Thursday, March 8, 2012

ကိုယ်ချင်းစာတရားလေးသာထားနိုင်ကြမည်ဆိုလျှင်...

ကိုယ်ချင်းစာတရားလေးသာထားနိုင်ကြမည်ဆိုလျှင်.....
မသန်စွမ်းသူများသည်များသောအားဖြင့်လူအများ၏အကြည့်ဒဏ်ကိုမခံနိုင်ကြသူများဖြစ်နေ
ကြရပါသည်။ယင်းသို့ ဖြစ်ရခြင်းမှာထိုအကြည့်များပြီးသွားပြီးလျှင်ပေါ်ထွက်လာစမြဲဖြစ်သည့်
သူတစ်ပါးအားနည်းချက်ကိုပျက်ရယ်ပြုခေါ်ဝေါ်ကြသောနံမည်ဗြောင်များကိုကြောက်ရွံ့ သော
ကြောင့်ဖြစ်ပါသည်။လူတိုင်းတွင်အားနည်းချက်နှင့်အားသာချက်များကိုယ်စီရှိနေပါသည်။
... အားနည်းချက်သည်အနဲနှင့်အများဆိုသလိုလူတိုင်းတွင်ရှိသည်။လူတစ်ချို့ သည်ကိုယ့်တွင်
မရှိသောသူတစ်ပါးချို့ ယွင်းချက်ကိုလှောင်ပြောင်ပြီးချိုးချိုးဖဲ့ဖဲ့ ခေါ်ခြင်းကိုခုံမင်တတ်ကြပါသည်။
ထိုကဲ့သို့ အသိတရားမဲ့စွာခေါ်ဝေါ်လိုက်ချင်းသည်မသန်စွမ်းသူတို့ အတွက်ဘ၀တွင်ကြီးကျယ်
သောခံစားချက်ကြီးတစ်ခုသဖွယ်အရိပ်မဲကြီးကပ်ပြီးပါလာနေသကဲ့သို့ မသိစိတ်တွင်ကပ်ငြိ
နေကြရပါသည်။ထိုသို့ ဖြစ်ရခြင်းမှာလူသားချင်းကိုယ်ချင်းမစာမနာပြောဆိုကြခြင်းနှင့်လ
လူခြင်းတန်ဖိုးမထားနိုင်မှု၊မိမိတို့ နှင့်မတူသောချို့ ယွင်းချက်များကိုနားလည်မှုမရှိကြသော
အမြင်များစွဲမြဲနေကြခြင်းကြောင့်ပါ။တချို့ သောမသန်စွမ်းသူများအပြင်မထွက်ရဲကြခြင်း၊
လူတောမတိုးရဲရတော့ခြင်းမှာမိမိတို့ ၏ချို့ ယွင်းချက်ကိုသဲကြီးမဲကြီးလိုက်ကြည့်ပြီးအား
နာစိတ်စာနာစိတ်ကင်းမဲ့စွာလက်လွတ်စပယ်ပြောဆိုခံရမည်ကိုထိတ်လန့် နေကြသော
ကြောင့်ဖြစ်ပါသည်။မသန်စွမ်းသူတို့ သည်ဆိတ်ကွယ်ရာတွင်မိမိတို့ အားနည်းချက်၊ချို့ ယွင်း
ချက်များကြောင့်ငိုကြွေးခဲ့ရသူများဖြစ်ပါသည်။သြော်...လောကမှာကိုယ်လက်အင်္ဂါချို့ ယွင်း
သော၊အမြင်အာရုံချို့ ယွင်းသော၊စကားမပြောနိုင်သော၊ဥာဏ်ရည်မမှီသောဘ၀မျိုးကိုဘယ်သူ
ကလိုချင်မှာတဲ့လဲရှင်။ဖြစ်လာတဲ့ဘ၀ကြီးမှာအကောင်းဆုံးနေထိုင်နိုင်အောင်ကြိုးစားရှင်သန်
နေကြသောသူများကိုဘာကြောင့်များလူတစ်ချို့ ကချိုးနှိမ်ချင်ကြသလဲဆိုတာကိုမစဉ်းစား
တတ်လောက်အောင်ဖြစ်ရပါသည်။ထိုကဲ့သို့ ချို့ ယွင်းချက်ရှိသူများကိုခေါ်ဆိုသည့်အမည်
များကိုကျွန်မပြောပြချင်ပါတယ်ရှင်။ခြေထောက်တစ်ဖက်ပုံစံမကျလျှင်ထော့ကျိုး၊ခြေပြတ်၊
ခြေကျိုး၊လက်နှစ်ဖက်မပြည့်စုံလျှင်လက်ပြတ်ကြီး၊လက်တိုကြီး၊မျက်စေ့မကောင်းလျှင်
အကန်းကြီး၊နားမကောင်းလျှင်အပင်းအကန်းစသည်ဖြင့်ခေါ်ဆိုနေကြသည်များနေရာ
တိုင်းတွင်ရှိနေပါသည်။တချို့ သည်လူရှေ့ရောက်လျှင်ထိုအမည်များကိုလူရီစရာဖြစ်အောင်
ခေါ်ဝေါ်နေကြသည်ကိုကျွန်မတို့ ပတ်ဝန်းကျင်တွင်တွေ့ နေရပါသည်။ထိုသို့ ခေါ်လိုက်ရ
သည့်အတွက်မသန်စွမ်းသူများ၏စိတ်ဝယ်မည်မျှခံစားသွားရမည်ဆိုသည်ကိုပဲမသိတာလား?
ဒါမှမဟုတ်တမင်သက်သက်နစ်နာစေလိုသောကြောင့်လား?ဒါမှမဟုတ်ပျော်စရာသဖွယ်
ပြုလုပ်နေကြခြင်းလား?ထိုသို့ လူရှေ့တွင်အမြီးကိုလှန်ချိုးချင်သောအပြုအမူစိတ်ထားများ
သည်မိမိသူတပါးနှစ်ဦးစလုံးအကျိုးမရှိစေပါဘူး။ထိုသို့ ခေါ်ဝေါ်ခြင်းခံရသောမသန်စွမ်းသူ
များသည်အခေါ်ခံရသည့်အချိန်တိုင်းတွင်ရင်နင့်စွာခံစားရပါသည်။သူတို့ ရဲ့ ဘ၀လေးတွေကို
မြှင့်တင်မပေးနိုင်ရင်တောင်မှစိတ်ဓာတ်ကျစေမည့်အခေါ်အဝေါ်များဖြင့်မသန်စွမ်းသူများရဲ့ 
ဘ၀လေးများကိုလူတောမတိုးရဲအောင်မလုပ်ကြဖို့ ကိုတောင်းပန်ချင်ပါတယ်ရှင်။
ကိုယ်ချင်းစာတရားလေးသာမသန်စွမ်းသူများအပေါ်ထားနိုင်ကြမည်ဆိုလျှင်ဖြင့်
မသန်စွမ်းသူများ၏မျက်နှာပြင်ပေါ်တွင်အပြုံးများဝေဆာစွာဖြင့်သိက္ခ`ာရှိစွာနေထိုင်နိုင်ကြ
မှာမလွဲပါဘူးရှင်......

Wednesday, March 7, 2012

ထိုင်းပညာရေး မြန်မာဆရာမနှင့် မွန်ကျောင်းသူရဲ့ အမြင်



၂၀၁၅ ခုနှစ်မှာ ပေါ်ထွန်းလာမယ့် အာစီယံ ကွန်မြူနတီကို ရည်ရွယ်ပြီး ထိုင်းအစိုးရက ပညာရေးပြောင်းလဲဖို့ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေတာကို ဘန်ကောက်ပို့စ်နဲ့ နေရှင်းသတင်းစာတွေမှာ နေ့စဉ်တွေ့နေရသည်။ အထူးသဖြင့် ကျောင်းသားတွေကို လက်ပ်တော့ ဝေငှတာနဲ့ ၂၀၁၂ ကို အင်္ဂလိပ်စာနှစ် သတ်မှတ်မှုအပေါ် ဝေဖန် ဆွေးနွေးငြင်းခုန်တာတွေ ပုံမှန် တွေ့ရသည်။
ဒါကြောင့် မောက္ခက ထိုင်းပညာရေးနဲ့ ပတ်သက်ပြီး ထိုင်း ပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာ သင်ပေးနေတဲ့ မြန်မာ ဆရာမတစ်ဦးနှင့် ဘန်ကောက် Ramkhamhaeng တက္ကသိုလ်မှာ ပညာရေး မာစတာဘွဲ့ ကျမ်းပြုနေသူ မွန်ကျောင်းသူတစ်ဦးကို ဆက်သွယ် မေးမြန်းပြီး၊ သူတို့ အတွေ့အကြုံတွေကို တင်ပြလိုက်ရပါသည်။

ဆရာမ မမေ
ချင်းမိုင် Sarasas Witaed Lanna School သင်ကြားရေး အတွေ့အကြုံ
ထိုင်းနိုင်ငံက  ကျောင်းတစ်ကျောင်းမှာ စာသင်နေတဲ့ ကျမကို ထိုင်း ကလေးတွေကို စာသင်ရတာနဲ့ မြန်မာ ကလေးတွေကို စာသင်ရတာ ဘာကွာလဲ၊ ထိုင်းကျောင်းတွေရဲ့ သင်ကြားရေးစနစ်က ဘယ်လိုရှိလဲ၊ ကျောင်းသားတွေရဲ့ အတွေးအခေါ်ပိုင်းနဲ့ သင်ကြားမှု ခံယူပုံ ဘယ်လို ကွာခြားမှုရှိလဲ ဆိုတာတွေ မေးလာပါတယ်။

ယေဘူယျအားဖြင့် ကျောင်းသားတွေကတော့ အတူတူပါပဲ။ စာကိုစိတ်ဝင်စားတဲ့ ကလေးရှိသလို စိတ်မ၀င်စားတဲ့ ကလေးတွေ ရှိတာကတော့ နေရာခြင်းမတူတောင် ပုံစံခြင်းက အတူတူပါပဲ။ ကွာခြားမှုတွေကတော့၊ စာမသင်ခင်မှာ ရှိရမယ့် ကလေးတွေနဲ့ ဆရာတွေရဲ့ စိတ်ဓာတ်အင်အား ပြင်ဆင်မှုက မြန်မာပြည်နဲ့ အတော်ကိုကွာခြားတယ်လို့ ဆိုရပါမယ်။

စာမသင်ခင်မှာ ကျောင်းပြင်ပမှာ စိတ်အနှောက်အယှက်တွေ ဖြစ်လာရင် စာသင်ရတာ မပျော်မရွှင် ဖြစ်တတ်ပါတယ်။ ထိုင်းမှာက နေရေးထိုင်ရေး သွားရေးလာရေး စားရေးသောက်ရေးက အစစအရာရာ အဆင်ပြေတော့ စိတ်ထဲမှာ နောက်ကျိမှု မဖြစ်ဘူး။ ကျမတို့ စာသင်ရတာ အနှောက်အယှက် ဘာမှ မရှိဘူးပေါ့။
ဘာတွေ အဆင်ပြေနေလည်းဆိုရင်တော့ လျှပ်စစ်မီးက မှန်တော့ စားဖို့ ပြင်ဆင်ချိန် သိပ်မကုန်တော့ဘူး။ အင်တာနက်က ကောင်းတော့ ကျောင်းသင်ခန်းစာအတွက် ပြင်ဆင်တဲ့နေရာမှာ စိတ်အေးအေးချမ်းချမ်းနဲ့ ပြည့်ပြည့်စုံစုံ လုပ်လို့ရတယ်။ ကျောင်းသွားတော့လည်း ဘတ်စ်ကားစီးတဲ့အချိန် တိုးခွေ့မနေရတော့ စိတ်က အေးချမ်းသာစွာ သွားလို့ ရပါတယ်။
ကျောင်းရောက်တော့လည်း ကျောင်းသားတွေက ဆရာ ဆရာမဆို အလွန်ရိုသေလေးစားကြတော့ စိတ်ထဲမှာ မကျေနပ်တာ သိပ်မရှိတော့ ကျမအတွက် နေ့စဉ်ကျောင်းသွားကျောင်းပြန်က ပင်ပန်းလှတယ်မရှိတော့ဘူးပေါ့။ ဆရာမတစ်ယောက် အနေနဲ့  နောက်ကျိစရာ စိတ်ရူပ်ထွေးစရာဘာမှ မရှိနေတော့ သင်ကြားရေးအပိုင်းမှာ ကိုယ်ရောစိတ်ပါ သင်ကြားပေးနိုင်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ပညာရေးစနစ်ဟာ အလွန်ကိုကောင်းလှတယ်မဆိုပေမဲ့ သူတို့တွေဟာ အကောင်းဆုံးဖြစ်အောင် အမြဲတမ်း ကြိုးစားနေကြတာကိုက အတော်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ ဖြစ်လင့်ကစား ကျောင်းတွေ အကုန်လုံးဟာ ထိုင်းနိုင်ငံ ပညာရေးဘုတ်အဖွဲ့ရဲ့ လက်အောက်မှာ ရှိနေရပါတယ်။

