အသက် ဆယ်နှစ်လောက်အရွယ်တွေမှာ Kansu, Shansi, Tibet, Annam, Siam နဲ့ Manchuria ဒေ သတွေကို ဆေးဖက်ဝင်အပင်တွေကို စုဆောင်းဖို့ ခရီးသွားလာခဲ့ပါတယ် ။ သူ့ရဲ့ ပထမ နှစ် ၁၀၀ အတွင်း မှာလည်း သူဟာ ဆေးဖက်ဝင်အပင်တွေကို စုဆောင်းရင်းနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တယ် ။ သူဟာ အဲဒီ ပင်တွေကြားမှာပဲနေပြီး သူ့မှာ ဆန်နဲ့ပြုလုပ်ထားတဲ့ ၀ိုင်တွေ ပေါများစွာ ရှိခဲ့တယ် ။

သူ့ကို ဘာကြောင့်အသက်ရှည်သလဲလို့ မေးမြန်းတဲ့အခါ သူ့လျှို့ဝှက်ချက်ကတော့ “ တိတ် ဆိတ်ငြိမ် သက် တဲ့ နှလုံးသားနဲ့နေပါ လိပ်တစ်ကောင်လိုထိုင်ပါ ပင်ကွင်းငှက်လို လမ်းလျှောက်ပါ ခွေးတစ်ကောင်လို အိပ်ပါ ” လို့သူပြန်ဖြေခဲ့တယ် ။ ဒါပေမယ့် စစ်ဘုရင် Wu Pei-fu က အဲဒီ ဖော်မြူလာကိုဘ၀င်မကျခဲ့ဘူး ။ ဒါကြောင့် သူဟာ Li ကို အိမ်ကိုဖိတ်ခေါ်ခဲ့ပြီး ရာစုနှစ်တစ်ခုအတွင်းမှာ အသက်အရှည် ဆုံးဘယ်လိုနည်း လမ်းတွေ နဲ့နေထိုင်ရမလဲဆိုတာ သင်ကြားစေခဲ့တယ် ။

အချို့ပြောတာကတော့ သူ့မှာ သေဆုံးပြီးသားဇနီး ၂၃ ယောက်ရှိပြီး လက်ရှိ ၂၄ ယောက်မြောက် ဇနီးနဲ့နေ ထိုင်တယ်လို့ဆိုပါတယ် ။ အဲဒီ ၂၄ ယောက်မြောက်ဇနီးဟာ အသက် ၆၀ အရွယ်ရှိပြီး မျိုးဆက် ၁၁ ဆက်ကို ပြန့်ပွားနိုင်ခဲ့တယ် ။ Li ရဲ့ ညာလက်က လက်သညးတွေဟာ ၆ လက်မ ရှည်လျှားပါတယ် ။ ၁၉၃၀ ခုနှစ်မှာတော့ ပရော်ဖက်ဆာ Wu Chung-chieh ဟာ အမှတ်မထင် ထူးဆန်းတဲ့အရာကိုရှာတွေ့ခဲ့တယ် ။ သူဟာ Chengtu University မှ ပရော်ဖက်တစ်ဦးလည်းဖြစ်ပါတယ် ။ သူတွေ့ခဲ့တာကတော့ Li Ching-yun ဟာ ၁၈၂၇ ခုနှစ်မှာ တရုတ် အစိုးရက သူ့မွေးနေ့အတွက် အသက်ရှည်ခြင်းအား ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပေးပို့ထားတဲ့ မှတ်တမ်း မှတ်ရာတွေကိုပါပဲ ။



အဲဒီမွေးနေ့ဟာ နှစ် ၁၅၀ ပြည့်မွေးနေ့ဖြစ်ပါတယ် ။ သိပ်မကြာသေးခင် ရက်သတ္တပတ်ကပဲ Li ဟာ သေဆုံး သွားခဲ့တယ် ။ အဲဒီလိုဆိုရင် Li Ching-yun ဟာ ကမ္ဘာမြေပေါ်မှာ 256 နှစ်တိုင်တိုင် အသက်ရှင်နေထိုင်သွားခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်လို့နေပါတယ် ။ ကဲ အံ့သြဖွယ်ရာ မယုံနိုင်စရာဖြစ်မနေဘူးလား ။

(ကျွန်တော့်အထင်ကတော့ ပရော်ဖက်ဆာ ရှာတွေ့ခဲ့တဲ့ record ထဲက လူနဲ့ Li ဟာ တစ်ယောက် တည်းဆို ရင်တော့ Li ဟာ တကယ်ပဲ ၂၅၆ နှစ်အသက်ရှည်ခဲ့တဲ့သူဖြစ်ပါတယ် ။ တစ်ယောက် စီဖြစ်နေမယ်ဆိုရင်တော့ Li ဟာ ၁၉၇ နှစ်အသက်ရှည်ခဲ့သူဖြစ်ပါ့တယ် )

Li ရဲ့အကြောင်းကိုဒီထက်သိချင်ရင်တော့အောက်ပါလင့်မှာ ဖတ်ရှူနိုင်ပါတယ် ။

http://en.wikipedia.org/wiki/Li_Ching-Yuen

လက်ထပ်ပေါင်းသင်းခြင်း အနုပညာ


ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်း လက်ထပ်ခြင်းအနုပညာ

လောကကြီးမှာ ယောက်ျားနဲ့မိန်းမဆိုတဲ့ လူနှစ်မျိုးနှစ်စားပဲရှိတယ်။ လိင်မတူတဲ့ ဒီလူနှစ်မျိုးနှစ်စားက အချင်းချင်းဆွဲငင်တတ်ကြသလို ချစ်ရည်လူးတဲ့စကားတွေကိုလည်း ပြောဆိုတတ်ကြတယ်။ ယောက်ျားရဲ့အခြား တစ်ခြမ်းက မိန်းမလို့ဆိုရင် မိန်းမရဲ့အခြားတစ်ခြမ်းဟာလည်း ယောက်ျားပဲဖြစ်ပါတယ်။ ယောက်ျားမရှိတဲ့ မိန်းမ၊ မိန်းမ မရှိတဲ့ယောက်ျားတွေဟာ အခြမ်းမပြည့်စုံသူတွေဖြစ်တယ်။ စက်ဝန်းတစ်ခုအဖြစ် အခြမ်းနှစ်ခု ပေါင်းစပ် ပြီး ရှေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ ဆက်လှိမ့်နိုင်ဖို့ မောင်နှံနှစ်ဦးရဲ့ ပေါင်းသင်းခြင်းအနုပညာကို သင်ယူတတ်မြောက် ထားဖို့ လိုပါလိမ့်မယ်။



အပြန်အလှန် တန်ဖိုးထားနှစ်သက်ခြင်း

ဇနီးမောင်နှံအတွက် အမှာစကား၊ မင်္ဂလာစကားတွေ အများကြီးရှိပေမယ့် အဲဒီစကားတွေရဲ့ အခြေခံ သဘောတရားက “(၁) တစ်ဘက်လူရဲ့ တန်ဖိုးထားနှစ်သက်ခံရသူဖြစ်အောင် ကြိုးစားပါ။ (၂) တစ်ဘက်လူကို တန်ဖိုးထားနှစ်သက်တတ်သူဖြစ်အောင် ကြိုးစားပါ”ဆိုတဲ့ အချက်နှစ်ချက်ကို ဆိုလိုခြင်းဖြစ်ပါတယ်။

အချစ်ရဲ့တကယ့်အနှစ်သာရက အချင်းချင်းနှစ်သက်တာကို ရှာဖွေတွေ့ရှိခြင်းပဲဖြစ်တယ်။ တန်ဖိုးထားနှစ်သက် တာကို “ပန်း”လို့ တင်စားရင် အချစ်က “အသီး” ပဲ ဖြစ်မယ်ထင်ပါတယ်။ ကိုယ်ချစ်တဲ့လူကို ချစ်ကြောင်း အရှက် အဝံ့မရှိ ထုတ်ဖော်ပြောပါ။ ချီးမွမ်း၊ ချီးကျူးစကားပြောဖို့ ကပ်စီးမနဲပါနဲ့။ သင့်တော်တဲ့နေရာ၊ ဆီလျော်တဲ့အမူအရာနဲ့ ကိုယ်ချစ်တဲ့လူကိုပြောတဲ့ “နင့်ကို ငါချစ်တယ်” ဆိုတဲ့ စကားတစ်ခွန်းဟာ တပ်တစ် တပ်ထက် အင်အားကြီးပါတယ်။ တန်ဖိုးထားနှစ်သက်တယ်ဆိုတာက တစ်ဘက်သားကို အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်းနဲ့ အားပေးဖေးမခြင်း စတာတွေကို ခံစားစေသလို ကျေနပ်အားရတဲ့ ခံစားချက် ကိုလည်း ဖြစ်စေပါတယ်။ နားလည်ခြင်းဆိုတဲ့အဓိပ္ပာယ်မှာ အသိအမှတ်ပြုခြင်း၊ အတည်ပြုခြင်း၊ ချီးကျူးခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းတွေ ပါပါတယ်။ နှစ်ဦးနှစ်ဖက်ရဲ့ရင်ထဲမှာ တန်ဖိုးထားနှစ်သက်ခြင်းက လိုကို လိုအပ်ပါ တယ်။ ဒါဟာလည်း ဇနီးမောင်နှံနှစ်ဦးရဲ့ ပေါင်းသင်ခြင်းလျှို့ဝှက်ချက်ထဲက တစ်ခုဖြစ်ပါတယ်။



ခံစားမှုကို စုဆောင်းခြင်း

လူတိုင်းရင်ထဲက အနက်ရှိုင်းဆုံးတစ်နေရာမှာ ခံစားမှုတွေကို စုဆောင်းထားတဲ့ ဘဏ်လေးတစ်ခုရှိပါတယ်။ တကယ်လို့ အဲဒီဘဏ်လေးထဲမှာ အချစ်နဲ့ရယ်မောစရာတွေကို အမြဲစုထားရင် ပျော်ရွှင်ခြင်း၊ ချမ်းမြေ့ခြင်း စတဲ့ အရာတွေက တိုးတိုးလာသလို ပြုံးရယ်ခြင်း၊ နူးညံ့ခြင်း၊ အားပေးခြင်း၊ နှစ်သိမ့်ခြင်း စတဲ့ အတိုးအမြတ်တွေ ကိုလည်း ဖြစ်ထွန်းစေပါတယ်။ တစ်ခါတလေမှာ တကိုယ်ကောင်းဆန်မိ၊ မယုယ မကြင်နာဖြစ်မိပြီး ဘဏ်ထဲ ဘာမှ မစုဆောင်း မိရင်တောင် ဘဏ်က Overdraw မဖြစ်သွားနိုင်ပါဘူး။ ကြည်နူးပျော်ရွှင်ခြင်းတွေ စုဆောင်းထားတာနည်းရင်တော့ ငြင်းခုန်ရန်ဖြစ်တိုင်း ပြင်းထန်မှုတွေ ကြီးကျယ်စေတတ် ပါတယ်။