ကျမ စာသင်နေတဲ့ ကျောင်းအကြောင်းပြောရမယ်ဆိုရင်၊ သင်ခန်းစာ ရေးဆွဲတဲ့ စနစ်တွေ တစ်နှစ်ထက် တစ်နှစ် ပိုကောင်းမွန်အောင် ကြိုးစားပြင်ဆင်နေသလို ကျောင်းတွင်းပိုင်းမှာလည်း ဆရာဆရာမ များသင်ကြားရေး ကောင်းမကောင်း အမြဲတမ်းလိုက်လံ ကြည့်ရူစစ်ဆေးပါတယ်။ သင်ခန်းစာတွေကို ပြင်ဆင်ရာမှာလည်း သေချာပြင်ဆင်ပြီးမှ သင်ကြားကြရပါတယ်။ သင်ခန်းစာကို ပြင်ထားရုံနဲ့ မပြီးသေးပါဘူး။ သင်ခန်းစာအတိုင်း သင်ကြားသလားဆိုတာကို အကြီးအကဲတွေက လိုက်လံကြည့်ရူ နေပါတယ်။

ကျောင်းသားတွေ ဂီတအနုပညာ ၀ါသနာပါရင် အတီး အမှုတ်ပညာ၊ ပန်းချီဝါသနာပါသူကိုလည်း ပါသလို သင်ပေးတယ်။ အားကစား ၀ါသနာပါသူကိုလည်းပါသလို သူ့အဖွဲ့လိုက် ခွဲခြားပြီးသင်ပေးပါတယ်။ ဒီလို ငယ်ရွယ်တဲ့အချိန်ကစပြီး သူတို့ ၀ါသနာပါရာလမ်းလေးတွေကို ရွေးချယ်တတ်အောင် ပြင်ဆင်ပေးတဲ့သဘောပါပဲ။
ကျောင်းမှာ boy scout, girl scout ဆိုပြီး တစ်ပါတ်မှာ တစ်ရက် လေ့ကျင့်ကြတာ ရှိပါသေးတယ်။ အဲလိုမျိုးကို ကျောင်းတိုင်းမှာ လုပ်ရပါတယ်။ ကိုယ်ပိုင်ကျောင်းကော အစိုးရကျောင်းမှာပါ ရှိပါတယ်။ တကယ့်ကိုပဲ သူတို့ကိုယ်သူတို့ နိုင်ငံတော်အတွက် အရေးပါတဲ့ လူငယ်တွေ၊ အသက်စွန့် ကာကွယ်ကြမယ့် မျိုးချစ်လူငယ်တွေ၊ စည်းကမ်းပြည့်တဲ့ လူငယ်တွေ ဖြစ်အောင် လက်တွေ့ သင်ပေးတဲ့ သင်ခန်းစာပါ။ ကလေးတွေကို ငယ်ငယ်လေးကတည်းက အရေးပေါ်အခက်အခဲတွေ ဖြေရှင်းတတ်အောင် သင်ပေးတာမျိုးလည်း ရှိပါတယ်။

နိုင်ငံအနေနဲ့ ကြည့်မည်ဆိုလျှင်လည်း ထိုင်းနိုင်ငံက တစ်သွေးတစ်သံ တစ်မိန့်ကို အမြဲလေးစား နားထောင်တတ်တာကိုလည်း တွေ့ရပါတယ်။ ခုဆို ၂၀၁၂ က ထိုင်းနိုင်ငံရဲ့ အင်္ဂလိပ်စာ နှစ်လို့သတ်မှတ်ထားသလို ကျောင်းတိုင်းအားလုံး ကလည်း ကြိုးစားပါဝင်လုပ်ဆောင်နေပါတယ်။ ကျောင်းတွေမှ စိတ်ဝင်တစားလုပ်နေခြင်းမဟုတ်ဘဲ၊ မိဘတွေကပါ  သူတို့ သားသမီးတွေ အင်္ဂလိပ်စာကို အလေးတထား သင်ယူလာအောင် စိတ်ပါဝင်စား လုပ်ကိုင်လာကြတာကိုတွေ့နေရတာ တော်တော်လေးကို စိတ်ဝင်စားစရာကောင်းပါတယ်။

မြန်မာပြည်က ကျောင်းသားနဲ့ ထိုင်းနိုင်ငံကျောင်းသားကွာခြားမှုကို ပြောရရင် မြန်မာပြည် ကျောင်းသင်ခန်းစာတွေကို ဘာမဆို  အလွတ်ကျက်မှတ်ပြီး အောင်မြင်မှုကို ယူကြရပါတယ်။ နောက်ပြီး ကျမ အမြင်ပြောရရင် မြန်မာပြည်က ကျောင်းသားဘ၀က တော်တော်သနားစရာကောင်းတယ်လို့ ပြောရမလားပါပဲ။ ကလေးတွေမှာ စိတ်ဖိစီးမူ အရမ်းများတယ်လို့ ဆိုချင်ပါတယ်။ စာတွေကို အကုန်အလွတ်ရနေရအောင် ကျောင်းက ဖိအားပေးတာက တစ်မျိုး၊ အိမ်ရောက်ပြန်တော့လည်း မိဘက စာကျက်ဆိုပြီး ကျူရှင်တစ်ခုပြီး တစ်ခုနဲ့ ကြိုးစားကြရပါတယ်။

ထိုင်းနိုင်ငံက ကျောင်းသားတွေမှာတော့ စိတ်ဖိစီးမူ ဘာမှ မရှိပါဘဲ အောင်မြင်မှု ရကြပါတယ်။ အလွတ်ကျက်မှတ်တယ်ဆိုတာကို သူတို့ မသိဘူး၊ ဒါပေမဲ့ သူတို့ နားလည်အောင်ကြိုးစားပြီး အဖြေတစ်ခုကို ရှာကြတယ်။ စာမရရ ကောင်းလားဆိုပြီး ဆူပူမူမရှိဘဲ တစ်နည်းမဟုတ် တစ်နည်းနဲ့ သင်ကြားနည်းစနစ် မျိုးစုံ အသုံးပြုပြီး သင်ကြားပေးပါတယ်။

ဒါပေမဲ့ ထိုင်းကလေးတွေရဲ့ ကြိုးစားအားထုတ်မူက မြန်မာ ကလေးတွေလောက်တော့ သိပ်မရှိဘူး ဆိုရပါမယ်။ သူတို့က သိပ် မကြိုးစားတော့ ဆရာဘက်က အတော် အားစိုက်ရပါတယ်။  ကျမ ကတော့ သူတို့ကို လူပျင်းတွေလို့ တစ်ခါတစ်ခါ မြင်မိတယ်။ သူတို့ကိုကြည့်လျှင် ဘာမဆို အေးအေးဆေးဆေးပါပဲ။ စာမေးပွဲဆိုလို့လည်း ကြောက်လန့်နေတာမရှိဘူး။ သူတို့ကိုကြည့်ပြီး အားမရတာတော့ အမှန်ပါပဲ။
ဒါပေမဲ့ သူတို့တွေမှာ ဆရာဆရာမတွေက သင်ကြားရေး နည်းမျိုးစုံနဲ့ သင်ကြားသလို၊ စာကြည့်တိုက်လား၊ အင်တာနက်လား သူတို့ အနားမှာ အကုန်ပြည့်စုံနေတော့ ဗဟုသုတပိုင်းကတော့ သူတို့ စိတ်ဝင်စားရင် စိတ်ဝင်စားသလောက် အတွေးအခေါ်ပိုင်း တိုးတက်ပါတယ်။
ကလေးတွေ အင်တာနက်ကို အသုံးပြုလား မပြုလားဆိုတာကို တစ်ရက် ကျမ သေသေချာချာကို သိလိုက်ရတာကတော့ ကလေးတွေကို ကျမ အဆိုင်းမင့်တစ်ခု ပေးလိုက်တာပါ။ နောက်တစ်ရက်ကြတော့ သူတို့တွေ ပြီးမလာပါဘူး။ သူတို့ အတန်းထဲ ရောက်တော့ ကျမဆီကို တန်းစီရောက်လာပြီး ၀ိကီလိခ် ပိတ်ထားလို့ စာမလုပ်ခဲ့ရဘူးဆိုတာ သေချာလာရှင်းပြပါတယ်။ ဒါ အလယ်တန်းကျောင်းသားတွေပဲ ရှိပါသေးတယ်။
မြန်မာကျောင်းသားတော်တော်များများဟာ စာကြည့်တိုက်မှာ စာကိုရှာဖွေပြီးလုပ်ဆောင်ရတယ်ဆိုတာ မရှိသလို အင်တာနက်ကို အသုံးပြုပြီး စာပေကို ရှာဖွေဖတ်ရူနေဖို့ဆိုတာလည်း မလွယ်လှပါဘူး။ ကျောင်းစာအုပ်တွေနဲ့တင် အချိန်ကုန်နေကြချိန်မှာ၊ ထိုင်းဘက်က ကလေးတွေက အပြင်ဗဟုသုတတွေ သူတို့ လက်တစ်ကမ်းမှာ အကုန်ရှိနေတယ်။ သူတို့ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေကို အသေချာလေ့လာဖို့ အခွင့်အရေးတွေ ရှိနေတယ်။ လမ်းညွှန်ပေးမယ့် သူတွေ အသင့်ရှိနေတယ်။ သူတို့ စိတ်ဝင်စားဖို့ပဲ လိုနေတယ်။
ကျောင်းသားခြင်းတူပေမဲ့ အခွင့်အရေးခြင်း ကွာခြားပါတယ်။ အခွင့်အရေး ကွာခြားသွားတာနဲ့ အကုန်ကွာခြားသွားတာပါပဲ။ ဒါကလည်း မြန်မာ ကျောင်းသားတွေညံ့လို့ မဟုတ်ပါဘူး။ အခွင့်အရေးတွေဆုံးရုံးခဲ့ရလို့ ဒီလိုဖြစ်ကြရတာပါ။
မြန်မာကလေးတွေ မညံ့ဘူးလို့ ပြောချင်ပါတယ်။ စာပေကို လက်လှမ်းမှီရာကနေ ကြိုးစားပြီးလေ့လာနေတဲ့ မြန်မာကလေးတွေအများကြီး ရှိတယ် ဆိုတာလည်း ပြည်တွင်းမှာ ဆရာမ လုပ်တုန်းက မြင်တွေ့ခဲ့ရပါတယ်။ ကျမတို့ မြန်မာနိုင်ငံက ကလေးတွေကတော့ အမှောင်ထဲမှာ ကိုယ်ပိုင်အလင်း ရဖို့ ကြိုးစားနေရတဲ့ ကြယ်ပွင့်ကလေးတွေလိုပါပဲ။

မိအိုက်စွမ်း
Ramkhamheang တက္ကသိုလ် သင်ယူမှု အတွေ့အကြုံ
Ramkhamheang တက္ကသိုလ်မှာ ပညာရေး မာစတာတန်း ကျောင်းစတက်တဲ့နေ့မှာ အခြားနိုင်ငံကကျောင်းသားတွေနဲ့ ဆရာ ဆရာမတွေ ဝန်ထမ်းတွေ ကိုယ်စီ အလုပ် ရှုပ်နေကြတယ်။ ပထမဆုံးနေ့ဆိုတော့ အကုန်လုံးက ကိုယ့်အတွက် အသစ်အဆန်းတွေ ဖြစ်နေတာပေါ့။
စာသင်ခန်းထဲ ဝင်လိုက်တာနဲ့စာသင်ခန်းထဲမှာရှိတဲ့ပစ္စည်းတွေကို မတွေ့ဖူးတဲ့အပြင် အခေါ်အဝေါ်တွေကိုတောင် မခေါ်တတ်ဘူး ဖြစ်ခဲ့တယ်။ အဲဒီ သင်ကြားရေးပစ္စည်းတွေက ကိုယ်တက်ခဲ့တဲ့ မြန်မာပြည်က မော်လမြိုင်တက္ကသိုလ်မှာပဲ မရှိတာလားဒါမှမဟုတ် ကိုယ်ကပဲ မြန်မာပြည်ရဲ့ အဆင့်မြင့်တက္ကသိုလ်တွေမှာ မတက်ခဲ့မိလို့ မသိတော့အောင်ပါပဲ။
ကျောင်း ပတ်လောက် တက်ပြီးတဲ့အချိန်မှာမှ နောက်ဆုံးအပတ်အတွက် တင်ပြမှု (presentation) လုပ်ရမယ်တဲ့။ တင်ပြမှု (presentation) လုပ်ဖို့အတွက် ကိုယ့်ဟာကိုယ် PowerPoint နဲ့ပြင်ပြီး Projector ကိုသုံးရမယ်ဆိုတာကို သိလာတော့တယ်။ အဲဒီတော့မှ အော်.. Projector ဆိုတာ ဒါပါလားဆိုတာကို စသိလာခဲ့တယ်။