ယုံကြည်ခြင်းနဲ့ တန်ဖိုးထားနှစ်သက်ခြင်းကို အကြွေးစာရင်းထဲမှာပဲထားပြီး စုဆောင်းထားတာကိုပဲ အမြဲထုတ်ထုတ်သုံးနေရင်လည်း နောက်ဆုံးမှာ ခံစားချက်ပြိုကွဲခြင်း၊ အိမ်ထောင်ရေးအက်ကြောင်းထခြင်း စတဲ့ အပျက်အဆီးထဲ ရောက်သွားနိုင်ပါတယ်။ လူ့ဘဝက ရှုပ်ထွေးပွေလီလွန်းပါတယ်။ တစ်ခါတလေမှာ ကျွန်မတို့ ဟာ အထိန်းအချုပ်မဲ့ပြီး တစ်ဘက်လူ၊ ကိုယ့်အိမ်ထောင်ဖက်ကို ထိခိုက်နာကျင်အောင် လုပ်မိတတ်ပါတယ်။ ခံစားမှုဘဏ်အကောင့်လေး Overdraw မဖြစ်သွားစေတဲ့ အကောင်းဆုံးနည်းက ဘဏ်ထဲကို နာလိုဖွယ်စကား၊ ချစ်ခင်နှစ်သက်တဲ့ခံစားမှု၊ တန်ဖိုးထားမြတ်နိုးတဲ့ အပြုအမူတွေ အမြဲတမ်း စုဆောင်းနေဖို့ပဲဖြစ်ပါတယ်။



ကိုယ်ပိုင်လွတ်လပ်မှု

လက်ဘနွတ်စာရေးဆရာ (Kahlil Gibran)က “နှစ်ခုကို တစ်ခုဖြစ်အောင် ပေါင်းတဲ့ အထဲမှာ နေရာလပ်လေး တစ်ခုတော့ ရှိဖို့လိုတယ်”လို့ ဆိုခဲ့ပါတယ်။ တယောကြိုးတွေဟာ အသံတစ်သံထဲမှာ တုန်ခါနေတယ်ဆိုပေမယ့် ကြိုးတိုင်းမှာ မတူတဲ့အသံကိုယ်စီနဲ့ ကွဲပြားကြပါတယ်။ ဒါမှလည်း သာယာနာပျော်ဖွယ်ကောင်းတဲ့ အသံတွေကို တီးခတ်နိုင်မှာဖြစ်တယ်။ အိမ်ထောင်ရေးဆိုတာ တစ်ဦးချင်းရဲ့လွတ်လပ်မှု၊ တစ်ဦးချင်းရဲ့ ဒီမိုကရေစီဖြစ်တယ်။ “နင်က ငါ့ဟာပါ” လို့ သံသယ မလွန်ကဲပါနဲ့။ ဒါဟာ အချစ်အိမ်လေးကို လှောင်အိမ် အချုပ်ဖြစ်အောင် ဖန်တီး လိုက်တာနဲ့ အတူတူပါပဲ။ အချစ်ကို အဓွန့်ရှည် တည်တံစေချင်ရင် ဂရုတစိုက်နဲ့ ပြုစုပျိုးထောင်ပေးရပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုပြောင်းလဲဖို့ ပြောနေတာမဟုတ်သလို တခြားသူကိုပြောင်းလဲနိုင်ဖို့ ကြိုးစားခိုင်းတာလည်း မဟုတ်ပါဘူး။ သင့်တော်တဲ့ အခြေအနေတစ်ခု၊ နေရာတစ်ခုဖြစ်အောင် အချင်းချင်းထိန်းညှိဖို့၊ အတူတကွ ဆိုပေမယ့်လည်း ကိုယ်ပိုင်နေရာလေးရှိဖို့တော့ လိုအပ်ပါတယ်။ အိမ်ထောင်ရေးဆိုတဲ့မြေကြီးထဲမှာ ကိုယ်ပိုင်အပင်လေးနှစ်ပင် လွတ်လွတ်လပ်လပ် ရှင်သန်ကြီးထွားစေခြင်းအားဖြင့် ပျော်ရွှင်တဲ့ အသီးအပွင့်တွေ ကို ဝေဝေဆာဆာ ဖူးပွင့်စေနိုင်ပါတယ်။



အပြန်အလှန် လေးစားခြင်း

“သင့်ကို လူတွေဘယ်လို ဆက်ဆံစေချင်ရင် လူတွေကို သင်လည်းဘယ်လိုဆက်ဆံပါ”ဆိုတဲ့ စကားအတိုင်း အိမ်ထောင်ရေးတည်မြဲဖို့ အဓိကအရေးပါတဲ့အချက်က အချင်းချင်းလေးစားတတ်ဖို့ပဲဖြစ်ပါတယ်။ တစ်ဘက်သား ကို လေးစားတတ်မှ တစ်ဘက်သားရဲ့လေးစားမှုကိုရမှာဖြစ်တယ်။ တစ်ဘက်သားကို လေးစားတတ်ရုံတင်မက သူ့မိဘ၊ သူ့ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းတွေကိုပါ လေးစားတတ်ရပါမယ်။ တကယ်လို့ တစ်ဘက်သားရဲ့မိသားစုကို မလေးစား၊ မထီမဲ့မြင်ပြုတယ်။ တချို့က တစ်ဘက်ရဲ့မိသားစုကို ကိုယ့်ပြိုင်ဖက်လို သဘောထားတယ်။ ဒါဟာ အင်မတန် ရုပ်ဆိုးအကြည်တန်တဲ့ တုံးအမှုပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို အထီးကျန်ကမ္ဘာထဲ တွန်းပို့နေသလို သင့်ရဲ့အိမ်ထောင်ရေးကိုလည်း ပြိုကျပျက်ဆီးစေနိုင်ပါတယ်။

ငွေကြေးနဲ့အချစ်…. မိသားစုရဲ့အခြေခံမှာ ငွေကြေးနဲ့အချစ် တစ်ခုခုလစ်ဟနေလို့မဖြစ်ပါဘူး။ ပြောနေကျစကား အတိုင်းပြောရရင် အချစ်ဆိုတာလိုအပ်သလို ပေါင်မုန့်ဆိုတာလည်း လိုအပ်ပါတယ်။ ငွေကြေးမရှိရင် အချစ်ကို သက်ရောက်တတ်တာကိုတော့ ဘယ်သူမှငြင်းဆန်လို့ မရနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ငွေကြေးက ကောင်းကျိုးကို လည်း ဖြစ်စေသလို ဆိုးကျိုးကိုလည်း ဖြစ်စေပါတယ်။ မိသားစုဘဝမှာ ငွေကြေးကို အရမ်းအလေးထားလို့ မဖြစ် ပါဘူး။ “စီးပွားရေး စီမံကိန်း”ဆိုပြီး တစ်ဘက်သားကို ထိန်းချုပ်ခြယ်လှယ်တာမျိုး၊ တစ်ဘက်သားကို ငွေကြေးနဲ့ ပတ်သက်တဲ့လုပ်ပိုင်ခွင့် မပေးတာမျိုး ဖြစ်စေတတ်လို့ပါ။ သင့်ရဲ့ဒီလိုစီမံကိန်းကို မခံမရပ်နိုင်တဲ့ တစ်နေ့မှာ မိသားစုအိမ်ငယ်လေးထဲကနေ သူထွက်ပြေးသွားတတ်ပါတယ်။ ဒီလိုအချိန်ရောက်မှ ငွေကြေးဆိုတာ ဒြပ်မဲ့၊ လူကမှ သက်ရှိ၊ လူသာလျှင် ချစ်ခြင်းအဆောက်အဦးကြီးရဲ့ ထုပ်တန်းဆိုတာကို သင်သိလာမှာဖြစ်တယ်။



ဖူးစာကံကို တန်ဖိုးထားပါ

“ရှေးဘဝရဲ့အတိတ်ကံကြောင့် ဒီဘဝမှာလာတွေ့ကြတယ်” ဆိုတဲ့အတိုင်း အပြောကျယ်တဲ့လောကကြီးမှာ ကျွန်မတို့ဟာ ကျွန်မတို့ရဲ့အခြားတစ်ခြမ်းနဲ့ လာဆုံခဲ့ကြတယ်။ အတိတ်ကံ ဘယ်လောက်ကောင်းခဲ့သလဲ! ဒါကြောင့် ဒီကံကို ကျွန်မတို့ တန်ဖိုးထားသင့်ပါတယ်။ ဖူးစာကံကြောင့် လာဆုံကြတဲ့ ဒီအိမ်ထောင်ရေးကို တီဗီကြည့်သလိုမျိုး အချိန်မရွေး ဟိုချန်နယ်ချိန်း၊ ဒီချန်နယ်ချိန်း မလုပ်သင့်ပါဘူး။ ပထမအိမ်ထောင်ရေးမှာ တည်ကြည်လေးနက်မှု မရှိသူဟာ ဒုတိယအိမ်ထောင်ရေးကိုလည်း ကောင်းကောင်းလည်ပတ်စေနိုင်မှာ မဟုတ်ပါဘူး။ လူသားတွေရဲ့ စဉ်းစားတွေးခေါ်မှု၊ အသိဉာဏ်ရှိမှုနဲ့ပြောင်းလဲတတ်တဲ့ ခံစားချက်တွေက ယောက်ျားနဲ့ မိန်းမရဲ့ ပေါင်းသင်းခြင်း တည်မြဲရေးကို သက်ရောက်စေတတ် ပါတယ်။ တကယ် လို့ ကယ်တင်လို့ မရနိုင်တော့တဲ့ သေကွဲအိမ်ထောင်ရေး မဟုတ်ခဲ့ရင် အတတ်နိုင်ဆုံး ကြိုးစားကုသပါ။ လက်စ တွဲပြီဆိုတာနဲ့ “ပျိုမျစ်တဲ့လက်ကနေ အိုမင်းတဲ့လက်ဖြစ်သည်အထိ” တွဲပါ။ စကားတစ်ခွန်းကြောင့်၊ အခက်အခဲလေး တစ်ခုကြောင့်နဲ့ လက်တွဲမဖြုတ်လိုက်ပါနဲ့။