ကျောင်းရဲ့ပထမအပတ်မှာတော့အခြားသော နိုင်ငံခြားကျောင်းသားတွေ အများကြီးတွေ့ရတာပေါ့။ ဆရာကတော့ စာအုပ်ထဲက သီအိုရီတွေကို ရှင်းပြပြီး ကိုယ့်ရဲ့အတွေ့အကြုံကို မေးတာပေါ့။ အဲဒီမှာ အခြားကျောင်းသားတွေက မကြောက်မရွံ့နဲ့ ဖြေဆိုနိုင်ခဲ့ပေမဲ့ ကိုယ်ကတော့ပါးစပ်ကို ပလာစတာနှင့် ပိတ်ထား သလို ဖြစ်ခဲ့တယ်။ ပါးစပ်ကို လုံးဝမဟရဲခဲ့ဘူးပေါ့။ စိတ်ထဲမှာ ပြောချင်တာတွေက အများကြီးပါ။ သို့သော် ကိုယ်ပြောလိုက်တဲ့စကားလုံးတွေက မှားများမှားနေမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်လနှစ်လကျော်တဲ့အထိ ကျောင်းမှာ ပါးစပ်ပိတ်နေခဲ့မိတယ်။
အခြားနိုင်ငံကလာတဲ့ ကျောင်းသားတွေကတော့ သူတို့မသိတဲ့အကြောင်းအရာတွေဆိုရင်လည်း ဆရာကို မကြာခဏဆိုသလို မေးပြီး၊ သူတို့သိထားတဲ့အကြောင်းအရာရှိရင်လည်း တစ်တန်းလုံးကို ပြန်ပြောပြကြတာပေါ့။ presentation လုပ်တဲ့အခါမှာ ဆိုရင်လည်း ရင်တွေ ဒုန်းဒုန်းခုန်လာပြီး ခြေလက်တွေ အေးစက်ကုန်တာပေါ့။ ဒါကဘာဖြစ်လို့လဲလို့ စဉ်းစားမိပြီး ကိုယ့်ကိုကိုယ်ပဲ အားမလိုအားမရဖြစ်ကာ presentation လုပ်ပြီးတိုင်း ဝမ်းနည်းဝမ်းသာ ဖြစ်ခဲ့ရတယ်။
ဝမ်းနည်းမိတာကတော့ ကိုယ်သာ ငယ်ငယ်လေးကတည်းက ရဲရင့်စေတဲ့ ပညာရေးကို ရရှိခဲ့မယ်ဆိုရင် ဒီလိုဖြစ်မှာမဟုတ်ဘူး။ ဗမာစကားပုံတစ်ခုကိုလည်း သတိရမိသွားတယ်။ပညာရဲရင့် ပွဲလယ်တင့်တဲ့ဒါဆို ဒီစကားပုံက ဘာကိုဆိုချင်တာလဲ ကိုယ့်အကြောင်းကို ပြန်စဉ်းစားမိတော့လည်း မြန်မာပြည်မှာ (Bachelor)ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ပေါ့။ သူများတွေလည်း သူတို့နိုင်ငံက Bachelor ဘွဲ့ ရခဲ့လို့ ဒီမှာ (Master) အတူတူလာတက်နေတာလေ။ ပညာရေးအဆင့်ကအတူတူပဲဖြစ်နေတယ်။ သို့သော် ကိုယ်ကဘာလို့ သူတို့လိုမျိုးပညာရဲရင့် ပွဲလယ်မတင့်ရတာလဲဆိုတာကို စဉ်းစားမိတိုင်း ဝမ်းနည်းခဲ့ရတယ်။
ဝမ်းသာတာတစ်ခုကတော့ကိုယ်က ဒီလိုနေရာမျိုးမှာ စာသင်ခွင့်ရပြီး ကိုယ်ကိုကိုယ်လည်း ယုံကြည်မှုပိုမိုရှိလာတဲ့အပြင် ကိုယ့်ရဲ့ သူငယ်ချင်း မျိုးဆက်သစ်လူငယ်တွေအတွက်လည်း ကိုယ်ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ပြန်လည်ဝေငှပေးနိုင်မယ်ပေါ့။ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်နိုင်ငံနဲ့ အခြားနိုင်ငံရဲ့ပညာရေးကွာခြားမှုကို ပိုပြီးနားလည်လာတယ်။
နောက်တစ်ခုကတော့ စာသင်ခန်းထဲမှာ ဆရာက ကမ္ဘာ့ပညာရေးနဲ့ပတ်သက်ပြီး မေးလာခဲ့ရင် ကိုယ်က ဘယ်တော့မှ မဖြေနိုင်ခဲ့ဘူး။ တစ်ခါတစ်လေ ဆရာက ဆိုကရေးတီး အကြောင်းကိုမေးရင် အခြားကျောင်းသားတွေက ဆိုကရေးတီး ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီး ပြောနိုင်ခဲ့တယ်။ ကိုယ်ကတော့ နာမည်သာသိပြီး အကြောင်းအရာကို ပြန်မပြောပြနိုင်ခဲ့ဘူး။ အတိတ်ကနာမည်ကျော် ကမ္ဘာ့ပညာရေးသမားတွေရဲ့ အကြောင်းကို သေသေချာချာမသိခဲ့တာက ကိုယ့်ရဲ့ ဥာဏ်ရည်ညံ့ဖျင်းမှုကြောင့်လား။ ဒါမှမဟုတ် ကိုယ့်ရဲ့ပညာရေးစနစ်ကြောင့်လား။
သမိုင်းအကြောင်းကို ကောင်းကောင်းမသိခဲ့တဲ့အပြင် လွန်ခဲ့တဲ့ နှစ် နှစ်ကမှ သတင်းမှာကြော်ငြာသွားတဲ့ နာမည်ကျော် ပညာရှင်တွေရဲ့အကြောင်းကိုလည်း မဆွေးနွေးနိုင်ခဲ့ပြန်ဘူး။ ကိုယ်ကပဲ သတင်းတွေမှာ မဖတ်မိတာလား။ ဒါမှမဟုတ် ကိုယ့်နိုင်ငံကပဲ ကမ္ဘာ့သတင်းအစုံအလင်ကို မတင်ပြနိုင်ခဲ့တာလား။
နောက်တစ်ခုကတော့ ကိုယ်က အမြဲတမ်းစာကို အလွတ်ဖတ်ခဲ့ရတော့ အခုတက္ကသိုလ်မှာလည်း စာအလွတ်ဖတ်ရမယ်လို့ ထင်ခဲ့တာပေါ့။ အဲဒီလို င်သလိုမဟုတ်ပါ။ ဒီတက္ကသိုလ်မှာက စာကြည့်တိုက်သွားပြီး စာအုပ်တွေကို ကိုယ့်ဟာကိုရှာရတယ်။ ပြီးတော့ကိုယ်လိုချင်တဲ့အချက်အလက်တွေကို မှတ်စု (note) ထုတ်ရတယ်။ စာကိုလည်း နားလည်အောင်ဖတ်ပြီး သူများကို ပြန်ပြောပြနိုင်ရမယ်။ ပြောပြတဲ့အခါမှာလည်း သက်သေအထောက်အထားနဲ့တကွ ဖေါ်ပြနိုင်ရမယ် ကိုယ်ကသူများစာကို ကိုးကားထားရင်လည်းကိုးကားကြောင့်ပြရမယ်။
ဒါတွေအားလုံးကို ကိုယ်ကတစ်ခါမှ မလုပ်ခဲ့ဖူးတော့ တော်တော့်ကို အခက်ကြုံရတာပေါ့။ စာအုပ်တွေ့တိုင်း အလွတ်ကျက်ရအောင်လည်း ဒီကျောင်းမှာက စာပြန်အံခိုင်းတဲ့ ကျောင်းမဟုတ်ဘူးလေ။ စာအုပ်ကို ဖတ်ပြီး နားလည်မှုရအောင်တော့ အခေါက်ပေါင်းများစွာ ဖတ်ရတာပေါ့။ တစ်ခါတလေ စိတ်ဓာတ်ကျပြီး စာလုပ်ချင်တဲ့ စိတ်တောင် ပျောက်သွားခဲ့တယ်။ ကိုယ်ကပဲ စာဖတ်ပြီး နားလည်အောင်လုပ်တဲ့ အလေ့အကျင့်မရခဲ့တာလား။ ဒါမှမဟုတ် ဗမာပြည်မှာ အဲလို စာဖတ်တတ်အောင် သင်ပေးတဲ့ကျောင်းကိုပဲ မတက်ခဲ့တာလား။
လကြာပြီးတဲ့အချိန်မှာမှ ကိုယ့်ကိုကိုယ် နည်းနည်းယုံကြည်မှု ပိုမိုရလာတော့တယ်။ ရှက်ကြောက်စိတ်၊ အားငယ်စိတ်တွေကို ဖျောက်ဖျက်နိုင်ဖို့လည်း မနည်းကြိုးစားရတာပေါ့။
အခုဆိုရင်လည်း (Thesis) စာတမ်းပြုစုနေတဲ့ ကာလဖြစ်တယ်။ ပထမဆုံးအကြိမ် စာတမ်းပြုစုတဲ့ အတွေ့အကြုံဖြစ်လို့ အရမ်းကို အခက်တွေ့နေတာပေါ့။
အင်း ဘာလိုလိုနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရဲ့ Ramkhamhaeng တက္ကသိုလ်မှာ မဟာဘွဲ့အတွက် စာသင်ယူနေတာ နှစ်နှစ်နီးပါးတောင် ပြည့်တော့မယ်လေ။   

Tuesday, March 6, 2012

ကမ္ဘာ့အကောင်းဆုံး အလုပ်အကိုင်ရှာဖွေရေး Website များ



ဘ၀ရပ်တည်ရေးအတွက် လူတိုင်းအလုပ်အကိုင်ကို ရှာဖွေလုပ်ကိုင်ကြရပါတယ်။ လက်ရှိဈေးကွက် စီးပွားရေး စနစ်အရ အလုပ်အကိုင်မရှားပါဘူး။ ဒါပေမယ့် အထာမသိဘဲ ရှာကြည့်ရင် ခက်ခဲတတ်တယ်။ အလုပ်အကိုင် ဈေးကွက်မှာ ခေတ်သစ်နည်းက အွန်လိုင်းပေါ်တက်ပြီး အလုပ်ရှာတာ အဆင်အပြေဆုံးဖြစ်နေပါပြီ။ ဒါကြောင့် ကမ္ဘာ့နာမည်ကျော် အလုပ်အကိုင် ရှာဖွေရေး website ၁၀ ခုအကြောင်းကို လေ့လာဖော်ပြလိုက်ပါတယ်။
အမေရိကန်အလုပ်သမားရေးဌာနရဲ့ အလိုအရ အမေရိကန်နိုင်ငံမှာတောင် အလုပ်လက်မဲ့ဦးရေဟာ တစ်နေ့တစ်ခြား မြင့်တက်နေတယ်လို့ ပြောပါတယ်။ ၂၀၀၈ ခုနှစ်မှာ ၅ ရာခိုင်နှုန်း မြင့်တက်သွားပြီး၊ ၂၀၀၉ ခုနှစ်မှာ ၈ ရာခိုင်နှုန်းမြင့်တက်သွားပါတယ်။ နောက်ပိုင်း အလုပ်လက်မဲ့နှုန်းတွေ တဖြည်းဖြည်းကျဆင်းသွားပြီး ကုမ္ပဏီ တွေက အလုပ်သမားတွေ ငှားရမ်းမှုနှုန်းလည်း မြင့်တက်လာတယ်။
စီးပွားရေးအနေအထားတွေလည်း ကောင်းလာတာကြောင့်ဖြစ်နိုင်ပါတယ်။ ၂၀၁၂ ဇန်နဝါရီလမှာ အမေရိကန်ရဲ့ အလုပ်လက်မဲ့ဦးရေဟာ ၈.၅ ရာခိုင်နှုန်း ပြန်ပြီး မြင့်တက်သွားပြန်ပါတယ်။
အလုပ်အကိုင်ရှားလာလေ အွန်လိုင်းအလုပ်အကိုင်ရှာဖွေရေး site တွေလည်း ပိုပြီး အလုပ်ရှုပ်လေပဲ။ Indeed.com ဆိုရင် ၂၀၁၁ ဒီဇင်ဘာလမှာ ၂၀၁၀ ခုနှစ် ဒီဇင်ဘာလနဲ့ နှိုင်းယှဉ်ရင် ဝင်ပြီးတော့ အလုပ် ရှာဖွေသူ ၅၀ ရာခိုင်နှုန်းလောက်တောင် တိုးသွားတယ်လို့ဆိုတယ်။
အလုပ်အကိုင်ရှာဖွေရေး website တွေအထဲမှာ အမှန်တကယ်အားကိုးလောက်တဲ့ site ပေါင်း တစ်ဒါဇင် လောက်ပဲရှိပါတယ်။ အဲဒီအထဲကမှ အကောင်းဆုံး site ၁၀ ခုကို ဖော်ပြလိုက်ပါတယ်။
 
Indeed
(http://www.indeed.com/)
တစ်လကို လာရောက်လေ့လာသူ သန်း ၅၀ ကျော်နဲ့ အလုပ်အကိုင်ရှာဖွေသူ ၁ ဘီလီယံ လောက်ရှိတဲ့ site ကြီးတစ်ခုဖြစ်ပါတယ်။ ကမ္ဘာ့အလုပ်အကိုင်ရှာဖွေရေး site တွေထဲမှာ ထိပ်ဆုံးလို့ပြောနိုင်တယ်။ အခမဲ့ site တစ်ခုဖြစ်ပြီးတော့ ကုမ္ပဏီ website ပေါင်း သန်းနဲ့ချီပြီး ညွှန်းပေးထားပါတယ်။ အလုပ်အကိုင် နယ်ပယ် ပေါင်းစုံအတွက် အညွှန်းတွေရှိတယ်။ များလွန်းလို့ ဘယ်ကစပြီး ရှာရမှန်းမသိအောင်တောင် ဖြစ်ရပါလိမ့်မယ်။ ကိုယ်ရှာချင်တဲ့လိုင်း၊ အလုပ်၊ နယ်ပယ်ကို ချုံ့ပြီးရှာတတ်မှ အလုပ်ဖြစ်နိုင်မယ်။ နေ့တိုင်းမရှာနိုင်ရင် ကိုယ့် inbox ထဲမှာ နေ့စဉ်အလုပ်ကို လာပြီးသတိပေးပါလို့ ပြောထားလို့ရတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့အထိ တစ်ပတ်ကို အလုပ်ပေါင်း ၆ သိန်း တောင်တက်လာတာတွေ့ရတယ်။
 