ပေးဆပ်တတ်ပါစေ

လူအများက “အချစ်ခံ”ရတာကို နှစ်သက်တတ်ကြပြီး “ချစ်ဖို့” ကိုတော့ မေ့နေတတ်ကြတယ်။ ကိုယ့်ကိုယ်ကို ဘယ်လိုချစ်ဖို့ကောင်းအောင် နေမလဲဆိုတာကိုပဲသိကြပြီး တစ်ဘက်သားကို ဘယ်လိုချစ်မယ်၊ ဘယ်လို ဂရုစိုက်မယ်ဆိုတဲ့ ခြေလှမ်းကိုတော့ စမလှမ်းချင်ခဲ့ကြဘူး။ တကယ့်အချစ်က အရာရာအားလုံးကို “ပေးဆပ်” တာပါ၊ “ရယူ” တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ခွန်အားနဲ့ သူ့ရဲ့ခွန်အားကို တက်ကြွစေတာပါ။ ပေးဆပ်ခြင်းက ရယူခြင်းထက် လူကို ပိုပျော်ရွှင်စေပါတယ်။ ပေးဆပ်လိုက်ရလို့ ဆုံးရှုံးချို့ငဲ့သွားတာ မဟုတ်ပါဘူး။ ပေးဆပ်လိုက် ရလို့ ဘဝကဖြစ်တည်သွားတာပါ။ အချစ်ဆိုတာ ဖြူစင်သန့်ရှင်းတဲ့အရာပါ။ အချစ်ထဲမှာ တောင့်တမှုတွေ၊ အကျိုး အမြတ်တွေ ရောစပ်မနေသင့်ပါဘူး။ အချစ်ဆိုတာ မျှဝေခြင်းပါ၊ တစ်ဘက်သတ်မဟုတ်ပါဘူး။ အချစ်ဆိုတဲ့အရာ ထဲမှာ ဂရုစိုက်ခြင်း၊ တာဝန်ယူခြင်း၊ လေးစားခြင်း စတဲ့အသိဉာဏ်တွေ ပါပါတယ်။ “သူ့ထဲမှာ ကိုယ်ရှိပြီး ကိုယ့်ထဲမှာ သူရှိ” တာဟာ အိမ်ထောင်ရေးရဲ့ အမြင့်ဆုံးအဆင့်ဖြစ်ပါတယ်။



အပြန်အလှန် ကြင်နာခြင်း

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ကြင်နာတတ်သူနဲ့အကြင်နာခံချင်သူတွေ ဖြစ်ကြပါတယ်။ သင်တွေ့ဆုံခဲ့တဲ့သူက လူတွေကိုပဲကြင်နာတတ်ပြီး အကြင်နာမခံချင်တဲ့ ဖခင်လိုယောက်ျားမျိုး၊ မိခင်လို မိန်းမမျိုးလို့ မထင်လိုက်ပါနဲ့။ ဇနီးမောင်နှံဆိုတာ တူတစ်စုံနဲ့တူပါတယ်။ ဘဝထဲက ချဉ်၊ ငံ၊ စပ်၊ ခါး အရသာတွေကို အတူတကွ ခံစားသင့်ပါတယ်။ သူ(သူမ) အလုပ်ပြန်ချိန် ရေအေးလေးတစ်ခွက် ကမ်းတာ၊ သူအိပ်ပျော်ချိန် စောင်လေးခြုံပေးတာ… ဒါတွေဟာ မပြောပလောက်တဲ့ အပြုအမူဆိုပေမဲ့ အချစ်ကို အဓွန့်ရှည်စေတယ်၊ အကြင်နာတွေ နှလုံးသားထဲ တစိမ့်စိမ့်ဝင်စေတယ်၊ အိမ်ထောင်ရေးကို ထာဝရတည်မြဲစေပါတယ်။

ခွင့်လွှတ်ခြင်းကို သင်ယူပါ

ဝတ်စားဆင်ယင်မှုရဲ့ အမြင့်ဆုံးအဆင့်က ဆွဲဆောင်မှုရှိခြင်းဆိုရင် အချစ်ရဲ့အမြင့်ဆုံးအဆင့်က ခွင့်လွှတ်ခြင်းပဲဖြစ်မယ် ထင်ပါတယ်။ အိမ်ထောင်ရေးကို မှန်မှန်ကန်ကန် လည်ပတ်နိုင်ဖို့ဆိုတာ ဇနီးမောင်နှံနှစ်ဦးလုံး အချင်းချင်း လိုက်လျောညီထွေအောင် နေတတ်ရုံမက အပေးအယူလည်း သင့်ဖို့ လိုပါတယ်။ အိမ်ဆိုတာ ချစ်ခြင်းမေတ္တာအကြောင်း ပြောဖို့နေရာလေးပါ။ အကျိုးအကြောင်း မသင့်တဲ့ အရာတွေ ငြင်းခုန်တဲ့နေရာ မဟုတ်ပါဘူး။ ဒဿနပညာရှင်တစ်ဦးက “မင်္ဂလာမဆောင်ခင် မျက်လုံးနှစ်လုံးကို ကျယ်ကျယ်ဖွင့်ပါ။ မင်္ဂလာဆောင်ပြီးရင် မျက်လုံးတစ်လုံးကို မှိတ်ထားပါ” လို့ ဆိုခဲ့ပါတယ်။ လူတိုင်း ခြောက်ပစ်မကင်းနိုင်ပါဘူး။ ဒီလူကို ချစ်ကြိုက်ခဲ့တယ်ဆိုတာက သူ့မှာ သင့်ကိုဆွဲဆောင်နိုင်တဲ့ အရာ ရှိခဲ့လို့ပဲ မဟုတ်ပါလား?

တကယ်လို့ လူတစ်ယောက်ကို သင်နှစ်နှစ်ကာကာချစ်တယ်ဆိုရင် သူ့ရဲ့အရာရာကို ခွင့်လွှတ်နားလည်နိုင်ဖို့ ကြိုးစားပါ။ တကယ်လို့ လူတစ်ယောက်ကို သင်ခွင့်လွှတ်နားလည်တယ်ဆိုရင် သူ့ကိုသင်အရမ်းချစ်လို့ပါပဲ။ ခွင့်လွှတ်ခြင်းက အချင်းချင်း ဆက်ဆံပြောဆိုမှုကို ချောမောပြေပြစ်စေနိုင်သလို သင့်ကိုလည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ပေးနိုင်ပါတယ်။



နားလည်ပေးပါ

ဇနီးမောင်နှံကြားမှာ အချင်းချင်း “နားလည်” တတ်ရပါတယ်။ “နားလည်ခြင်း” ဆိုတာ အရှုံးနဲ့ သင်ရင်ဆိုင်ရချိန် သင့်ကိုလေးစားမှု ပျက်စေတဲ့စကား မပြောသူ၊ သင်စိတ်လိုက်မာန်ပါလုပ်ချိန် သင့်ကို လေသံချိုချိုနဲ့ ရှင်းပြဖြေရှင်းချက်ပေးသူ၊ သင်စိတ်ဆင်းရဲချိန် သင့်ကိုဝန်မပိုစေသူ၊ သင်ပြုံးရင် သူအရင်ရယ်သူ၊ သင်စိတ်ညစ်ရင် သူအရင်စိတ်ပူတတ်သူ၊ သူပျော်တာတွေ သင့်ကိုပြောပြတတ်သူ၊ သူစိတ်ညစ်တာတွေ သင့်ကို မသိစေချင်သူ၊ မိုင်ပေါင်းထောင်သောင်းဝေးလည်း သင့်ကို ယုံကြည်စိတ်ချသူ… နားလည်တတ်ဖို့ ဂရုစိုက်ကြင်နာခြင်းတွေ လိုအပ်သလို ချစ်ခြင်းတွေလည်း လိုအပ်ပါတယ်။

ချစ်ခင်တတ်ကြပါစေ......

အက်ဒမာန်ကျွန်းမှ ဂျရဝါလူမျိုးများ



ဂျာရဝါ (Jarawa)လူမျိုးများဟာ ခန္ဓာကိုယ် အရွယ်အစား သေးငယ်သော လူမျိုးတစ်မျိုးဖြစ်ပါတယ်။ အရွယ်ရောက် ယောက်ျား တစ်ယောက်ရဲ့
အရပ်ဟာအမြင့်ဆုံး ၄ ပေ ၁ဝ လက္မသာရှိပြီး အရွယ်ရောက် မိန်းမတစ်ယောက်ရဲ့
အရပ်အမြင့်ဆုံးကတော့ ၄ ပေနဲ့ ၅ လက်မလောက်သာ ရှိပါတယ်။ သူတို့ရဲ့နည်းပညာဟာ
ကျောက်ခေတ်က ရိုးဆင်းလှတဲ့ နည်းပညာများကိုသာ
အသုံးပြုတာကြောင့် ယခုကမ္ဘာမှာ ရှေးအကျဆုံး နည်းပညာများကို သုံးနေသူများသာဖြစ်ပါသည်။
ထိုကဲ့သို့ နည်းပညာများဟာ တချိန်က ကမ္ဘာမှာအသုံးပြုခဲ့ကြတာဖြစ်ပြီး
ပြောင်းလဲတိုးတက်ခဲ့တာ နှ
စ်ပေါင်း လေးသောင်းကျော်ခန့်ရှိပြီဖြစ်ပါတယ်။ အုပ်စုလိုက်ဖွဲ့ ပြီးအမဲလိုက်တတ်ကြပြီး အသုံးပြုတဲ့ လက်နက်များကတော့ လေး၊ မျှား၊ ကနူးလှေများ၊ ကျောက်လက်နက် နှင့် အမျိုးမျိုး သော ခြင်း၊ တောင်း၊
ပလုံး၊ တို့ကို အသုံးပြုကြခြင်း ဖြစ်ပါတယ်။ ရိုးစင်းလှတဲ့
လက်မှု့ပညာများကိုလည
အာဖရိကမှ ပစ်ဂမီလူပုလေးများ

လုပ်တတ်ကြပါတယ်။ ယောက်ျားများဟာ တောဝက် ဖွတ် ပုဒက် များကိုတောထဲဝင်ပြီး အမဲလိုက်တတ်ကြပြီး ကမ်းစပ်တစ်လျှောက် လေးနှင့်မျှာကို အသုံးပြုကာ ငါးဖမ်း ကြပါတယ်။
မိန်းမများ
ကတော့ ခြင်းတောင်းများကို သုံးပြုကာ ငါးဖမ်းတတ်ကြပြီး
ဂုန်းခရုများကို ကောက်ကြပါတယ်။ တောထဲမှာလည်း သစ်သီးများ၊ သစ်ဥ သစ်မြစ်များ
နှင့် ပျားရည်များကို ရှာဖွေစားသုံးကြပါတယ်။ ဂျရဝါ များဟာ
သူတို့ရဲ့အိမ်များကိုလည်း ယာယီတဲ့အများအဖြစ်သာ ဆောက်လုပ်ကြပါတယ်။ ဂျရဝါ
လူအမျိုးစုအား လူဦးရေပေါင်း ၃ဝဝ ခန့်လောက်သာရှိပါတယ်။ ၁၆ ရာစု၊ ၁၇ ရာစု
အချိန်တုန်းက စပိန်၊ ပေါ်တူဂီနှင့် ဟော်လန် များဟာ တောင်အာရှဖက်က
ကျွန်းစုတွေကို နယ်ချဲ့လာခဲ့စဉ်က ထိုကျောက်ခေတ်အဆင့်သာ ရှိသေးသော
လူမျိုးစုများကို တွေ့ရှိခဲ့ကြပါတယ်။
ထိုလူမျိုးစုများဟာ ခန္ဓာကိုယ်သေးငယ်တဲ့လူမဲများဖြစ်ကြတဲ့အတွက်ကြောင့် Negritos လို့ခေါ်ကြပြီး
စပိန် များကတော့ "little Negros" လို့ခေါ်ကြပါတယ်။ ထို Negritos များကို
အမြဲတမ်းလိုလို ကျွန်းများမှာတွေရတတ်ပါတယ်။ သူတို့ဟာ ရန်လိုအကြမ်းဖက်တဲ့
သွင်ပြင်လက္ခဏာရှိပြီး သူတို့နေထိုင်တဲ့ကျွန်းများကို လာရောက်ဖို့
ကြိုးစားသူတွေကို မလာနိုင်အောင် ရန်လိုကာ တိုက်ခိုက်သတ်ဖြတ်လေ့ရှိပါတယ်။
အကယ်၍ ကျွန်းပေါ်မှာ နေထိုင်တာတွေ့သွားရင်တော့ ထိုလူတွေနဲ့ ဝေးတဲ့
တောင်စွန်း တောင်းကြားတွေမှာသွားပုန်နေကြပြီး Negritos လူကောင်ကြီးများ
ရှိတဲ့ကျွန်းကိုဆက်သွယ်ကာ သူတို့ကျွန်းကို လာရောက်တဲ့သူများကို
ခြေမှုန်းပေးဖို့ဘဲဖြစ်ပါတယ်။ Negritos များဟာ အက်ဒမာန် ကျွန်းကဲ့သိုသော
တောင်အာရှမှာရှိတဲ့ ကျွန်းတော်တော်များများမှာ နေထိုင်တည်ရှိနေတာဖြစ်ပါတယ်။

ထိုကျွန်းများဟာ အက်ဒမာန်ပင်လယ်နှင့် အန္ဒိယနိုင်ငံကြားမှာတည်ရှိနေတဲ့
ကျွန်းစုများဖြစ်ပါတယ်။ Negritos များကို တွေ့ရှိဖို့အတွက် အလွန်မှ
ခက်ခဲလွန်းလှပါတယ်။ ၁ ရာစုမှ ၇ ရာစု များမှာ အီဂျစ်မှ Claudius Ptolemeus
ဆိုသူ ဟာ ရောမကုန်သွယ်ရေးသင်္ဘောများဖြင့် ရွက်လွင့်ကာ အန္ဒိယ နှင့် အန္ဒိယ
အရှေ့ဖက်ကို ရွက်လွင့်လာပြီး ၂ ရာစုနှစ်မှာ အိန္ဒိယပင်လယ် ရှိ
အက်ဒမာန်ကျွန်းများကို လူသားစား လူရိုင်းကျွန်းများလို့ နာမည်တပ်
မြေပုံရေဆွဲခဲ့ပါတယ်။ ၁၃ရာစု ကုန်ခါနီး နှစ်များမှာတော့ မာကိုပိုလို ဟာ
တရုတ်နိုင်ငံမှ မွန်ဂို ကုန်ကူးသင်္ဘောများဖြင့် ရွက်လွင့်လာကာ
ထိုကျွန်းများကိုပင် "the land of the head hunters" လို့ နာမည်ပေးခဲ့ပြီး
လူဦးရေ လေးဒါဇင် ခန့်သာရှိတယ်လို့ဖော်ပြခဲ့သလို တောထဲမှာနေထိုင်တဲ့
ဂျရဝါလူမျိုးစုများဟာ ထိုအချိန်များကတည်းကပင်
ထိုကျွန်းများမှာရှိနေကြောင်းကိုပါ ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။
နော်ဝေးနိုင်ငံ Oslo တက္ကသိုလ်မှ လူမျိုးစုများအကြောင်းကို လေ့လာတဲ့အဖွဲ့ခေါင်းဆောင် Erica
Hagel ဟာ Current Biology ဂျာနယ်မှာ ရေးသားခဲ့တာကတော့
အက်ဒမာန်ကျွန်းများမှာနေထိုင်တဲ့ လူများဟာ နက်နဲဆန်းကြယ်လှပြီး
သူတို့အကြောင်းကို ပြည့်စုံစွာ နားလည်နိုင်မှာမဟုတ်ဘူးလို့ရေးသား
ဖော်ပြခဲ့ဖူးပါတယ်။ ပုံပန်းသဏ္ဍာန်ကတော့ အသားမဲမဲ လူကောင်သေးသေး၊
ဆံပင်ကောက်ကာ တင်ပါးဆုံကြီးပြီး အာဖရိကတိုက်မှာရှိသော ပစ်ဂမီ
(Pygmies)လူသားများနှင့်ဆင် ပါတယ်။
ထူးဆန်းတာကတော့ ဒီလောက်ဝေးကွားတဲ့ တောင်အာဖရိက အရှေ့ဖက်ကမ်းခြေက Madagascar ကျွန်းက
စကားတွေနဲ့ သွားဆင် နေတာတွေရပါတယ်။ ဖြစ်နိုင်ခြေရှိတာကတော့ ဂျရဝါ
လူမျိုးတွေဟာ တောင်အန္ဒိယမှာရှိတဲ့ သီရိလင်္ကာ နှင့် ဘင်္ဂလားရှေဒ့် တို့ရဲ့
မျိုးနွယ်စုတွေဖြစ်နိုင်သလို သြစတေးလျတိုက်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄ဝဝဝ
လောက်က ရောက်ရှိသွားတဲ့ အဘော်ရီဂျင် (Aborigine) လူမျိုးတွေရဲ့
မျိုးစုတွေလဲဖြစ်နိုင်ပါတယ်။ DNA စစ်ဆေးမှု့အရတော့ အက်ဒမာန် မှာရှိနေကြတဲ့
Negritos လူမျိုးစုသုံးမျိုးထဲက တစ်မျိုးဖြစ်ပါတယ်။