SimplyHired
(http://www.simplyhired.com/)
အွန်လိုင်းပေါ်မှာ အလုပ်အကိုင် database တွေကို အများဆုံးစီစဉ်ပေးထားနိုင်တဲ့ site ကြီးတစ်ခုဖြစ်တယ်။ အလုပ်အကိုင်နဲ့ ပတ်သက်တဲ့ ဘုတ်အဖွဲ့တွေ၊ ကုမ္ပဏီတွေရဲ့ အလုပ်နဲ့ ပတ်သက်တဲ့ site တွေ၊ သတင်း စာတွေ၊ NGO အဖွဲ့တွေ၊ အစိုးရ site တွေ စသဖြင့် ထောင်နဲ့ချီပြီး အညွှန်းတွေကို စီစဉ်ပေးထားတယ်။ အဲဒီ site ထဲဝင်မယ်ဆိုရင် account တစ်ခုကိုဖန်တီးရမယ်။ အမည်ပေး၊ save လုပ်၊ ကိုယ်နဲ့ဆက်သွယ်ရမယ့် အီးမေးလ်တွေပေးပြီးမှ သူတို့လိုင်းထဲက ဖော်ပြထားတာတွေကို ဝင်ကြည့်လို့ရမယ်။
သူ့ website ထဲမှာ အလုပ်ပေါင်း ၅ သန်းလောက်ကို ညွှန်းထားတာတွေ့ရလိမ့်မယ်။ အလုပ်ရှာချင်ရင် ကိုယ်လုပ်ချင်တဲ့ ပြည်နယ်၊ မြို့၊ ကုမ္ပဏီ၊ စက်ရုံ၊ အလုပ်အမျိုး အစားအလိုက်ရှာရင် ပိုမြန်တယ်။
         
LinkedIn
(http://www.linkedin.com/)
၂၀၀၂ လောက်တုန်းက ရေ့ဒ် ဟော့ဖ်မင်း ဆိုသူက စိတ်ကူးရပြီး ဧည့်ခန်းထဲကနေ ထဆွဲခဲ့တဲ့ website တစ်ခုဖြစ်တယ်။ ခုဆိုရင်ကမ္ဘာ့အကြီးဆုံး အင်တာနက်ပေါ်က အလုပ်အကိုင်ကွန်ရက် site ကြီးတစ်ခုဖြစ် နေပြီ။ နိုင်ငံပေါင်း ၂၀၀ ကျော်က အဖွဲ့ဝင်ပေါင်း သန်း ၁၅၀ ကျော်ရှိတယ်။ တစ်စက္ကန့်ကို အဖွဲ့ဝင် နှစ်ယောက်တိုးနေတဲ့ site လို့ လည်းပြောနိုင်တယ်။ အခမဲ့သုံးနိုင်တယ်။ ကိုယ့်အကြောင်းတော့ ပြောပြ ထားရတယ်။
ဥပမာ လုပ်ငန်းအတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ စိတ်ပါဝင်စားမှုတွေကို ပြောပြထားရတယ်။ ပြီးရင် အခြားလူတွေကိုလည်း ဖိတ်ခေါ်ထားရတယ်။ တစ်ကြိမ်ဆက်သွယ်လိုက်တာနဲ့ ကိုယ့်ရဲ့ network က အဆက် အသွယ်တွေ အများကြီးရလာလိမ့်မယ်။ ဘယ်ကုမ္ပဏီတွေက ဘယ်လိုအလုပ်မျိုးတွေရှာနေတယ်ဆိုတာ အချင်းချင်းလက်တို့ပြီးပြောသွားလိမ့်မယ်။ အလုပ်ရှင်နဲ့ မသိလည်း ကိစ္စမရှိဘူး။ ကိုယ့်ကို link လုပ်ပေးတဲ့သူကို မိတ်ဆက်ပေးခိုင်းလို့ရတယ်။ LinkedIn ဘုတ်အဖွဲ့ကို အလုပ်ရှင်တွေကလည်း လိုအပ်တဲ့ အလုပ်တွေကိုပို့၊ ရှာတဲ့သူတွေကလည်း လွတ်လပ်စွာ ရယူဆက်သွယ်နိုင်အောင် စီစဉ်ပေးထားတယ်။
 
CareerBuilder
(http://www.careerbuilder.com/)
အွန်လိုင်းကနေ အလုပ်ရှာမယ်ဆိုရင် အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး အလုပ် site တစ်ခုဖြစ်တဲ့ CareerBuilder ကို ဝင်ကြည့်သင့်ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက စတင်ထူထောင်ထားတယ်။ ခုဆိုရင် တစ်လကို ၂၄ သန်းလောက်လာပြီး အလုပ်ရှာနေကြတယ်။ အလုပ်အကိုင်ပေါင်း ၁.၅ သန်း လောက်ကို စာရင်းတင်ပေးထားတယ်။ ဒီ site နဲ့ အလုပ်ရှင်ပေါင်း ၃ သိန်းလောက် အဆက်အသွယ်ရှိပြီး၊ အဲဒီ ကုမ္ပဏီအများစုဟာ Fortune1000 စာရင်းဝင်ကုမ္ပဏီတွေကချည်းဖြစ်တယ်။
အလုပ်ရှာသူက ကိုယ့်ကိုယ်ရေး ရာဇဝင်အကျဉ်း (CV) ၅ စောင်ကို တင်ထားပေးရတယ်။ အဲဒီ လူတွေ အလုပ်ရှာနေကြောင်း လက်ရှိအလုပ်ဌာနကမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ သူတို့ အလုပ် လျှောက်ချင်တဲ့ နေရာ ၅ ခုကို အီးမေးလ်နဲ့ ကိုယ့် CV တွေပို့ထားနိုင်တယ်။ သူတို့ကို ပြန်ဆက်သွယ်စေချင်ရင် အီးမေးလ်လိပ်စာပေးထားပြီး inbox မှာ ဝင်လာမယ့် ခေါ်စာ သို့မဟုတ် အကြောင်းကြားစာကို ထိုင်စောင့် နေရုံပဲ။
ကိုယ်က အလုပ်ကို ဘယ်နေရာမှာ ရှာရမှန်းလည်းမသိဘူး၊ ကိုယ့်အရည်အချင်းနဲ့ ဘယ်လိုအလုပ်အကိုင် သင့်လျော်မယ် မှန်းလည်း မသိဘူးဆိုရင် ကိုယ့် CV အတိုင်း သူ့ကို scan လုပ်ခိုင်းပြီးတော့ ကိုယ်နဲ့ သင့် လျော်မှာကို အကြံပေးခိုင်းလို့ရတယ်။
 
Monster
(http://www.monster.com/)
၁၉၉၄ ခုနှစ်ကတည်းက စတင်ထူထောင် ထားတယ်။ အွန်လိုင်းအလုပ်ရှာဖွေရေးမှာ လက်ဦးမှုရယူထားတယ်။ ပြည်တွင်းသတင်းစာတွေမှာ မတွေ့ရတဲ့ အလုပ်ခေါ်စာတွေကို တောင်တွေ့နိုင်တယ်။ အလုပ်အကိုင် ပေး ချင်သူတွေရော၊ လိုချင်သူတွေပါ အလေးထားကြရတဲ့ site တစ်ခုဖြစ်တယ်။ နာရီပိုင်း၊ အချိန်ပိုင်း၊ အချိန်ပြည့် အလုပ်တွေကို သူ့နယ်ပယ်နဲ့သူ ခွဲခြားဖော်ပြထားတယ်။ အလုပ်ပေါင်း ၁.၁ သန်းကို စာရင်းတင်ထားတယ်။ အလုပ်အကိုင်ရှာဖွေနေသူတွေရဲ့ CV ပေါင်း ၄၁ သန်းလောက်ကိုလည်း ထိန်းသိမ်းဖော်ပြပေးထားတယ်။
ဒီ site မှာ အလုပ်လုပ်လိုသူရဲ့ ကိုယ်ရေးအကျဉ်း၊ တွေ့ဆုံမေးမြန်းချက်၊ ညှိနှိုင်းလစာ၊ ကုမ္ပဏီသာ သိစေချင်တဲ့ အခြားကိုယ့်အကြောင်းတွေကို ကြည့်နိုင်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ကုမ္ပဏီက ကိုယ် အလုပ် ရှာနေမှန်းမသိအောင်လည်း လျှို့ဝှက်ပေးထားတယ်။ Monster ကသက်တမ်း ရှည်လာတာနဲ့အမျှ အလုပ် အကိုင်ကို ငွေယူပြီးရှာဖွေပေးနေတဲ့ ကုမ္ပဏီတွေက အမြတ်ထုတ်ပြီး စာရင်းတွေခိုးယူမှုတွေနဲ့လည်း ရင်ဆိုင် ရတယ်။
 
Craigslist
(http://www.craigslist.org/)
ဒီ site ကတော့ အဆောင်၊ အိမ်ရှာချင်ရင်၊ TV အဟောင်းရောင်းချင်ရင်၊ အဆက်အသွယ် ပြတ်နေ သူတွေကိုရှာချင်ရင် အသုံးဝင်ရုံမက အလုပ်အကိုင်ရှာချင်သူတွေ အတွက်ပါ အဆင်ပြေပါတယ်။ အခြား အလုပ်ရှာ website တွေထက် အလုပ်အကိုင် တစ်မျိုးတည်းကို ဦးတည်မထားတာ ထူးခြားချက် လို့ ပြောနိုင်တယ်။ ကိုယ့် အီးမေးလ်ကို sign up လုပ်စရာလည်းမလိုဘူး။ ကိုယ့် CV ကိုပြောစရာလည်းမလိုဘူး။ ဒါပေမယ့် အလုပ်အကိုင်အခွင့်အရေးတွေကတော့ အများကြီးရနိုင်တယ်။
အလုပ်တွေကို သူ့အမျိုးအစား၊ ခေါင်းစဉ်အလိုက် ခွဲခြားဖော်ပြထားတယ်။ ဥပမာ Admin/Office, Business/Mgmt, Writing/Editing စသဖြင့် ခေါင်းစဉ်လေးတွေခွဲထားတယ်။ အချို့ခေါင်းစဉ်တွေကျတော့ အလုပ်အကိုင်အခွင့်အလမ်းနယ်ပယ်ပိုကျယ် သွားတယ်။ ဥပမာ Salon/Spa/Fitness စသဖြင့် ဖြစ်တယ်။ အခြားတွေ့ရခဲတဲ့ လက်သည်း ပညာရှင်၊ အရောင်ပညာရှင်ဆိုတဲ့ ခေါ်စာတွေလည်းတွေ့နိုင်သေးတယ်။
 
Glassdoor
(http://www.glassdoor.com/index.htm)
အလုပ်ရှာတာ လိုချင်လို့ပေါ့။ ဒါပေမယ့် ကိုယ်လုပ်ရမယ့် ကုမ္ပဏီကလည်း ကိုယ်နဲ့ အဆင်ပြေဖို့လိုသေးတယ်။ ဒီ site မှာ ကိုယ် လုပ်ရမယ့်အလုပ်၊ ကိုယ့်အလုပ်ရှင် ကုမ္ပဏီအကြောင်းကို အခမဲ့ စုံစမ်းနိုင်တယ်။ အလုပ်ရှာ သူတွေအတွက် လစာ၊ ကုမ္ပဏီအကြောင်း၊ အင်တာဗျူးမေးခွန်းတွေကိုလည်း ဖော်ပြထားတယ်။ အလုပ်ရှင် ရော၊ အလုပ်သမားတွေကပါ ကိုယ့်အကြောင်း ကိုယ်ပို့ထားတာတွေ လေ့လာနိုင်တယ်။
အလုပ်အကိုင်တွေကို လစာနဲ့ရာထူးတွေကိုပါ နှိုင်းယှဉ်ပြထားတဲ့အတွက်လည်း ကိုယ်ကြိုက်ရာနေရာကို ပြောင်းရွှေ့နိုင်တဲ့ အခွင့် အလမ်းတွေရနိုင်တယ်။ ပြီးတော့ ဒီအလုပ်နဲ့ပတ်သက်တဲ့ အဆက်အသွယ်တွေကိုပါ ဖော်ပြထားတဲ့အတွက် Facebook မှာ မိတ်ဆွေဖွဲ့ကာ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်အကြောင်း၊ ကုမ္ပဏီအကြောင်းတွေကို စုံစမ်းနိုင်သေးတယ်။
 
Dice
(http://www.dice.com/)
နည်းပညာ၊ အင်ဂျင်နီယာနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကို အများဆုံးစုံစမ်းနိုင်တဲ့နေရာဖြစ်တယ်။ သူ့ အဆင့်တိုင်းအတွက် အလုပ်တွေကို ထောင်နဲ့ချီပြီးဖော်ပြပေးထားတယ်။ အလုပ်စလုပ်ချင်သူတွေရော၊ အတွေ့အကြုံရှိသူတွေရောအတွက်ပါ သူ့အဆင့်လိုက် အလုပ်တွေဖော်ပြထားတယ်။
နည်းပညာနဲ့ ပတ်သက်တဲ့ အလုပ်အကြောင်း၊ အလုပ်နဲ့ပတ်သက်တဲ့ အကြံပြုချက်၊ အမေးအဖြေ ကဏ္ဍတွေကိုလည်း လေ့လာနိုင်တယ်။ အလုပ်ရှာသူတွေက ကိုယ့် CV ကို ပို့ထားနိုင်တယ်။ နာမည်ကျော် နည်းပညာ ကုမ္ပဏီကြီးတွေဖြစ်တဲ့ HP, Microsoft, Google တွေက အလုပ်ခေါ်စာတွေကိုလည်း တွေ့နိုင်တယ်။ လက်ရှိ အလုပ်ခေါ်ရာထူး နေရာပေါင်း ၈၄၀၀၀ လောက်တင်ထားတယ်။
 
Mediabistro
(http://www.mediabistro.com/?nav=lgh)
အလုပ်အကိုင် နယ်ပယ်တိုင်းအတွက်တော့ မဖော်ပြထားဘူး။ မဂ္ဂဇင်း၊ ရုပ်သံလိုင်း၊ ရုပ်ရှင်၊ ရေဒီယို၊ သတင်းစာ၊ အွန်လိုင်းမီဒီယာ၊ ကြော်ငြာ၊ ပြည်သူ့ဆက်သွယ်ရေး၊ ဒီဇိုင်း စတဲ့လုပ်ငန်းတွေအတွက် အယ်ဒီတာ၊ စာရေးဆရာ၊ ထုတ်လုပ်သူ၊ ဂရပ်ဖစ်ဒီဇိုင်းနာ၊ စာအုပ်ထုတ်ဝေသူ စတဲ့အလုပ်တွေကို ဝါသနာပါသူတွေအတွက် အားထားရတဲ့ အနုပညာလုပ်ငန်းသီးသန့်လိုင်းဖြစ်တယ်။ အခမဲ့ဝင်ကြည့်နိုင်တယ်။ အကြံဉာဏ်တွေ၊ ခေါ်စာတွေ၊ အလုပ်အကြောင်းတွေ သိချင်ရင်တော့ AvantGuild မှာ ပရီမီယံအဖွဲ့ဝင်အဖြစ် ဝင်ရမယ်။ အလုပ်၊ ဌာန၊ ဒေသတွေ ကိုရှာနိုင်တယ်။ နိုင်ငံအနှံ့ ဆက်သွယ်နိုင်တဲ့ အဆက်အသွယ်တွေ၊ စာတမ်း ဖတ်ပွဲတွေ၊ နာမည်ကျော် blog တွေကိုလည်း ဖော်ပြပေးထားတယ်။
 
TweetMyJobs
(http://www.tweetmyjobs.com)
ဆိုရှယ်ကွန်ရက်တွေ ခေတ်စားလာတာနဲ့အမျှ အလုပ်ရှင်နဲ့ အလုပ်သမား အွန်လိုင်းပေါ်ကနေ တိုက်ရိုက် ထိတွေ့နိုင်ခွင့်တွေရလာပါပြီ။ Facebook နဲ့ Twitter တွေကတစ်ဆင့် ကိုယ့်အကြောင်းတွေကို သိနိုင်တယ်။ အလုပ်ရှာသူတွေ အလုပ်သမားရော၊ အလုပ်ရှင်ပါ TweetMyJobs ကတစ်ဆင့် အီးမေးလ်၊ မိုဘိုင်းဖုန်း၊ Twitter တွေနဲ့ အလုပ်ဆိုင်ရာ အကြံပေးချက်တွေကို အပြန်အလှန်ဆွေးနွေးနိုင်တယ်။ အလုပ် လိုင်းပေါင်း ၁၀၀၀၀ လောက်ကို Twitter နဲ့ ချိတ်ပေးထားတယ်။ နေ့စဉ် အလုပ်သစ် ပေါင်း ၅၀၀၀၀ လောက် တင်ပေးနေတယ်။ အကြံပေးချက်အတိုင်းလည်း သူ့လိုင်း အလိုက် ဝင်ရောက်လေ့လာနိုင်တယ်။

Sunday, March 4, 2012

အမေရိကန်တက္ကသိုလ်တွေမှာ ပညာသင်ယူခဲ့တဲ့ နိုင်ငံတကာ ခေါင်းဆောင်များ


ဂရိ ၀န်ကြီးချုပ်နှင့် အီတလီ ၀န်ကြီးချုပ်
လစ်ဗျားဝန်ကြီးချုပ် Abeurrahim el-Keib ၊ ဂရိဝန်ကြီးချုပ် Lucas Papademos နဲ့ အီတလီ ၀န်ကြီးချုပ် Mario Monti တို့မှာ တူညီမှု အတော်များများရှိပါတယ်။ အဲဒီခေါင်းဆောင်သုံးဦးဟာ တည်ငြိမ်အေးဆေးသူတွေဖြစ်ပြီး၊ နိုင်ငံရေးသမားတွေ မဟုတ်ဘဲ ပညာရှင် technocrat တွေ ဖြစ်ခြင်းက အဓိက ထူးခြားချက် ဖြစ်ပါတယ်။
နိုင်ငံရေးသမားတွေ မဟုတ်ကြပေမဲ့၊ အခု သူတို့နိုင်ငံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့ သူတို့ ပခုံးပေါ် တာဝန်တွေ ပုံကျလာပါတယ်။ သူတို့နိုင်ငံတွေကို ရေထဲမိုးထဲ အခြေအနေကနေ ပြန်ရုန်းထွက်နိုင်အောင် သူတို့ရဲ့ အတတ်ပညာကျွမ်းကျင်မှုနဲ့ နိုင်ငံတကာ အတွေ့အကြုံတွေက ကူညီနိုင်မယ်လို့ အားလုံးက မျှော်လင့်ထားကြပါတယ်။ ဒါဖြင့် သူတို့ သုံးဦးက အဲဒီ အတတ်ပညာတွေ ဘယ်ကများ ဆည်းပူးခဲ့တာလဲ။
လစ်ဗျားဝန်ကြီးချုပ် El-Keib က ၁၉၇၆ ခုနှစ်မှာ University of California ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ မာစတာဘွဲ့ ရခဲ့ပါတယ်။ ၁၉၈၄ မှာ North Carolina State University ကနေ အီလက်ထရောနစ် အင်ဂျင်နီယာ ဒေါက်တာဘွဲ့ကို "capacitive compensation planning and operation for primary distribution feeders." စာတမ်းနဲ့ ထပ်ရရှိခဲ့ပါတယ်။ University of Alabama မှာ နှစ် ၂၀ လောက် ဆရာလုပ်ခဲ့ပြီး၊ အခု လစ်ဗျား ကြားဖြတ်အစိုးရ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။
လက်ရှိ ဂရိဝန်ကြီးချုပ် Papademos က ရူပဗေနဲ့ အီလက်ထရောနစ် အင်ဂျင်နီယာ မာစာတာဘွဲ့ကို ဂရိ တက္ကသိုလ်တွေက ရခဲ့ပါတယ်။ ၁၉၇၀ ခုနှစ်မှာ အမေရိကန် MIT နည်းပညာတက္ကသိုလ်ကနေ စီးပွားရေး ဒေါက်တာဘွဲ့ရခဲ့ပါတယ်။ ကိုလံဘီယာနဲ့ ဟားဗတ်တက္ကသိုလ်တွေမှာ ဆရာလုပ်ခဲ့ပြီးနောက် ဂရိဘဏ်နဲ့   ဥရောပဗဟိုဘဏ်မှာ အရာရှိတာဝန်ယူခဲ့ပါတယ်။
အီတလီဝန်ကြီးချုပ် Monti ကတော့ အီတလီ တက္ကသိုလ်ကြီးသုံးခုမှာ  ပညာ ဆည်းပူးခဲ့ပြီးနောက် အမေရိကန် ယေးလ် တက္ကသိုလ်မှာ စီးပွားရေးပညာ သင်ယူခဲ့ပါတယ်။ အီတလီ Bocconi University တက္ကသိုလ်မှာ ပါမောက္ခချုပ် ထမ်းဆောင်ခဲ့ပြီး ဥရောပ ကော်မရှင်နာမင်းကြီးဟောင်းလည်း ဖြစ်ပါတယ်။
ပြောရရင် သူတို့ သုံးဦးလုံးဟာ အမေရိကန်တက္ကသိုလ်တွေမှာ ပညာပြည့်အောင် ဖြည့်ဆည်းခဲ့သူတွေ ဖြစ်ပါတယ်။  သူတို့လိုပဲ လက်ရှိ ကမ္ဘာ့ခေါင်းဆောင်အချို့ဟာလည်း အမေရိကန် တက္ကသိုလ်နဲ့ ကောလိပ်တွေမှာ ပညာသင်ယူခဲ့ပြီး၊ တက္ကနိုခရက်အဖြစ် အုပ်ချုပ်ရေးယန္တရားမှာ ထမ်းဆောင်နေကြပါတယ်။ အလားတူပဲ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့ အစိုးရ ၀န်ကြီးတွေ အများစုဟာလည်း အမေရိကန်တက္ကသိုလ်ဆင်းတွေ ဖြစ်လာပါတယ်။ ဒါကြောင့် အမေရိကန် တက္ကသိုလ်တွေက ကမ္ဘာရေးရာမှာ ဩဇာရှိနေတာကို ပိုမိုမြင်တွေ့လာရပါတယ်။
အခု ဆက်ပြီး အမေရိကန် တက္ကသိုလ်တွေမှာ ပညာဆည်းပူးခဲ့တဲ့ နိုင်ငံခေါင်းဆောင် (၁၀) ဦးကို လေ့လာကြည့်ရအောင်ပါ။

ဂျင်မီ သင်းလေး (Jigme Thinley)
ရာထူး။ ၀န်ကြီးချုပ်၊ ဘူတန်
ကျောင်း။ Pennsylvania State University
ဘွဲ့။ Master's of Public Administration ('76)
ပညာရေးဖြတ်သန်းမှု။ ၁၉၇၄ ခုနှစ်မှာ ဘူတန်ဘုရင်က သင်းလေး နဲ့ အခြားသူအနည်းငယ်ကို အမေရိကန် ကျောင်းတွေ ပို့ပေးခဲ့ပါတယ်။ ရည်ရွယ်ချက်က ဘူတန်ကို ခေတ်မှီဖွံ့ဖြိုးစေဖို့ပါ။ သင်းလေးဟာ ပင်လ်ဆယ်ဗေးနီယား တက္ကသိုလ် (Penn State ) မှာ ပညာသင်တဲ့ ပထမဆုံး ဘူတန်နိုင်ငံသားဖြစ်ပါတယ်။ ပညာသင်ကာလအတွင်း ကျောင်းစာကြည့်တိုက်မှာ အချိန်ပေးပြီး အပြင်းအထန် လေ့လာခဲ့တဲ့ မှတ်တမ်းရှိပါတယ်။ ကျောင်းကောင်စီ ရွေးကောက်ပွဲမှာ အရွေးခံရကတည်းက နိုင်ငံရေးကို ပိုမိုစိတ်ဝင်စားခဲ့ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၈ သက်ဦးဆံပိုင်ဘုရင်စနစ်ကနေ အခြေခံဥပဒေစနစ် စတင်ပြောင်းလဲချိန်မှာ ဘူတန်နိုင်ငံရဲ့ ပထမဆုံး ရွေးကောက်ခံ ၀န်ကြီးချုပ်ဖြစ်လာပါတယ်။ သူက စုစုပေါင်း အမျိုးသားထုတ်ကုန် (GDP) အစား၊ စုစုပေါင်း အမျိုးသားပျော်ရွှင်မှု (GNP) အယူအဆနဲ့ ဘူတန်ကို ဦးဆောင်နေသူဖြစ်ပါတယ်။  သူ့လက်ထက်မှာ ဘူတန်နဲ့ အမေရိကန် ဆက်ဆံရေး ရွှေလမ်း ငွေလမ်းဖြစ်လာပါတယ်။