ဒီလူရိုင်းတွေအကြောင်းကို
ကျန်ခဲ့တဲ့လလောက်က ကျွန်တော့်ကိုလူတစ်ယောက်ပြောပြဖူးတယ်
သူလဲအဲ့ဒီလူရိုင်းတွေ သတ်လို့သေဘဲပြန်ရောက် လာတဲ့လူဖြစ်တယ်။
အဲ့ဒီလူကလည်းတော်တော်ကို ကိုယ်လုံးကိုယ်ပေါက် ကြီးကြီးနဲ့
သန်မာတဲ့လူတစ်ယောက်ဖြစ်တယ်။ သူပြောပြတာကတော့ တချိန်က သူဌေးဖြစ်ခြင်တော့
အဲ့ဒီ အက်ဒမာန်ကျွန်းတွေမှာ ခရုတွေ အရမ်းများတယ်လို့ ကြားတာနဲက
သူတိုကသူငယ်ချင်းတွေ အဲ့ဒီဖက်ကို စက်လှေတွေနဲ့ ခိုးဝင်ပြီး
ခရုသွားငုတ်ကြတယ်။ စက်လှေတစ်စီးမှာ လူ ၆ ယောက် ၇ ယောက်လောက်ပါကြတယ်။
သူပြောပြတာကတော့ လူရိုင်းတွေ နေတဲ့ကျွန်း နှစ်ကျွန်းရှိတယ်တဲ့ တကျွန်းက
လူရိုင်းတွေက လူကောင်အရမ်းကြီးပြီး ဘီလူး တွေနဲ့ တူသလို အရမ်းသန်တယ်
ဒါပေမဲ့သူတို့ လူသားမစားဘူး မလှမ်းမကမ်း ကျွန်းတစ်ကျွန်းမှာကြတော့
လူရိုင်းသေးသေး လေးတွေ နေကြတယ်တဲ့ အဲ့ဒီ လူရိုင်းလေးတွေကတော့
လူသားစားတယ်လို့ ပြောပြပါတယ်။ သူတို့တွေ နေတဲ့ ကျွန်းနားမှာက
ခရုတွေအရမ်းပေါတယ် ဒါကြောင့်အဲ့ဒီကျွန်းနားကိုသွားပြီးခရုငုတ်ကြရတယ်
လူရိုင်းအကြိးကောင်တွေဟာလူကို လုံးဝမကြောက်သလို စက်လှေပေါ်က ခေါ်ရင်လည်း
ရေကူးလာတယ်လို့ပြောပြတယ်။
လူတစ်ယောက် ထဲကူးလာရင်တော့ လက်ခံခေါ်ပြီး လာတဲ့လူရိုင်းကိုတော့ ထမင်းအဖြူသက်သက်ကြီးဘဲ
ကျွေးတယ်။ အဲ့ဒီလူရိုင်းတွေကလည်း ထမင်းကိုတော်တော်ကြိုက်တယ်တဲ့။ တမင်း လူ ၃
ယောက်စာချက်ထားတာ က အဲ့ဒီလူရိုင်းကြီး တစ်ယောက်ထဲစားတာနဲ့
ကုန်သွားတယ်လို့ပြောပါတယ်။ အမှန်တကယ်တော့ သူတို့ဟာ
လူရိုင်းကျွန်းနားကပ်ပြီး ခရုငုတ်ခြင်လို့ လူရိုင်းတွေကို
မိတ်ဖွဲ့ထမင်းကျွေးတာပါ စေတနာနဲ့ ကျွေးခြင်လို့ကျွေးတာမဟုတ်ဘူး။ အကယ်၍
လူရိုင်းတွေကို ခေါ်လို့ တစ်ယောက်ထက်ပိုပြီး ရေကုးလာရင်တော့ စက်လှေကို
မောင်းပြေးရတော့တာဘဲတဲ့၊ ဘာကြောင့်မောင်းပြေးရတာလဲလို့ကျွန်တောကမေးတော့ တခါ
လှမ်းခေါ်လိုက်တာ လူရိုင်းမ အရပ်က ၆ ပေလောက်ရှိပြီး အသက်က ၂ဝ
ကျော်လောက်ဘဲရှိမယ်လို့ထင်ရတဲ့
မိန်းမတစ်ယောက်ရေကူးပြီးသူတို့စက်လှေပေါ်ကိုတက်လာတယ် ဒါနဲ့ ထမင်းကြွေးတော့
ထမင်းကို အငန်းမရစားပြီး ကုန်သွားတော့ ထမင်းအိုးပါယူပြီးပြန်မယ်လုပ်တာ
ထမင်းအိုးကို သူတို့သူငယ်ချင်း လေးယောက်ပြန်က အဲ့ဒီလူရိုင်းမဆီက
တော်တော်ပြန်လုယူရတယ် အဲ့ဒါတောင် နောက်ဆုံး
ထမင်းအိုးကိုင်ထားတဲ့လူရိုင်းမလက်ကို သူတို့ထဲကတစ်ယောက်က ပါးစပ်နဲ့
လွတ်အောင်ကိုက်လို့ နာပြီးလွတ်သွားတာလို့ကျွန်တော့်ကိုပြောပြပါတယ်။
နောက်တစ်ခေါက်ကျတော့ အဲ့လိုဘဲ လှမ်းခေါ်တော့ ယောက်ျားတစ်ယောက် ရေကူးလာပြီး
ထမင်းကျွေးဖို့လုပ်တော့ ထမင်းမစားဘဲ သူ့သူငယ်ချင်း ဝတ်ထားတဲ့
အောက်ခံဘောင်းဘီအနီရောင်ကို မရမက လုတာယူတာတဲ့ သူတို့ ဝိုင်းပြီး
ပြန်လုတာလဲမရဘူး နောက်ဆုံး ဘောင်းဘီ ကသူ့လက်ထဲလဲရောက်သွားရော
ဘောင်းဘီကိုယူပြီးရေထဲခုန်ချသွားရော ကမ်းစပ်ရောက်တော့
စောင့်နေတဲ့လူရိုင်းအုပ်နဲ့ အဒီအောက်ခံဘောင်းဘီကို
စုတ်ဖြဲပြီးသူတိုကခေါင်းမှာ စည်းကာ သီချင်းတွေဆိုပြီး ကခုန် ကာ
တောထဲပြန်ဝင်သွားပါတယ်။ နောက်တစ်ကျွန်းက လူရိုင်းသေးသေးလေးတွေကျွန်းနားမှာ
သွားငုတ်ပြီး သူတို့အဖွဲ့ထဲကဘဲ လှေတစ်စီးက အဲ့ဒီလူရိုင်းလေးတွေ ထဲက
ခလေးတစ်ယောက်ကို သူတို့ကို ရန်လာမူလို့ဆိုပြီး သတ်လိုက်တယ်တဲ့။ ဒါကို
သတ်လိုက်တဲ့သူတွေဟာ ကျွန်းနားမှာ လှေကို ကျောက်ချုပြီး ညဖက်အိပ်တော့
လှေသားတဲကတစ်ယောက်က အိမ်သာတက်ခြင်လို့ ကုန်းပေါ်တက်ပြီး ခြုံတစ်ခုထဲဝင်ပြီး
အိမ်သာတက်နေတဲ့အချိန်မှာ လူရိုင်းတွေအများကြီး လှေနားကို ကိုရောက်လာပြီး
လှေပေါ်တက်ကာ လှေပေါ်မှာရှိသမျှ လူတွေအကုန်လုံးကို တစ်ယောက်မကျန်အကုန်
သတ်သွားတယ်လို့ ခြုံထဲဝင်ပြီး အိမ်သာတက်တဲ့သူက ပြန်ပြောပြတယ်လို့
ကျွန်တော့်ကိုပြောပြပါတယ်။ နောက်ဆုံးတော့ သူတို့လည်း
ခရုတွေရပြီးဆိုပြီးပြန်လာတော့ အန္ဒိယရေတပ်က လိုက်ပစ်တာနဲ့ မနဲ
လွတ်အောင်မောင်းခဲ့ရပြီး နောက်တစ်ခေါက်လည်းပြန်မသွားတော့ဘူး
ပြောပြခဲ့ပါတယ်။
အက်ဒမာန်ကျွန်းထဲက ကျွန်းတစ်ကျွန်းမှာဘဲ အင်္ဂလိပ်တွေ မြန်မာကိုကျူးကျော်ခဲ့စဉ်က ရောက်ရှိသွားတဲ့ ကရင်တိုင်းသားတွေ
နေထိုင်တဲ့ကျွန်းတစ်ကျွန်းရှိတာကိုလဲ ဧရာဝတီ သတင်းဌာနက ဖော်ပြခဲ့ဖူးပါတယ်။

Monday, February 20, 2012

ဆင်းရဲမှုကြောင့် ဘာသာစကားတွေ များစေသလား၊ ဖွံ့ဖြိုးရေးအတွက် ဘုံဘာသာစကား ထားဖို့လိုသလား




အမေရိမှာ အင်္ဂလိပ်စကား၊ တရုတ်မှာ တရုတ်စကား၊ ရုရှားမှာ ရုရှားစကား ကိုပဲ ပြောသည်ဟု ယူဆကြသည်။
သို့သော် ကမ္ဘာ့တိုင်းပြည်အများစုမှာ အဲဒီလို အမျိုးသားဘာသာစကားကြီးတစ်ခုထဲတင် ပြောဆိုတာမဟုတ်ဘဲ ဘာသာစကားမျိုးစုံကို နေ့စဉ် ပြောဆိုနေကြတာဖြစ်သည်။ ဘာသာစကားတစ်ခုထဲ သုံးစွဲ ပြောဆိုတဲ့နိုင်ငံဆိုလို့ ကမ္ဘာပေါ်မှာ အရှာရခက်လှသည်။ ဘာသာစကားပေါင်းစုံ ရှိခြင်းနှင့် ရှင်သန်ခွင့်ပေးခြင်းသည်ပင် ထိုတိုင်းပြည်၏ အားသက်ချက်နှင့် အလှဟု ဆိုကြသည်။
အောက်ပါဇယားတွင် ရွေးချယ်ထားသော နိုင်ငံတစ်နိုင်ငံချင်းစီ၏ လက်ရှိ ပြောဆိုသုံးစွဲနေသော ဘာသာစကား အရေအတွက်ကို ဖော်ပြထားပါသည်။
အမေရိက၊ ရုရှား၊ ဘရာဇီး၊ တရုတ်နှင့် မက္ကစီကို နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဘာသာစကားပေါင်း ၁၀၀ ကျော်ကို နေ့စဉ် ပြောဆိုနေကြသည်။
သို့နှင့်တိုင် အင်္ဂလိပ်၊ ရုရှား၊ ပေါ်တူဂီ၊ တရုတ်၊ စပိန် ဘာသာစကားတို့က ကြီးထွားလာပြီး ဒေသခံလူမျိုးတွေရဲ့ ဘာသာစကားငယ်တွေကို ၀ါးမြို ဖျက်ဆီးမြေမြှုပ်ပစ်တော့မယ့် အခြေအနေ ရှိနေသည်။ ဇယားကို ကြည့်ရင် အမေရိက၊ ရုရှား၊ တရုတ်၊ ဘရာဇီး၊ ဩစတြေးလျ တို့မှာ ဘာသာစကားတွေ များသော်လည်း၊ နေ့စဉ်သုံးစွဲမှု ညွှန်းကိန်းရမှတ်မှာ ကျဆင်းလျက်ရှိသည်။
၎င်းနိုင်ငံတွေနဲ့ ဆန့်ကျင်ဘက်ကတော့ ပါပူဝါး နယူးဂီနီယာ၊ ကွန်ဂို၊ အိန္ဒိယနဲ့ နိုက်ဂျီးယား နိုင်ငံတို့ ဖြစ်သည်။ ကမ္ဘာပေါ်မှာ ဘာသာစကား အများဆုံး နိုင်ငံတွေဖြစ်သလို၊ လက်ရှိ နေ့စဉ် သုံးစွဲနေကြတာသောကြောင့် ဇယားညွှန်းကိန်း ရမှတ်တွင် ထိပ်ဆုံးမှာ ရှိသည်။ Greenberg diversity အဖွဲ့ရဲ့ လေ့လာမှုအရ ဆင်းရဲမွဲတေမှု၊ ပထ၀ီအနေအထားနှင့် လမ်းပန်းဆက်သွယ်ရေး ညံ့ဖျင်းမှုတို့ကြောင့် အဲဒီနိုင်ငံတွေမှာ ဘာသာစကားပေါင်းစုံ သုံးစွဲနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။ ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးမှု နောက်ကျမှုတို့က ဘာသာစကားကြီးတစ်ခုထဲ မဖြစ်အောင် ဟန့်တားထားသည်ဟု ဖော်ပြသည်။
ထူးခြားတာက ကျွန်းတွေနဲ့ လူမျိုးစု အများအပြားရှိတဲ့ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် တို့ဖြစ်သည်။ အဲဒီနှစ်နိုင်ငံက ၀င်ငွေ အလယ်အလတ်အဆင့်နှင့် ဖွံ့ဖြိုးမှု အတော်အသင့် ရှိထားသလို၊ ဘာသာစကားငယ်ပေါင်းစုံ ကိုလည်း အကာအကွယ်ပေးထားသည်။
ဒီနေရာမှာ မေးခွန်းအချို့ ရှိလာသည်။ ဆင်းရဲမွဲတေမှုကြောင့် ဘာသာစကားမျိုးစုံ တစ်ကျောင်းတစ်ဂါထာ ဆက်လက် သုံးစွဲနေကြတာလား၊ ခေတ်မှီဖွံ့ဖြိုးရေးအတွက် ဘုံ ဘာသာစကား တစ်ခုထဲကို ဦးတည်သင့်သလား၊ ဘာသာစကားပေါင်းစုံ အပြိုင်သုံးပြီး အဆင့်မြင့်ဖွံ့ဖြိုးရေး တည်ဆောက်ဖို့ လွယ်သလား။ ဘုံဘာသာစကားတစ်ခုပဲ လက်ခံချင်သူများကလည်း အာစီယံနိုင်ငံအားလုံးက ၂၀၁၅ ခုနှစ်မှာ အာစီယံ ကွန်မြူနတီရဲ့ ဘုံဘာသာစကားကို အင်္ဂလိပ်စကား သတ်မှတ်ခြင်း အပေါ် လက်ခံနိုင်ပါသလား ပြောဆိုဖို့ ပြင်ဆင်ထားပြီလား ဆိုတာတွေ ဖြစ်မည်။