ရာဖေးလ် ကော်ရဲရား (Rafael Correa)
ရာထူး။ သမ္မတ၊ အီကွေဒေါ
ကျောင်း။ University of Illinois at Urbana-Champaign
ဘွဲ့။  Master's degree in economics ('99); Ph.D. in economics ('01)
ပညာရေးဖြတ်သန်းမှု။ အီလီနွိုက်တက္ကသိုလ်မှ ကော်ရဲရား ရဲ့စာတမ်းကို ကြီးကြပ်ခဲ့သူ Werner Baer က ကော်ရဲရား ဟာ တစ်န့ စီးပွားရေး ပေါ်လစီဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်လာမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကော်ရဲရား ရေးခဲ့တဲ့စာတမ်းက လာတင် အမေရိကရဲ့ ၀င်ငွေမမျှတမှုအပေါ် အိုင်အမ်ဖက်နဲ့ ကမ္ဘာ့ဘဏ်ရဲ့ “Washington Consensus" လမ်းစဉ်နဲ့ အားနည်းချက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး သင်္ချာမော်ဒယ်တွေ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ စည်းကမ်းရှိပြီး ဆုံးဖြတ်ချက်ခိုင်ကျဉ်တဲ့ စံပြုစရာ ကျောင်းသားပဲလို့ သူ့ဆရာက မှတ်ချက်ပေးခဲ့ပါတယ်။
လက်ရှိအလုပ်။ ကော်ရဲရား ဟာ ၂၀၀၇ ခုနှစ်မှာ သမ္မတရာထူးရရှိခဲ့ပြီး၊ ၂၀၀၉ ခုနှစ်မှာ ထပ်အရွေးခံရပါတယ်။ အီကွေဒေါ သမိုင်းမှာ ပညာအတတ်ဆုံး ခေါင်းဆောင်ဖြစ်လာပါတယ်။ လာတင်အမေရိက ဆင်းရဲတွင်းကနေ အီကွေဒေါ ကို ဆွဲထုတ်ဖို့ လူမှု ထောက်ပံ့မှုတွေနဲ့ စတင်ခဲ့ပါတယ်။ သူ့ကို လက်ဝဲဆန်တယ်လို့ စွပ်စွဲမှုတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူဟာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှု၊ တန်းတူညီမျှမှုနဲ့ ဒီမိုကရက်တစ် အုပ်ချုပ်မှု ဖြစ်ထွန်းရေးတို့အတွက် လာတင်အမေရိကကို လမ်းပြနေတဲ့ ကြယ်တစ်ပွင့် အဖြစ် ထင်ရှားလာပါတယ်။
ကော်ရဲရားက သူသင်ယူခဲ့တဲ့ အမေရိကန် ပညာရေးဟာ ကမ္ဘာ့အကောင်းဆုံး ပညာရေးစနစ်လို့ ချီးကျုးပြောဆိုပေမဲ့၊ အမေရိကန်ရဲ့ ဈေးကွက်စီးပွားရေးအပေါ် ဝေဖန်မှု အတော်မျာများ လုပ်ခဲ့ပါတယ်။ ကျူးဘား၊ အီရန်နဲ့ ဗင်နီဇွဲလားတို့အပေါ် စီးပွားရေး ပိတ်ဆို့မှုကို ဆန့်ကျင်ပါတယ်။ အီကွေဒေါ ပိစိဖိတ်ကမ်းခြေမှာ အမေရိကန် စစ်စခန်းချခွင့်ကိုလည်း ငြင်းဆန်ပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားနဲ့ ဆက်ဆံရေး ပြေလည်အောင် တည်ဆောက်နေသူဖြစ်ပါတယ်။



အီလန် ဂျွန်ဆင် ဆာလိဖ် (Ellen Johnson Sirleaf)
ရာထူး။ သမ္မတ၊ လိုက်ဘေးရီးယား
ကျောင်း။ Madison Business College; Economics Institute; Harvard University
ဘွဲ့။ Undergraduate degree in accounting (Wisconsin '64); certificate in economics (Economics Institute, '70); Master's of Public Administration (Harvard, '71)
ပညာရေးဖြတ်သန်းမှု။ ဆာလိဖ် ဟာ အသက် ၁၇ နှစ်မှာ လိုက်ဘေးရီးယားကနေ အမေရိကန်ပြည်ထောက်စုကို ပြောင်းရွေ့ခဲ့ ပါတယ်။ သူ့ခင်ပွန်းက Wisconsin-Madison တက္ကသိုလ်မှာ စီးပွားရေး မာစတာဘွဲ့တက်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဘွဲ့ရပြီး လိုက်ဘေးရီးယားကို ပြန် အလုပ်လုပ်ခဲ့ပါသေးတယ်။ နောက်တော့ Harvard Kennedy School မှာ မာစတာဘွဲ့ ထပ်တက်ပါတယ်။ ဟားဗတ် ဘွဲ့နှင်းသဘင်မှာ သူနဲ့အတူ ဘွဲ့ယူခဲ့သူတွေကတော့ ကိုလံဘီယာသမ္မတ Juan Manuel Santos ၊ မက္ကစီကိုသမ္မတ Felipe Calderon ၊ မွန်ဂိုလီးယားသမ္မတ Taskhiangiin Elbegdorj ၊ စင်္ကာပူဝန်ကြီးချုပ် Lee Hsein Loon နဲ့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူး Ban Ki- moon တို့ပဲ ဖြစ်ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၅ မှာ ဆာအိဖ် သမ္မတ ရွေးမြှောက်ခံရပါတယ်။ ခေတ်သစ် အာဖရိကသမိုင်းမှာ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်ဖြစ်လာပါတယ်။ ၂၀၁၁မှာ သမ္မတရာထူး ဒုတိယ သက်တမ်းယူခဲ့ပြီး၊ အခြား အမျိုးသမီး နှစ်ဦးနဲ့အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခဲ့ပါတယ်။ အာဖရိက သံမဏိလေဒီ အဖြစ် တင်စားခံရသူ ဆာအိဖ် က ပြည်တွင်းစစ်ကြောင့် ကြေမွနေတဲ့ လိုက်ဘေးရီးယား ညီညွတ်ရေးနဲ့ ပြည်လည်တည်ဆောက်ရေးတွေ ဦးဆောင် လုပ်နေပါတယ်။ အခက်အခဲမျိုးစုံ ရှိပေမဲ့၊ အမေရိကန်ရဲ့ ထောက်ခံမှုနဲ့ ဒီမိုကရေစီတည်ဆောက်ရေးအတွက် အကူအညီတွေ များစွာ ရရှိထားပါတယ်။



ရီကာဒို မာတီနယ်လီ (Ricardo Martinelli)
ရာထူး။ သမ္မတ၊ ပနားမား
ကျောင်း။  University of Arkansas
ဘွဲ့။ Undergraduate degree in business administration ('73)
ပညာရေးဖြတ်သန်းမှု။ မာတီနယ်လီ က အမေရိကန် ဗာဂျီးနီးယားပြည်နယ် Staunton Military Academy ကျောင်းကနေ အထက်တန်း အောင်မြင်ပြီးနောက်မှာ၊ ပနားမားနဲ့ စိုက်ပျိုးရေး အစီအစဉ်တွေလုပ်နေတဲ့ Arkansas တက္ကသိုလ်ကို တက်ဖို့ ဖြစ်လာပါတယ်။ Arkansas ကျောင်းက ၂၀၀၂ ခုနှစ်မှာ သူ့ကို ထူးချွန်တဲ့ ကျောင်းသားဟောင်းအဖြစ် ဂုဏ်ပြုခဲ့ပြီး၊ ၂၀၁၀ ခုနှစ်မှာ သူ့နာမည်နဲ့ စကော်လားရှစ် ပရိုဂရမ်တစ်ခု ထူထောင်ပေးခဲ့ပါတယ်။ မာတီနယ်လီ လိုပဲ ထူးချွန်တဲ့ ပနားမားနိုင်ငံက ကျောင်းသား များစွာကို Arkansas တက္ကသိုလ်က မွေးထုတ်ပေးနေပါတယ်။
လက်ရှိအလုပ်။ မာတီနယ်လီ က ၂၀၀၉ ခုနှစ်မှာ ပနားမား သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရှိပါတယ်။ သူ့ရည်မှန်းချက်တွေက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ များများဝင်လာအောင် စွဲဆောင်ဖို့၊ ပနားမား စီးပွားရေးကို အညီအမျှ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ ဒေါ်လာ ၅ ဘီလီယံ အကုန်ကျခံပြီး ပနားမားတူးမြောင်းကို ထပ်ချဲ့ဖို့ တွေ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ သူ့အစိုးရရဲ့ ဆက်ဆံရေးဟာ အကောင်းဆုံး အခြေအနေမှာ ရှိပါတယ်။

ဘင်ဂူဝါ မူသာရီကာ (Bingu Wa Mutharika)
ရာထူး။ သမ္မတ၊ မာလာဝီ
ကျောင်း။ Pacific Western University
ဘွဲ့။ Ph.D. in development economics (no date specified)

ပညာရေးဖြတ်သန်းမှု။ မူသာရီကာ ဟာ အိန္ဒိယ ဒေလီတက္ကသိုလ်ကနေ မာစတာဘွဲ့ရရှိခဲ့ပါတယ်။ နောက် ကယ်လီဖောနီးယား အခြေစိုက် Pacific Western တက္ကသိုလ်ကနေ ဒေါက်တာဘွဲ့ ရရှိပါတယ်။ Pacific Wesrtern တက္ကသိုလ် ၀ဘ်ဆိုဒ်မှာ ထူးချွန်တဲ့ ကျောင်းသားအဖြစ် သူ့ကို ဖော်ပြထားခြင်းတော့ မရှိပါဘူး။
လက်ရှိအလုပ်။ ၂၀၀၄ မှာ မာလာဝီ သမ္မတ ရွေးချယ်ခံရပြီး၊ ၂၀၀၉ မှာ ထပ်မံ အရွေးခံရပါတယ်။ မူသာရီကာ ရဲ့ စိုက်ပျိုးရေး အခြေပြု မူဝါဒများနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေက မာလ၀ီကို ဖွံ့ဖြိုးမှုလမ်းကြောင်းပေါ် တင်ပေးခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ဆက်ဆံရေး ကောင်းမွန်မှုရှိပေမဲ့၊ အိမ်နီးချင်း ဆူဒန်နိုင်ငံကြောင့် မျက်နှာပျက်ရတာတွေ ရှိပါတယ်။



ယင်းလခ် ရှင်နာဝပ်ထရာ (Yingluck Shinawatra)
ရာထူး။ ၀န်ကြီးချုပ်၊ ထိုင်း
ကျောင်း။ Kentucky State University
ဘွဲ့။ Master's of Public Administration with specialization in management information systems ('91)
ပညာရေးဖြတ်သန်းမှု။ ၁၉၇၀မှာ Eastern Kentucky University ကနေ သူ့အစ်ကို ၀န်ကြီးချုပ်ဟောင်း တပ်ခ်ဆင် က ရာဇ၀တ်မှုနဲ့ တရားမျှတမှု ဘာသာရပ် မာစတာဘွဲ့ ရရှိပြီး၊ ဆယ့်ငါးနှစ်အကြာမှာ ယင်းလခ် က Kentucky State University ကနေ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု မာစာဘွဲ့ကို ရရှိခဲ့ပါတယ်။ သူ့အစ်ကို အဲဒီကျောင်းကို တက်ခိုင်းတာဖြစ်ပါတယ်။
လက်ရှိအလုပ်။ စီးပွားရေးလုပ်ငန်းတွေ ဦးစီးနေရာက ဘာမှနားမလည်တဲ့ နိုင်ငံရေးလောကထဲ သူ့အစ်ကို ပါတီမှ ခေါင်းဆောင် နေရာက ၀င်လာပြီး၊ ၂၀၁၁ ရွေးကောက်ပွဲမှာ ယင်းလခ် အရွေးခံရပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ စည်းရုံးရေးမှာ အရည်အချင်းနဲ့ ကျွမ်းကျင်မှု ပြနိုင်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ နိုင်ငံရေးပြဿနာများနေတဲ့ တိုင်းပြည်ကို ညီညွတ်မှုရှိဖို့နဲ့ ကျန်းမာရေး ပညာရေး စီးပွာရေး လုပ်ငန်းတွေ တိုးတက်ဖို့ ကတိက၀တ်ပြုခဲ့ပါတယ်။ ဒါပေမဲ့ မကြာခင်က ထိုင်းရဲ့ ရေဘေး စီမံခန့်ခွဲမှုမှာ အကြီးအကျယ် အဝေဖန်ခံခဲ့ရပါတယ်။ အမေရိကန်နဲ့ ဆက်ဆံရေး အထူးကောင်းမွန်နေပါတယ်။



အက်စ်ဆမ် ရှရဖ် (Essam Sharaf)
ရာထူး။ ၀န်ကြီးချုပ်၊ အီဂျစ်
ကျောင်း။ Purdue University
ဘွဲ့။ Master's in civil engineering ('80); Ph.D. in civil engineering ('84)
ပညာရေးဖြတ်သန်းမှု။ ကိုင်ရိုတက္ကသိုလ် ပညာသင်ယူပြီးနောက်၊ အင်ဒီယားနားပြည်နယ်က Purdue တက္ကသိုလ်မှာ မာစတာနဲ့ ဒေါက်တာဘွဲ့ကို သင်ယူခဲ့ပါတယ်။ အဝေးပြေးလမ်းမ ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အင်ဂျင်နီယာပညာကို အထူးပြုလေ့လာပြီး၊ သူ့ စာတမ်းခေါင်းစဉ်က "Energy Conservation and Cost Savings Related to Highway Routine Maintenance: Pavement Maintenance Cost Analysis: Interim Report." ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာတွေ ချီးမြှင့်တဲ့ဆုများစွာ ရရှိခဲ့ပါတယ်။
လက်ရှိအလုပ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ သမ္မတမူဘာရခ် ပြုတ်ကျပြီးနောက်၊ အီဂျစ်စစ်တပ်က သူ့ကို ကြားဖြတ်အစိုးရ ၀န်ကြီးချုပ်အဖြစ် တာဝန်ပေးခဲ့ပါတယ်။ ဆန္ဒပြပွဲအတွင်း ကိုင်ရိုတက္ကသိုလ်ကနေ ဦးဆောင် ဆန္ဒပြခဲ့လို့ လူငယ် တော်လှန်ရေး သမားတွေကြား ရေပန်းစားတဲ့ ခေါင်းဆောင်ဖြစ်လာပါတယ်။ ဒါပေမဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး ကြံ့ကြာနေတဲ့အတွက် အီဂျစ်စစ်တပ်က သူ့အပေါ် လွှမ်းမိုးထားလားဆိုတာ သံသယရှိနေကြပါတယ်။ အိုဘားမား၊ ဟီလာရီ ကလင်တန်တို့နဲ့ တွေ့ဆုံပြီး အမေရိကန် အီဂျစ် ဆက်ဆံရေး တိုးတက်ကောင်းမွန်စေခဲ့ပါတယ်။

ဆလမ် ဖာယာဒ် (Salam Fayyad)
ရာထူး။ ၀န်ကြီးချုပ်၊ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့
ကျောင်း။ St. Edward's University; University of Texas at Austin
ဘွဲ့။ Master of Business Administration (St. Edward's, '80); Ph.D. in economics (Texas, '86)
ပညာရေးဖြတ်သန်းမှု။ University of Texas Alumni Association အသင်းအဆိုအရ၊ ဆလမ် ဖာယာဒ် ဟာ အနောက်ဘက် ဂါဇာကမ်းမြှောင်က လာတဲ့ ကျောင်းသားတွေအနက် ပထမဆုံး စီးပွားရေးဘာသာရပ် စိတ်ဝင်စားသူ ဖြစ်တယ်လို့ ဖော်ပြပါတယ်။ ပါလက်စတိုင်း ကျောင်းသားတဦးအနေနဲ့ Texas တက္ကသိုလ်မျိုးမှာ တက်နိုင်ဖို့ဆိုတာ အလွန်ခက်ခဲပါတယ်။ ဒါပေမဲ့ Texas တက္ကသိုလ် ကနေ စီးပွားရေး စီမံခန့်ခွဲမှု မာစတာဘွဲ့ (MBA) ကို ထူးထူးချွန်ချွန် ရရှိခဲ့ပါတယ်။
လက်ရှိအလုပ်။ ၂၀၀၇ မှာ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ သမ္မတ မာမွဒ် အဘားစ် က သူ့ကို ပါလက်စတိုင်း ၀န်ကြီးချုပ် ခန့်ခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှာ အရာရှိလုပ်ခဲ့ပေမဲ့၊ ဟားမတ်စ် တို့ ဖာတာ တို့လို အစွန်းရောက် အဖွဲ့တွေနဲ့ စေ့စပ်ဆွေးနွေးရာမှာ အခက်အခဲရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၀၉ မှာ ရာထူးက နှုတ်ထွက်ခဲ့ပြီး၊ မကြာခင် ပြန်ခန့်အပ် ခံရပါတယ်။
ပါလက်စတိုင်း အုပ်စုတွေအကြား ပြည်လည်ရင်ကြားစေ့ရေး မပြေလည်ရင် ရာထူးက နှုတ်ထွက်မယ်လို့ ပြောထားပါတယ်။ သူက ပါလက်စတိုင်း စီးပွားရေးနဲ့ အင်စတီကျူးရှင်းတွေ ထူထောင်ဖို့ ပိုစိတ်ဝင်စားပါတယ်။ ကုလသမဂ္ဂမှာ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရေး ကြိုးစားခဲ့ပေမဲ့၊ အမေရိကန်ရဲ့ ကန့်ကွတ်မှုတွေကြောင့် အထမမြောက်ပါဘူး။ ဒါပေမဲ့ ကုလသမဂ္ဂ ညီလာခံမှာ နိုင်ငံအားလုံးက ချီးကျူးခံရတဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။


နဟက်စ် အန်ဂူလာ (Nahas Angula)
ရာထူး။ ၀န်ကြီးချုပ်၊ နမီးဘီးယား
ကျောင်း။ Columbia University
ဘွဲ့။ Two master's degrees in education ('78 and '79)
ပညာရေးဖြတ်သန်းမှု။ အန်ဂူလာ ဟာ ဇမ်ဘီယာ မှာ ပြည်ပြေးဘ၀နဲ့ နေထိုင်နေရစဉ်၊ နှစ်နိုင်ငံ နယ်စပ်မှာ ကျောင်းတစ်ကျောင်း ထောင်ခဲ့ပါတယ်။ အဲဒီကနေ ၁၉၇၆ မှာ ကိုလံဘီယာတက္ကသိုလ်က ဆရာဖြစ်သင် ကောလိပ်ကို သွားရောက်တက်ခဲ့ပါတယ်။ ပညာရေး ဒေါက်တာဘွဲ့ လေ့လာနေစဉ်၊ တောင်အာဖရိက အောက်က နမီးဘီးယားနိုင်ငံ ခွဲထွက်ရေး ကူညီဖို့ ပြန်လာခဲ့ပါတယ်။ ကိုလံဘီယာ ဆရာဖြစ်သင်ကောလိပ်က သူတို့ရဲ့ ထူးချွန်တဲ့ ကျောင်းသား ဒေါက်တာဘွဲ့ မပြီးခင် ပြန်သွားတာကို နှမျှော်မဆုံး  ဖြစ်ခဲ့ပါတယ်။
လက်ရှိအလုပ်။ ၁၉၉၀ မှာ လွတ်လပ်ရေးရပြီးစ နမီးဘီးယားနိုင်ငံရဲ့ ပညာရေးဝန်ကြီး ခန့်အပ်ခံရပါတယ်။ ၂၀၀၅ မှာ ၀န်ကြီးချုပ် ဖြစ်လာပါတယ်။ အမေရိကန်နဲ့ ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ တိုးတက်အောင် ဆောင်ရွက်နိုင်သူ ဖြစ်ပါတယ်။


ဂျွန်ဆင် တိုရီဘိုင်အွန်  (Johnson Toribiong)
ရာထူး။ သမ္မတ၊ ပါလိုး
ကျောင်း။ University of Washington
ဘွဲ့။ Two law degrees -- Juris Doctor ('72) and Master of Laws ('73)
ပညာရေးဖြတ်သန်းမှု။ တိုရီဘိုင်အွန် မှာ ငယ်စဉ်ကတည်းကပင် အမေရိကန်တွေနှင့် အဆက်အဆံရှိခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဂျပန်လက်အောက်ကနေ ပါလိုး  ပိစိတ်ဖိတ်ကျွန်းလေးကို အမေရိကန်က လွတ်လပ်ရေးရယူပေးပြီးနောက်၊ ၀ါရှင်တန်မှာ သူ ပညာသင်ကြားခဲ့ပါတယ်။ ၀ါရှင်တန် တက္ကသိုလ် ဥပဒေကျောင်းမှာ ထူးချွန်တဲ့ကျောင်းသား စာရင်းဝင်ခဲ့ပြီး၊ ပိစိတ်ဖိတ်ကျွန်း နိုင်ငံလေးတွေက လာတဲ့ ကျောင်းသားတွေနဲ့ အသင်းအဖွဲ့တွေ ထူထောင်ခဲ့ပါတယ်။
လက်ရှိအလုပ်။ ရှေ့နေဖြစ်ပြီး၊ ၂၀၀၈ မှာ သမ္မတအဖြစ် အရွေးခံရပါတယ်။ တိုင်းပြည်စီးပွားရေး တိုးတက်ဖို့ ကတိက၀တ် ပေးထားပြီး၊ အဂတိလိုက်စားမှုကို သုတ်သင်ဖယ်ရှားနေပါတယ်။ ၁၉၉၄ ခုနှစ် ပါလိုးကျွန်းနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အမေရိကန်နဲ့ ဆက်ဆံရေး ကောင်းမွန်နေပါတယ်။ ဒါပေမဲ့ အမေရိကန် အပေါ် မှီခိုမှု လျှော့ချဖို့ သူ ဆုံးဖြတ်လုပ်ကိုင်နေပါတယ်။
ဝင့်ထန်း
Source: FP

ခေတ်မီစာသင်ခန်းများ ထူထောင်ရေး



ခေတ်မီစာသင်ခန်းများထူထောင်ရေးဆိုတာ မာလ်တီမီဒီယာလို့ပြောနေတဲ့ ပွဲပြီး မီးသေ စာသင် ခန်းမျိုးတွေကိုပြောတာ မဟုတ်ဘူး။ လူကြီးလာကောက်ဆင်၊ လူကြီးပြန် ပိတ်သိမ်း ရုပ်ပြ ပွဲထုတ် စာသင်ခန်းမျိုးကိုလည်းပြောတာမဟုတ်ဘူး။ ခေတ်မီစာသင်ခန်းဆိုတာ
၁။ ကွန်ပျူတာသုံးနိုင်တဲ့ VC (Virtual Classroom) စာသင်ခန်းမျိုးဖြစ်ရေး
၂။ နည်းပညာသုံးပြီး ပျော်ရွှင်စွာ စာသင်ကြားနိုင်တဲ့ စာသင်ခန်းဖြစ်ရေး
၃။ သင်ယူမှုကို အထောက်အကူပြုပြီး သင်ယူနိုင်ခွင့်များကို အကောင်းဆုံးဖန်တီး တည် ဆောက်ပေးနိုင်တဲ့ စာသင်ခန်းဖြစ်ရေးဆိုတဲ့ ဦးတည်ချက်တွေနဲ့ ဖော်ဆောင်ထားရမယ့် စာသင် ခန်းမျိုးတွေကိုပြောတာပါ။
ပညာရေးမှာ ကျောင်းနေပျော်ပြီး စာတော်ရမယ်ဆိုတာကို မူအားဖြင့်ချပေးပြီး သင်ကြား နေတဲ့ဆရာတွေကလည်းမပျော်၊ ကျောင်းသားတွေကလည်းမပျော်၊ မတော်တဲ့သူတွေက မပျော်အောင်သင်ကြားနေတဲ့ ပညာရေးစနစ်နဲ့ ကြုံတွေ့နေကြရပါတယ်။ တော်မှလည်း ပျော်အောင်သင်နိုင်ပါတယ်။ တော်တယ်ဆိုတာ ပြဋ္ဌာန်းချက်ကြီးကို အသေဆုပ်ကိုင်ထားပြီး ဒါပဲကျက်၊ ဒါပဲဖြေ ဒါပဲမေးမယ်ဆိုတဲ့ ဆရာမျိုးတွေ၊ ပညာရေး စနစ်မျိုးတွေကို တော်လှန်နိုင်တဲ့ စနစ်မျိုးတွေကိုပြောတာပါ။
ပြဋ္ဌာန်းချက်တွေက အိုမင်းဟောင်းနွမ်းနေပြီ၊ ခေတ်နဲ့လည်းမလျော်ညီတော့ဘူး။ ခေတ်နဲ့လည်း ညီ ကလေးတွေကိုလည်း ဉာဏ်မျက်စိဖွင့်ပေးရာရောက်အောင် ဘယ်လိုသင်ပေးရင် ကောင်းမလဲဆိုတာ အမြဲ တီထွင်နေသင့်ပါတယ်။
ပညာရေးမှာ W သုံးလုံးဟာ နေရာဝင် ယူလာပါပြီ။ World Wide Web ဆိုတဲ့အဆင့်မှာ ကမ္ဘာကိုရှုမြင်တတ်အောင် နေတတ်၊ ထိုင်တတ်၊ သင်တတ်အောင် ကြိုးစားဖို့ လည်းလိုလာပြီ။ အင်တာနက်ကြောင့် စာသင်ခန်းဆိုတာ အကန့်အသတ်မဲ့သဘောဆောင်လာတယ်။ ပညာရေး ဆိုတာ သင်ကြားရေးမဟုတ်တော့ဘဲ အခြေအနေတစ်ခုကို ဖန်တီးပေးရေးဆိုတဲ့လမ်းကြောင်း ကို ပြောင်းလာတယ်။
ဒါကြောင့် ပညာရေးကို ဘောင်ခတ်လို့မရတော့ဘူး။ ပညာရေးဆိုတာ ကမ္ဘာ့နေရာမရွေး သင်ယူနိုင်အောင် တက္ကသိုလ်တွေ၊ ကောလိပ်တွေက စီစဉ်ပေးနေရတဲ့ ပညာရေးမျိုးတွေဖြစ်လာတယ်။ ပညာတော်လှန်ရေးမှာ အင်တာနက်ဟာ အကောင်းဆုံး လက်နက်ဖြစ်လာတယ်။

နည်းပညာစာသင်ခန်း၊ ကွန်ပျူတာပညာရေး
ပညာရေးနဲ့ အင်တာနက်ကို ပေါင်းစပ်ပေးလိုက်မယ်ဆိုရင် ပိုပြီးကျယ်ပြန့်တဲ့ နည်းပညာခေတ် ပညာရေးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာတော်လှန်ရေးနဲ့ ခေတ်သစ် စာသင်ကြား ရေးမှာ ဆရာနဲ့ ကျောင်းသားဆိုတာ အတူရှိနေစရာမလိုတော့ဘူး။ နယ်မြေဒေသ ကွာခြားချင်ကွာခြားမယ်။
ကျွန်တော်တို့မှာ အွန်လိုင်းဆိုတာရှိတယ်။ အင်တာနက်၊ တီဗွီ၊ ရေဒီယိုစတဲ့ မီဒီယာပေါင်းစုံက လေ့လာသင်ယူနိုင်တဲ့ အနေအထားကို ရောက်လာတယ်။ E-learning တွေ Online learning တွေကို ဖန်တီးလာနိုင်တယ်။ သင်ကြားမှု သင်ယူမှု ဖြစ်စဉ်ကြီးတစ်ခုလုံး ပြောင်းလဲသွားတယ်။