အာဏာရှင် မဟန ပြောင်းလဲသင့်ပြီလော



ဦးပညာဇောတ | ရဟန်း သံဃာတော်များသည် ဘုရားရှင် လက်ထက်ကထဲကပင် အစုအဖွဲ့နှင့်နေလာခဲ့သည်မှာ ယနေ့ မျက်မှောက်ခေတ် တိုင်အောင်ပင် ဖြစ် ပါတယ်။ နောင်လည်းပဲ အစုအဖွဲ့ အနေနှင့်ပင် ဆက်လက်နေသင့်နေကြရမှာ ဖြစ်ပါတယ်။ တပါးကို ပုဂ္ဂလ၊ နှစ်ပါး သုံးပါးကို ဂဏ၊ လေးပါးနှင့် လေးပါးအထက်ကို သံဃာလို့ဟောထားသဖြင့် သံဃာဟုဆိုလိုက်လျှင်ပင် အဖွဲ့အစည်း တခုဖြစ်နေပါတယ်။ သံဃာဆိုတဲ့ အဓိပ္ပါယ်ကလည်း အစုအဖွဲ့နဲ့နေတဲ့ ပေါင်းစုထားတဲ့ အဖွဲ့အစည်းလို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ထပ်မံ၍ ဖွဲ့နေစရာ မလိုတဲ့သဘောပါ။

ဗုဒ္ဓက သူ့သာသနာတော်သို့ ဝင်ရောက်လာသူမှန်သမျှကို ဝိနည်း သိက္ခာပုဒ် အတိုင်း လိုက်နာနေထိုင်ပါက သံဃာ့အဖွဲ့ဝင်အဖြစ် အသိအမှတ် ပြုပါတယ်။ မှတ်ပုံတင်မရှိကြသလို မည်သည့်အစိုးရထံမှလည်း ရဟန်းဖြစ်ကြောင်း ဟုတ်မှန်ကြောင်း တောင်းခံရတာမျိုး မရှိခဲ့ပါဘူး၊ အချင်း ချင်း ကြီးစဉ်ငယ်လိုက် ထေရက္ကမအစဉ်ဖြင့် အရိုအသေပေးပြီး သီတင်းသုံးနေထိုင်ကြရပါတယ်။ ပါရာဇိက ၄ ပါး မကျူးလွန်သေးသမျှ ရဟန်းအဖြစ်ကရပ်စဲတယ်ဆိုတာ မရှိပါဘူး။ ရဟန်းအဖြစ်က ရပ်စဲလို့လည်းမရပါဘူး။ အာဏာအသုံးပြုပြီး သင်္ကန်းဆွဲချွတ်ရင်တောင် သင်္ကန်းမရှိပေမယ့် ရဟန်းအဖြစ်တည်ရှိနေဆဲ ဖြစ်ပါတယ်။ သိက္ခာတင် ပဉ္စင်္ဂသိက္ခာချ ဆလင်္ကာဆိုတဲ့ အင်္ဂါရပ်များနဲ့ညီမှ သင်္ကန်းဝတ်တာ၊ ချွတ်တာဆိုတာကို လုပ်လို့ရပါတယ်။ ချွတ်ချင်တိုင်း ချွတ်လို့ မရပါဘူး။ ဗုဒ္ဓဘာသာဝင်အမည်ခံထားပြီး ဝိနည်းကိုနားမလည်တဲ့ လူ့အန္ဓ များကတော့ သင်္ကန်းမရှိတော့ရင် ရဟန်းမဟုတ်တော့ဘူးလို့ ထင်နေကြပုံရပါတယ်။

မြန်မာနိုင်ငံမှာ မဆလ ခေတ် ၁၉၈၀/၁၉၈၁ ခုနှစ်က သံဃာတော် ၄၇ ပါးနဲ့အတူ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။ မဆလ အာဏာရှင်ကြီးစိုးချိန်ဖြစ်လို့ လုပ်ချင်တာလုပ်နိုင်တယ်ဆိုပေမယ့် ဒီမဟနအဖွဲ့ကို လွယ်လွယ်နဲ့ဖွဲ့နိုင်ခဲ့တာတော့ မဟုတ်ပါဘူး။ သံဃာတော်များ မှတ်ပုံတင်မလုပ်ရေးကို ဆရာတော်ကြီးများစွာက ကန့်ကွက်ခဲ့ကြပါတယ်။ မှတ်ပုံတင်လုပ်ခိုင်းတဲ့နောက်ကွယ်မှာ သံဃာ့ အဖွဲ့အစည်းတခုဖွဲ့ပြီး ယင်းအဖွဲ့ကို အသုံးပြုကာ သံဃာအချင်းချင်း အုပ်ချုပ်ခိုင်းမည့် ဦးနေဝင်းအစိုးရရဲ့ ရည်ရွယ်ချက်ကို ဆရာတော်ကြီး များက ကောင်းစွာသိနေသည့်အတွက် ကန့်ကွက်ခဲ့ခြင်းဖြစ်ပါတယ်။

ဦးစိန်လွင်က ဆရာတော်ကြီးများကို လိုက်လံစည်းရုံးစဉ်အခါမှာ တချို့ဆရာတော်ကြီးများကဆိုရင် သံဃာတွေကို ညှဉ်းဆဲနှိပ်စက်မယ့် အထဲမှာ ငါတို့ကိုဆွဲမထည့်နဲ့ မလုပ်နိုင်ဘူးလို့တောင် ပြောဆိုလွှတ်လိုက်တာမျိုးတွေ ရှိခဲ့ပါတယ်။ ကန့်ကွက်သည့်သံဃာဦးရေများလာ သည့်အခါ သံဃာတော်တချို့ကို ပါရာဇိက ဝိနည်းသိက္ခာပုဒ်နှင့် လိမ်ညာစွပ်စွဲပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။ သတင်းဌာနနှင့် ရေဒီယိုတို့မှ “သံဃာအတုတွေ သာသနာဖျက်မည့်သူတွေ ပေါ်ပေါက်” လို့ ဟု မဟုတ်မမှန် လုပ်ကြံကြေညာကာ သံဃာ့အဖွဲ့အစည်းကို အဓမ္မဖွဲ့စည်းခဲ့ပါ သည်။ ၁၉၉၀ ခု ပတ္တနိက္ကုဇ္ဇန ကံဆောင်စဉ်ကလည်း ပြည်သူအများက ရဟန်းသံဃာတော်များအပေါ် ထင်ယောင်ထင်မှားဖြစ်အောင် လိမ်ညာ ဝါဒဖြန့်ပြီး သံဃာတော်များကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။၂၀၀၇ ခုနှစ်ကလည်း အလားတူ လုပ်ရပ်မျိုးလုပ်ပြီး သံဃာတော်များကို ဖမ်းဆီးကာ ထောင်ချခဲ့ပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဖြစ်ပေါ်လာသည့်အခါ မဆလ အစိုးရဟာ သာသနာတော်ကို ကြည်ညိုဟန်ဆောင်ပြီး ရုပ်ရှင် ဂီတ သဘင် အနုပညာရှင်များနှင့်အတူ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ အကြီးအကျယ်လုပ်ကာ မဟန ဆရာတော်များကို ရာထူးက မဆင်းနိုင် အောင် ဖြားယောင်းခဲ့ပါတယ်။ ဖုန်း၊ ကား၊ ကျောင်းမြေကွက်များပေးသည့်အပြင် လုပ်ပိုင်ခွင့်အာဏာများလည်း အပြည်အဝ ပေးထားသည့် အတွက် ဆရာတော်တချို့ဟာ သာမန်လူသားများကဲ့သို့ပင် ရာထူးက ဆင်းပေးရမှာကို စိုးရိမ်လျှက်ရှိပါတယ်။ ရာထူးမြဲရေးအတွက် အာ ဏာပိုင်အဆင့်ဆင့်ခိုင်းတာကိုလုပ်နေသည့်အပြင် လာဘ်ထိုးပြီးနေရာရအောင် လူပြန်တော်ပွဲစားတွေကတဆင့် ကြိုးစားလုပ်ဆောင်တာ တွေလည်း ရှိခဲ့ပါတယ်။ ရာထူး လာဘ်လာဘများနဲ့ စည်းလုံးနေတဲ့ သံဃာများကို ခွဲပစ်လိုက်တာပါပဲ။

မဆလ အစိုးရဟာ ရာထူးမက်မောနေသည့် မဟနဆရာတော်အချို့ကိုအသုံးပြုလျှက် ရဟန်းသံဃာများအတွက် ညွှန်ကြားလွှာအမိန့် အသီးသီးထုတ်ပြီး အုပ်ချုပ်ခဲ့ပါတယ်။ အဖွဲ့အစည်း မရှိခင်က ညီညွတ်နေသည့် မြန်မာရဟန်းသံဃာ၏ အချင်းချင်း ညီညွတ်ရေးတွေ ပြိုကွဲလာပါတယ်။ ရဟန်းသံဃာများအနေနဲ့လည်း မဆလအစိုးရကို အပြစ်မမြင်တော့ဘဲ မဟနကိုသာ အမြင်မကြည်မလင် ဖြစ်လာပါတယ်။ ရဟန်းငယ်များ တခုခုလုပ်တိုင်း မဟန အဖွဲ့ကို ညွှန်ကြားလွှာထုတ်စေပြီး ကျောင်းတိုက်အပြင်ထွက်ခွင့်မပေးဘဲ အပြင်လူထုနှင့် အဆက် အသွယ် ပြတ်သွားအောင် ကျောင်းထိုင်ဆရာတော်များကတဆင့် ထိန်းချုပ်စေပြီး သံဃာချင်းတိုက်ပေးတဲ့နည်းကို အသုံးပြုပါတယ်။