နည်းပညာစာသင်ခန်း အသွင်သဏ္ဍန်
နည်းပညာစာသင်ခန်းဆိုတာ ကျောင်းသား၊ ဆရာ၊ ပြဋ္ဌာန်းစာအုပ်ဆိုတဲ့ သဘောတရား တွေထက် အခြားပေါင်းစပ်ဖော်ဆောင်လာရတဲ့ အသွင်တွေများလာတယ်။
- နည်းပညာဝန်းကျင်တစ်ခုကို ဖန်တီးရတယ်။ ဥပမာ ကွန်ပျူတာ၊ တီဗွီ၊ အင်တာနက် စတာတွေကို အနည်းဆုံး ထူထောင် ဖြည့်ဆည်းပေးထားနိုင်ရမယ်။
- ပညာရေးဆိုတာကို စာသင်ခန်းဆိုတာ တစ်ခုတည်းနဲ့ ဘောင်မခတ်ထားရဘူး။
- နေရာတိုင်းမှာ အင်တာနက်ရအောင် ဖန်တီးပေးထားနိုင်ရမယ်။
- သက်သောင့်သက်သာ စိတ်ချမ်းသာစွာနဲ့ သင်ယူနိုင်တဲ့ နေရာဖြစ်ရမယ်။
- လာသင်သူမှန်သမျှ လက်လှမ်းမီနိုင်တဲ့ အဆင့်ရှိရမယ်။
- အစဉ်အလာကို နည်းပညာနဲ့ ပေါင်းစပ်နိုင်တဲ့ ပညာရေးဖြစ်ရမယ်။
နည်းပညာစာသင်ခန်းမှာ ဆရာက ဟောပြောပို့ချတာတွေ လုပ်လို့ရတယ်။ စာမေးပွဲဆိုတာ ရှိပေမယ့်၊ စာမေးပွဲအတွက် ပြင်ဆင်မှုတွေဆိုတာ သိချင်တာကိုမေး၊ မေးတာတွေကို ပြန်ရှင်းပြတာမျိုးတွေဖြစ်လိမ့်မယ်။ စာသင်ခန်းထဲလာတဲ့ ကျောင်းသားကို သိချင်တာ ရှင်းပြ တာမျိုးဖြစ်နိုင်သလို၊ စာသင်ခန်းထဲမလာနိုင်တဲ့ ကျောင်းသားကိုလည်း နည်းပညာ မီဒီယာ တစ်ခုခုကနေ ရှင်းပြတာမျိုးဖြစ်မယ်။
ဆရာဆိုတဲ့နေရာမှာလည်း ကျောင်းသားက ကိုယ်ကြိုက်တဲ့ဆရာရဲ့ ဟောပြောပို့ချမှု၊ ရှင်းလင်းဖြေကြားမှုတွေကို ရွေးချယ်ခွင့်ရှိတယ်။ ဘာသာရပ်ကိုလည်း ကိုယ်ကြိုက်တဲ့ အချိန်မှာ ကိုယ်ကြိုက်တဲ့ ဘာသာကို ရွေးချယ်ပိုင်ခွင့် ရှိတယ်။
အစဉ်အလာ စာသင်ခန်းတွေမှာ ဖတ်စာနဲ့ ပျင်းစရာကောင်းတဲ့ အနေအထားကနေ၊ သင်ခန်းစာ တွေကို စိတ်ဝင်စားအောင် ဖန်တီးလာမှုတွေ လုပ်လာတယ်။ ဂရပ်ဖစ် အထူးပြုလုပ်ချက်တွေ၊ animation တွေ ပါလာတယ်။ ပျော်စရာကောင်းတဲ့ လေ့လာမှု ၀န်းကျင်တစ်ခုဖြစ်လာတယ်။ သိချင်ပြီးရင်း သိချင်တဲ့ နယ်ပယ်တစ်ခုကို ခေါ်ဆောင် သွားနိုင်တယ်။
သင်ခန်းစာတွေကို စစ်ဆေးတယ်ဆိုတာ ကျောင်းဟာ ဗဟိုချက်မတစ်ခုမဟုတ်တော့ဘူး။ ဆရာနဲ့ ကျောင်းသားဆိုတာ အွန်လိုင်းကဆက်သွယ်နိုင်တယ်။ ဆရာ့ဆီကို အီးမေးလ်နဲ့ သိချင်တာလှမ်းမေးနိုင်တယ်။ အိမ်စာတွေကို အီးမေးလ်နဲ့ လှမ်းတင်နိုင်တယ်။ ဆရာကလည်း သုံးသပ်ချက်ကို တစ်ဦးချင်းစီ အီးမေးလ်နဲ့ ပြန်ပို့နိုင်တယ်။
နည်းပညာကြောင့် ဆွေးနွေးမှုကို ဆိုရှယ်ကွန်ရက်၊ blog တွေသုံးပြီးတော့ တစ်ဦးစိတ်ထဲရှိတာ အပြန်အလှန်ပြောနိုင်တယ်။ ဆရာနဲ့ ကျောင်းသားလည်း အုပ်စုဖွဲ့နိုင်တယ်။ ကျောင်းသား အချင်းချင်းလည်း အုပ်စုဖွဲ့နိုင်တယ်။ ကျောင်းမလာနိုင်သူတွေအတွက် ကျောင်းမှာ ဒီနေ့ ဘာတွေသင်တယ်၊ နောက်တစ်နေ့ ဘာအစီအစဉ်တွေရှိတယ် ဆိုတာတွေအားလုံး ဆက်သွယ် နိုင်တဲ့ ကွန်ရက်တွေကို ထူထောင်ထားနိုင်တယ်။
ကျောင်းရဲ့ website မှာ ဘယ်အတန်း၊ ဘယ်ဆရာရဲ့ ပို့ချချက်တွေဆိုပြီး တင်ထားနိုင်တယ်။ ကျောင်းအုပ်ကြီးပြောချင်တာတွေ၊ ကျောင်းသားတွေရဲ့ ပြောချင်တာတွေလည်း တင်ထားနိုင် တယ်။ ဆရာတွေပြောချင်တာကိုလည်း တင်ထားနိုင်တယ်။ ဒါကြောင့် ဘယ်နေ့မှာ ဘာတွေ သင်သွားတယ်ဆိုတာ ကြိုက်တဲ့နေ့မှာ ပြန်ယူနိုင်တယ်။ သတင်းအချက်အလက်တွေကို ပြန်ရရှိဖို့ဆိုတာ အလွန်လွယ်သွားတယ်။
သင်ကြားစဉ်တိုက်ရိုက်ရယူနည်း (synchronous learning) နဲ့ သင်ကြားပြီး နည်းပညာဖြင့် ရယူနည်း (asynchronous learning) နှစ်နည်းစလုံးကို အသုံးပြုနိုင်ခြင်းဟာ နည်းပညာ ခေတ်ရဲ့ ထူးခြားချက်ပါ။   ပညာရေးမှာ နည်းပညာကြောင့် နောက်ကြောင်းပြန် သင်ယူနိုင်ခွင့် တွေရလာမယ်။ အွန်လိုင်းနဲ့ ဆရာ ကျောင်းသား အပြန် အလှန်ဆက်သွယ်နိုင်မယ်။ အချိန်ပြည့် ထိတွေ့မှုတွေရမယ်။ စောင့်ကြည့်လို့လည်းရလာလိမ့်မယ်။ ဆရာအပြင် သင်ယူနိုင်တဲ့ နေရာ တွေကို ညွှန်းထားနိုင်တယ်။ အင်တာနက်မှာ အဖြေရှာကြည့်နိုင်တယ်။
စာလုံးလေးတစ်လုံးရဲ့ အဓိပ္ပာယ်တစ်ခုတည်းကိုပဲ ဘာသာစကားမျိုးစုံ၊ ပုံပြ ရုပ်ပြမျိုးစုံ၊ လက်တွေ့ ဗီဒီယိုပြကွက်အစုံနဲ့ လေ့လာနိုင်တယ်။ ဥပမာ ကွန်ပျူတာဆိုသည်မှာ ဆိုပြီး ကျောင်းသားက အဘိဓာန်တစ်ခုတည်းရဲ့ ရှင်းချက်အပြင် လုပ်ဆောင်ချက်တွေကို ဗီဒီယို ရှင်းချက်တွေနဲ့ပါ သိနိုင်တယ်။ သင်ယူမှုတစ်ခုဟာ ပျော်စရာကောင်းတဲ့ ၀န်းကျင်တစ်ခု ဖြစ်သွားမယ်။ ဆရာကိုယ်တိုင် မရှင်းပြနိုင်တာတွေကို နည်းပညာက ရှင်းသွားလိမ့်မယ်။
ခုဆိုရင် စာသင်ခန်းကို အသွင်ပြောင်းရေးအတွက် အပြိုင်အဆိုင် ကြိုးစားနေကြသလို၊ နည်းပညာတွေကို ပညာရေးမှာထည့်သွင်းနိုင်ဖို့ ကုမ္ပဏီပေါင်းများစွာ ကြိုးစားနေကြပါပြီ။ မကြာ သောကာလမှာ စာသင်ခန်းဆိုတာ ကျွန်တော်တို့ လက်ခံထားတဲ့အသွင်ပျောက်ပြီး နည်းပညာ တွေနဲ့ရောက်လာပါတော့မယ်။ ရင်ဆိုင်နိုင်အောင် အသင့်ပြင် ထားဖို့လိုပါတယ်။

Thursday, March 1, 2012

အိန္ဒိယနိုင်ငံမှ ကမ္ဘာ့အိုင်ကျူအမြင့်ဆုံး ၁၁ နှစ်အရွယ် မိန်းကလေး

alt
အသက် ၁၁ နှစ်အရွယ်သာ ရှိသေးတဲ့ အိန္ဒိယနိုင်ငံသူ Vishalini ဟာ ကမ္ဘာ့ပေါ်မှာ အိုင်ကျူအမြင့်ဆုံး လူသားအဖြစ် အသတ်မှတ်ခံခဲ့ရပါတယ်။
သူမရဲ့ အိုင်ကျူရမှတ်ဟာ အံ့မခန်းပါပဲ ၂၂၅ မှတ်အထိရရှိခဲ့ပါတယ်။ ယခင် ဂင်းနစ်စံချိန်တင်ထားတဲ့ Kim Ung Youg တောင် ၂၁၀ မှတ်ပဲရရှိရာ ကမ္ဘာတစ်ဝန်းမှ အံ့သြ ခဲ့ရပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံ ATamil Nadu ပြည်နယ်မှ မြို့ငယ် Thirunelveli ရှိ သာမန်မိဘနှစ်ပါးမှ မွေးဖွားလာခြင်းဖြစ်ပါတယ်။ ဖခင်ဖြစ်သူဟာ လျှပ်စစ်အင်ဂျင်နေယာတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံနဲ့ နှိုင်းစာလျှင် သာမန်လူတန်းစားများသာ ဖြစ်ပါတယ်။
အမျိုးသမီးငယ်ဟာ အသက် ၁၁ နှစ်သာရှိပေမဲ့ ရထားတဲ့ ပညာရေး အသိအမှတ်ပြုလက်မှတ်က မနည်းပါဘူး။ သူမဟာ အသက်အရွယ်နဲ့ မလိုက်အောင် သင်ယူတတ်မြောက်ရရှိထားတဲ့ ပညာ အသိအမှတ်ပြုလက်မှတ် များကတော့-
MCP (Microsoft Certified Professional)
CCNA (Cisco Certified Network Associate)
CCNA Security (Cisco Certified Network Associate Security)
OCJP (Oracle Certified Java Professional) စတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲနည်းပညာဆိုင်ရာ ပညာရပ်များ ဖြစ်ပြီး အရွယ်နဲ့ မလိုက်အောင် ထူးချွန်ထက်မြက်လှပါတယ်။ သူမဟာ ကမ္ဘာလုံးဆိုင်ရာ ပညာသင်ထောက်ပံ့မှု နဲ့ သက်ဆိုင်တဲ့ နိုင်ငံတကာ ဆွေးနွေးပွဲတစ်ခုမှာ မိန့်ခွန်းပြောကြားဖို့ အဖိတ်ကြားခံခဲ့ရပြီး တက်ရောက် ဟောပြောနိုင်ခဲ့ပါတယ်။
---------------
Ref:Worldweirdo
Photo courtesy of Worldweirdo. All rights reserved.
(စာရေးသူဆန္ဒ : ကျွန်တော်တို့မြန်မာပြည်မှာ ကျောင်းသားလူငယ်အများစုဟာ ကမ္ဘာ့နိုင်ငံကြီးများနဲ့ နှိုင်းစာလျှင် ပညာရေးအဆင့်သတ်မှတ်ချက် ကျဆင်းနေပေမဲ့ အမှန်တကယ် ထူးချွန်သူများ ရှိနေပါတယ်။ အမှန်တကယ်ပဲ ထူးချွန်ထက်မြက်ပေသော်ငြားလည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နှင့် အခြား အခြင်းအရာများ ကြောင့် မီးခဲပြာဖုံး ပမာ ပျောက် ကွယ်လို့နေပါ တယ်။ စာဖတ်သူတို့ ပတ်ဝန်းကျင်မှာ အထက်ပါ မိန်းကလေးလိုပဲ ထူးချွန်ထက်မြတ်တဲ့ အရိပ်အယောင်လေးပါရှိတဲ့ ကလေး၊လူငယ် များ တွေ့ လျှင် ပြုစုပျိုးထောင် အားပေးတိုက်တွန်းမှုများ ပြုလုပ်စေလိုပါတယ်။)