အာဏာရှင်အဆက်ဆက်များဟာ မဟန အဖွဲ့ကြီးကိုလည်း မြေမှု၊ ကျောင်းမှု၊ ပါရာဇိက အမှုတွေမှာ ကမ္ဘာအေးရှိ သာသရေးဦးစီဌာနက လူပြန်တော်ပွဲစားများကတဆင့် လာဘ်စားတတ်အောင်သင်ပေးပြီး ငွေများ တရားနိုင်တဲ့အဖွဲ့အဖြစ် ရောက်ရှိစေခဲ့ပါတယ်။ အမှုကိစ္စဖြစ် သည့်အခါ အမှုနိုင်ရေးအတွက် ငွေဘယ်လောက်ပေးရမယ်ဆိုတာမျိုးကို လူပြန်တော်တွေကတဆင့်ပြောဆိုပြီး လူပြန်တော်နဲ့ ဝိနိစ္ဆယ ( တရားရေးအဖွဲ့) တို့ ခွဲဝေယူတာမျိုးတွေအထိ ဖြစ်လာပါတယ်။

မဟန အဖွဲ့ကြီးကို “သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွဲ့ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်သည့်အတွက် ကြိုဆိုထောက်ခံမှုတွေ အများကြီးရရှိခဲ့ပါတယ်။ ရည်ရွယ်ချက်တွေက ကောင်းမွန်ပေမယ့် မဟနအဖွဲ့ရဲ့ အဝိဇ္ဇာ မောဟတရားများဖုံးလွှမ်းတာအားကြီးလာပြီး လာဘ်စားမှု၊ အဂတိလိုက်စားမှု၊ အာဏာရှင်များရဲ့ အသုံးချခံနေရမှု စသည်များကြောင့် သာသနာတော်ဟာ မသန့်ရှင်းဘဲ ပို၍ပင် ညစ်နွမ်းလာရပါတယ်။ တည်တံ့ပြန့်ပွားအောင်လုပ်ရာမှာလည်း နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်တွေပေါ်လာပေမယ့် ရဟန်းငယ်များ လွတ်လပ်စွာ ဆွေးနွေးခွင့် တင်ပြခွင့်တွေ မရှိပါဘူး။ ခေတ်အမြင်ရှိပြီး သာသနာတော် တိုးတက်စေလိုတဲ့ဆန္ဒရှိတဲ့ ရဟန်းငယ်များဟာ တက္ကသိုလ်တွေရဲ့လိုအပ်ချက် အားနည်းချက်တွေ၊ မသမာမှုတွေကို တင်ပြချင်ပေမယ့် ကျောင်းက အထုတ်ခံရမှာစိုးရိမ်နေသည့်အတွက် စိတ်ဆင်းရဲစွာနဲ့ပဲ ပညာသင်ကြားနေကြရပါတယ်။

နိုင်ငံတော်ကနေပြီး ပြည်ပကို သာသနာပြုလွှတ်ရန်ဆိုတဲ့ ရည်ရွယ်ချက်ကောင်းတွေနဲ့ နိုင်ငံတော် ပရိယတ္တိသာသာနာ့ တက္ကသိုလ်တွေ (နပသ) တွေ ဖွင့်ထားသော်လည်း အရည်အချင်း မပြည့်စုံမှု၊ အာဏာရှင်စနစ်ပမာ အုပ်ချုပ်မှု စာသင်သံဃာတော်များ လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်မှု စတဲ့အကြောင်းများကြောင့် နှစ်ပေါင်း ၂၇ နှစ်ကြာသည့်တိုင် ပြည်ပသာသနာပြုတွေ မလွှတ်နိုင်သေးပါဘူး။ ကိုယ့်အစီ အစဉ်နဲ့ ပြည်ပထွက် သာသနာပြုနေကြသည့်သံဃာတော်များရှိလို့သာ မြန်မာပြည်ထေရဝါဒဗုဒ္ဓဘာသာအကြောင်းကို ကမ္ဘာက သိနေခြင်း ဖြစ်ပါတယ်။

နပသမှာ သာသနာချစ်တဲ့စိတ်နဲ့ အမှန်တရားကိုတင်ပြသူများကိုတော့ နည်းမျိုးစုံနဲ့ အထဲမှာမနေနိုင်အောင် ဖိအားပေးခံရပါတယ်။ စာမေး ပွဲအချခံရခြင်း အပြစ်သေးသေးလေးကိုအကြောင်းပြကာ နှင်ထုတ်ခံရခြင်းများပြုလုပ်ပြီး ခိုင်းသမျှလုပ်ပေးသူများကိုတော့ နေရာပေးထားကာ ခွဲခြားအုပ်ချုပ်သည့်စနစ်ကို တရားမဝင် ကျင့်သုံးနေပါတယ်။ မဆလနဲ့ နဝတ ခေတ်မှာ ခဏတဖြုတ် ပြည်တွင်းမှာ သာသနာပြန့်ပွားဖို့အတွက်လုပ်ခဲ့ပေမယ့် ၎င်းနောက်ပိုင်း ယနေ့အချိန်အထိ ပြည်သူပြည်သားများ အသိဉာဏ်ပညာတွေနဲ့ ဘာသာတရားပြန့်နှံ့မှုများအတွက် ဘာမှလုပ်ဆောင်တာ မရှိတော့ပါဘူး။

မဟန အဖွဲ့ဟာ သာသနာတော်နဲ့သက်ဆိုင်တဲ့ ကိစ္စအဝဝကို လုပ်ကိုင်ဆောင်ရွက်ပေးရမှာ ဖြစ်ပေမယ့် သာသနာ့အကျိုး သံဃာ့ အကျိုးကို မဆောင်ရွက်နိုင်ဘဲ အာဏာရှင်အဆက်ဆက်ရဲ့ အကျိုးဆောင် လက်ကိုင်တုတ်ဖြစ်လာနေပါတယ်။ မဆလရှိစဉ်က မဆလခိုင်းတာ လုပ်ပေးရပြီး နဝတ နအဖ ခေတ်တွေရောက်တော့လည်း ဒီစစ်အာဏာရှင်တွေရဲ့ ခိုင်းစေတာကို လုပ်ပေးခဲ့ပါတယ်။ အခုလည်း ဦးသိန်းစိန် အစိုးရလက်ထက်မှာ သာသနာ့မျက်နှာကိုမကြည့်ဘဲ အာဏာရှိသူ အစိုးရမျက်နှာကိုကြည့်နေတဲ့အဖွဲ့အဖြစ်ပဲ တည်ရှိနေပါတယ်။ အာဏာ ရှင်အစိုးရတွေ ပုံစံမျိုးစုံ ပြောင်းသွားသော်လည်း မဟန အာဏာရှင်ကတော့ မပြောင်းလဲသေးပါဘူး။

သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေးအတွက် မဟန အဖွဲ့ကြီးရှိပါလျှက်နဲ့ ၂၀၀၇ မှာကျောင်းတိုက်တွေ ဝင်ရောက်စီးနင်းတာ သံဃာ တော်တွေ ဖမ်းဆီးထောင်ချခံရတာတွေမှာ သံဃာများရှေ့ကနေ ရပ်တည်ပြီး ဘာမှ မလုပ်ပေးနိုင်တဲ့အပြင် ရာထူးအာဏာ တည်မြဲရေး အတွက် အလိုတူအလိုပါ စစ်အာဏာရှင်ဘက်ကတောင် ရပ်တည်ပြီး လိုက်ပါဆောင်ရွက် ဟောပြောပေးတာတွေရှိပါတယ်။ ကြခတ်ဝိုင်း ဆရာတော်လို ဆင်းရဲမျိုးစုံကြုံနေရပြီး မှန်ကန်တဲ့ပြည်သူ့ဘက်ကမရပ်ဘဲ အာဏာရှင်ကျေနပ်အောင် လုပ်ပြချင်တဲ့အဖွဲ့ဖြစ်နေတော့ မဟန အဖွဲ့ကို ယုံကြည်မှုတွေ ကျဆင်းလာနေပါတယ်။

မဟန အဖွဲ့ထဲက အမှန်အတိုင်း လုပ်ကိုင်ချင်တဲ့ဆရာတော်တချို့ဟာ လုပ်ပိုင်ခွင့်နေရာ မရရှိဘဲ အာဏာရှင်ခိုင်းတာ လုပ်ပေးတဲ့ ဆရာ တော်များကိုသာ လျှို့ဝှက်ပြီး ရွေးချယ်တင်မြှောက်ထားပါတယ်။ သာသနာတော်အတွက် မဟန အဖွဲ့ကြီး ရှိပါလျှက်နဲ့ သံဃာတော်များ ဖမ်းဆီးထောင်ချခံရတာတွေ ကျောင်းတိုက်များ ဝင်ရောက်ဖျက်ဆီးခံရတာတွေဟာ လုံးဝမဖြစ်သင့်တဲ့ ကိစ္စရပ်တွေပဲဖြစ်ပါတယ်။ ရဟန်း ငယ်များဘက်က မားမားမတ်မတ်ရပ်ပေးရမယ့်အစား အာဏာရှင်ဘက်က ရပ်တည်ပေးတာဟာ သာသနာအတွက် ဝမ်းနည်းစရာအလွန် ကောင်းပါတယ်။

သံဃဝိနိစ္ဆယ (သံဃာ့တရားရုံး) တွေရှိပေမယ့် သံဃာတော်များ သင်္ကန်းချွတ်ခံရတာကို ဘာမှအကာအကွယ်မပေးခဲ့ပါဘူး။ သံဃာ့ တရား ရုံးဥပဒေအရ ဖြေရှင်းခွင့်မရဘဲ နှစ်ကြီးပြစ်ဒဏ်တွေ ကျခံကြရပါတယ်။ ရဟန်းတပါးမှာ အပြစ်ရှိတယ်ဆိုရင်တောင် သံဃာ့တရားရုံး အဆင့်ဆင့်က ပထမဆုံးတရားစီရင်ချက်ချပြီးမှ လူ (အရပ်သား) တရားရုံးက ဒုတိယစီရင်ချက်ချရတာ ဖြစ်ပါတယ်။ ရွှေဝါရောင် သံဃာ တော်များဟာ မဟနအဖွဲ့နဲ့ တရားဥပဒေရဲ့ အကူအညီလုံးဝမရတဲ့အတွက် လူဆိုးသူခိုးများလို နှိပ်စက်ညှင်းဆဲခံရတဲ့အပြင် နှစ်ရှည်ထောင် ဒဏ်တွေလည်း ကျခံနေရပါတယ်။

မဟန အဖွဲ့ရဲ့ အားနည်းချက်တွေကိုသိနေတဲ့ အာဏာရှင်အဆက်ဆက်ကလည်း သူတို့နဲ့ အမြင်မတူတဲ့ သံဃာတော်တွေ လူမှုရေးအဖွဲ့တွေ ပညာဒါန ကျောင်းတိုက်တွေကို လူထုအကျိုးပြု လုပ်ငန်းတခုခုလုပ်လာပြီဆိုရင် ဖိနှိပ်ဖို့အတွက် ဒီမဟနအဖွဲ့ကို အမြဲအသုံးချပြီး သံဃာ အချင်းချင်း မသင့်မြတ်အောင်လုပ်ကာ လူပြန်တော်များကို အမိန့်ညွှန်ကြားလွှာများ ရေးခိုင်းပြီး မဟန အဖွဲ့ကို လက်မှတ်ထိုး စာထုတ် ခိုင်းပါတယ်။ မဟနအဖွဲ့ကလည်း မှားသည် မှန်သည်ဆိုတဲ့အဖြစ်မှန်ကို သေချာစစ်မနေတော့ဘဲ အာဏာတည်မြဲရေးအတွက် စစ်အာဏာရှင် အစိုးရအကြိုက် လုပ်ဆောင်ပေးခဲ့ပါတယ်။

ဗုဒ္ဓဘာသာဟာ သံသရာလွတ်မြောက်ရေး လမ်းကြောင်းတခုထဲကိုသာသွားတဲ့ တလမ်းသွား မဟုတ်ပါဘူး။ လက်ရှိ လူနေမှုဘဝတွေမှာလည်း လူသားကောင်းကျိုး လောကကောင်းကျိုးတွေကိုလည်း ဆောင်ရွက်ပေးတဲ့ နှစ်လမ်းသွား ဖြစ်ပါတယ်။ ကျန်မာရေး ပညာရေး အသိဉာဏ်နဲ့ အထွေထွေ ဗဟုသုတတွေ သင်ပေးဖို့အတွက် ရဟန်းသံဃာတော်များမှာ တာဝန်ရှိသလို ဘာသာတရားနဲ့ မဆန့်ကျင်သည့်အပြင် ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ သံဃာတော်များအနေနဲ့ လူထုအကျိုးပြုလုပ်ငန်းတွေ များများလုပ်နိုင်မယ်ဆိုရင် သာသနာတော်ဟာ သိက္ခာမကျဘဲ သိက္ခာတက်လာမှာ ဖြစ်ပါတယ်။ ရှေးဆရာတော်ကြီးများ အဆက်ဆက်ဟာ ကျေးရွာတွေ မြို့တွေမှာ လူထုကောင်းကျိုးတွေ လုပ်ခဲ့တဲ့အတွက် လူသားတွေ မင်းညီမင်းသားတွေရဲ့ အားကိုးရာ အားထားရာ သာဓကတွေ အများကြီး ရှိခဲ့ပါတယ်။ ရဟန်းတော်များက အများအကျိုးကို မှန်မှန်ကန်ကန်လုပ်ပြီး ဦးဆောင်လာတဲ့အခါ လူထုထောက်ခံမှုရရှိပြီး လူထုအာဏာဟာ သံဃာတော်များဆီမှာ အလိုလိုရှိနေတဲ့အတွက် အုပ်ချုပ်သူနဲ့ အုပ်ချုပ်ခံရသူ နှစ်မျိုးလုံးကို ဆုံးမ သြဝါဒပေးနိုင်ပါတယ်။ သာသနာ့လည်း ဂုဏ်သိက္ခာ ရှိပါတယ်။ သံဃာ့အဖွဲ့အစည်းဆိုတာ ရာထူးအာဏာ တည်မြဲရေးကိုကြည့်ပြီး အာဏာရှင်ခိုင်းတာ လုပ်မယ်ဆိုရင်တော့ သိက္ခာကျမှာ မလွဲပါဘူး။ ခိုင်းတာကို သံဃာများက ပြန်လုပ်ပေးနေတဲ့အတွက် ပို၍ ကျဆင်းစေပါတယ်။

လူထုအကျိုးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ သံဃာတော်တွေ ကျောင်းတိုက်တွေကို သာသနာ့အကျိုး လောကအကျိုး ဆောင်ရွက် နေတဲ့အတွက် မဟန အဖွဲ့အနေနဲ့ ကူညီစောင့်ရှောက်အားပေးရမှာပါ။ တဖက်မှာလည်း သာသနာနဲ့ မအပ်စပ်တဲ့ ဘောလုံးပွဲ စတဲ့ လောင်း ကစားတာ၊ လမ်းဘေးမှာ အချိန်မတော် အလှူခံတာ၊ ရထားဘူတာနဲ့ ကားဂိတ်တွေမှာ လိုက်တောင်းနေတာ၊ အရက်သောက်တာ၊ မွန်းလွဲချိန် ဆိုင်ထိုင်တာတွေလုပ်နေကြတဲ့ သံဃာတွေကို အရေးယူသင့်ပါတယ်။ အဲဒါမျိုးတွေကို သန့်စင်ရှင်းလင်းပေးမှ သာသနာသန့်ရှင်း ရေးဆိုတာ ဖြစ်မှာပါ။ အဲဒီလုပ်ရပ်တွေက သာသနာသိက္ခာကျစေတဲ့ လုပ်ရပ်မျိုးတွေပဲဖြစ်တယ်။ အခုကြတော့ အမှန်တကယ်လုပ်ရမယ့် အလုပ်မျိုးတွေကိုလည်း တာဝန်မဲ့ လုပ်နေကြတယ်။ မြို့တိုင်းနယ်တိုင်းမှာ သံဃာ့အဖွဲ့အစည်းတွေ ရဲစခန်းတွေရှိပါလျက်နဲ့ ဒီလိုမျိုး လုပ်ရပ်တွေကို အရေးမယူဘဲ ခွင့်ပြုထားတာကတော့ သံဃာတော်များ ၂၀၀၇ တုန်းကလို တခုခုလုပ်ခဲ့ရင် ဒီလိုရဟန်း အတုအယောင်တွေ ကြောင့် ဖမ်းပါတယ်ဆိုတာမျိုးအကြောင်းပြချင်လို့ ထောင်ချောက်ဆင်ထားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလို သာသနာထွန်းကားတဲ့ နိုင်ငံတခုမှာ အမှန်တရားကို လိုလားတဲ့ ဘက်မလိုက်တဲ့ အမှန်တရားဘက်က ရပ်တည်ရဲတဲ့ လွတ် လပ်စွာ ဆုံဖြတ်ပိုင်ခွင့်ရှိတဲ့ သံဃာ့အဖွဲ့အစည်းကြီး တခုရှိသင့်တာ အမှန်ဖြစ်ပါတယ်။ ဒီအဖွဲ့အစည်းဟာ အဂတိတရား ၄ ပါးကင်းပြီး မည် သည့်ပုဂ္ဂိုလ် မည်သည့်အဖွဲ့အစည်းရဲ့ လက်အောက်ခံမှ မဟုတ်ဘဲ သာသနာတော်အတွက် လွတ်လပ်စွာ လုပ်ကိုင်နိုင်တဲ့ လုပ်နိုင်ခွင့်ရှိတဲ့ အဖွဲ့ဖြစ်ဖို့ လိုပါတယ်။ ဒီလိုအဖွဲ့ဖြစ်ဖို့ဆိုရင် ရဟန်းတော်များကိုယ်တိုင် စိတ်ကြိုက်ရွေးချယ်တင်မြှောက်ဖို့လိုပါတယ်။ မည်သည့် အစိုးရမှ ပါဝင်ပတ်သက်ခွင့် မရှိစေရပါဘူး၊ အစိုးရနဲ့ ဒကာ ဒကာမတွေဟာ ထောက်ပံ့လှူဒါန်းကူညီသူများအနေနဲ့သာ ရှိသင့်ပါတယ်။ သာသနာတော် ပြန့်ပွားရေး ထိန်းသိမ်းစောင့်ရှောက်ရေးများအတွက် ဒီအဖွဲ့အစည်းက တာဝန်ယူဆောင်ရွက်ရမှာဖြစ်သလို ကောင်းကျိုး ဆိုးပြစ်တွေကိုလည်း တာဝန်ယူရမှာ ဖြစ်ပါတယ်။

လက်ရှိ မဟန အဖွဲ့အနေ့နဲ့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင် သာသနာတော်မတိုးတက်ဘဲ ဆက်လက်ဆုတ်ယုတ်သွားမှာ သေချာ ပါတယ်။ လောလောဆယ်ပင် တရားဟောခွင့် နာခွင့်များ ဆုတ်ယုတ်လာနေတာ တွေ့နေရပါတယ်။ အာဏာရှင် မဆလပါတီ ပျောက်ကွယ် သွားတာကိုသင်္ခန်းစာယူပြီး ပြင်သင့်တာပြင်ဆင်ဖို့ အချိန်ရောက်နေပါပြီ။ စစ်အာဏာရှင်တွေ ခိုင်းတာကို လိုက်လုပ်ပေးနေတဲ့ မဟနအဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဘာသာ သာသနာကို လူတွေက အထင်သေးလာနေပါတယ်။ ဒါကြောင့် သာသနာ့အကျိုးကို အမှန်တကယ် ကာကွယ်စောင့်ရှောက် ထိန်းသိမ်းဆောင်ရွက်လိုတဲ့ စစ်မှန်တဲ့မဟနအဖွဲ့ကို ကြိုဆိုထောက်ခံပေမယ့်လည်း အာဏာရှင်မဟနအဖွဲ့ကိုတော့ မရှိသင့်တော့ပြီလို့ ထင်မြင်ယူဆမိပါကြောင်း။